Saturday, June 5, 2021

- သမီးလေးရဲ့လေချွန်သံ -

ဖအေက သမီးလေးကို သိပ်ချစ်လို့

ကလေးဘဝတုန်းကဆိုရင်

ညရောက်တဲ့အခါ 

သမီးလေးရဲ့လက်တွေ ခြေထောက်တွေနဲ့ 

ခေါင်းကိုပါ ခုတ်ထစ်ပြီး

ရေခဲသေတ္တာထဲ ထည့်ပြီးမှ အိပ်ယာဝင်တယ်

မနက်ရောက်တော့မှ. . .

မန္တန်နဲ့ မန်းမှုတ်ပြီး 

သူ့သမီးလေးရဲ့ခန္ဓာအစိတ်အပိုင်းတွေကို ပြန်ဆက်တယ်

ပြီးရင် ကျောင်းလိုက်ပို့တယ်

ကျောင်းလိုက်ပို့တိုင်းလည်း

သမီးလေးရဲ့ နှလုံးသားကို အိမ်မှာပဲ ထားခဲ့စေတယ်

တခြားကလေးတွေနဲ့ ဆော့မှာ စိုးရိမ်လို့တဲ့

ဒီလိုနဲ့ . . . သမီးလေးက အရွယ်ရောက်လာတယ်

အရွယ်ရောက်လာတဲ့ သမီးလေးဟာ

ပျော်ပျော်ရွှင်ရွှင် လေချွန်တတ်လာတယ်

ဒါပေမဲ့ . . .

အဲဒီလေချွန်သံကိုလည်း ဖအေက ကြိုးနဲ့ချည်ပြီး 

တုပ်နှောင်ထားပါတယ်

ချစ်မိသွားမှာ စိုးလို့တဲ့ ။ ။

                        မောင်ရေချမ်း


Wednesday, October 14, 2020

နားရွက်တုများ ၊ အသံတုများ ၊ အချိန်တုများ

 အခုတလော သူ့နားရွက်ကြောင့် သောကရောက်နေရသည် ။ သူ့နားရွက် သူဒေါသထွက်နေရသည်။ နားရွက် ကြောင့် နေ့ဘက်တွင်နေမထိ ထိုင်မသာ ၊ ညဘက်တွင် အိပ်မပျော် ဖြစ်နေရသည်။ တဝီဝီအသံများက ဒုက္ခကြီး စွာပေးနေသည်။ တဂွီဂွီ ၊ တဂီးဂီးအသံများ များကို အချိန်တိုင်းလိုလိုကြားနေရသည်။ တချို့အသံများကိုညကို အားတင်း၍ အိပ်ပျော်နေစဉ်တွင်ပင် အိ်ပ်မက်ထဲ၌ ကြားနေရပြန်သည်။ 

“ ကိုယ်အခု ရက်ပိုင်း နေရထိုင်ရ ကျပ်နေတယ်ကွာ” ဟု သူ့မိန်းမကို ဖွင့်ဟပြောမိတော့ သူ့မိန်းမက တွေတွေ ငေးငေးကြည့်ကာ သက်ပြင်းဖွဖွချသည်။ ထို့နောက်

“ ကျွန်မ သတိထားမိတာ ကြာပြီ။ ညဘက်တွေလည်းအိပ် ယာထဲမှာ ဟိုဘက်လူး ၊ ဒီဘက်လိမ့်နဲ့ အိပ်ပျော်ပုံ လည်းမရဘူး ။ နေ့ခင်းဘက်လဲ အလုပ်က ပင်ပန်းနဲ့ ရှင့်စိတ်ထဲ ဘာတွေဖြစ်နေလဲမသိရဘူး။ စိတ်ညစ်တာပဲ”

ဟု ညင်သာတိုးဖျော့စွာပြောသည်။ သူ့ခေါင်းတွေ မိုက်ခနဲဖြစ်လာသည်။ သူ့မိန်းမနှင့်စကားပြောနေစဉ်တွင် တစ်ချိန်တည်းမှာပင်  ကြားနေကျအသံပေါင်းများစွာက ပဲ့တင်ထပ်စွာရိုက်ဟည်းနေသည်။ သူ့နားရွက်ကိို သူ အထိတ်တလန့် ဆွဲကိုင်မိသည်။ နှုတ်ဖျားမှလည်း အထစ်ထစ် အငေါ့ငေါ့နှင့် စကားလုံးတချို့ခုန်ပေါက်ထွက်ကျ လာသည်။

“ နားထဲမှာ ၊ ကိုယ့်နားထဲမှာ ….” မပီမသ တုန်ခါတိုးဖျော့နေသောစကားစုတချို့။

သူ့မိန်းမက သူ့ကိုကြည့်သောအကြည့်တွင် အထူးအဆန်းသက်ရှိသတ္တဝါတစ်ကောင်ကိုမြင်လိုက်ရသောနှယ်။

“ရှင် ဘာဖြစ်နေတာလဲ ။ ခက်တော့တာပဲ ။ အိပ်ရေးပျက်တာတွေ များပြီး ကယောင်ကတမ်းဖြစ်နေပြီထင်တယ်”

သူ့မျက်ကွင်းတွေက တွင်းနက်နက်တစ်ခုလို ဟောက်ပက်။ မျက်နှာပြင်တစ်ခုလုံးလည်း သွေးမရှိသလို ဖြူရော် အက်ကွဲနေသည်။ သူ့နားရွက်တွေကို ဒုတိယအကြိမ်အယောင်ယောင်အမှားမှား ဆွဲဆုပ်ထားမိပြန်သည်။ နားဝ နှစ်ဖက်လုံးကို အလန့်တကြားပိတ်ထားမိသည်။ သူ့မိန်းမကတော့“ကျွတ်” ခနဲတစ်ချက်စုတ်သပ်ကာ သူ့အနား မှ ထွက်သွားလေပြီ ။


++++                    ++++                                   ++++


အသံများက ထူးကိုထူးဆန်းလွန်းသည်။ သွေးဆာနေဟန်တစေ ္ဆသရဲပေါင်းများစွာ၏အော်သံများ ၊ နာနာကျင် ကျင်ညည်းညူနေသော တစ်ဆို့ငိုရှိုက်သံများ ။ တစ်ခါတရံ တချို့အသံများက ဆာလောင်မွတ်သိပ်မှုကိုအံကြိတ် နေသော အသံများပမာ။


“ပေါင်မုန့်တစ်လုံးလောက် ပေးပါ ။ ကျွန်တော်(ကျွန်မ)တို့ကို ပေါင်မုန့်တစ်လုံးလောက်ပေးပါ…ပေါင်မုန့်…တစ်.. လုံး…..လောက်……”


ထိုကဲ့သို့ အက်ကွဲကြမ်းရှနေသောအသံမျိုးများထဲတွင် သူ့နားရွက်များ ပူလောင်လာသည်။နှုတ်ခမ်းများတဆတ် ဆတ်တုန်ရီလာသည်။ မျက်ဝန်းများ စိုထိုင်းလာသည်။


“အား”


သူ့စိတ်တွင်းမှအော်ဟစ်လိုက်သောအသံကလည်ချောင်းဝရောက်လုရောက်ခင်ပဲ တစ်စုံတစ်ရာကပိတ်ဆို့လိုက် သကဲ့သို့ တိမ်ငုပ်ပျောက်ကွယ်သွားသည်။ အိပ်ယာဘေးက နာရီလေးကို ဖျတ်ခနဲ ကြည့်မိသည်။ ည (၂)ထိုးရန် ဆယ်မိနစ်အလို ။ နံဘေးတွင် ယှဉ်တွဲအိပ်စက်သော ဇနီးသည်ကို ကြည့်မိပြန်သည်။ နံရံကိုကြည့်မိပြန်သည်။ တစ်ခါ လစ်ခနဲပြန်အကြည့်က မျက်နှာကြက်ကို ရွေ့သွားပြန်သည်။


“မဖြစ်တော့ဘူး …။ အသံတွေ… ၊ အ… သံ…တွေ ။”


သူ့နှုတ်ခမ်းလွှာများကျယ်လောင်စွာပွင့်ဟအန်ထွက်လာသည်။ ဗလုံးဗထွေးစကားသံတချို့က ညဘက်အိပ်ခန်း လေးထဲတွင် ပဲ့တင်ထပ်စွာ။


“ရှင် … ရှင် . ဘာဖြစ်နေပြန်လဲ ။ အိပ်မပျော်ပြန်ဘူးလား ။ ခက်တော့တာပဲ တော်ပြီ တော်ပြီ ။ ကျွန်မလဲအခန်း ပြောင်းအိပ်တော့မယ်။ ရှင်နဲ့အိပ်ရတာ လန့် လန့် နိုးလာတယ် ။ ဘာတွေဖြစ်နေလဲမသိ ။ခက်တော့ခက်နေပြီ”


အိပ်မှုန်စုံဖွားဖြစ်နေဟန်သူ့မိန်းမ၏တိုးတိုးဖျော့ဖျော့စကားသံတချို့က သူ့နားတွင်ကြားတစ်ချက်၊မကြားတစ် ချက် ။ အဝေးမှအသံများက တုန်ခါကျယ်လောင်စွာ သူ့နားစည်ထဲသို့ ရိုက်လွင့်လာပြန်သည်။ သူ ငူငူငိုင်ငိုင်ဖြင့် အိပ်ယာပေါ်တွင် ထထိုင်လိုက်သည်။ သူ့မိန်းမကတော့ သူ့ကိုစိတ်ပျက်လက်ပျက်ကြည့်တာ ခေါင်းအုံးနှင့် စောင်ယူ၍ အခန်းအပြင်သို့ ထွက်သွားလေပြီ ။ သူတစ်ယောက်တည်းသာ တတွတ်တွတ်အသံအပိုင်းအသံများ ကို ရေရွတ်နေမိသည်။


“မဖြစ်တော့ဘူး ၊ မဖြစ်တော့ဘူး ။ အား  ဘာလုပ်ရမလဲ ၊ ဘာလုပ်ရပါ့မလဲ ။”


အိပ်ယာမှ ထကာ ခေါက်တုံ့ခေါက်ပြန်အခန်းထဲတွင် လမ်းလျှောက်နေမိသည်။ အသံပေါင်းများစွာက နားထဲသို့ တိုးဝှေ့ဝင်လာဆဲ။ ပြတင်းပေါက်မှ အပြင်ဘက်ကို အလန့်တကြားသူလှမ်းကြည့်မိပြန်သည်။ ညသည် သည်း ထန်အုံ့မှိုင်းစွာ မှောင်ရီပြာဝေနေသည်။ စိတ်ကို စိတ်က ကုတ်ခြစ်လာသံတွေ တဖျင်းဖျင်း ။

“မဖြစ်တော့ဘူး ။ မဖြစ်တော့ဘူး …….” သူ့နှုတ်ဖျားမှ ကြိမ်ဖန်ထပ်စွာ ရေရွတ်နေမိပြန်သည်။

ဖျတ်ခနဲ အတွေးတစ်စ ခေါင်းထဲသို့ လက်ခနဲဝင်လာသည်။ သူ အထက်တန်းကျောင်းသားဘဝက သင်ယူခဲ့ရ သော အိပ်ပျော်ခြင်းနှင့်အိပ်မက်များ စာစုထဲမှ အိပ်မက်များကို ပျော်ရွှင်သောအဆုံးသတ်ဖြစ်စေရန်ကြိုးစားနည်း တစ်ခုကို သတိရသွားသည်။ အိပ်ယာဘေး စားပွဲမှအံဆွဲများကို ဒရောသောပါးဖွင့်လိုက်သည်။ လက်တွေကိုတုန် ရီခါယမ်းနေသည်ကို သူကိုယ်တိုင်သတိထားမိသည်။ စာရွက်အလွတ်တစ်ရွက်ကို တွေ့တော့ သူအလွန်အမင်း ပျော်ရွှင်တက်ကြွသွားရသည်။ စားပွဲပေါ်တွင်အသင့်ရှိသော ဘောပင်ကိုယူ၍ နားထဲတွင်ကြားနေရသောအသံ ပေါင်းများစွာကို ချရေးမိသည်။သိပ်မကြာမီ စာရွက်တစ်ရွက်လုံး ရှုပ်ထွေးမည်းညစ်လာ၏။


