Sunday, September 13, 2020

သက်ရှိသတ္တဝါ A နှင့် B တို့၏ သမားရိုးကျ အသည်းကွဲပုံပြင်(သို့မဟုတ်)ဇာတ်လမ်း




ဤအဖြစ်အပျက်ပါလူသတ္တဝါထီးတစ်ဦးကို အေဟုခေါ်ဆိုနိုင်ပြီးကျန်လူသတ္တဝါမ တစ်ဦးကို ဘီဟုလွယ်လွယ် ခေါ်ဆိုနိုင်ပါသည်။အမည်နာမတပ်ရန်မလိုသောအရာ/မှတ်သားရန်မလိုအပ် သောအရာများ
အတွက် စာဖတ်သူမိတ်ဆွေကို ခေါင်းမရှုပ်စေချင်ပါ။



+++ +++ +++
ထိုနေ့က မိုးလည်းမရွာပါ။လှပသော သက်တန့်တစ်စင်းလည်း ကောင်းကင်၌ ပေါ်ထွက်မနေပါ။
ဤဇာတ်လမ်းပါလူဆန်ဆန်ဇာတ်ကောင်သက်ရှိ အေနှင့်ဘီ တို့စတင်တွေ့ဆုံသည့်နေရာမှာလည်း အချစ်ဝတ္ထုများတွင်ပါရှိသော တိတ်ဆိတ်ငြိမ်အေးသည့်ကော်ဖီဆိုင်တွင်လည်းမဟုတ်ပါ။လူပြတ်သော လမ်းသွယ်တစ်ခုတွင်လည်းမဟုတ်ပါ။ ထို့အတူ လူရမ်းကားများနှောင့်ယှက်သောကြောင့် အေမှ ဘီကိုကာကွယ် ကယ်တင်ကာ စတင်ရင်းနှီးတွေ့ဆုံခြင်းလည်းမဟုတ်ခဲ့ ။

+++ +++ +++

စတင်တွေ့ဆုံရာနေရာ_ဆင်ခြေဖုံးရပ်ကွက်တစ်ခု၏အမှိုက်ပုံတစ်နေရာဖြစ်သည်။အေသည် အမှိုက်ပုံကို သံချိတ်တစ်ချောင်းဖြင့်ထိုးဆွလျက်။ ဘီက အေနှင့်ခပ်လှမ်းလှမ်းတစ်နေရာတွင်ရာဘာဖိနပ်ဟောင်းတစ်ရံကို မြွေအရေခွံအိတ် ထဲသို့ ထိုးထည့်နေသည်။ ထိုသို့ ကဗျာမဆန်သောနေရာတွင်တစ်ယောက်နှင့်တစ်ယောက် စတင်တွေ့ဆုံခဲ့ကြသည်။ အေမှဘီကို မထူးဆန်းသောအကြည့်တစ်ချက်ဖြင့်ကြည့်ကာရွှံ့ပေနေသော ရေသန့်ဗူးခွံတစ်လုံးကို အင်္ကျ ီဖြင့်တစ်ချက်ပွတ်ကာသူ့ကျောပေါ်
တင်ထားသောအိတ်ထဲသို့ပစ်ထည့်လိုက်သည်။
 “နင်က ဘယ်ကလဲ”
 အေ၏အမေးစကားမှာ နုရွလှပမနေ သာမန်ပြောရိုးပြောစဉ်အတိုငး် ။ အချစ်ဝတ္ထုများတွင် ပါနေကျဖြစ်သော ဇာတ်ကောင်မင်းသားမှ မင်းသမီးကို နာမည်မေးမြန်းစုံစမ်းရာတွင် မဝံ့မရဲဖြစ်နေသည့်ဟန်မျိုးလည်းမရှိပါ။
 “အေး ..ငါကဟိုဘက်ရပ်ကွက် က ။ နင်ကရော ဘယ်ကလဲ”
 ဘီမှ ပြန်ဖြေရာတွင် မျက်လုံးကိုလည်းပေကလက်ပေကလက်လုပ်၍မဖြေပါ ။ ထို့အတူ ရှက်စနိုးဟန်ဖြင့်လက်ကိုင်ပဝါစကိုလည်း ဆွဲလိမ်မနေပါ။ ( လက်ကိုင်ပဝါလည်း အနီးတွင် မရှိပါ ) ။ ဘီ၏နံဘေးတွင်ညစ်ပေနံစော်နေသော အမှိုက်သရိုက်များသာရှိပါသည်။

သူတို့နှစ်ယောက်စတင်မိတ်ဆက်ပြောဆိုသောစကားများမှာ အောက်ပါအတိုင်းဖြစ်သည်။
 “ ငါက ဒီရပ်ကွက်ကပဲနင်က ဘာလို့ ဒီဘက်ရပ်ကွက်အမှိုက်ပုံအထိ လာရှာတာလဲ”

အေ၏အသံမှာသိသိသာသာမာနေပါသည်။

“ငါတို့ ရပ်ကွက်ကအမှိုက်ပုံနည်းလို့ ဒီဘက်အထိကူးလာတာ”

“ဒါဆို နောက်နေ့လည်းနင်ဒီကို လာဦးမှာပေါ့”

“အေး” ဘီ၏ပြန်ဖြေသံမှာလည်း ဇာတ်ဝင်ခန်းများတွင်တွေ့နေ/ကြားနေကျပျစ်ချွဲချွဲအသံမျိုးမဟုတ်။အေးတိအေးစက်ဖြစ်၏။

“အေး ၊ ပီးရော။ ငါတော့ ဟိုဘက်လမ်းကြားထဲ သွားရှာဦးမယ်။အဲဒီ့ဘက်မှာ ဘီယာဗူးခွံတွေ ရတတ်တယ်”

“အင်း”

ထိုနေ့က သာမန်အတိုင်းပင် အေနှင့်ဘီတို့ဆုံတွေ့ပြီးခွဲခွာခဲ့ရသည်။

+++ +++ +++


နောက်နေ့များတွင်လည်းအေနှင့်ဘီတို့ ထိုနေရာ၌ပင် တွေ့ဆုံဖြစ်ကြသည်။ပြောနေကျစကားများကိုပြောဖြစ် ကြသည်။

“နင်တို့ရပ်ကွက်မှာရော ပစ္စည်းဈေးက ဒီလောက်ပဲလား။ရေသန့်ဗူးတစ်လုံးဘယ်လောက်ပေးလဲ”

“တစ်ဆယ်။ဘီယာဗူးဆို နှစ်ဆယ် ။ ဘီယာပုလင်းခွံ ဆို ငါးဆယ်”

“အော်…သိပ်မကွာဘူးပဲ။ နင်ရော အဆင်ပြေလား ”

“ပြေသင့်သလောက်တော့ပြေပါတယ်ဟာ ။ နင်ရော”

“ငါလည်း ဒီလိုပါပဲ”

