Wednesday, February 19, 2014

ကျူးကျော်သူ အသက် (၆၈)


ဘယ်မှာနေရမလဲ
ဘယ်မှာသေရမလဲ
သစ်ရွက်ကလေးတွေတောင် လှလှပပကြွေဖို့ အရိပ်လိုသမို့
ငါတို့ ။

ရှူနေတဲ့ လေကိုတောင် စိတ်မချရ
လေ ကိုတောင် လု လုသွားကြတဲ့ အလေအလွင့်တွေ

ကိုယ့်ခြေထောက်ကိုယ် မယုံရဲလို့
လျှောက်နေတဲ့လမ်းကို
မင်းကိုဘယ်သူပိုင်သလဲမေးမေးနေရတယ်

ထမင်းတစ်လုပ်အတွက်
ထင်းတစ်ခေါက်ခုတ်ရုံ ခေတ်ကိုလွမ်းတယ်လို့
မှတ်ပုံတင်ကဒ်လိမ္မော်ရောင်လေးကိုပဲ ပြောပြနေရတော့တယ်

ခေတ်ကောင်းလို့
မြေကွက်ကြီးတွေ တောင်းခဲ့တာမဟုတ်ပါ

အဲယားကွန်းခန်းကျယ်ကြီးတွေ မဟုတ်ပါ
ကွန်ကရစ်လမ်းကျယ်ကြီးတွေဘေးမှာ မဟုတ်ပါ
ကြွက်တွေတောင် ယောင်လို့ဖြတ်မလျှောက်တဲ့မြောင်းပုပ်တွေဘေးမှာ
ခွေးတွေတောင် အားနာပါးနာမဟောင်နိုင်တဲ့ အမှိုက်စုတ်တွေဘေးမှာ

အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းနေရတယ်
တရားကို ဖြည်းဖြည်းချင်းရှူသွင်းနေရတယ်
ဓားတွေအောက်မှာ တရားတွေပျောက်တတ်သလားလို့
မှတ်ပုံတင်ကဒ်လိမ္မော်ရောင်လေးကိုပဲ မေးကြည့်နေရတယ်

သစ်ရွက်ကလေးတွေတောင် လှလှပပကြွေဖို့ အရိပ်လိုသမို့
ငါတို့

ကြွပ်ကြွပ်အိတ်တွေကိုစုထုတ် ခေါင်းအုံးလုပ်ထားတယ်
ရသမျှပိုစတာတွေကို အကာလုပ်ထားတယ်
အရောင်လွင့်တာလဘတ်တွေကို အမိုးလုပ်ထားတယ်
ချောကလက်ရောင်မြေကြီးကို အခင်းလုပ်ထားတယ်

ကဲ....ဘာလိုသေးလဲ
ဖြည်းဖြည်းမေးပါ ငါ့သားရယ် မောနေပါ့မယ်တဲ့

ကမ္ဘာပျက်နေတာမဟုတ်ဘူး
ကမ္ဘာပျောက်နေတာ
ငါတို့ ။ ။

                       မောင်ရေချမ်း

                 ဇွန်လ ၊ ၁၈ ၊ ၂၀၁၄ ပဲ့တင်သံဂျာနယ် 

Friday, January 31, 2014

လူငယ်တစ်ယောက် (၂)

လူငယ်ဘ၀ကို အချစ်နဲ့စပြီး အချစ်နဲ့ဆုံးမယ်
စက်ဘီးစီးရင်တောင် လမ်းပြောင်းပြန်စီးရမှ အာသာပြေတဲ့ကောင်ပါ
တိတ်ဆိတ်မှုတွေ ပွင့်ဝေနေပုံမျိုးနဲ့
လူငယ်ဘ၀ဟာ အမှောင်ထဲ အိုမင်းရင့်ရော်လာတဲ့အခါ
လမ်းတွေ မှားပြီး မှာသောက်မိခဲ့ပေါ့
နေ့တွေ မှားပြီး နေဖြစ်ခဲ့ပြီပဲ
နေပျော်သလိုပေါ့ စိတ်အလိုအတိုင်းသာ ရှိစေတော့
ဆံပင်တွေ ရှည်လာတယ်
ကျောင်းစာအုပ်တွေမှာ ကဗျာတွေရေးဖြစ်လာတယ်
အလေအလွင့်တွေ များလာတယ်
ညကြီးမင်းကြီး နေကာမျက်မှန်တပ်ထားတဲ့သူတွေကို ဇဝေဇ၀ါဖြစ်မိတယ်
ဘယ်လိုများလဲ ခေတ်ကြီးရယ်
ဘာပဲဖြစ်ဖြစ်
အိတ်ကပ်ထဲမှာ စမ်းချောင်းတွေ အတောင့်လိုက်မထည့်ထားနိုင်ပေမဲ့
ကမ္ဘာအသစ်ကို ဆာလောင်လို့ ကဗျာအသစ်တွေ ရေးနေကြသလိုမျိုးပေါ့
အဲဒီ့ကောင်လည်း အချစ်ကို ဆာလောင်လို့ မနက်ခင်းဆို အချစ်တေးတွေဆိုဖြစ်နေခဲ့ ။။