“မြင်းခွာသံများ ။တိမ်ပြေးလွှားသံများ ။ သေနတ်သံများ ။ ရေစီးသံများ ။ ပွယောင်းယောင်းရယ်သံများ။အမှောင် ထုထည် အစိုင်အခဲတို့ပွတ်တိုက်သံများ။ ထစ်အနေသောစီဒီခွေတစ်ခွေမှ ရော့(ခ်)သီချင်းကြမ်းကြမ်းများ။”

သူချရေးလိုက်သော စာရွက်တွင် အသံပေါင်းများစွာ ပြည့်ကျပ်လာ၏။ တချို့အသံများက အလံဖြူလွှင့်နေသည်။ တချို့အသံများက သွေးပွက်ပွက်ထလုအနီရောင်အလံများကို ထူမတ်ထားလျက်။တဖြည်းဖြည်း အသံများတိုး တိုးလာ၏။ ထို့နောက် ဝေး၍ဝေး၍သွားသည်။ ပြီးနောက် နား နားတွင်ကပ်အော်သကဲ့သို့ကျယ်လောင်ကွဲရှလာ ပြန်၏။ ပီပြင်ရှင်းလင်းစွာ ကြားရစေရန် သူသေချာနားထောင်အာရုံစွင့်နေမိသည်။


(ငိုသံများ ၊ ငိုသံများ ….ငိုသံများ ။ အဆုံးအစမရှိသော ငိုသံများ ။)


စာရွက်ပေါ်တွင်ပြည့်ကျပ်နေသောနေရာများပေါ်မှထပ်ရေးလိုက်သည်။ ဟုတ်သည်။ သူ ပီပီသသကြားလိုက်ရ သည်က ငိုသံများဖြစ်သည်။ ငိုသံများသည် ရောထွေးပြွက်သိပ်နေ၏။ ငိုသံများကို ဖုံးလွှမ်းသွားသော အသံနက် နက်များကို ထပ်မံကြားရပြန်သည်။


သူအလန့်တကြား အော်မိပြန်သည်။ “အား”


( ပေါက်ကွဲ လွင့်စင်သံများ ၊ ပစ်ခတ်နေသော လက်နက်ပေါင်းများစွာ၏အသံများ ။ ငိုသံများ ။ တောင်းဆိုကြေ ကွဲနေကြသော အသံများ ။ ကျယ်လောင်စူးရှသော သေနတ်သံများ ။ )


သူ နားရွက်များ ထူပူလာလေပြီ။ သူ့နားရွက်သူဖြတ်ချင်စိတ်ပေါက်လုပင် ကျယ်လောင်သောအသံများကို သူ သည်းခံနိူင်စွမ်းမရှိတော့ပါ။ ဝေ့ဝိုက်ပျံ့လွင့်လာသော အသံတို့သည် ပို၍ပို၍ပင် စူးနက်လှိုင်းထလာ၏။ သူ့လည် ချောင်းသည်လည်း ခြစ်တောက်ပူနွေးနေလေပြီ။ အနီးရှိအဝတ်စတခုကို ဆွဲယူ၍နားရွက်ထဲသို့ အတင်းထိုးသိပ် နေမိသည်။ ထို့နောက် အသံတို့သည် တဖြည်းဖြည်း တိုးဖျော့၍သွားပြန်သည်။ သူ မျက်လုံးများကို အားနှင့်အင် နှင့် မှိတ်၍ထားသည်။ မကြာမီပင် တစ်ချက်တစ်ချက် ညည်းညူကာ သူအိပ်ပျော်သွားတော့သည်။

++++              ++++                                  ++++

“ရှင် အဆင်ပြေရဲ့လား ။ ညက အိပ်ပျော်သေးလား ။”

မနက်ခင်းတွင် ကော်ဖီသောက်ရင်း သူ့မိန်းမက အေးစက်စက်မေးသည်။ သူ မပြုံးမရယ် ၊ တွေဝေပျော့အိသော အကြည့်တစ်ခုနှင့် ဖျတ်ခနဲကြည့်ရင်းသာ သူ့မိန်းမ မေးခွန်းကို ခေါင်းညိတ်ဖြေလိုက်သည်။ကော်ဖီသောက်ရင်း သူ လစ်ခနဲသတိရလာသည်။ ရုတ်တရက် ဝုန်းခနဲထကာ သူ့အိပ်ခန်းအတွင်းသို့ပြေးဝင်သွားသည်။ သူ့မိန်းမ နားမလည်ဟန်၊ပူပန်ဟန်ဖြင့် ကျန်ခဲ့သည်။


သူ့အိပ်ခန်းအတွင်းသို့ရောက်သော် ရှုပ်ပွနေသည့်စားပွဲပေါ်တွင် သူတစ်စုံတစ်ခုကို အပြင်းအထန်ရှာသည်။ ဒေါက်ခနဲ ကြမ်းပြင်ပေါ်သို့ ဘောပင်တစ်ချောင်းပြုတ်ကျသွား၏။ တြွေ့့ပီ။ သူဝမ်းသာအားရဖြင့် အားပါးတရရယ် မောလိုက်သည်။ စာရွက် ။ ညတုန်းက သူရေးခဲ့သည် စာရွက်။ နောက်သူ အထိတ်ထိတ်အပြာပြာဖြစ်လာဟန် ၍အရယ်ရပ်မိသည်။ သူ သွေးဆုပ်ဖြူရော်သော အကြည့် ဝေခွဲမရသောအကြည့်ဖြင့် စာရွက်ပေါ်ကို ပြူးကျယ် စွာကြောင်ငေးကြည့်နေမိသည်။

“အသံတွေ ။ အသံ…တွေ  ၊ ဘယ်ပျောက်ကုန်လဲ ။ ငါ အသံတွေ ။ ငါတို့ အသံတွေ”

ထူးဆန်းစွာပင် သူရေးသမျှအသံတစ်ခုမျှမရှိတော့ စာရွက်က အဖြူထည်ထည်သက်သက်။ သူအထိတ်တလန့် ဖြစ်လာ၏။ အသံများ ၊ မွတ်သိပ်နေသောအသံများ ၊ ဆူညံနေသောအသံများ ဘယ်ပျောက်ကုန်သလဲ ။သူ့စိတ် တွင်း မေးခွန်းပေါင်းစွာသိုင်းခြုံလာ၏။ ထို့နောက် “အား”ဟု ကျယ်လောင်ပြင်းပြစွာ အော်ဟစ်ပြန်လိုက် သည်။ သူ ကြားနေရပြန်လေပြီ။ သူ့နားရွက်သည် ဒုက္ခပေးလာပြန်ပြီ။ အသံများစွာ တိုးခါ ကျယ်ခါ ကြားရပြန် လေပြီ။ အေးစက်စက်လက်တစ်စုံသူ့ပုခုံးကို သိုင်းဖက်လိုက်သောကြောင့် သူအလန့်တကြားကြည့်မိသည်။

“ရှင် ဆေးခန်းသွားဖို့ လိုပြီထင်တယ်။ ရော့ … ၊ အိပ်ဆေးသောက်လိုက် ။ ဒီနေ့အလုပ်မသွားနဲ့တော့ ။ ပြန်အိပ် လိုက်တော့ ။”

ဟု ကြင်ကြင်နာနာ ညင်သာစွာပြောဆိုသည့် သူ့မိန်းမ ။ ကမ်းပေးလာသည့် ဆေးကိုပါးစပ်ထဲပစ် ထည့်ကာ အလျင်အမြန်ပင်သောက်ချလိုက်သည်။ သိပ်မကြာမီပင် သူ့မျက်လုံးတွေစင်းလာကာ နှစ်နှစ်ခြိုက် ခြိုက်အိပ်ပျော်သွား၏။ အိပ်မက်ထဲတွင်တော့ ကြားနေကျအသံပေါင်းများစွာကို သူကြားနေဆဲ။

++++                               ++++                                  ++++

သူအိပ်ယာနိုးတော့ ပတ်ဝန်းကျင်တစ်ခုလုံးမည်းမှောင်နေ၏။ နာရီက ညဆယ်နာရီထိုးလုထိုးခင်။ သူနာရီပေါင်း များစွာ အိပ်ပျော်သွားပါကော။ပြတင်းပေါက်မှပတ်ဝန်းကျင်ကို ကြည့်မိတော့ညစစ်စစ်အတိုင်းမဲပြာအုံ့မှိုင်းနေ၏။ သူ့အသိဉာဏ်က ကြားနေကျအသံများကို ရုတ်တရက်သတိရသွား၏။ တစ်ပြိုက်နက်ပင် အသံပေါင်းများစွာ ဝုန်းဒိုင်းကြဲ ဝင်လာကြ၏။

“စာရွက် ။ စာ ရွက် ။ ဘောပင် …ဘော ပင် ဘောပင်”

သူသွေးရူးသွေးတန်းညည်းတွားရင်း စာရေးစားပွဲသို့ မောဟိုက် နွမ်းလျစွာ ပြေးလွှား သွားသည်။ ထို့နောက် နားထဲတွအူခဲ ပိတ်ဆို့နေသောအသံများကို သုတ်သီးသုတ်ပြာ ချရေးနေမိတော့သည်။

(မွတ်သိပ်မှုအသံများ ။ ငိုသံများ ။ အိပ်မက်နတ်ဆိုးများ၏ပွယောင်းယောင်းရယ်သံများ ။ ကလေးငယ်တစ်ဦး    နို့တိုက်ကျွေးရန်တောင်းနေသံများ ။ တောင်းပန်ရို့ကျိုးသံများ ။ ခက်ထန်မာကျောနေသော အသံများ ။ မီးတောက်များ တဖျစ်ဖျစ်လောင်ကျွမ်းနေသောအသံများ )

အသံများ ။ မဆုံးနိုင်သောအသံများကို သူ ဒရကြမ်းချရေးနေမိသည်။ တဖြည်းဖြည်း သူ့စိတ်သည် လွင့်မျောပေါ့ ပါးလာ၏။ သူ့မျက်လုံးများသည် တဖြည်းဖြည်းစင်း စင်းလာ၏။ ဒီညတော့ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တော့ မည်ထင်သည်ဟု သူအားတင်းတွေးနေမိသည်။ ရုတ်တရက် ဝုန်းခနဲ ၊ ဒိုင်းခနဲအသံများက ထပ်မံဆောင့်ဝင်လာ သောအခါ စင်းနေသော သူ့မျက်လုံးများ ပြူးကျယ်လန့်ထိတ်လာပြန်သည်။ နှလုံးခုန်သံများ တဖြည်းဖြည်း မြန် မြန်လာ၏။ တဖြည်းဖြည်း မော မောလာသည်။ အသံများက ပို၍ ပို၍ ကျယ်လောင်လာသည်။