သူတို့နှစ်ယောက်နေ့စဉ်ပြောလေ့ရှိကြသောစကားများပါအထက်ပါအတိုင်းပင်ဖြစ်သည်။

+++ +++ +++

A နှင့် B တို့၏ သံယောဇဉ်ထုံးဖွဲ့သောရက်စွဲများ
တစ်ရက်/တစ်ရက်/တစ်ရက်/တစ်ရက်/……………………………..
(၃) လခန့်ကြာသော်

+++ +++ +++

“နင့်ကိုငါချစ်တယ်ဟာ” အေသည်မြေကြီးထဲတွင်မြှုပ်နေသောအချိုရည်ဗူးခွံလေးကို မရမကထိုးဆွနေရင်းနှုတ်ဖျားမှ စကားတချို့ ခုန်ကျလာသည်။ဘီက ကော်ပစ္စည်းအကျိုးအပဲ့တချို့ကိုမိမိအိတ်ထဲသို့ထည့်ရင်း အေကိုပြန်မော့ကြည့်သည်။
ထို့နောက် တဟီးဟီး ရယ်သည်။
“နင်က ငါကိုချစ်တယ်တဲ့။ ဟီး ..ဟီး ။ ရယ်စရာကြီး ရှက်လဲမရှက်ဘူး ပြောတယ်”

အေ အနည်းငယ်ဒေါသထွက်သွားဟန်ဖြင့်

“ဟ ဘာရှက်စရာလိုလဲ။သူများတွေလဲ အဲလိုပဲပြောနေကျတာပဲ ။ နင်ဗီဒီယိုတွေမကြည့်ဖူးဘူးလား ဟ”

အေ၏အသံမှာအတန်ကျယ်လောင်သွားသဖြင့်ဖြတ်သွားဖြတ်လာစုံတွဲတစ်တွဲက အမှိုက်ပုံပေါ်သို့တစ်ချက်လှမ်းကြည့်သည်။ထိုနောက် အကြည့်ကိုလွှဲကာထိုစုံတွဲမှ ကောင်မလေးက သူ့နှုတ်ခေါင်းဝသူ တစ်ရှူးစဖြင့်အုပ်လိုက်သည်။အေ၏ မျက်နှာကျင်ခနဲ ဖြစ်သွား၏။

“ဟယ် …ဟိုမှာရာဘာဖိနပ်တစ်ရန် ဟ။ ကော်တာပဲ ။ ငါအရင်တွေ့တာနော် ။”

ဘီက ပြောပြောဆိုဆိုပင် ပလက်စတစ်အိတ် တွေအောက်မှ ဖိနပ်စုတ်တစ်ရန်ကိုသံချိတ်ဖြင့်ချိတ်ယူလိုက်သည်။

“အေးပါဟာ။ ငါ့ ခုရည်းစားစကားပြောတာကို အဖြေပေးဦးလေ ဟာ နင်ကလဲ”

အေက အားမလိုအားမရဟန်ဖြင့်ပြောသည်။ဘီက စိတ်မရှည်ဟန်ဖြင့် မဲညစ်နေသောသူ့နှုတ်ခမ်းကိုတစ်ချက်ကိုက်ရင်း

“အေးဟာ ၊ပေးတယ် ။ နင်နဲ့ငါ ရည်းစားပေါ့ ။” ဟုပြောရင်း ဟိုတစ်စ၊သည်တစ်စ ကြွပ်ကြွပ်အိတ်များကိုလိုက်လံထိုးဆွနေပြန်၏။
အေကတော့ ဝမ်းသာအားရဟန်ဖြင့်အားရပါးရ ဘီကို ငေးစိုက်ကြည့်နေသည်။

“အေး ဒါဆို ပြီးတာပဲ ၊ ဟန်ကျတာပေါ့။ လပြည့်နေ့တွေဆို ဘုရားအတူတူသွားလို့ရပြီ နင်နဲ့ငါ ။
ရော့ ဒါက နင်နဲ့ငါ ချစ်သူဖြစ်တဲ့အထိမ်းအမှတ် နင့်အတွက်”

ပြောပြောဆိုဆိုပင်အေသည် မိမိမြွေရေခွှံအိတ်ထဲမှ ရေသန့်ဗူးခွံဆယ်လုံးခန့်ထုတ်ပေးသည်။ဘီ၏လက်များက
မြန်ဆန်စွာလစ်ခနဲယူရင်း သူ့အိတ်အတွင်းသို့ထိုးထည့်ပစ်သည်။ဘီ၏မျက်လုံးများအရောင်တဖျက်ဖျက်လက် နေသည်။
အေက “ဟေး”အော်ပစ်လိုက်သည်။
ဤသို့လျှင်အေနှင့်ဘီတို့ လှပစွာ ချစ်သူဖြစ်ခဲ့ကြ၏။
+++ +++ +++
တစ်ရက်တွင်ဘီနေမကောင်း၍ အေနှင့်ဆုံနေကြနေရာသို့ရောက်မလာနိုင်။ အေတစ်ယောက်တည်း အမှိုက်ပုံကို သံချောင်းဖြင့်ဆွရင်းတစ်ချက်တစ်ချက်လမ်းမဘက်သို့မျှော်ကြည့်နေမိသည်။စိတ်တွင်းမှလည်း

“အင်း ။ဒီနေ့ သူရောက်မလာဘူး ။ ဘာဖြစ်လို့ပါလိမ့် ၊ ဘယ်ရပ်ကွက်ဘက် သွားရှာနေလဲမသိဘူး”

“ နေများမကောင်းလို့လားမသိဘူး၊ နေမကောင်းရင်တော့ ဒုက္ခပါပဲ ။ သူ့မိသားစုမှာ သူတစ်ယောက်ပဲ
အလုပ်လုပ်တဲ့လူရှိတာတဲ့ဟိုတစ်ခါပြောဖူးတယ်။ သူ့မောင်လေးတွေက ပုစုခရုတွေဆိုတော့…အင်းခက်ပြီ”

“အင်း တော်ပြီ စဉ်းစားရတာ အလုပ်ပျက်တယ်။ ငါလဲ ဈေးဖိုးမရသေးဘူး။အမေလဲ မျှော်တော့မယ်။ ဟိုဘက်လမ်းကြားထဲလဲ သွားရဦးမှာ တော်ပြီ တော်ပြီ မစဉ်းစားတော့ဘူး”

စသဖြင့် တရစပ်တွေးတောနေမိသည်။ပြီးနောက်အေတစ်ယောက် ခေါင်းငိုက်စိုက်ဖြင့်အမှိုက်ပုံပေါ်မှ ဆင်းသွား၏။
+++ +++ +++
“ဟဲ့ ။ နင်ဘာလို့ မနေ့က မလာတာလဲ”