                                                                                       မောင်ရေချမ်း

Thursday, January 30, 2014

သေတ္တာထဲက နေ့


အပြင်ကို မမြင်ရ
နေ့ဟာ ပြက္ခဒိန်ပေါ်မှာပဲ သက်ရှိထင်ရှားကွယ်လွန်ခဲ့ပုံ
ချောင်းကြည့်ပေါက်တစ်ပေါက်လေးတောင် မရှိတဲ့သေတ္တာထဲ
အတွင်းရော ၊ အပြင်ပါ သော့ခတ်ထားတဲ့သေတ္တာထဲ
မြင်မြင်ရာ အမှောင်သာ မှောင်ပိန်းလွန်းတဲ့သေတ္တာထဲ
စမ်းချောင်းလေးတွေ ညိုမွဲလာတယ်
လမ်းလေးတွေ အက်ကွဲလာတယ်
သေတ္တာထဲက နေ့တွေ ဘယ်တော့မှ ရှင်သန်ထမြောက်ခွင့်ရမလဲ
သေတ္တာထဲက တိမ်တွေ ဘယ်တော့မှ ရှင်သန်ထမြောက်ခွင့်ရမလဲ
သေတ္တာထဲမှာ လူတွေ သန်းပေါင်းများစွာ
သေတ္တာထဲမှာ နှစ်တွေ သန်းပေါင်းများစွာ
သေတ္တာထဲမှာ စာအုပ်တွေ သန်းပေါင်းများစွာ
သေတ္တာကို ဘယ်သူသော့ခတ်ထားပါသလဲ
အခုလောလောဆယ် ... သေတ္တာထဲမှာ မြင်မြင်သမျှအမှောင် ။ ။
                                          

                                                          မောင်ရေချမ်း

Sunday, January 19, 2014

မျိုးဆက်တစ်ဆက်သို့ မော့ကြည့်ခြင်း



◄ သူတို့ လူငယ်ဘဝ
စိတ်မရှည်ဖွယ်ခေတ်ကြောင့် ဆံပင်အရှည်တွေထားခဲ့ကြ
ငါတို့ လူငယ်ဘဝ
ယောင်္ကျား ၊ မိန်းမ ခွဲရခက်တဲ့ ဆံပင်တွေနဲ့ ဖလန်းဖလန်းထလို့

◄သူတို့ လူငယ်ဘဝ
ဗဒင် ၊ ထူးအိမ်သင် ၊ ခင်မောင်တိုး နဲ့
" ဝေးခဲ့ပြီ ပန်းခရမ်းပြာ " လမ်းဘေးအုတ်ခုံပေါ် သန်းခေါင်ကျော်ထိအော်ခဲ့ကြသတဲ့
ငါတို့ လူငယ်ဘဝ
လေးဖြူ ၊ အငဲ ၊ မျိုးကြီးနဲ့ တိမ်တွေပေါ်တက်ကြ အမှောင်ကိုဖြတ်ကြ
ဂျီလတ်သီချင်းတွေနဲ့ ချစ်သူကို ချစ်ပြ
တစ်ခါ တစ်ခါ Snare နဲ့ ခုန်ပေါက်အော်ဟစ် ဒဏ်ရာတွေကိုဝဲပစ်ခဲ့ကြ