“အား”  သူခြစ်ကုစ်၍အော်ပစ်လိုက်မိသည်။ သူ့ပတ်ဝန်းကျင်ကို သူကြောက်လန့်တကြား ကြည့်မိသည်။ အမှောင်များက ထုထည်ကြီးစွာ ညကို အုပ်မိုးပိုင်စီးထားဆဲ။ နားစည်ထဲတွင် ပူလင်းပြင်းထန်သော အသံလှိုင်း များ ၊ တောင်းဆိုဆာလောင်သံများက ဆက်တိုက်။ သူ့စိတ်များသည် စိမ်းစိုသောမြက်ခင်းများ၊ကြည်လင်သော စမ်းချောင်းလေးများ ၊ တဖိတ်ဖိတ်လဲ့နေသော ကြယ်များကြား ရောက်ရှိသွားကာ မကြာမီ အိပ်ပျော်သွား တော့သည်။

                                                                     မောင်ရေချမ်း

                                                               (  ( ရွှေအမြုတေမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြ )

Sunday, September 27, 2020

- စပတ်ထဲက ပြန်ထွက်လာတဲ့မြွေ -


ကားတွေက လုံးဝကို မလာဘူး အဲဒါနဲ့ သူတို့တစ်လခွဲလောက် ကြာသွားတယ် ဟုတ်တယ် ၊ အဲဒီဘတ်စ်ကားမှတ်တိုင်မှာပဲလေ တခေါခေါ တခူးခူး အိပ်နေရာကနေ အမျိုးသမီးက နိုးလာတယ် ဦလေးကြီးက အဲဒီတော့မှ သူခိုးလူမိသွားတဲ့ပုံနဲ့ အိုးတိုးအမ်းတန်းကြီး ဖြစ်သွားတယ် "ဟာ ...ဦးလေး ၊ ကျမဖုန်းကို ဘာယူလုပ်တာလဲ" လို့ အထိတ်တလန့်မေးလိုက်တယ် ဦးလေးကြီးလည်း ကယောင်ကတမ်းပုံစံနဲ့ ဖုန်းကို အဲဒီအမျိုးသမီးဆီကို လှမ်းပေးလိုက်တယ် ဖုန်းက အရာမယွင်းသလိုမျိုးပဲ ၊ အမျိုးသမီးဟာ ဦးလေးကြီးကို မသတီတဲ့မျက်နှာပေးနဲ့ကြည့်ရင်း "လူတစ်ယောက်ရဲ့ပရိုက်ဘာစီဆိုတာကို နားမလည်ဘူးလား" လို့ မေးလိုက်တယ် ဦးလေးကြီးကလည်း အူကြောင်ကြောင် မျက်နှာပေးနဲ့ "ဘာ ...ဘာကြီး ...ပရိုက်ဘာဆီ" ဆိုပြီး သံယောင်လိုက်သလို၊ မေးခွန်းထုတ်သလိုမျိုး ရေရွတ်နေတယ်။

"ကျမစပတ်ထဲ မြွေတစ်ကောင်ဝင်သွားတာနဲ့ပဲ ကျမကို လူလို့ မမြင်တော့ဘူး မဟုတ်လား" လို့ ဒေါကြီးမောကြီးနဲ့ ပြောချလိုက်တဲ့ အမျိုးသမီးရဲ့စကားအဆုံးမှာတော့ ....လူကြီးဟာ အခုမှ အိပ်မောကျနေရာမှ နိုးလာတဲ့ သူတော်စင်ကြီးလေသံမျိုးနဲ့ "ဟေ...အဲဒါ ဘယ်နှစ်နှစ်တောင် ရှိနေပြီလဲ"လို့ တအံ့တသြဖြစ်သွားသလို မေးစေ့ကို ပွတ်သပ်နေတယ် အမျိုးသမီးရဲ့ဗိုက်ကတော့ တဖြည်းဖြည်းပူထွက်လာတယ်

 ပြီးတော့ ...အထဲမှာ ဘာကြီးမှန်းမသိတဲ့အရာတစ်ခု ရွေ့လျားနေတယ်။

အမျိုးသမီးဟာ ရုတ်တရက် "အား ...ကျွတ် ...ကျွတ်" လို့ အော်ပြီး မျက်နှာကို ရှုံမဲ့လိုက်တယ်။ "ဟင်...နင် မွေးတော့မှာလား" ဆိုပြီး လူကြီးက မဲ့ရွဲ့ပြီး မေးလိုက်တဲ့အခါ 

"ဟုတ်ကဲ့ရှင့်"တဲ့ အဲဒါဆို ငါ မီးညှပ်ကို သွားပြန်ရှာရမှာလား ဆိုတဲ့ လူကြီးရဲ့နောက်ဆက်တွဲမေးခွန်းကိုတော့ အမျိုးသမီးဟာ ကြောက်သွားပုံရတယ် 

 "မရှာပါနဲ့ရှင် ....မရှာပါနဲ့ ..အဲဒီမီးညှပ်ကိစ္စကို 

ထားလိုက်ပါတော့" လို့ တောင်းပန်ပြောရှာတယ်။

"ခုန နင့်ဖုန်းထဲက ငါ ဘာတွေ တွေ့ထားလဲ သိလား"တဲ့ ခြိမ်းခြောက်သလို၊ သတိပေးသလို ပြောလိုက်တဲ့လူကြီးရဲ့စကားကို အမျိုးသမီးက မထီမဲ့မြင်ပုံစံမျိုးနဲ့ မျက်ခုံးလေးပင့်ပြလိုက်တယ်။ပြီးတော့ သူ့ဘာသာသူပဲ စကားအရှည်ကြီး ပြောတယ်။ "ဘာတွေ တွေ့ရမလဲ၊ ကျမရဲ့စပတ်ပုံတွေ တွေ့သွားမှာပေါ့။ ဟုတ်တယ် မဟုတ်လား ....Gallery ထဲက Hide photos ထဲကိုသာ ဝင်ကြည့်မယ်ဆိုရင်တော့ ကျမ saved ထားတဲ့ လိင်တံပုံတွေ အမျိုးမျိုးကိုတောင် တွေ့ဦးမယ်။ ဘာလဲ ...အဲဒီပုံတွေကို မြင်ပြီး ဦးလေးကြီး ဖင်ခံချင်သွားပြီလား  အဲဒါဆို ဒီလိုလုပ်လေ အခု ကျမ masturbate လုပ်ပြပေးမယ် အဟင်းဟင်း ဘတ်စ်ကားလာရင် ဘယ်လိုလုပ်မလဲလို့ တွေးနေတာ မဟုတ်လား စိတ်ချပါရှင် မလာပါဘူး တော်သေးတာပေါ့ ဖုန်းကိုပဲ ယူကြည့်လို့ ကျမအိတ်ထဲကိုသာ ဦးလေးကြီး ကြည့်မိသွားရင် Vibrator ကိုပါ တွေ့သွားဦးမှာ အဲဒါဆို ဦးလေးကြီးရဲ့ဖင်ကို ခိုးပြီး ကလိချင်ကလိနေမှာလေ မဟုတ်ဘူးလား" 

"ဟာ ..အဲဒါတွေ ထားလိုက်ပါတော့ဟာ ..ငါ့ကို နားရှက်စရာတွေ ပြောမနေပါနဲ့တော့ ...နင့်ကလေးကိုသာ နင်ဖြောင့်ဖြောင့်မွေး ၊ ငါ ဘာကူညီပေးရမလဲပဲ ပြော" ဆိုတော့ အမျိုးသမီးက တဟားဟား အော်ရယ်ရင်းနဲ့ ပြန်ပြောတယ်။"ခုန ဖုန်းထဲက Group Photo တစ်ခုတွေ့တယ် မဟုတ်လား ၊ အဲဒါ ကျမသူငယ်ချင်းတွေနဲ့ ကျမသူငယ်ချင်းတွေရဲ့ဘဲတွေလေ ၊ အဲဒီနေ့ညက Club ကနေ အပြန် မူးရူးနေပြီး အကုန် Hotel ရောက်သွားကြတာ ၊ ပြီးတော့ ...ရှစ်ယောက် လေးတွဲ ၊ ကျမပါ ပါရင် ကိုးယောက်ပေါ့ အဲဒီညမှာ အဲဒီပုံထဲကလိုတွေ ဖြစ်ကုန်ကြတာပဲ စုပ်သူစုပ် ၊ ယက်သူယက် ၊ လှန်သူလှန် ၊ မှောက်သူမှောက် ၊ လေးဘက်ထောက်သူထောက် ၊ ကုန်းသူကုန်း ၊ ခွသူခွ ပေါ့လေ မသိရင် ကျမက ဒိုင်လူကြီးဖြစ်သွားတဲ့အတိုင်းပါပဲရှင်" တဲ့။

လူကြီးလည်း ဘယ်လို သည်းခံလို့မရတော့တဲ့လေသံမျိုးနဲ့ "ဟဲ့ ...နင်က တကယ့်ကို မိစ္ဆာမ ၊ အဆိုးရွားဆုံးမိစ္ဆာမတစ်ယောက်ပဲ" လို့ အကျယ်ကြီး ထအော်ပစ်လိုက်တယ်

 "ဟုတ်တယ်လေ ၊ ကျမက မိစ္ဆာမပေါ့ ၊ အဲဒါကြောင့်လည်း ကျမစပတ်ထဲကို မြွေဝင်သွားတာပေါ့" လို့ ပြောရင်း ဘတ်စ်ကားမှတ်တိုင်က ထိုင်ခုံပေါ် နောက်မှီပြီး ထိုင်ချပစ်လိုက်တယ် အနာကျင်ဆုံးဝေဒနာကို ခံစားနေရတဲ့ပုံစံမျိုးနဲ့ ရှုံ့မဲ့နေပြီး ပေါင်နှစ်ချောင်းကိုလည်း ဖြဲပစ်လိုက်တယ် ဦးလေးကြီးက မဝံ့မရဲပုံစံမျိုးနဲ့ အနားကို တိုးကပ်သွားတော့ ..

"ဟာ ...ဒီနားကို လာခဲ့လေရှင် ၊ ဘာလဲ 

ယောင်္ကျားမဟုတ်ဘူးလား ၊ ဒုက္ခရောက်နေတဲ့ မိန်းမတစ်ယောက်ကိုတောင် မကူညီချင်တော့ဘူးလား" လို့ ပြောရင်း အမျိုးသမီးဟာ တွန့်လိမ်နေတယ်။

လမ်းမပေါ်ကို အဖြူရောင်အရည်တွေ စီးကျကုန်တယ်

 ပြီးတော့ ...အနီရောင်တွေ ၊ ချွဲကျိကျိအရည်တွေကြားက နေ ....လူးလူးလွန့်လွန့်နေတဲ့ အနက်ရောင်အရာကြီးတစ်ခုပေါ်ထွက်လာတယ်  "ဟာ .." လို့ အလန့်တကြား ရေရွတ်ပြီး ဦးလေးကြီးကတော့ ...နောက်ကို ပြန်ဆုတ်သွားတယ် အမျိုးသမီးကတော့ ...အေးအေးလူလူပဲ ပေါင်ကို ပြန်စေ့လိုက်ရင်း "ဦးလေးက ဘာကို မျှော်လင့်ထားသေးလို့လဲရှင် ၊ စပတ်ထဲကို မြွေက ဝင်ခဲ့ပြီးပြီပဲ ၊ အခု ပြန်ထွက်လာတာ မြွေဖြစ်နေတာ ဘာထူးဆန်းနေလို့လဲ" လို့ပြောလိုက်တယ် လမ်းနံဘေးက သစ်ပင်တွေဟာ အိပ်စက်နေကြတယ် 

အမှောင်ထုကတော့ အေးစက်နေခဲ့တယ်။

                                                   မောင်ရေချမ်း

Monday, September 14, 2020

စပတ်ထဲ ဝင်သွားတဲ့ မြွေ

                              (၁)