အေက နှာချေးဖတ်အခြောက်ကို လက်ဖြင့်ခွာရင်းဘီ့ကိုမေးသည်။

“နေမကောင်းလို့ဟာ။ မနေ့က ငါ့မောင်လေးတွေ ထမင်းစားလိုက်ရဘူး” ဘီ့အသံသိသိသာသာတုန်နေသည်။

မည်းမှောင်သောမျက်နှာတွင်မျက်ကွင်းများကချိုင့်ခွက်နေသည်။ဘီ့ဆံပင်ပေါ်တွင် ကပ်နေသောဖုန်မှုန့်တို့ကို အေက ခါပေးနေမိသည်။

“အင်း။ ဒါဆို ငါ့အိတ်ထဲက ပစ္စည်းတွေနင် ဒီနေ့တဝက်ယူသွားဟာ”

အေမဝံ့မရဲပြောရင်းသူ့အိတ်ထဲမှ ဘီယာဗူးခွံ၊ရေသန့်ဗူးခွံနှင့်အခြားပစ္စည်းအကျိုးအကျေများကို ထုတ်ပေးကာ  ဘီ့ကိုအေးစက်စက်ကြည့်သည်။ထို့နောက်သူ့အိတ်ကို စိတ်မပါလက်မပါပုခုံးပေါ်တင်ရင်း

“ငါ ပြန်တော့မယ် ဟာ ၊ နင်နေကောင်းအောင်နေနော်” ဟု လေးတွဲ့တွဲ့နှုတ်ဆက်ကာအမှိုက်ပုံမှဆင်းသွားသည်။ ဘီ၏မျက်လုံးထဲတွင် စိုထိုင်းထိုင်းလာဖြစ်လာ၏။မျက်နှာကို အင်္ကျ ီဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်သည်။
ထို့နောက်အေထားခဲ့သော ဗူးများခွံများကို သွက်သွက်လက်လက်သူ့အိတ်ထဲသို့ကောက်ထည့်သည်။
+++ +++ +++
A နှင့်B တို့၏ ဖြစ်ရိုးဖြစ်စဉ် နိဂုံး

ထိုနေ့သည်လည်းသာမန်နေ့တစ်နေ့သာဖြစ်သည်။ မိုးကောင်းကင်သည်လည်း အုံ့မှိုင်း၍မနေပါ။ နေသည်လည်း ခြစ်ခြစ်တောက်ပူမနေပါ။ ပတ်ဝန်းကျင်ရှိ လူများသည်လည်း သူတို့နှစ်ဦး(အေနှင့်ဘီ)ကို ဂရုစိုက်၍မနေကြပါ။ ထုံးစံအတိုင်း နှစ်ယောက်သား ကြွပ်ကြွပ်အိတ်များကို ထိုးဆွနေကြသည်။ ဘီကရုတ်တရက်ပြောလိုက်တော့ စကားသံကြောင့်အေသည် မိမိကိုင်ထားသော သံချိတ်နှင့်လက်ဆွဲတော်မြွေအရေခွံအိတ်လွတ်ကျသွား၏။

“ငါ လင်ယူရတော့မယ် ” ဘီ၏အသံမှာအေးစက်စက်။

“ဘာ ! နင်ဘာပြောလိုက်တယ်။”

“ဟုတ်တယ်၊ ငါပစ္စည်းသွားသွင်းနေကျ အဝိန်က ငါ့ကို ယူမယ်လို့ပြောတယ်။မနေ့က အိမ်ကို လာတယ် ။ငါ့ အမေနဲ့စကားပြောတယ် ။ ငါ သူ့ကို ယူရတော့မယ်”

“ဟင် / ဒါဆိုငါ … က” ပြောရင်းဆိုရင် အေသည် အနီးရှိ ပလစ်စတစ်အပိုင်းအစလေးတစ်ခုကို ဆက်ခနဲဆွဲကောက်လိုက်သည်။

“အင်း ။ ငါဒီနေ့ ဒီကိုလာတာ နောက်ဆုံးပဲ ။ အဲဒါ လာပြောတာ နင့်ကို”

ဘီ၏စကားသံမှာပြတ်တောင်းပြတ်တောင်း ။ တစ်ဆက်တည်းမှာပင်

“ဒါပဲဟာ ။ငါသွားတော့မယ် ။ နောက်ဆို နင်လဲ အဝိန့်ဆိုင်မှာ ပစ္စည်းလာသွင်းချင်သွင်းလေ ။ ငါလဲ ရှိနေမှာပဲ”

အေသည် ဘီ့ကိုမျက်မှောင်ကျုတ်၍ကြည့်နေမိသည်။
ဘီက အမှိုက်ပုံပေါ်မှစတင်ဆင်းနေလေပြီ။ ဘီတစ်ချက်လှည့်ကြည့်သည်။ထို့နောက် ခြေလှမ်းကို ချာခနဲပြန်လှည့်ကာအေနှင့်ဝေးရာသို့ တစ်လှမ်း….တစ်လှမ်း….တစ်လှမ်း လျှောက်သွားလေတော့သည်။
ဘီထွက်သွားသောလမ်းဘက်သို့ကြည့်ရင်း အေ တွေဝေငေးငိုင်နေ၏။
ထို့နောက်သူလည်းအမှိုက်ပုံပေါ်မှ ဆင်းကာ သူသွားနေကျဘီယာဗူးခွံများပေါများသောလမ်းကြားထဲသို့ ဝင်လာခဲ့သည်။

+++ +++ +++

ခါတိုင်းနေ့ထက်ပိုမိုထူးခြားသော နေ့ရက်တစ်ရက် အေ့အတွက် ဖြစ်ပွားခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော်ထိုနေ့က လမ်းကြားထဲတွင် ဘီယာဗူးခွံများ ခါတိုင်းထက်ပေါများစွာရရှိခဲ့သည်။
အေ အလွန်ပျော်ရွှင်ရပါသည်။

