အစာလို ရေလို နေရောင်ခြည်လို အမြဲမပြတ်မှီဝဲခဲ့ပါတယ်
ချစ်သူတစ်ယောက်ကို ချစ်သလိုလည်း ချစ်မြတ်ခဲ့ပါတယ်
ကိုယ့်အရိုးကိုယ်ခြစ်ပြီး ကမ္ဘာကိုချစ်လို့ရေးတယ်လို့လည်း ကြီးကြီးကျယ်ကျယ်စကားကို
(အကျယ်ကြီး ၊ အကျယ်ကြီး ) ဘယ်တုန်းကမှဟစ်အော်မပြောခဲ့ပါဘူး
မီးပူဘယ်လောက်တိုက်တိုက် ပြန့်မလာတဲ့အိပ်မက်တွေ
ကမ္ဘာကြီးရဲ့ခြေကြားလက်ကြားကနေ လျှောခနဲ ၊လျှောခနဲ ထွက်ကျသွားမှုတွေ
နစ်နစ်နာနာနဲ့ နာနာကျင်ကျင် ဖြစ်ရတိုင်းကို ကဗျာနဲ့ ဖြေသိမ့်ရပါတယ်
အိပ်မက်တွေကို လည်ပင်းညှစ်သတ်သူတွေအကြောင်းလည်းပါ ပါတယ်
ဟိုကောင်လေး ဟိုလိုလို ၊ ဒီလိုလိုနဲ့ ဟိုဟာဖြစ်သွားတဲ့အကြောင်းလည်းပါ ပါတယ်
“ဆေးလိပ် ကွမ်းယာ ၊ဆေးလိပ် ကွမ်းယာ ”ဆိုတဲ့အသံတွေလည်းပါ ပါတယ်
ချွေးနံ့ ၊ သွေးနံ့ ၊မကျေနပ်နံ့ ၊မတရားမှုရနံ့တွေကိုလည်း ရှူမိပါလိမ့်မယ်
သေသေချာချာ နားထောင်ကြည့်ပါ ၊၊ခင်ဗျားရဲ့အသံကိုလည်း ကျွန်တော့်ကဗျာထဲမှာရှာနိုင်ပါတယ်
ရန်ဖြစ်ပြီးမှ ပြန်ချစ်သွားကြတဲ့လင်မယားတွေအကြောင်းတော့ ရေးလေ့မရှိပါဘူး
ဘာသာစကားဟာ ပလာတာရောင်းတဲ့ဘာဘူလေးရဲ့ဆံပင်တွေလိုပဲ ရှုပ်ထွေးလို့
ဘာပဲဖြစ်ဖြစ် အဲဒီ့ဆံပင်ထဲက သန်းတစ်ကောင်ဖြစ်ခွင့်ရတာ ပျော်စရာပါ
မကျေနပ်တဲ့အခါမျိုးမှာ ကဗျာနဲ့တွတ်တီးတွတ်တာ စကားပြောပါတယ်
ကျွန်တော့်ခန္ဓာကိုယ်က အမာရွတ်တွေ ၊ ဒဏ်ရာတွေကို ကဗျာနဲ့ပဲကုစားပါတယ်
ရောဂါမှန်သမျှ ပျောက်ကင်းစေနိုင်ကြောင်း တစ်ဆက်တည်းအာမခံလိုက်ပါတယ်
ကျွန်တော့်ကဗျာတွေဟာ ညဘက်ဖြစ်ဖြစ် ၊နေ့ဘက်ဖြစ်ဖြစ် လမ်းသလားနေတတ်ပါတယ်
သူများရဲ့(ခင်ဗျားရဲ့) ဖြစ်တည်မှုထဲကိုလည်း ပိုင်စိုးပိုင်နင်းနဲ့ ၀င်လာတတ်ပါတယ်
ပုပ်သိုးနေတဲ့နှစ်တွေ ၊ ရပ်နေတဲ့နာရီတွေကို ပျော်ပျော်ပါးပါး ၀ဲပစ်လိုက်ပါ
ခင်ဗျားကိုယ်တိုင် သိပ်ချစ်စရာကောင်းတဲ့ကဗျာတစ်ပုဒ်ဖြစ်သွားပါလိမ့်မယ်
အိပ်မက်ကိုဆင်တစ်ဖက် ၊မြင်းတစ်ဖက်စီးပြီး ခရီးဝေးသွားသူတွေရဲ့အောက်မှာ
ကယ်ပါ ယူပါ တစာစာအော်ဟစ်နေတဲ့ကြောက်မက်ဖွယ်ရာအရေပြားတွေအောက်မှာ
ကျွန်တော့်ကဗျာဟာ တစ်ခါတစ်ခါတော့ကျရှုံးတတ်ပါတယ်
အဲဒီ့အခါမျိုးမှာလည်း အချိန်မဆိုင်းပဲ တောက်တခေါက်ခေါက်နဲ့ပြန်ထလာတတ်ပါတယ်
“မြေခွေးများတွင် ကြက်ငှက်များ သက်တော်ရာကျော်ရှည်စေရန်ရိုးသားသောဆန္ဒတစ်ခုရှိလေ၏”
လို့ George Eliot ပြောခဲ့တဲစကားတစ်ခွန်းကိုလည်း ကဗျာတစ်ပုဒ်ထဲထည့်ရေးဖို့စိတ်ကူးထားပါတယ်
ခု…လောလောဆယ် ကဗျာရေးနေပါတယ် ၊၊ ၊၊
မောင်ရေချမ်း
ရယ်စရာမဂ္ဂဇင်း ၊ နိုဝင်ဘာလ ၂၀၁၂
ရေးဗျာ ... ကဗျာတွေ ရေးနေရတာပဲ ကောင်းတယ် ... :)
ReplyDeleteHi your blogs looks so impormative and interesting.would you come and visit us back too :http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog
ReplyDeleteအခုထိလဲကဗျာရေးနေဆဲပါ
ReplyDeleteနောင်လဲဆက်ေ၇းအုံးမှာပါ
ရေးခဲ့ဘူးတဲ့ကဗျာလေးတွေအားပေးသွားတယ်မောင်ရေချမ်းရေ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်