ဘတ်စ်ကားမှတ်တိုင်မှာ လူနှစ်ယောက်။ တစ်ယောက်က အသက် ၃၅ နှစ်လောက်ရှိတဲ့အမျိုးသမီး ၊ နောက်တစ်ယောက်က အသက် ၅၀ ကျော်အမျိုးသားကြီး။ သူတို့နှစ်ယောက်ဟာ ပထမတော့ မတ်တပ်ရပ်နေတာ ခပ်ခွာခွာပဲ။ နောက်တော့ .. အမျိုးသမီးက အဲဒီလူကြီးနားကို မသိမသာနဲ့ တဖြည်းဖြည်းလိုက်ကပ်ရော။ အဲဒါကို လူကြီးက သတိထားမိသွားပြီး အမျိုးသမီးနဲ့ ဝေးရာဘက်ကို ခြေလှမ်း ငါးလှမ်းလောက် ရွေ့တယ်။ ဒီတော့မှ...အမျိုးသမီးကလည်း လူကြီးနားကို ဒရောသောပါး အတင်းကပ်ပါလေရော။ အနားရောက်တော့ ..လူကြီးရဲ့ပခုံးကို လက်နဲ့တို့ပြီး 

"ဦးရယ် ..မြွေတစ်ကောင် ကျွန်မ စပက်ထဲ ဝင်သွားလို့ ကယ်ပါဦးရှင်" ဆိုပြီး အကူအညီတောင်းလိုက်တယ်။ လူကြီးက ပြန်လှည့်တောင် မကြည့်ဘူး။ အဲဒါနဲ့ "ဒီမှာ ...ဦး ၊ ကျွန်မ စပတ်ထဲ မြွေတစ်ကောင် ဝင်သွားလို့ ကယ်ပါဦး ဆိုနေ" လို့ အမျိုးသမီးက ထပ်ပြောလိုက်ပြန်တယ်။ ဒီတော့မှ ... လူကြီးက ပျင်းရိပျင်းတွဲ့ ပုံစံမျိုးနဲ့ ခေါင်းတစ်ချက်စောင်းငဲ့လာပြီး "မြွေက ခေါင်းဘက်ကနေ စဝင်သွားတာလား ၊ ဖင်ပိုင်း အမြှီးဘက်ကနေ ဝင်သွားတာလား၊ ခေါင်းဘက်ကနေ စဝင်သွားတာဆိုရင် လက်နဲ့ပဲ ပြန်ဆွဲထုတ်လိုက်မယ်။ ဒါဆို လက်အိတ်လိုတယ်။ အမြှီးဘက်ကနေ စဝင်သွားတာဆိုရင်တော့ မီးညှပ်နဲ့ ပြန်ဆွဲထုတ်ပေးမယ်။ အခု ...ငါ လက်အိတ်ရော၊ မီးညှပ်ရော ဟိုစတိုးဆိုင်မှာ သွားဝယ်လိုက်ဦးမယ်။ ဘာနဲ့ ဆွဲထုတ်ရမလဲ ငါ့တူမကြီး သေချာစဉ်းစားထား" လို့ စကားအရှည်ကြီး ပြောပြီး လမ်းဖြတ်ကူးသွားတယ်။

                                      (၂)

လက်အိတ်ဝတ်ထားတဲ့ လက်နဲ့ မီးညှပ်ကြီးကို ကိုင်ရင်းပေါ့။ "ကဲ...ငါ့တူမကြီးရေ ၊ ဦးလေးတော့ ... ဒီမှာ မီးညှပ်နဲ့လက်အိတ်ရခဲ့ပြီ" ဆိုပြီး လမ်းကူးလာတဲ့ လူကြီးက ပြောလိုက်တယ်။ ဘတ်စ်ကားမှတ်တိုင်က အမျိုးသမီးက တစ်ချက်လေးတောင် လှည့်မကြည့်တော့ အဲဒီလူကြီး နည်းနည်း ဇဝေဇဝါ ဖြစ်သွားတဲ့ပုံမျိုးနဲ့ “ဒီမှာ …မီးညှပ်လေ ၊ ငါ့တူမကြီး” လို့ အသံကို မြှင့်ပြီး ထပ်အော်ပြောလိုက်တယ်။ “အဲဒီတော့ ဘာလုပ်ရမှာတုန်း ရှင့်” တဲ့။ အမျိုးသားကြီးက ဒီတစ်ခါတော့ တော်တော်ကို စိတ်မရှည်တော့တဲ့ လေသံနဲ့ “မြွေလေ …မြွေ ၊ တူမကြီး စပက်ထဲက မြွေလေ ၊ ဆွဲထုတ်ဖို့” ဆိုပြီး မီးညှပ်ကြီးတပြင်ပြင်နဲ့ လုပ်တော့တာပဲ။ “ဟာ…ဦးလေးရယ်၊ အဲဒီစတိုးဆိုင်ထဲကို ဦးလေးဝင်သွားတာပဲ ( ၁၈ ) နာရီ ကျော်ကြာသွားပြီ။ ကျွန်မ စပက်ထဲက မြွေက လွန်ခဲ့တဲ့ (၇)နာရီလောက်ကပဲ ပါးစပ်ထဲကနေ ပြန်ထွက်သွားပြီရှင့်” လို့ အမျိုးသမီးက အေးအေးလူလူ ပြန်ပြောတယ်။ လူကြီးလည်း အဲဒီတော့မှ မီးညှပ်ကြီးကို ချွင်ခနဲ လွှင့်ပစ်လိုက်ပြီး လက်အိတ်ကိုလည်း ဗြစ်ခနဲ ပြန်ဆွဲချွတ်လိုက်တယ်။

                                  (၃)

ဘတ်စ်ကားတစ်စီး ရောက်လာတယ်။ သူတို့နှစ်ယောက်စလုံး ဒီတိုင်းပဲ ကြည့်နေလိုက်တယ်။  "ဒါပေမဲ့ ... ဦးရဲ့ ၊ ကျွန်မတော့ ဒုက္ခပဲရှင့်" တဲ့။ အမျိုးသမီးရဲ့ထိတ်ထိတ်ပြာပြာ အဲဒီစကားသံကြောင့် ခဏတိတ်ဆိတ်သွားတဲ့ပတ်ဝန်းကျင်ဟာ ပြန်အသက်ဝင်လာသလိုပဲ။ အဲဒီလူကြီးက "ဟဲ့ ...ဘာဖြစ်ပြန်ပြီတုန်း ဟ" လို့ စိတ်ရှုပ်တဲ့ လေသံနဲ့ မျက်နှာကြီးကို စူပုတ်ပြီး မေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ၊ အမျိုးသမီးကတော့ ပမာမခန့်ပုံစံနဲ့ "ဘာမှမဟုတ်ပါဘူး ၊ ဦးရယ် .. အဲဒီမြွေက စပက်ထဲကနေ ဝင်ပြီး ပါးစပ်ထဲက ပြန်မထွက်ခင်မှာ ကျွန်မ ဗိုက်တစ်နေရာမှာ ဥ ..ဥခဲ့ပုံပဲ။ အခုနေရတာ ခိုးလိုးခုလုကြီး" လို့ အေးအေးလူလူပဲ ပြောတယ်။ လူကြီးလည်း ဘယ်လိုဖြေရှင်းပေးရမလဲ မသိသလိုမျိုးနဲ့ သူ့မျက်နှာသူ ပြန်ပွတ်သပ်ပြီး ဟင်းခနဲ သက်ပြင်းကြီးတစ်ခု ချတယ်။ အမျိုးသမီးကတော့ ... ဆက်ပြောဖြစ်အောင်ကို ပြောလိုက်တယ်။ အဲဒါကို လူကြီး ကြားလား၊ မကြားလား မသိဘူး။ "သေချာတာကတော့ ...ကျွန်မ အဲဒီဥလေးကို မွေးဖြစ်အောင်မွေးမှာပဲ"တဲ့။

                                     (၄)

ညဘက်ရောက်တော့ ...ဘတ်စ်ကားတွေ မလာတော့ဘူး။ တကယ်တော့ ... လာလာ၊ မလာလာ သူတို့ နှစ်ယောက်အတွက် သိပ်အရေးမကြီးသလိုပဲ။ "ဦး ...ပျင်းနေပြီလား" လို့ အမျိုးသမီးက မေးလိုက်တယ်။ "ပျင်းတော့ ...နင် က ပြ မလို့ လား ၊ ငါက စာသားထဲ ရောက်နေတာလေ၊ စပက်ထဲ ဝင်ခဲ့တဲ့ မြွေက အခုဘယ်မှာလဲ" ဆိုပြီး လူကြီးက ပြန်မေးလိုက်တယ်။ လက်ထဲမှာလည်း ဘယ်က ရောက်လာမှန်းမသိတဲ့ ကွမ်းယာထုပ်ကြီးနဲ့။ "မဟုတ်ပါဘူး ...ဦးရယ်၊ ကျွန်မက ဒီဟာလေး ပြချင်လို့ပါ" လို့ ပြောရင်း အမျိုးသမီးက သူ့ရဲ့အပေါ်အင်္ကျီကို ချွတ်ချလိုက်တယ်။ "ဟာ ...ဟာ မလုပ်နဲ့လေ ၊ ဘာတုန်း ဟ" ဆိုပြီး အဲဒီလူကြီးရဲ့မျက်လုံးတွေ ပြူးထွက်လာတယ်။ ဒါပေမဲ့ ...အမျိုးသမီးက အတွင်းခံဘလာဇီယာပဲ ကျန်တော့တယ်။ ညမီးရောင်အောက်မှာ ..မြင်လိုက်ရတာက... အမျိုးသမီးရဲ့ဝမ်းဗိုက်ထဲမှာ ဘာမှန်းမသိတဲ့ အလုံးကြီးတစ်ခု ဟိုရွေ့၊ဒီရွေ့ သွားလာနေတာ။ ။

                                                             မောင်ရေချမ်း

Sunday, September 13, 2020

သက်ရှိသတ္တဝါ A နှင့် B တို့၏ သမားရိုးကျ အသည်းကွဲပုံပြင်(သို့မဟုတ်)ဇာတ်လမ်း




ဤအဖြစ်အပျက်ပါလူသတ္တဝါထီးတစ်ဦးကို အေဟုခေါ်ဆိုနိုင်ပြီးကျန်လူသတ္တဝါမ တစ်ဦးကို ဘီဟုလွယ်လွယ် ခေါ်ဆိုနိုင်ပါသည်။အမည်နာမတပ်ရန်မလိုသောအရာ/မှတ်သားရန်မလိုအပ် သောအရာများ
အတွက် စာဖတ်သူမိတ်ဆွေကို ခေါင်းမရှုပ်စေချင်ပါ။



+++ +++ +++
ထိုနေ့က မိုးလည်းမရွာပါ။လှပသော သက်တန့်တစ်စင်းလည်း ကောင်းကင်၌ ပေါ်ထွက်မနေပါ။
ဤဇာတ်လမ်းပါလူဆန်ဆန်ဇာတ်ကောင်သက်ရှိ အေနှင့်ဘီ တို့စတင်တွေ့ဆုံသည့်နေရာမှာလည်း အချစ်ဝတ္ထုများတွင်ပါရှိသော တိတ်ဆိတ်ငြိမ်အေးသည့်ကော်ဖီဆိုင်တွင်လည်းမဟုတ်ပါ။လူပြတ်သော လမ်းသွယ်တစ်ခုတွင်လည်းမဟုတ်ပါ။ ထို့အတူ လူရမ်းကားများနှောင့်ယှက်သောကြောင့် အေမှ ဘီကိုကာကွယ် ကယ်တင်ကာ စတင်ရင်းနှီးတွေ့ဆုံခြင်းလည်းမဟုတ်ခဲ့ ။