မောင်ရေချမ်း
ရနံ့သစ်မဂ္ဂဇင်း၊ ဧပရယ်လ ၊ ၂၀၁၄

Monday, September 7, 2020

--- ဝါညိုနုရောင် သနပ်ခါးပေါ်က လောက် ---


ရွှေတိဂုံစေတီတော် ၊ စနေထောင့်မှ

အလိမ်အညာ အမှတ်တရတွေအတွက်

ဂိုသေ့ရဲ့ဖော့စ်ကို ငါ စားတယ်

ရိုင်းပျရန်လိုမှု မဖြစ်စေဘဲ

အထီးကျန်ဆန်ခြင်းဟာ အလေ့အကျင့်ဖြစ်လာလို့

ထင်ရာစိုင်းခွင့်ကို ငါ စားတယ်

ပဋိပက္ခကို အသွင်ပြောင်းဖို့

အောက်မှ အထက်သို့ ချဉ်းကပ်နည်းနဲ့

တစ်ယူသန် တတိယကမ္ဘာကို ငါ စားတယ်

ပြဿနာသစ်ပင်ကို နစ်နာချက်အရ

တပြေးညီ မုန်းတီးစွာ ငါ စားတယ်

ချွန်မြစူးရှတဲ့ ဘိုင်စကယ်စမုတ်တံတွေကို ကျော်လွန်ပြီး

ရစ်ချပ်ဒေါကင်းရဲ့တစ်ကိုယ်ကောင်းဆန်သောမျိုးစေ့ကြောင့်

ဆက်သွယ်ရေး ကျွမ်းကျင်မှုမှာ

ဘုံတူညီချက် ရပ်တည်ရေးမှာ

လှုပ်ရှားပြောင်းလဲရေးသမားကို ငါ စားတယ်

ထိရောက်တဲ့နားထောင်ခြင်းလည်း မရှိ

တက်ကြွတဲ့ အကြမ်းဖက်ခြင်းလည်း မရှိ

ရောမမြို့ရဲ့ရေပြင်ပေါ်မှာတော့

ငါ မရေးထားတဲ့ ကိရဲ့စာကြောင်းတချို့ ရှိတယ်

အဲဒါကြောင့်…

လူ့တန်ဖိုးကို ယုံမှားသံသယဖြစ်လို့

အနားသတ်ဘောင်ခတ်ထားသော

ရှေးရိုးစွဲဒီမိုကရေစီကိုပါ ငါ စားတယ် ။ ။

                           မောင်ရေချမ်း

 အာသီသမဂ္ဂဇင်း | အမှတ် ၂ အတွဲ ၁ | 

      စက်တင်ဘာ  ၂၀၁၉

Tuesday, July 14, 2020

အဆိပ်ခတ်ထားတဲ့ ရေတွင်းကြီးထဲကို တရှဲရှဲ အသံမြည်အောင် သေးပေါက်ချနေတဲ့ မိန်းမ


သေးစီးကြောင်းကြီးဟာ အစိမ်းရောင်ရေညှိတွေပေါ်ကနေ တဆင့် အနီရောင်အုတ်ခဲတွေကြားထဲကို တိုးဝင်သွားတယ်။ အဲဒီကနေမှ __ ရေတွင်းကြီးထဲကို အလုံးအရင်းနဲ့ အင်တိုက်အားတိုက်ပဲ။ လူ့ဘဝဆိုတာ ..ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ ဒဿနကိုယ်စီနဲ့ လူတွေကတော့ ... ရှုပ်ယှက်ခတ်အောင် သွားလာလှုပ်ရှား အလုပ်များနေကြတယ်။ ထမင်းစားပြီးခါစ_ အချိန်ဆိုတော့ ... မနက်ခင်းက သောက်ထားတဲ့ ရေတွေဟာ အူတွေထဲကနေ စုပ်ယူခြင်းကိုလည်း ခံရပြီးပြီပေါ့။ အရည်အဖြစ် ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့ပြီး အောက်စီဂျင်နဲ့အာဟာရတွေကိုလည်း သူ့တာဝန်အရ ပြန်ဖြန့်ဖြူးပေးပြီးပြီလေ။ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားဖို့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်တော့မယ့် သေးစီးကြောင်းကြီးအဖြစ် ...အခုတော့ ... ထွက်ခွာခဲ့လာတာ။ သေးစီးကြောင်းကြီးရဲ့ဖန်တီးရှင်အဖြစ် သူ့ကို ရေတွင်းကြီးက ကြိုဆိုနေတာ သိပ်ကြည်နူးဖို့ ကောင်းတဲ့မြင်ကွင်းပါပဲ။

နေ့လည်ခင်း နေလုံးကြီးရဲ့ချီးလို ဝါထိန်နေတဲ့ အလင်းရောင်အောက်မှာ သူကတော့ ... အေးဆေးပဲ။ ထမိန်လေးကို မပြီး အောက်ခံဘောင်းဘီလေးကို အောက်ကို လျှောချလို့ ။ အေးအေးဆေးဆေးမှ တကယ့်အေးဆေးပဲ။ ဒီထက် ပိုအေးအေးချင်ရင် မိုးတွေ ဘာတွေပါ ပေးရွာလိုက်ဦး။ အဆင်ပြေတယ် မဟုတ်လား။ "အေးအေးဆေးဆေး သေးပေါက်ချင်လို့ လင်မယူတာ ..ဟေ့" လို့လည်း သူ့ပါးစပ်ကနေ အော်ပြောနေသေးတယ်။ 

သေးစီးကြောင်းကြီးဟာ အစိမ်းရောင်ရေညှိတွေပေါ်ကနေ တဆင့် အနီရောင်အုတ်ခဲတွေကြားထဲကို တိုးဝင်သွားတယ်။ အဲဒီကနေမှ __ ရေတွင်းကြီးထဲကို အလုံးအရင်းနဲ့ အင်တိုက်အားတိုက်ပဲ။

                                       မောင်ရေချမ်း

Saturday, May 11, 2019

မနက်ခင်းဆီသို့ ...


အိပ်ချင်မူးတူးနဲ့ မို့လို့ နာမ်စား သုံးတာ မှားသွားသလား

အထင်နဲ့ အယ်ဒီတာက ' ခင်ဗျား ပင်ပန်းနေပြီ' လို့

အဲဒီ ရေးသားချက်ကို ပြင်လိုက်တယ်

ထို့အပြင် ..ဆိုတဲ့ ဝါကျဆက်သမ္ဗန္ဓကို ဖြုတ်ချန်ခဲ့လိုက်ရင်း

စာဖတ်သူက မြင်သမျှ အက္ခရာ သင်္ကေတတွေကို

ဦးခေါင်းထဲမှာ ပိတ်မိနေတဲ့ ငှက်တွေအဖြစ် လွှတ်ပေးလိုက်တယ်

"ခင်ဗျား မြင်နေကျ မြင်ကွင်းတွေထဲကနေ

ခုန်ထွက်ဖို့ ကျွန်တော် ဆွဲထုတ်စရာမလိုပါဘူး" ဟူ၍

အဓိပ္ပာယ် ဘာမှမရှိသော အငြင်းဝါကျနဲ့

တစ်လိုင်းပြီးတစ်လိုင်း စီရင်း

စာရေးသူက ...

"ငါ ပင်ပန်းနေပြီ" လို့ ပြောရင်း

အိပ်သွားတယ် ။ 

                မောင်ရေချမ်း


Monday, September 17, 2018

- ရခိုင်ဒေသ -


မျှော်လင့်ချက် ၊ မီးတောက် ၊ ကျိန်စာ
စစ် ၊ ကိုဗစ် ၊ အစိုးရ
ဆင်းရဲမွဲတေမှု ၊ မူးယစ်ဆေးဝါးအရောင်းအဝယ်
မုဆိုးမ ၊ အလောင်း ၊ သူပုန်
မျက်ရည် ၊ အမုန်းတရား ၊ သတင်းမှား
အမှောင်တိုက်၊ နာကျင်ခြင်း ၊ ချောင်းကြည့်ပေါက် ။ ။

                                      မောင်ရေချမ်း

Monday, August 27, 2018

- အဖိနှိပ်ခံဝါဂွမ်းစလေး -


ရေထဲ ခုန်ဆင်းရင် 

ရေလှိုင်းတွေက ဝိုင်းလုပ်တာခံရတယ် 

မီးထဲ ခုန်ချရင် 

မီးတောက်တွေရဲ့ ဝိုင်းလုပ်တာကို ခံရတယ်

မြေကြီးပေါ်မှာ လူးလိမ့်နေရင်တောင် 

မြေမှုန်လေးတွေက ဝိုင်းလုပ်ကြတယ် 

လေထဲမှာ လမ်းလျှောက်နေတုန်းလည်း 

ဝဲ ကတော့တွေ တရကြမ်းတိုက်ခတ်ပြီး 

ဝိုင်းလုပ်ခဲ့ပါတယ် ။ ။

                               မောင်ရေချမ်း

                         ၁၃၈၁ နတ်တော်လဆုတ် ၇ ရက်

Thursday, July 12, 2018

- သမိုင်းအရိုးတွေ -

\

ဟီရီရို ဂျီနိုဆိုက်

အာမေးနီးယန်း ဂျီနိုဆိုက်

နာဇီ ဂျီနိုဆိုက်

ကမ္ဘောဒီးယား ဂျီနိုဆိုက်

ဂွာတီမာလာ ဂျီနိုဆိုက်

ရဝမ်ဒါ ဂျီနိုဆိုက်

ဘော့စနီးယား  ဂျီနိုဆိုက်

ဒါဖာ ဂျီနိုဆိုက်

အားလုံး

ဘားမား ဂျီနိုဆိုက် ။ ။

               မောင်ရေချမ်း

Wednesday, November 1, 2017

~~ အာသာနဲ့ ဟယ်လင် ~~


" ရှင် ဘယ်မှာလဲ "

" ဘီဟာပီတော့ကြယ်စုထဲမှာ"

နေထွက်ပြီးစ အချိန် ၊ မိုကီးတွိုင်းဆွာမြို့ တစ်နေရာ။ အာသာက ဘောင်းဘီဇစ်ကို ဆွဲတပ်နေခိုက် ဟယ်လင်က ခေါင်းဖြီးနေရင်း

ရွှင်မြူးတဲ့လေသံနဲ့ လှမ်းအော်တယ်။

"ဝက်ပေါင်ခြောက်တွေရဲ့အနာဂတ်ကတော့ မြောင်းထဲမှာ။

ရှင့်အနေနဲ့ တမာချဉ်ကို စိတ်ဝင်စားမှ ဖြစ်တော့မယ်"

အိပ်ချင်မူးတူး အာသာက မဆိုင်းမတွပဲ ပြန်ပြောတယ်။

"ကိုယ်က ဘာပဲဖြစ်ဖြစ် ရပါတယ်။ မင်းသာ ကြက်ဥတွေသုံးပြီး

ခေါင်းလျှော်တဲ့ အကျင့်ကို မြန်မြန်ပြင်စမ်းပါ"

အဲဒီစကားက ဟယ်လင့်ဒေါသကို ဆွလိုက်ပုံပါပဲ။ ဟယ်လင်ဟာ

မှန်တင်ခုံပေါ်က နှုတ်ခမ်းနီတောင့်နဲ့ အာသာ့ကျောကို ပေါက်လိုက်တယ်။

" ရှင်ဟာ တကယ်တော့ တစ်နာရီမှာ အကြိမ်တစ်ရာ့နှစ်ဆယ်လောက် ရိုက်သတ်ပစ်သင့်တဲ့ တစ္ဆေပဲ။ မနက်ဖြန်မနက်ကျရင်တော့ ဒီနေ့လို မုန့်ဟင်းခါးကို စားရလိမ့်မယ်လို့ ရှင် ဘယ်တော့မှ မမျှော်လင့်နဲ့ "

ပြောမယ့်သာ ပြောရတာပါ။ ဟယ်လင်ဟာ သူကိုယ်တိုင် ဒီနေ့ ဘာနေ့ ဆိုတာကို မသိဘူး။ အာသာလည်း သိမယ် မထင်ဘူး။

ဘာပဲဖြစ်ဖြစ်...သူတို့အိမ်ရှေ့မှာ မြင်းလှည်းတစ်စီးက ရောက်နေပြီ။ ။


မောင်ရေချမ်း

30 June 2017

Sunday, April 16, 2017

- လသာ တရုတ်တန်းဘက်က ဖာသည်မ -


"တစ်ခါတုန်းကပေါ့" လို့ပဲ အစချီပြောရမယ် လိမ့်မယ်။ ဒါပေမဲ့ ...သိပ်မကြာသေးပါဘူး။ ကျနော် ဖာသွားချတယ်။ အဲဒီအချိန်က ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ် _ ကျောင်းသားသပိတ်ဖြစ်နေတဲ့အချိန်ပေါ့။ ကျနော် ဖာချတဲ့နေရာက ရန်ကုန်မြို့လယ်ခေါင်တစ်နေရာမှာပါပဲ။ အဓိက ပြောချင်တာက ဖာချတဲ့ကိစ္စမဟုတ်ပါဘူး။ ကွိုင်လည်း သုံးခဲ့ပါတယ်။ အဲဒါကို ထားလိုက်ပါတော့။ ကိစ္စဘာညာပြီးတော့ ...အဲဒီကောင်မလေးနဲ့ ပြောဖြစ်တဲ့စကားတွေကိုပါ။ "ရှင် ကျောင်းသားလား" တဲ့ ။ ကျနော်ကလည်း မဟုတ်ပါဘူးပေါ့ "ကျနော် ကျောင်းမတက်ဖြစ်တော့တာ ကြာပါပြီ" ဆိုပြီး ပြန်ပြောလိုက်တယ်။ ကျနော့်ကို သေသေချာချာ လေးလေးနက်နက်ကြီးကို စိုက်ကြည့်ပြီး ထပ်မေးတယ်။ "အခုဖြစ်နေတဲ့ကိစ္စတွေကို ဘယ်လိုမြင်လဲ"တဲ့။ ကျနော်လည်း ကြောင်သွားတာပေါ့။ ဟုတ်တယ်လေ။ ကျနော်က ဖာလာချရုံသက်သက်ပဲ ဥစ္စာ၊ အဲဒီလိုကိစ္စမျိုးနဲ့ပတ်သတ်တဲ့ဟာကြီး အမေးခံရမယ်လို့ မျှော်မှ မမျှော်လင့်ထားခဲ့တာ။ ငါက ဘာအရာကိုမှ သေချာ သိတာတော့မဟုတ်ဘူး အဲဒီလိုပြောလို့ ယောင်ဝါးဝါးသမားလားဆိုတော့ မဟုတ်ဘူး မင်း ငါ့ကို ထင်ချင်တာထင်လို့တော့ ရပါတယ် ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုတော့ ထောက်ခံတယ် လို့ပဲ ပေါ့ပေါ့ပါးပါးလေး ဖြေပေးလိုက်တယ်။ အံမယ် ၊ ဒါတောင် ...မရွှေချောက မပြီးနိုင်၊ မစီးနိုင်နဲ့ "ဘာလို့ ...ထောက်ခံတာလဲ" လို့ထပ်မေးသေးသဗျ။ ကျနော်လည်း ဘာမှ ဆက်မဖြေတတ်တော့တာနဲ့ "နင်ရော ကျောင်းသူလား" ဆိုတာပဲ ပြန်မေးလိုက်တော့တယ်။ "ဟုတ်တယ်" လို့လည်း ပြန်ဖြေရော ၊ "အဲဒါဆို နင်ရော ဘယ်လိုမြင်လဲ ပြောပါဦး" ဆိုတော့ .. "ဘယ်လိုမှ မမြင်ဘူး လုပ်ချင်တာပဲ ရှိတယ် ...ကျမစပတ်နဲ့ ပြည်သူ့လူထုကို အမြင်ကျယ်သွားအောင်လို့ မည်းမှောင်နေတဲ့ နိုင်ငံတော်ကြီးကို မြင်လားလို့ပဲ ဟောဒီလို ...ဟောဒီလို ...ဖြဲ ပြပစ်ချင်တာ" တဲ့။