+++ +++ +++

စတင်တွေ့ဆုံရာနေရာ_ဆင်ခြေဖုံးရပ်ကွက်တစ်ခု၏အမှိုက်ပုံတစ်နေရာဖြစ်သည်။အေသည် အမှိုက်ပုံကို သံချိတ်တစ်ချောင်းဖြင့်ထိုးဆွလျက်။ ဘီက အေနှင့်ခပ်လှမ်းလှမ်းတစ်နေရာတွင်ရာဘာဖိနပ်ဟောင်းတစ်ရံကို မြွေအရေခွံအိတ် ထဲသို့ ထိုးထည့်နေသည်။ ထိုသို့ ကဗျာမဆန်သောနေရာတွင်တစ်ယောက်နှင့်တစ်ယောက် စတင်တွေ့ဆုံခဲ့ကြသည်။ အေမှဘီကို မထူးဆန်းသောအကြည့်တစ်ချက်ဖြင့်ကြည့်ကာရွှံ့ပေနေသော ရေသန့်ဗူးခွံတစ်လုံးကို အင်္ကျ ီဖြင့်တစ်ချက်ပွတ်ကာသူ့ကျောပေါ်
တင်ထားသောအိတ်ထဲသို့ပစ်ထည့်လိုက်သည်။
 “နင်က ဘယ်ကလဲ”
 အေ၏အမေးစကားမှာ နုရွလှပမနေ သာမန်ပြောရိုးပြောစဉ်အတိုငး် ။ အချစ်ဝတ္ထုများတွင် ပါနေကျဖြစ်သော ဇာတ်ကောင်မင်းသားမှ မင်းသမီးကို နာမည်မေးမြန်းစုံစမ်းရာတွင် မဝံ့မရဲဖြစ်နေသည့်ဟန်မျိုးလည်းမရှိပါ။
 “အေး ..ငါကဟိုဘက်ရပ်ကွက် က ။ နင်ကရော ဘယ်ကလဲ”
 ဘီမှ ပြန်ဖြေရာတွင် မျက်လုံးကိုလည်းပေကလက်ပေကလက်လုပ်၍မဖြေပါ ။ ထို့အတူ ရှက်စနိုးဟန်ဖြင့်လက်ကိုင်ပဝါစကိုလည်း ဆွဲလိမ်မနေပါ။ ( လက်ကိုင်ပဝါလည်း အနီးတွင် မရှိပါ ) ။ ဘီ၏နံဘေးတွင်ညစ်ပေနံစော်နေသော အမှိုက်သရိုက်များသာရှိပါသည်။

သူတို့နှစ်ယောက်စတင်မိတ်ဆက်ပြောဆိုသောစကားများမှာ အောက်ပါအတိုင်းဖြစ်သည်။
 “ ငါက ဒီရပ်ကွက်ကပဲနင်က ဘာလို့ ဒီဘက်ရပ်ကွက်အမှိုက်ပုံအထိ လာရှာတာလဲ”

အေ၏အသံမှာသိသိသာသာမာနေပါသည်။

“ငါတို့ ရပ်ကွက်ကအမှိုက်ပုံနည်းလို့ ဒီဘက်အထိကူးလာတာ”

“ဒါဆို နောက်နေ့လည်းနင်ဒီကို လာဦးမှာပေါ့”

“အေး” ဘီ၏ပြန်ဖြေသံမှာလည်း ဇာတ်ဝင်ခန်းများတွင်တွေ့နေ/ကြားနေကျပျစ်ချွဲချွဲအသံမျိုးမဟုတ်။အေးတိအေးစက်ဖြစ်၏။

“အေး ၊ ပီးရော။ ငါတော့ ဟိုဘက်လမ်းကြားထဲ သွားရှာဦးမယ်။အဲဒီ့ဘက်မှာ ဘီယာဗူးခွံတွေ ရတတ်တယ်”

“အင်း”

ထိုနေ့က သာမန်အတိုင်းပင် အေနှင့်ဘီတို့ဆုံတွေ့ပြီးခွဲခွာခဲ့ရသည်။

+++ +++ +++


နောက်နေ့များတွင်လည်းအေနှင့်ဘီတို့ ထိုနေရာ၌ပင် တွေ့ဆုံဖြစ်ကြသည်။ပြောနေကျစကားများကိုပြောဖြစ် ကြသည်။

“နင်တို့ရပ်ကွက်မှာရော ပစ္စည်းဈေးက ဒီလောက်ပဲလား။ရေသန့်ဗူးတစ်လုံးဘယ်လောက်ပေးလဲ”

“တစ်ဆယ်။ဘီယာဗူးဆို နှစ်ဆယ် ။ ဘီယာပုလင်းခွံ ဆို ငါးဆယ်”

“အော်…သိပ်မကွာဘူးပဲ။ နင်ရော အဆင်ပြေလား ”

“ပြေသင့်သလောက်တော့ပြေပါတယ်ဟာ ။ နင်ရော”

“ငါလည်း ဒီလိုပါပဲ”

သူတို့နှစ်ယောက်နေ့စဉ်ပြောလေ့ရှိကြသောစကားများပါအထက်ပါအတိုင်းပင်ဖြစ်သည်။

+++ +++ +++

A နှင့် B တို့၏ သံယောဇဉ်ထုံးဖွဲ့သောရက်စွဲများ
တစ်ရက်/တစ်ရက်/တစ်ရက်/တစ်ရက်/……………………………..
(၃) လခန့်ကြာသော်

+++ +++ +++

“နင့်ကိုငါချစ်တယ်ဟာ” အေသည်မြေကြီးထဲတွင်မြှုပ်နေသောအချိုရည်ဗူးခွံလေးကို မရမကထိုးဆွနေရင်းနှုတ်ဖျားမှ စကားတချို့ ခုန်ကျလာသည်။ဘီက ကော်ပစ္စည်းအကျိုးအပဲ့တချို့ကိုမိမိအိတ်ထဲသို့ထည့်ရင်း အေကိုပြန်မော့ကြည့်သည်။
ထို့နောက် တဟီးဟီး ရယ်သည်။
“နင်က ငါကိုချစ်တယ်တဲ့။ ဟီး ..ဟီး ။ ရယ်စရာကြီး ရှက်လဲမရှက်ဘူး ပြောတယ်”

အေ အနည်းငယ်ဒေါသထွက်သွားဟန်ဖြင့်

“ဟ ဘာရှက်စရာလိုလဲ။သူများတွေလဲ အဲလိုပဲပြောနေကျတာပဲ ။ နင်ဗီဒီယိုတွေမကြည့်ဖူးဘူးလား ဟ”

အေ၏အသံမှာအတန်ကျယ်လောင်သွားသဖြင့်ဖြတ်သွားဖြတ်လာစုံတွဲတစ်တွဲက အမှိုက်ပုံပေါ်သို့တစ်ချက်လှမ်းကြည့်သည်။ထိုနောက် အကြည့်ကိုလွှဲကာထိုစုံတွဲမှ ကောင်မလေးက သူ့နှုတ်ခေါင်းဝသူ တစ်ရှူးစဖြင့်အုပ်လိုက်သည်။အေ၏ မျက်နှာကျင်ခနဲ ဖြစ်သွား၏။

“ဟယ် …ဟိုမှာရာဘာဖိနပ်တစ်ရန် ဟ။ ကော်တာပဲ ။ ငါအရင်တွေ့တာနော် ။”

ဘီက ပြောပြောဆိုဆိုပင် ပလက်စတစ်အိတ် တွေအောက်မှ ဖိနပ်စုတ်တစ်ရန်ကိုသံချိတ်ဖြင့်ချိတ်ယူလိုက်သည်။

“အေးပါဟာ။ ငါ့ ခုရည်းစားစကားပြောတာကို အဖြေပေးဦးလေ ဟာ နင်ကလဲ”

အေက အားမလိုအားမရဟန်ဖြင့်ပြောသည်။ဘီက စိတ်မရှည်ဟန်ဖြင့် မဲညစ်နေသောသူ့နှုတ်ခမ်းကိုတစ်ချက်ကိုက်ရင်း

“အေးဟာ ၊ပေးတယ် ။ နင်နဲ့ငါ ရည်းစားပေါ့ ။” ဟုပြောရင်း ဟိုတစ်စ၊သည်တစ်စ ကြွပ်ကြွပ်အိတ်များကိုလိုက်လံထိုးဆွနေပြန်၏။
အေကတော့ ဝမ်းသာအားရဟန်ဖြင့်အားရပါးရ ဘီကို ငေးစိုက်ကြည့်နေသည်။

“အေး ဒါဆို ပြီးတာပဲ ၊ ဟန်ကျတာပေါ့။ လပြည့်နေ့တွေဆို ဘုရားအတူတူသွားလို့ရပြီ နင်နဲ့ငါ ။
ရော့ ဒါက နင်နဲ့ငါ ချစ်သူဖြစ်တဲ့အထိမ်းအမှတ် နင့်အတွက်”

ပြောပြောဆိုဆိုပင်အေသည် မိမိမြွေရေခွှံအိတ်ထဲမှ ရေသန့်ဗူးခွံဆယ်လုံးခန့်ထုတ်ပေးသည်။ဘီ၏လက်များက
မြန်ဆန်စွာလစ်ခနဲယူရင်း သူ့အိတ်အတွင်းသို့ထိုးထည့်ပစ်သည်။ဘီ၏မျက်လုံးများအရောင်တဖျက်ဖျက်လက် နေသည်။
အေက “ဟေး”အော်ပစ်လိုက်သည်။
ဤသို့လျှင်အေနှင့်ဘီတို့ လှပစွာ ချစ်သူဖြစ်ခဲ့ကြ၏။
+++ +++ +++
တစ်ရက်တွင်ဘီနေမကောင်း၍ အေနှင့်ဆုံနေကြနေရာသို့ရောက်မလာနိုင်။ အေတစ်ယောက်တည်း အမှိုက်ပုံကို သံချောင်းဖြင့်ဆွရင်းတစ်ချက်တစ်ချက်လမ်းမဘက်သို့မျှော်ကြည့်နေမိသည်။စိတ်တွင်းမှလည်း

“အင်း ။ဒီနေ့ သူရောက်မလာဘူး ။ ဘာဖြစ်လို့ပါလိမ့် ၊ ဘယ်ရပ်ကွက်ဘက် သွားရှာနေလဲမသိဘူး”

“ နေများမကောင်းလို့လားမသိဘူး၊ နေမကောင်းရင်တော့ ဒုက္ခပါပဲ ။ သူ့မိသားစုမှာ သူတစ်ယောက်ပဲ
အလုပ်လုပ်တဲ့လူရှိတာတဲ့ဟိုတစ်ခါပြောဖူးတယ်။ သူ့မောင်လေးတွေက ပုစုခရုတွေဆိုတော့…အင်းခက်ပြီ”

“အင်း တော်ပြီ စဉ်းစားရတာ အလုပ်ပျက်တယ်။ ငါလဲ ဈေးဖိုးမရသေးဘူး။အမေလဲ မျှော်တော့မယ်။ ဟိုဘက်လမ်းကြားထဲလဲ သွားရဦးမှာ တော်ပြီ တော်ပြီ မစဉ်းစားတော့ဘူး”

စသဖြင့် တရစပ်တွေးတောနေမိသည်။ပြီးနောက်အေတစ်ယောက် ခေါင်းငိုက်စိုက်ဖြင့်အမှိုက်ပုံပေါ်မှ ဆင်းသွား၏။
+++ +++ +++
“ဟဲ့ ။ နင်ဘာလို့ မနေ့က မလာတာလဲ”

အေက နှာချေးဖတ်အခြောက်ကို လက်ဖြင့်ခွာရင်းဘီ့ကိုမေးသည်။

“နေမကောင်းလို့ဟာ။ မနေ့က ငါ့မောင်လေးတွေ ထမင်းစားလိုက်ရဘူး” ဘီ့အသံသိသိသာသာတုန်နေသည်။