                                                   မောင်ရေချမ်း

Monday, March 6, 2017

E-mail တစ်စောင်


တကယ်
သတိရနေပါတယ်။

အဲဒီထက် ...
ဘယ်လို ပိုပြောလို့ ရသေးလဲ
ဆက်သွယ်ပေးပါ ။ ။

                           မောင်ရေချမ်း
                          6 March 2017

Saturday, November 26, 2016

John -dec 11 သည် AD 3000 ကမ္ဘာ၏ အမှတ်အသား


ယဉ်ကျေးသော AD 3000 တွင်
ငြိမ်းချမ်းသော AD 3000 တွင်
John ဟာ ယဉ်ကျေးငြိမ်းချမ်းသောစစ်သားလေး။

သေနတ်တစ်လက်သာ ရှိတဲ့ကမ္ဘာထဲ
John ဟာ အဲဒီသေနတ်ကို ကိုင်စွဲလို့။
ကမ္ဘာ့တေးကို မနက်တိုင်း ဆိုတယ်
ကမ္ဘာ့အလံကို နေ့တိုင်း အလေးပြုတယ်
ကမ္ဘာ့ရန်ကို ကာကွယ်ဖို့ စစ်သားကလေး။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စစ်သားကလေး။
အမည်မသိ မည်သည့်ဂြိုလ်က ရန်လိုမလဲ
John တစ်ယောက် အသင့်ရှိတယ်။
ဘယ်လို ဘေးအန္တရာယ်မှ မရှိတဲ့ ကမ္ဘာထဲ
John ဟာ ကြာတော့ ပျင်းလာတယ်
တစ်ကမ္ဘာလုံးအတွက် အကာအကွယ်ပေးသူ John
ဘေးကင်းပျော်ရွှင်စွာနေထိုင်သူတွေကို ငေးလို့
သေနတ်ကို ဘယ်တော့ သုံးရမလဲတွေးမိတယ်။

ကမ္ဘာထဲမှာ သေနတ်သုံးနေရာမရှိ
စကြဝဠာရဲ့ တခြားနေရာက ရန်စွယ်လည်း မရှိ
ဒီလို တွေးမိတဲ့အခါ
ပျင်းရိမှုကို John အဆုံးသတ်လိုက်တယ်။

သေနတ်ကို သူ့နားထင်သူ တေ့ပစ်လို့။
တစ်ကမ္ဘာလုံးက လူသားများဟာ
John အတွက် စိတ်မကောင်းဖြစ်ကြ
သူ့ရဲ့ကမ္ဘာအတွက် ထမ်းဆောင်ခဲ့မှုကို သတိရကြ။

အဲဒီအတွက် John သေပြီးနောက်
John ကိုင်စွဲခဲ့တဲ့ တစ်ခုတည်းသောသေနတ်အစား
လူတိုင်း ကိုင်စွဲဖို့သေနတ်အသစ် ထုတ်လုပ်တယ်
John ကိုဂုဏ်ပြုဖို့ သေဆုံးတဲ့နေ့ကို မှတ်မိဖို့
သေနတ်အသစ်ကို John-dec 11 နာမည်တပ်တယ်။
John- dec 11 ဟာ ပစ်ခတ်လို့မရ
အမှတ်တရ သေနတ်မျှသာဖြစ်တယ်။
လူသားတိုင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို အမြဲမမေ့ဖို့
တပ်ဆင်စရာ အလှပြပစ္စည်းသက်သက်ဖြစ်တယ်။
John- dec 11 မှာ ရေးထွင်းထားတဲ့စာသားက
"သူတစ်ပါးကို အကြမ်းမဖက်ရ"
"မိမိကိုယ်မိမိလည်း အကြမ်းမဖက်ရ"။ ။

မောင်ရေချမ်း
25 Nov 2015

Thursday, November 10, 2016

လယ်စိမ်းစိုမှ တရားအမေး

ကျွန်မ လုံးဝ မလိမ်ဘူးဆိုတာကို
ကျမ်းစာအုပ် ကိုင်ပြီးထက်
အဲဒီရှေ့ရဲ့ ဘုရားရင်ခွင်ပေါ်က
အမှောင်ဝါး ကောင်းကင်ကို ပါးရိုက်ဖယ်ပြီးမှ
ပြောပါရစေ...သိလား ။

သိတဲ့ဟာကို လိမ်ပြောခဲ့ရင်လည်း
ဒီကို မလာခင်..
ကျွန်မ ပါးစပ် တလှုပ်လှုပ်နဲ့
ဝါးခဲ့တဲ့ ထမင်းလုတ်တွေဟာ
လျှာပေါ် စစ်သလင်းဖြစ်ပြီး စုတ်ပြတ်ပါစေ ။

ဥပဒေ ပုပ်ပွရဲ့ ပုဒ်မကို ခုခံချင်လို့
ကျွန်မက လင်ကိုပဲ ကုတ်ဆွဲပြီး
ရှေ့နေ လုပ်ဖို့ ခေါ်ခဲ့ရတယ်
"ရှင့်အဖေနဲ့ ရှင့်အမေ မမွေးခင်ကနေ
ကျွန်မတို့ သုံးဗိုက် သုံးစေ့ အခွံနွှာပြီးတဲ့အထိ
လူးအောင် စိုက်လုပ်ခဲ့တဲ့ ဒီမြေကို
ဘယ်သေချင်းဆိုး..ပိုင်လဲ ၊ ငါ့ယောင်္ကျား " ။ ။
 
                                         မောင်ရေချမ်း
                                      5 Nov 2016

Friday, November 4, 2016

ကမ္ဘာစစ်ကြီးပြီးတဲ့နောက်

အတွေ့ အကြုံတွေ ပြန်သတိရကြပေါ့
 သေပြေးရှင်ပြေးတွေ ပြန်တွေးကြရုံမှာ
 "အသက်ကို ထဘီစောင့်ခဲ့တာပဲ" 
သူ့မိခင်ထဘီစ လက်မောင်းပတ်ထားသူ 
စစ်သားလေးတစ်ယောက်ရဲ့ ကြည်ညိုသံ
 အက်တမ်ဗုံးကွဲသလို တုန်ခါညံသွားတယ်။ ။ 

                                                   မောင်ရေချမ်း

Monday, October 31, 2016

ဗုံးဒဏ်ရာမဲ့ဂွေး

စစ်ကြီးပြီးတဲ့အခါ
ကလေး ကြီးပြင်းလာတယ်
ပျော်ရွှင်စရာဇာတ်သိမ်းဟာ
 ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ် ။ ။

                                မောင်ရေချမ်း
                             31 Oct 2016

Sunday, October 30, 2016

တောအုပ်ကျောင်းတော်

အမြင့်ကို မော့ကြည့်တော့
မန်ကျည်းရွက်တွေဟာ လှပထူထပ်လို့
သရက်ပင်လေးဟာလည်း
နံဘေးမှာ ရန်မလိုဘဲ ယှဉ်တွဲနူးညံ့ကာ
အကိုင်းအခက်တွေ တခမ်းတနားဖြာလို့
မြေပြင်ပေါ်ဝယ်...
ရေအိုင်ငယ်လေးတွေမှာ ချမ်းမြမှု လူးတယ်
ရွက်လှပင်များ ခြံရံစုပေါင်းရင်းပေါ့
တိတ်ဆိတ်ရနံ့များ အထူးမွှေးကူးစွာ
သပြေပင်နုနုလေးဟာ ပုဝပ်ငြိမ်သက်နေတယ် ။ ။

                                     မောင်ရေချမ်း
                                 28 Oct 2016

Sunday, October 16, 2016

ငြိမ်းချမ်းရေးဝတ္ထုထဲက ဇာတ်နာတဲ့သားအဖ

ငါ့သားလေးက စာသိပ်တော်တယ်
ကျောင်းကို သုံးမိုင်လောက်လျှောက်ရတယ်
သူ ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ် ပြောတယ်
တိုက်ပွဲဖြစ်နေတဲ့ ငါတို့နယ်မြေမှာ စာသင်ကျောင်းတွေမရှိဘူး
ငါ့သားလေး စာတော်တာ ဘယ်သူမှ မသိဘူး
အင်တာနက်ပေါ်တင်ဖို့ 

ဒီနေရာမှာ ဆက်သွယ်ရေးတာဝါတိုင်တွေ မရှိဘူး
သမ္မတကိုဆဲထားတယ်ဆိုတဲ့စာတွေ
အနာဂတ်ကို ဖော်ဆောင်ပြောင်းလဲစို့တွေ
လူအများထောက်ခံပါတီရဲ့လိုဂိုတံဆိပ်တွေ
ဒီနေရာမှာ မမြင်ရဘူး
ဝေစုခွဲတမ်းနဲ့ရတဲ့အစားအစာတွေ
အသစ်ရောက်လာတဲ့အရွယ်တူကစားဖော်တွေ
တိုးချဲ့ဆောက်လုပ်နေတဲ့ရွက်ဖျင်လေးတွေ
ငါ့သားလေးဟာ အရေအတွက်သင်္ချာကိုစဉ်းစားရင်း 

 ကစားဖို့ မေ့ချင်မေ့နေမလား
ငါ့သားလေးအတွက် အင်္ဂလိပ်စာသင်ပေးဖို့
War ကို ဘာသာမပြန်နိုင်တဲ့ဆရာ ငါ ရှာရမယ်
ငါ့သားလေးက စာသိပ်တော်တယ်
ကျောင်းကို သုံးမိုင်လောက်လျှောက်ရတယ်
အဲဒါ ဒီနေရာကိုမရောက်ခင်ရဲ့တစ်ချိန်က
ဟိုး...တုန်းက ငါ့သားလေးကျောင်းဖွင့်ချိန်ကပါ။


မောင်ရေချမ်း
17 Oct 2015

Thursday, October 6, 2016

နှလုံးသားဈေး

သူသည် လူအုပ်ကြားထဲမှ
ဖြေးလေးစွာနှင့် လာခဲ့သည်
ကြက်သွန်ဖြူ  ၊ အာလူး ၊ လက်ဖက်ခြောက်
ကုန်ခြောက်တန်းကို ကျော်လာခဲ့သည်
ကုန်စိမ်းတန်းကို ထပ်ဖြတ်ကာ
သစ်သီးစုံတန်း တစ်ဖက်ရှိ
ပန်းပွင့်တန်းသို့ ရောက်လာခဲ့သည်
အားလုံး နေပူထဲမှာချည်းပင်
အမိုးမရှိ ၊ အကာမရှိ
နေပူထဲ ချရောင်းနေကြသည် ။ ။

                                  မောင်ရေချမ်း
                               6 Oct 2016

Saturday, September 24, 2016

ကကြှဲသံ

တိုးတိုးလေးပဲ မိုးတွေ ရွာသွားတယ် ရေအိုင်ငယ်လေးထဲမှာ ကမ္ဘာပျက်ဖို့ ။ ။ မောင်ရေချမ်း

ကမ္ဘာကြီးအတွက် ဒိန်ချဉ်တစ်ခွက်

၁။ နွားနို့ ၁ ပိဿာကို ဆူအောင်ကျိုပါ
ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့
ကြာကြာလေး ကျိုပါ
တအားလည်း မပျစ်ပါစေနဲ့

၂။ပြီးရင် မီးဖိုပေါ်ကချပါ
အအေးခံပါ
လုံးဝတော့ မအေးပါစေနဲ့နော်
(နွေးနေတဲ့အချိန်မှာ အလျဉ်ထည့်ရမှာပါ)
လက်ညိုးလေးကို ထည့်ကြည့်လို့
အပူခံနိုင်တယ် ဆိုရုံလေးနွေးပါစေ
၃။အလျဉ်(ဟင်းခတ်ဇွန်း၁ဇွန်းစာ)
ပြီးရင် မွှေပေးပါ
၎။အဲဒီနောက် အုပ်ဆောင်းနဲ့ အုပ်ပြီး
မရွေ့လျားစေဘဲ ၂၄ နာရီထားပါ
အခန်းအပူချိန်မှာပဲ ထားတဲ့အခါ
၂၄နာရီ ပြည့်ရင် ဒိန်ချဉ်ရပါပြီ
သတိပြုရမှာကတော့
လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ။