မည်းမှောင်သောမျက်နှာတွင်မျက်ကွင်းများကချိုင့်ခွက်နေသည်။ဘီ့ဆံပင်ပေါ်တွင် ကပ်နေသောဖုန်မှုန့်တို့ကို အေက ခါပေးနေမိသည်။

“အင်း။ ဒါဆို ငါ့အိတ်ထဲက ပစ္စည်းတွေနင် ဒီနေ့တဝက်ယူသွားဟာ”

အေမဝံ့မရဲပြောရင်းသူ့အိတ်ထဲမှ ဘီယာဗူးခွံ၊ရေသန့်ဗူးခွံနှင့်အခြားပစ္စည်းအကျိုးအကျေများကို ထုတ်ပေးကာ  ဘီ့ကိုအေးစက်စက်ကြည့်သည်။ထို့နောက်သူ့အိတ်ကို စိတ်မပါလက်မပါပုခုံးပေါ်တင်ရင်း

“ငါ ပြန်တော့မယ် ဟာ ၊ နင်နေကောင်းအောင်နေနော်” ဟု လေးတွဲ့တွဲ့နှုတ်ဆက်ကာအမှိုက်ပုံမှဆင်းသွားသည်။ ဘီ၏မျက်လုံးထဲတွင် စိုထိုင်းထိုင်းလာဖြစ်လာ၏။မျက်နှာကို အင်္ကျ ီဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်သည်။
ထို့နောက်အေထားခဲ့သော ဗူးများခွံများကို သွက်သွက်လက်လက်သူ့အိတ်ထဲသို့ကောက်ထည့်သည်။
+++ +++ +++
A နှင့်B တို့၏ ဖြစ်ရိုးဖြစ်စဉ် နိဂုံး

ထိုနေ့သည်လည်းသာမန်နေ့တစ်နေ့သာဖြစ်သည်။ မိုးကောင်းကင်သည်လည်း အုံ့မှိုင်း၍မနေပါ။ နေသည်လည်း ခြစ်ခြစ်တောက်ပူမနေပါ။ ပတ်ဝန်းကျင်ရှိ လူများသည်လည်း သူတို့နှစ်ဦး(အေနှင့်ဘီ)ကို ဂရုစိုက်၍မနေကြပါ။ ထုံးစံအတိုင်း နှစ်ယောက်သား ကြွပ်ကြွပ်အိတ်များကို ထိုးဆွနေကြသည်။ ဘီကရုတ်တရက်ပြောလိုက်တော့ စကားသံကြောင့်အေသည် မိမိကိုင်ထားသော သံချိတ်နှင့်လက်ဆွဲတော်မြွေအရေခွံအိတ်လွတ်ကျသွား၏။

“ငါ လင်ယူရတော့မယ် ” ဘီ၏အသံမှာအေးစက်စက်။

“ဘာ ! နင်ဘာပြောလိုက်တယ်။”

“ဟုတ်တယ်၊ ငါပစ္စည်းသွားသွင်းနေကျ အဝိန်က ငါ့ကို ယူမယ်လို့ပြောတယ်။မနေ့က အိမ်ကို လာတယ် ။ငါ့ အမေနဲ့စကားပြောတယ် ။ ငါ သူ့ကို ယူရတော့မယ်”

“ဟင် / ဒါဆိုငါ … က” ပြောရင်းဆိုရင် အေသည် အနီးရှိ ပလစ်စတစ်အပိုင်းအစလေးတစ်ခုကို ဆက်ခနဲဆွဲကောက်လိုက်သည်။

“အင်း ။ ငါဒီနေ့ ဒီကိုလာတာ နောက်ဆုံးပဲ ။ အဲဒါ လာပြောတာ နင့်ကို”

ဘီ၏စကားသံမှာပြတ်တောင်းပြတ်တောင်း ။ တစ်ဆက်တည်းမှာပင်

“ဒါပဲဟာ ။ငါသွားတော့မယ် ။ နောက်ဆို နင်လဲ အဝိန့်ဆိုင်မှာ ပစ္စည်းလာသွင်းချင်သွင်းလေ ။ ငါလဲ ရှိနေမှာပဲ”

အေသည် ဘီ့ကိုမျက်မှောင်ကျုတ်၍ကြည့်နေမိသည်။
ဘီက အမှိုက်ပုံပေါ်မှစတင်ဆင်းနေလေပြီ။ ဘီတစ်ချက်လှည့်ကြည့်သည်။ထို့နောက် ခြေလှမ်းကို ချာခနဲပြန်လှည့်ကာအေနှင့်ဝေးရာသို့ တစ်လှမ်း….တစ်လှမ်း….တစ်လှမ်း လျှောက်သွားလေတော့သည်။
ဘီထွက်သွားသောလမ်းဘက်သို့ကြည့်ရင်း အေ တွေဝေငေးငိုင်နေ၏။
ထို့နောက်သူလည်းအမှိုက်ပုံပေါ်မှ ဆင်းကာ သူသွားနေကျဘီယာဗူးခွံများပေါများသောလမ်းကြားထဲသို့ ဝင်လာခဲ့သည်။

+++ +++ +++

ခါတိုင်းနေ့ထက်ပိုမိုထူးခြားသော နေ့ရက်တစ်ရက် အေ့အတွက် ဖြစ်ပွားခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော်ထိုနေ့က လမ်းကြားထဲတွင် ဘီယာဗူးခွံများ ခါတိုင်းထက်ပေါများစွာရရှိခဲ့သည်။
အေ အလွန်ပျော်ရွှင်ရပါသည်။

မောင်ရေချမ်း
ရနံ့သစ်မဂ္ဂဇင်း၊ ဧပရယ်လ ၊ ၂၀၁၄

Monday, September 7, 2020

--- ဝါညိုနုရောင် သနပ်ခါးပေါ်က လောက် ---


ရွှေတိဂုံစေတီတော် ၊ စနေထောင့်မှ

အလိမ်အညာ အမှတ်တရတွေအတွက်

ဂိုသေ့ရဲ့ဖော့စ်ကို ငါ စားတယ်

ရိုင်းပျရန်လိုမှု မဖြစ်စေဘဲ

အထီးကျန်ဆန်ခြင်းဟာ အလေ့အကျင့်ဖြစ်လာလို့

ထင်ရာစိုင်းခွင့်ကို ငါ စားတယ်

ပဋိပက္ခကို အသွင်ပြောင်းဖို့

အောက်မှ အထက်သို့ ချဉ်းကပ်နည်းနဲ့

တစ်ယူသန် တတိယကမ္ဘာကို ငါ စားတယ်

ပြဿနာသစ်ပင်ကို နစ်နာချက်အရ

တပြေးညီ မုန်းတီးစွာ ငါ စားတယ်

ချွန်မြစူးရှတဲ့ ဘိုင်စကယ်စမုတ်တံတွေကို ကျော်လွန်ပြီး

ရစ်ချပ်ဒေါကင်းရဲ့တစ်ကိုယ်ကောင်းဆန်သောမျိုးစေ့ကြောင့်

ဆက်သွယ်ရေး ကျွမ်းကျင်မှုမှာ

ဘုံတူညီချက် ရပ်တည်ရေးမှာ

လှုပ်ရှားပြောင်းလဲရေးသမားကို ငါ စားတယ်

ထိရောက်တဲ့နားထောင်ခြင်းလည်း မရှိ

တက်ကြွတဲ့ အကြမ်းဖက်ခြင်းလည်း မရှိ

ရောမမြို့ရဲ့ရေပြင်ပေါ်မှာတော့

ငါ မရေးထားတဲ့ ကိရဲ့စာကြောင်းတချို့ ရှိတယ်

အဲဒါကြောင့်…

လူ့တန်ဖိုးကို ယုံမှားသံသယဖြစ်လို့

အနားသတ်ဘောင်ခတ်ထားသော

ရှေးရိုးစွဲဒီမိုကရေစီကိုပါ ငါ စားတယ် ။ ။

                           မောင်ရေချမ်း

 အာသီသမဂ္ဂဇင်း | အမှတ် ၂ အတွဲ ၁ | 

      စက်တင်ဘာ  ၂၀၁၉

Tuesday, July 14, 2020

အဆိပ်ခတ်ထားတဲ့ ရေတွင်းကြီးထဲကို တရှဲရှဲ အသံမြည်အောင် သေးပေါက်ချနေတဲ့ မိန်းမ


သေးစီးကြောင်းကြီးဟာ အစိမ်းရောင်ရေညှိတွေပေါ်ကနေ တဆင့် အနီရောင်အုတ်ခဲတွေကြားထဲကို တိုးဝင်သွားတယ်။ အဲဒီကနေမှ __ ရေတွင်းကြီးထဲကို အလုံးအရင်းနဲ့ အင်တိုက်အားတိုက်ပဲ။ လူ့ဘဝဆိုတာ ..ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ ဒဿနကိုယ်စီနဲ့ လူတွေကတော့ ... ရှုပ်ယှက်ခတ်အောင် သွားလာလှုပ်ရှား အလုပ်များနေကြတယ်။ ထမင်းစားပြီးခါစ_ အချိန်ဆိုတော့ ... မနက်ခင်းက သောက်ထားတဲ့ ရေတွေဟာ အူတွေထဲကနေ စုပ်ယူခြင်းကိုလည်း ခံရပြီးပြီပေါ့။ အရည်အဖြစ် ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့ပြီး အောက်စီဂျင်နဲ့အာဟာရတွေကိုလည်း သူ့တာဝန်အရ ပြန်ဖြန့်ဖြူးပေးပြီးပြီလေ။ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားဖို့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်တော့မယ့် သေးစီးကြောင်းကြီးအဖြစ် ...အခုတော့ ... ထွက်ခွာခဲ့လာတာ။ သေးစီးကြောင်းကြီးရဲ့ဖန်တီးရှင်အဖြစ် သူ့ကို ရေတွင်းကြီးက ကြိုဆိုနေတာ သိပ်ကြည်နူးဖို့ ကောင်းတဲ့မြင်ကွင်းပါပဲ။

နေ့လည်ခင်း နေလုံးကြီးရဲ့ချီးလို ဝါထိန်နေတဲ့ အလင်းရောင်အောက်မှာ သူကတော့ ... အေးဆေးပဲ။ ထမိန်လေးကို မပြီး အောက်ခံဘောင်းဘီလေးကို အောက်ကို လျှောချလို့ ။ အေးအေးဆေးဆေးမှ တကယ့်အေးဆေးပဲ။ ဒီထက် ပိုအေးအေးချင်ရင် မိုးတွေ ဘာတွေပါ ပေးရွာလိုက်ဦး။ အဆင်ပြေတယ် မဟုတ်လား။ "အေးအေးဆေးဆေး သေးပေါက်ချင်လို့ လင်မယူတာ ..ဟေ့" လို့လည်း သူ့ပါးစပ်ကနေ အော်ပြောနေသေးတယ်။ 

သေးစီးကြောင်းကြီးဟာ အစိမ်းရောင်ရေညှိတွေပေါ်ကနေ တဆင့် အနီရောင်အုတ်ခဲတွေကြားထဲကို တိုးဝင်သွားတယ်။ အဲဒီကနေမှ __ ရေတွင်းကြီးထဲကို အလုံးအရင်းနဲ့ အင်တိုက်အားတိုက်ပဲ။

                                       မောင်ရေချမ်း

Saturday, May 11, 2019

မနက်ခင်းဆီသို့ ...


အိပ်ချင်မူးတူးနဲ့ မို့လို့ နာမ်စား သုံးတာ မှားသွားသလား

အထင်နဲ့ အယ်ဒီတာက ' ခင်ဗျား ပင်ပန်းနေပြီ' လို့

အဲဒီ ရေးသားချက်ကို ပြင်လိုက်တယ်

ထို့အပြင် ..ဆိုတဲ့ ဝါကျဆက်သမ္ဗန္ဓကို ဖြုတ်ချန်ခဲ့လိုက်ရင်း

စာဖတ်သူက မြင်သမျှ အက္ခရာ သင်္ကေတတွေကို

ဦးခေါင်းထဲမှာ ပိတ်မိနေတဲ့ ငှက်တွေအဖြစ် လွှတ်ပေးလိုက်တယ်

"ခင်ဗျား မြင်နေကျ မြင်ကွင်းတွေထဲကနေ

ခုန်ထွက်ဖို့ ကျွန်တော် ဆွဲထုတ်စရာမလိုပါဘူး" ဟူ၍

အဓိပ္ပာယ် ဘာမှမရှိသော အငြင်းဝါကျနဲ့

တစ်လိုင်းပြီးတစ်လိုင်း စီရင်း

စာရေးသူက ...

"ငါ ပင်ပန်းနေပြီ" လို့ ပြောရင်း

အိပ်သွားတယ် ။ 

                မောင်ရေချမ်း


Monday, September 17, 2018

- ရခိုင်ဒေသ -


မျှော်လင့်ချက် ၊ မီးတောက် ၊ ကျိန်စာ
စစ် ၊ ကိုဗစ် ၊ အစိုးရ
ဆင်းရဲမွဲတေမှု ၊ မူးယစ်ဆေးဝါးအရောင်းအဝယ်
မုဆိုးမ ၊ အလောင်း ၊ သူပုန်
မျက်ရည် ၊ အမုန်းတရား ၊ သတင်းမှား
အမှောင်တိုက်၊ နာကျင်ခြင်း ၊ ချောင်းကြည့်ပေါက် ။ ။

                                      မောင်ရေချမ်း

Monday, August 27, 2018

- အဖိနှိပ်ခံဝါဂွမ်းစလေး -


ရေထဲ ခုန်ဆင်းရင် 

ရေလှိုင်းတွေက ဝိုင်းလုပ်တာခံရတယ် 

မီးထဲ ခုန်ချရင် 

မီးတောက်တွေရဲ့ ဝိုင်းလုပ်တာကို ခံရတယ်

မြေကြီးပေါ်မှာ လူးလိမ့်နေရင်တောင် 

မြေမှုန်လေးတွေက ဝိုင်းလုပ်ကြတယ် 

လေထဲမှာ လမ်းလျှောက်နေတုန်းလည်း 

ဝဲ ကတော့တွေ တရကြမ်းတိုက်ခတ်ပြီး 

ဝိုင်းလုပ်ခဲ့ပါတယ် ။ ။

                               မောင်ရေချမ်း

                         ၁၃၈၁ နတ်တော်လဆုတ် ၇ ရက်

Thursday, July 12, 2018

- သမိုင်းအရိုးတွေ -

\

ဟီရီရို ဂျီနိုဆိုက်

အာမေးနီးယန်း ဂျီနိုဆိုက်

နာဇီ ဂျီနိုဆိုက်

ကမ္ဘောဒီးယား ဂျီနိုဆိုက်

ဂွာတီမာလာ ဂျီနိုဆိုက်

ရဝမ်ဒါ ဂျီနိုဆိုက်

ဘော့စနီးယား  ဂျီနိုဆိုက်

ဒါဖာ ဂျီနိုဆိုက်

အားလုံး

ဘားမား ဂျီနိုဆိုက် ။ ။

               မောင်ရေချမ်း

Wednesday, November 1, 2017

~~ အာသာနဲ့ ဟယ်လင် ~~


" ရှင် ဘယ်မှာလဲ "

" ဘီဟာပီတော့ကြယ်စုထဲမှာ"

နေထွက်ပြီးစ အချိန် ၊ မိုကီးတွိုင်းဆွာမြို့ တစ်နေရာ။ အာသာက ဘောင်းဘီဇစ်ကို ဆွဲတပ်နေခိုက် ဟယ်လင်က ခေါင်းဖြီးနေရင်း

ရွှင်မြူးတဲ့လေသံနဲ့ လှမ်းအော်တယ်။

"ဝက်ပေါင်ခြောက်တွေရဲ့အနာဂတ်ကတော့ မြောင်းထဲမှာ။

ရှင့်အနေနဲ့ တမာချဉ်ကို စိတ်ဝင်စားမှ ဖြစ်တော့မယ်"

အိပ်ချင်မူးတူး အာသာက မဆိုင်းမတွပဲ ပြန်ပြောတယ်။

"ကိုယ်က ဘာပဲဖြစ်ဖြစ် ရပါတယ်။ မင်းသာ ကြက်ဥတွေသုံးပြီး

ခေါင်းလျှော်တဲ့ အကျင့်ကို မြန်မြန်ပြင်စမ်းပါ"

အဲဒီစကားက ဟယ်လင့်ဒေါသကို ဆွလိုက်ပုံပါပဲ။ ဟယ်လင်ဟာ

မှန်တင်ခုံပေါ်က နှုတ်ခမ်းနီတောင့်နဲ့ အာသာ့ကျောကို ပေါက်လိုက်တယ်။

" ရှင်ဟာ တကယ်တော့ တစ်နာရီမှာ အကြိမ်တစ်ရာ့နှစ်ဆယ်လောက် ရိုက်သတ်ပစ်သင့်တဲ့ တစ္ဆေပဲ။ မနက်ဖြန်မနက်ကျရင်တော့ ဒီနေ့လို မုန့်ဟင်းခါးကို စားရလိမ့်မယ်လို့ ရှင် ဘယ်တော့မှ မမျှော်လင့်နဲ့ "

ပြောမယ့်သာ ပြောရတာပါ။ ဟယ်လင်ဟာ သူကိုယ်တိုင် ဒီနေ့ ဘာနေ့ ဆိုတာကို မသိဘူး။ အာသာလည်း သိမယ် မထင်ဘူး။

ဘာပဲဖြစ်ဖြစ်...သူတို့အိမ်ရှေ့မှာ မြင်းလှည်းတစ်စီးက ရောက်နေပြီ။ ။


မောင်ရေချမ်း

30 June 2017

Sunday, April 16, 2017

- လသာ တရုတ်တန်းဘက်က ဖာသည်မ -


"တစ်ခါတုန်းကပေါ့" လို့ပဲ အစချီပြောရမယ် လိမ့်မယ်။ ဒါပေမဲ့ ...သိပ်မကြာသေးပါဘူး။ ကျနော် ဖာသွားချတယ်။ အဲဒီအချိန်က ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ် _ ကျောင်းသားသပိတ်ဖြစ်နေတဲ့အချိန်ပေါ့။ ကျနော် ဖာချတဲ့နေရာက ရန်ကုန်မြို့လယ်ခေါင်တစ်နေရာမှာပါပဲ။ အဓိက ပြောချင်တာက ဖာချတဲ့ကိစ္စမဟုတ်ပါဘူး။ ကွိုင်လည်း သုံးခဲ့ပါတယ်။ အဲဒါကို ထားလိုက်ပါတော့။ ကိစ္စဘာညာပြီးတော့ ...အဲဒီကောင်မလေးနဲ့ ပြောဖြစ်တဲ့စကားတွေကိုပါ။ "ရှင် ကျောင်းသားလား" တဲ့ ။ ကျနော်ကလည်း မဟုတ်ပါဘူးပေါ့ "ကျနော် ကျောင်းမတက်ဖြစ်တော့တာ ကြာပါပြီ" ဆိုပြီး ပြန်ပြောလိုက်တယ်။ ကျနော့်ကို သေသေချာချာ လေးလေးနက်နက်ကြီးကို စိုက်ကြည့်ပြီး ထပ်မေးတယ်။ "အခုဖြစ်နေတဲ့ကိစ္စတွေကို ဘယ်လိုမြင်လဲ"တဲ့။ ကျနော်လည်း ကြောင်သွားတာပေါ့။ ဟုတ်တယ်လေ။ ကျနော်က ဖာလာချရုံသက်သက်ပဲ ဥစ္စာ၊ အဲဒီလိုကိစ္စမျိုးနဲ့ပတ်သတ်တဲ့ဟာကြီး အမေးခံရမယ်လို့ မျှော်မှ မမျှော်လင့်ထားခဲ့တာ။ ငါက ဘာအရာကိုမှ သေချာ သိတာတော့မဟုတ်ဘူး အဲဒီလိုပြောလို့ ယောင်ဝါးဝါးသမားလားဆိုတော့ မဟုတ်ဘူး မင်း ငါ့ကို ထင်ချင်တာထင်လို့တော့ ရပါတယ် ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုတော့ ထောက်ခံတယ် လို့ပဲ ပေါ့ပေါ့ပါးပါးလေး ဖြေပေးလိုက်တယ်။ အံမယ် ၊ ဒါတောင် ...မရွှေချောက မပြီးနိုင်၊ မစီးနိုင်နဲ့ "ဘာလို့ ...ထောက်ခံတာလဲ" လို့ထပ်မေးသေးသဗျ။ ကျနော်လည်း ဘာမှ ဆက်မဖြေတတ်တော့တာနဲ့ "နင်ရော ကျောင်းသူလား" ဆိုတာပဲ ပြန်မေးလိုက်တော့တယ်။ "ဟုတ်တယ်" လို့လည်း ပြန်ဖြေရော ၊ "အဲဒါဆို နင်ရော ဘယ်လိုမြင်လဲ ပြောပါဦး" ဆိုတော့ .. "ဘယ်လိုမှ မမြင်ဘူး လုပ်ချင်တာပဲ ရှိတယ် ...ကျမစပတ်နဲ့ ပြည်သူ့လူထုကို အမြင်ကျယ်သွားအောင်လို့ မည်းမှောင်နေတဲ့ နိုင်ငံတော်ကြီးကို မြင်လားလို့ပဲ ဟောဒီလို ...ဟောဒီလို ...ဖြဲ ပြပစ်ချင်တာ" တဲ့။


                                                   မောင်ရေချမ်း

Monday, March 6, 2017

E-mail တစ်စောင်


တကယ်
သတိရနေပါတယ်။

အဲဒီထက် ...
ဘယ်လို ပိုပြောလို့ ရသေးလဲ
ဆက်သွယ်ပေးပါ ။ ။

                           မောင်ရေချမ်း
                          6 March 2017

Saturday, November 26, 2016

John -dec 11 သည် AD 3000 ကမ္ဘာ၏ အမှတ်အသား


ယဉ်ကျေးသော AD 3000 တွင်
ငြိမ်းချမ်းသော AD 3000 တွင်
John ဟာ ယဉ်ကျေးငြိမ်းချမ်းသောစစ်သားလေး။

သေနတ်တစ်လက်သာ ရှိတဲ့ကမ္ဘာထဲ
John ဟာ အဲဒီသေနတ်ကို ကိုင်စွဲလို့။
ကမ္ဘာ့တေးကို မနက်တိုင်း ဆိုတယ်
ကမ္ဘာ့အလံကို နေ့တိုင်း အလေးပြုတယ်
ကမ္ဘာ့ရန်ကို ကာကွယ်ဖို့ စစ်သားကလေး။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စစ်သားကလေး။
အမည်မသိ မည်သည့်ဂြိုလ်က ရန်လိုမလဲ
John တစ်ယောက် အသင့်ရှိတယ်။
ဘယ်လို ဘေးအန္တရာယ်မှ မရှိတဲ့ ကမ္ဘာထဲ
John ဟာ ကြာတော့ ပျင်းလာတယ်
တစ်ကမ္ဘာလုံးအတွက် အကာအကွယ်ပေးသူ John
ဘေးကင်းပျော်ရွှင်စွာနေထိုင်သူတွေကို ငေးလို့
သေနတ်ကို ဘယ်တော့ သုံးရမလဲတွေးမိတယ်။