                    မောင်ရေချမ်း
              22 September 2016

Saturday, October 17, 2015

စက်တင်ဘာကို မမေ့နဲ့


စက်တင်ဘာကို မေ့ပစ်လိုက်ရင်တောင်
စက်တင်ဘာက သမိုင်းမှာ လိုက်ပါလိမ့်မယ်
ဒါကြောင့် စက်တင်ဘာကို မမေ့နဲ့

အမှောင်တိမ်တွေအောက်မှာ
တဝေါဝေါသွန်ချနေတဲ့
မတရားမှုမိုးစက်တွေအောက်မှာ
စက်တင်ဘာဟာ ရွှေဝါရောင်တောက်ခဲ့ဖူးတယ်
အဲဒီစက်တင်ဘာကို ဘယ်တော့မှ မမေ့နဲ့

"ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
  ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး"
အဲဒီအသံတွေ
ွသွေးအိုင်ထဲမှာ ပေလူးသွားခဲ့ဖူးတယ်
အဲဒီစက်တင်ဘာကို မမေ့နဲ့

Monday, August 17, 2015

ဒီဒုက္ခဟာ ရေးလို့ ဖတ်လို့ မကောင်းတဲ့ကဗျာ

အစကတည်းက ရေမွန်းနေတဲ့နိုင်ငံကိုမှ
အရင်ကတည်းက ရေနစ်နေတဲ့အနာဂတ်ကိုမှ
အဲဒီရေတွေဟာ ရေမဆန်စွာရောက်လာတာပဲ

ဆဲစရာဟာ စုံနေတဲ့အခါ
ဘယ်ဟာကို စဆဲရမလဲ ဝေဝါးလို့
မိမိကိုယ်မိမိပြန်ဆဲပြီး ယူကြုံးမရဖြစ်ခြင်းကစမယ်

ရေလွှမ်းသွားသော ရုတ်ရုတ်သဲသဲနေ့များ
ရသလောက်အရိုင်းမခံဘဲရုန်းကန်ကြမယ်
ရေကို ယဉ်ကျေးစွာတုံ့ပြန်မယ်

Sunday, July 26, 2015

နိုင်ငံတော်ဆိုတာကို အကြည်ညိုမရှိ !


နိုင်ငံတော်မှာ
ကလေးကအစ ခွေးအဆုံး အားလုံးပါတယ်
နိုင်ငံတော်မှာ
လူငယ်ကျောင်းသားဟာ အနာဂတ်များပေါ့
ဒါထက် ရိုးရှင်းတာ ဘာမှမရှိ
အနာဂတ်ကို ဖူးဖူးမှုတ်ထားတဲ့နိုင်ငံတော်ဆိုရင်
ငါတို့ဟာ ဖင်ဘူးထောင်ပြီးကို ကြည်ညိုကြရမယ်
ဒီလိုသာ တွေးခေါ်ခဲ့

လမ်းမှာ ယိုင်ထိုးထိုးဖြတ်သွားတဲ့အရက်သမားက
အော်ပြောသွားတယ်
ဒီနိုင်ငံတော်မှာ လူထုခေါင်းဆောင်နဲ့
ဒီနိုင်ငံတော်မှာ လူတစ်စုခေါင်းဆောင်နဲ့
ငါတို့ဟာ ကိုယ့်ဟာကိုယ်သာ ကြည်ညိုကြပါစို့ တဲ့
ဟေ့..လူ ! ခင်ဗျား သိပ်မှန်တယ်
အရက်သမားစကားဟာ သမ္မတစကားထက် ပိုကြည်ညိုစရာကောင်းကြောင်း ငါသတ်မှတ်တယ်

အကာအကွယ်ပေးနိုင်ပါတယ်ဆိုတဲ့ တရားဥပဒေဟာ သုံးပြီးသားကွန်ဒုံးကြီးလို မလုံခြုံရင် အသက်အန္တရာယ်ရှိကြောင်း ခေါင်းလောင်းတီးခြင်း


လမ်းထဲမှာ သူခိုးသောင်းကျန်းချက်ကတော့ ပိုးစိုးပက်စက်ပဲ။
ဟိုတလောကတင် ညဘက် ရပ်ထားတဲ့ကားက ဘတ်ထရီအိုးဖြုတ်သွားတယ်။
ပြီးခဲ့တဲ့နေ့ကတော့ ကိုယ့်အိမ်ရှေ့မှာ ရပ်ထားတဲ့ဆိုင်ကယ် အိမ်ထဲမှာလူတွေရှိနေတဲ့ကြား ဘယ်လိုမ သွားလဲကို မသိဘူး အံ့ရော။ သူခိုးကို အပြစ်မတင်ရက်ပါဘူး။ ခွေးတွေလောက်တောင် ဟောင်ဖော်မရတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာကြီးကိုပဲ ခဲနဲ့ထုချင်လာတယ်။ ဆိုင်ကယ်အလုခံရတုန်းကလည်း တရားခံမပေါ်။ ဒီနိုင်ငံက တရားဥပဒေဆိုတာဟာ ရာဇဝတ်မှုမကျူးလွန်တဲ့လူကောင်းတွေကိုဖမ်းတဲ့နေရာမှာပဲ အလွန်တော်တယ်။
                   -------- -----------

မင်း လွယ်ထားတဲ့မြွေအရေခွံအိတ်ဟာ အနာဂတ်တဲ့လားကွာ


"သူများသောက်ပြီးသား ဘီယာပုလင်းခွံတွေဟာ
တစ်စုံတစ်ယောက်အတွက် ညစာ"တဲ့လား
တခြားသူတွေနားလည်အောင်
ငါ ဘယ်လိုပြောပြရမလဲ...ကလေး လေး

"ဘုရားရှိခိုးလည်း မထူးဘူး
အစိုးရကလည်း ထမင်းလာမကျွေးဘူး
ကိုယ်ကောက်မှ ကိုယ်စားရတာ"
ဆိုတဲ့ မာတင်းတဲ့မင်းယုံကြည်မှုဟာ
ဘာသာမဲ့တစ်ယောက်လိုပြောစေသလား
သူပုန်တစ်ယောက်လိုပြောစေသလား
ဘယ်လိုပဲဖြစ်ဖြစ်...
"ကိုယ်ကောက်မှ ကိုယ်စားရတာ"ဆိုတဲ့
မင်းအဘိဓမ္မာမှာ ငါ ဖျားခဲ့ပါပြီ ။