ကမ္ဘာထဲမှာ သေနတ်သုံးနေရာမရှိ
စကြဝဠာရဲ့ တခြားနေရာက ရန်စွယ်လည်း မရှိ
ဒီလို တွေးမိတဲ့အခါ
ပျင်းရိမှုကို John အဆုံးသတ်လိုက်တယ်။

သေနတ်ကို သူ့နားထင်သူ တေ့ပစ်လို့။
တစ်ကမ္ဘာလုံးက လူသားများဟာ
John အတွက် စိတ်မကောင်းဖြစ်ကြ
သူ့ရဲ့ကမ္ဘာအတွက် ထမ်းဆောင်ခဲ့မှုကို သတိရကြ။

အဲဒီအတွက် John သေပြီးနောက်
John ကိုင်စွဲခဲ့တဲ့ တစ်ခုတည်းသောသေနတ်အစား
လူတိုင်း ကိုင်စွဲဖို့သေနတ်အသစ် ထုတ်လုပ်တယ်
John ကိုဂုဏ်ပြုဖို့ သေဆုံးတဲ့နေ့ကို မှတ်မိဖို့
သေနတ်အသစ်ကို John-dec 11 နာမည်တပ်တယ်။
John- dec 11 ဟာ ပစ်ခတ်လို့မရ
အမှတ်တရ သေနတ်မျှသာဖြစ်တယ်။
လူသားတိုင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို အမြဲမမေ့ဖို့
တပ်ဆင်စရာ အလှပြပစ္စည်းသက်သက်ဖြစ်တယ်။
John- dec 11 မှာ ရေးထွင်းထားတဲ့စာသားက
"သူတစ်ပါးကို အကြမ်းမဖက်ရ"
"မိမိကိုယ်မိမိလည်း အကြမ်းမဖက်ရ"။ ။

မောင်ရေချမ်း
25 Nov 2015

Thursday, November 10, 2016

လယ်စိမ်းစိုမှ တရားအမေး

ကျွန်မ လုံးဝ မလိမ်ဘူးဆိုတာကို
ကျမ်းစာအုပ် ကိုင်ပြီးထက်
အဲဒီရှေ့ရဲ့ ဘုရားရင်ခွင်ပေါ်က
အမှောင်ဝါး ကောင်းကင်ကို ပါးရိုက်ဖယ်ပြီးမှ
ပြောပါရစေ...သိလား ။

သိတဲ့ဟာကို လိမ်ပြောခဲ့ရင်လည်း
ဒီကို မလာခင်..
ကျွန်မ ပါးစပ် တလှုပ်လှုပ်နဲ့
ဝါးခဲ့တဲ့ ထမင်းလုတ်တွေဟာ
လျှာပေါ် စစ်သလင်းဖြစ်ပြီး စုတ်ပြတ်ပါစေ ။

ဥပဒေ ပုပ်ပွရဲ့ ပုဒ်မကို ခုခံချင်လို့
ကျွန်မက လင်ကိုပဲ ကုတ်ဆွဲပြီး
ရှေ့နေ လုပ်ဖို့ ခေါ်ခဲ့ရတယ်
"ရှင့်အဖေနဲ့ ရှင့်အမေ မမွေးခင်ကနေ
ကျွန်မတို့ သုံးဗိုက် သုံးစေ့ အခွံနွှာပြီးတဲ့အထိ
လူးအောင် စိုက်လုပ်ခဲ့တဲ့ ဒီမြေကို
ဘယ်သေချင်းဆိုး..ပိုင်လဲ ၊ ငါ့ယောင်္ကျား " ။ ။
 
                                         မောင်ရေချမ်း
                                      5 Nov 2016

Friday, November 4, 2016

ကမ္ဘာစစ်ကြီးပြီးတဲ့နောက်

အတွေ့ အကြုံတွေ ပြန်သတိရကြပေါ့
 သေပြေးရှင်ပြေးတွေ ပြန်တွေးကြရုံမှာ
 "အသက်ကို ထဘီစောင့်ခဲ့တာပဲ" 
သူ့မိခင်ထဘီစ လက်မောင်းပတ်ထားသူ 
စစ်သားလေးတစ်ယောက်ရဲ့ ကြည်ညိုသံ
 အက်တမ်ဗုံးကွဲသလို တုန်ခါညံသွားတယ်။ ။ 

                                                   မောင်ရေချမ်း

Monday, October 31, 2016

ဗုံးဒဏ်ရာမဲ့ဂွေး

စစ်ကြီးပြီးတဲ့အခါ
ကလေး ကြီးပြင်းလာတယ်
ပျော်ရွှင်စရာဇာတ်သိမ်းဟာ
 ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ် ။ ။

                                မောင်ရေချမ်း
                             31 Oct 2016

Sunday, October 30, 2016

တောအုပ်ကျောင်းတော်

အမြင့်ကို မော့ကြည့်တော့
မန်ကျည်းရွက်တွေဟာ လှပထူထပ်လို့
သရက်ပင်လေးဟာလည်း
နံဘေးမှာ ရန်မလိုဘဲ ယှဉ်တွဲနူးညံ့ကာ
အကိုင်းအခက်တွေ တခမ်းတနားဖြာလို့
မြေပြင်ပေါ်ဝယ်...
ရေအိုင်ငယ်လေးတွေမှာ ချမ်းမြမှု လူးတယ်
ရွက်လှပင်များ ခြံရံစုပေါင်းရင်းပေါ့
တိတ်ဆိတ်ရနံ့များ အထူးမွှေးကူးစွာ
သပြေပင်နုနုလေးဟာ ပုဝပ်ငြိမ်သက်နေတယ် ။ ။

                                     မောင်ရေချမ်း
                                 28 Oct 2016

Sunday, October 16, 2016

ငြိမ်းချမ်းရေးဝတ္ထုထဲက ဇာတ်နာတဲ့သားအဖ

ငါ့သားလေးက စာသိပ်တော်တယ်
ကျောင်းကို သုံးမိုင်လောက်လျှောက်ရတယ်
သူ ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ် ပြောတယ်
တိုက်ပွဲဖြစ်နေတဲ့ ငါတို့နယ်မြေမှာ စာသင်ကျောင်းတွေမရှိဘူး
ငါ့သားလေး စာတော်တာ ဘယ်သူမှ မသိဘူး
အင်တာနက်ပေါ်တင်ဖို့ 

ဒီနေရာမှာ ဆက်သွယ်ရေးတာဝါတိုင်တွေ မရှိဘူး
သမ္မတကိုဆဲထားတယ်ဆိုတဲ့စာတွေ
အနာဂတ်ကို ဖော်ဆောင်ပြောင်းလဲစို့တွေ
လူအများထောက်ခံပါတီရဲ့လိုဂိုတံဆိပ်တွေ
ဒီနေရာမှာ မမြင်ရဘူး
ဝေစုခွဲတမ်းနဲ့ရတဲ့အစားအစာတွေ
အသစ်ရောက်လာတဲ့အရွယ်တူကစားဖော်တွေ
တိုးချဲ့ဆောက်လုပ်နေတဲ့ရွက်ဖျင်လေးတွေ
ငါ့သားလေးဟာ အရေအတွက်သင်္ချာကိုစဉ်းစားရင်း 

 ကစားဖို့ မေ့ချင်မေ့နေမလား
ငါ့သားလေးအတွက် အင်္ဂလိပ်စာသင်ပေးဖို့
War ကို ဘာသာမပြန်နိုင်တဲ့ဆရာ ငါ ရှာရမယ်
ငါ့သားလေးက စာသိပ်တော်တယ်
ကျောင်းကို သုံးမိုင်လောက်လျှောက်ရတယ်
အဲဒါ ဒီနေရာကိုမရောက်ခင်ရဲ့တစ်ချိန်က
ဟိုး...တုန်းက ငါ့သားလေးကျောင်းဖွင့်ချိန်ကပါ။


မောင်ရေချမ်း
17 Oct 2015

Thursday, October 6, 2016

နှလုံးသားဈေး

သူသည် လူအုပ်ကြားထဲမှ
ဖြေးလေးစွာနှင့် လာခဲ့သည်
ကြက်သွန်ဖြူ  ၊ အာလူး ၊ လက်ဖက်ခြောက်
ကုန်ခြောက်တန်းကို ကျော်လာခဲ့သည်
ကုန်စိမ်းတန်းကို ထပ်ဖြတ်ကာ
သစ်သီးစုံတန်း တစ်ဖက်ရှိ
ပန်းပွင့်တန်းသို့ ရောက်လာခဲ့သည်
အားလုံး နေပူထဲမှာချည်းပင်
အမိုးမရှိ ၊ အကာမရှိ
နေပူထဲ ချရောင်းနေကြသည် ။ ။

                                  မောင်ရေချမ်း
                               6 Oct 2016

Saturday, September 24, 2016

ကကြှဲသံ

တိုးတိုးလေးပဲ မိုးတွေ ရွာသွားတယ် ရေအိုင်ငယ်လေးထဲမှာ ကမ္ဘာပျက်ဖို့ ။ ။ မောင်ရေချမ်း

ကမ္ဘာကြီးအတွက် ဒိန်ချဉ်တစ်ခွက်

၁။ နွားနို့ ၁ ပိဿာကို ဆူအောင်ကျိုပါ
ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့
ကြာကြာလေး ကျိုပါ
တအားလည်း မပျစ်ပါစေနဲ့

၂။ပြီးရင် မီးဖိုပေါ်ကချပါ
အအေးခံပါ
လုံးဝတော့ မအေးပါစေနဲ့နော်
(နွေးနေတဲ့အချိန်မှာ အလျဉ်ထည့်ရမှာပါ)
လက်ညိုးလေးကို ထည့်ကြည့်လို့
အပူခံနိုင်တယ် ဆိုရုံလေးနွေးပါစေ
၃။အလျဉ်(ဟင်းခတ်ဇွန်း၁ဇွန်းစာ)
ပြီးရင် မွှေပေးပါ
၎။အဲဒီနောက် အုပ်ဆောင်းနဲ့ အုပ်ပြီး
မရွေ့လျားစေဘဲ ၂၄ နာရီထားပါ
အခန်းအပူချိန်မှာပဲ ထားတဲ့အခါ
၂၄နာရီ ပြည့်ရင် ဒိန်ချဉ်ရပါပြီ
သတိပြုရမှာကတော့
လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ။

                    မောင်ရေချမ်း
              22 September 2016

Saturday, October 17, 2015

စက်တင်ဘာကို မမေ့နဲ့


စက်တင်ဘာကို မေ့ပစ်လိုက်ရင်တောင်
စက်တင်ဘာက သမိုင်းမှာ လိုက်ပါလိမ့်မယ်
ဒါကြောင့် စက်တင်ဘာကို မမေ့နဲ့

အမှောင်တိမ်တွေအောက်မှာ
တဝေါဝေါသွန်ချနေတဲ့
မတရားမှုမိုးစက်တွေအောက်မှာ
စက်တင်ဘာဟာ ရွှေဝါရောင်တောက်ခဲ့ဖူးတယ်
အဲဒီစက်တင်ဘာကို ဘယ်တော့မှ မမေ့နဲ့

"ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
  ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး"
အဲဒီအသံတွေ
ွသွေးအိုင်ထဲမှာ ပေလူးသွားခဲ့ဖူးတယ်
အဲဒီစက်တင်ဘာကို မမေ့နဲ့