◄ သူတို့ လူငယ်ဘဝ
ချစ်သူလက်ကို ကိုင်ဖို့ သုံးနှစ်သုံးမိုး သစ္စာတွေပျိုးခဲ့ကြ
ငါတို့ လူငယ်ဘဝ
ဖုန်းလေးတစ်ချက် ပုတ်တာနဲ့ အချစ်တွေ ပြုတ်ကျလို့

◄ သူတို့ လူငယ်ဘဝ
ရေဒီယိုလေးတွေ တဂျစ်ဂျစ်ဖွင့်လို့ ကမ္ဘာကြီးထဲကသတင်းတွေ တူးဆွခဲ့ကြ
ငါတို့ လူငယ်ဘဝ
ဂြိုလ်တုစလောင်းက ဘောလုံးပွဲတွေ မလွှတ်တမ်းကြည့်လို့ အာရုံကျ

◄ သူတို့ လူငယ်ဘဝ
"ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် " နဲ့ တွေ့ခဲ့ရ
"ကျောင်းဖွင့်ချိန်" ကိုရေးပြီး ကျောင်းပိတ်ချိန်ကို တော်လှန်ခဲ့ကြ
သူတို့လူငယ်ဘဝ
ပုဂံလမ်းပေါ်က ဇာတ်လမ်းတွေနဲ့
သစ်ပုပ်ပင်ကြီးနဲ့ ဦးချစ်လက်ဖက်ရည်ဆိုင်နဲ့
ငါတို့ လူငယ်ဘဝ
မြို့ပြင်ထုတ်ခံတက္ကသိုလ်နဲ့
Beer ဆိုင်နဲ့ ၊ KTV နဲ့ ၊ Club နဲ့ ၊ မာဆတ်နဲ့

◄ သူတို့ လူငယ်ဘဝ
ရပ်ကွက်ထဲမှာ ခုနစ်တန်းအောင်ဆို လူရှိန်ခဲ့ကြ
ဆယ်တန်းအောင်ရုံ အလုပ်ကောင်းကောင်းရလို့
ငါတို့ လူငယ်ဘဝ
ဘွဲ့လက်မှတ်ဟာ စက္ကူတစ်ရွက်ထက်မပိုခဲ့
လခနှစ်ပဲခြောက်ပြားအလုပ်တွေကို ရှာဖွေတန်းစီလို့


◄ သူတို့ လူငယ်ဘဝ
လုသွားခံရတဲ့ လူ့အခွင့်အရေးကို ပြန်လုဖို့ကြိုးစားခဲ့ကြ
ငါတို့လူငယ်ဘဝ
ရလာတဲ့ အိပ်မက်တွေကို ပုတ်ပုတ်ချလို့

◄ သူတို့ လူငယ်ဘဝ
စဉ်းစားတွေးခေါ်ခြင်းနဲ့ အာဏာရှင်ကို ဖီဆန်ခြင်းနဲ့
ငါတို့ လူငယ်ဘဝ
အရည်မရ အဖတ်မရ Roll Call ပြည့်ဖို့နဲ့ ၊ ရုတ်ရုတ်သဲသဲ သင်တန်းများနဲ့

◄ သူတို့သွေးများနဲ့ စစ်ထုတ်ပေးခဲ့တဲ့ လေများ
ငါတို့ ရှူရှိုက်ရသောအခါ သူတို့အား အားနာ
လေးစားစွာ ကြည်ညိုစွာဦးညွှတ်လို့ မေးခွန်းများစွာ ။

◄ သူတို့ လူငယ်ဘဝ
မျှော်ငေးလို့မ၀ ဖြစ်ခဲ့ရပေါ့
အခု... ခေတ်ကြီးတစ်ခေတ်လုံး ငါတို့ လက်ထဲ
ငါတို့ လူငယ်ဘ၀ရော ဘယ်လိုများလဲ ။ ။

                                                              မောင်ရေချမ်း

Saturday, December 14, 2013

စိတ်ကောက်တတ်တဲ့ညနေခင်းတစ်ခုအကြောင်း !


ညနေခင်းလေးဟာ စိတ်ကောက်လွယ်တတ်ခဲ့ပါတယ်
ညနေခင်းလေးဟာ ခပ်ဟဟ ရယ်မောနေတတ်ခဲ့ပါတယ်
ညနေခင်းလေးဟာ မုန်းတယ်ဆိုတဲ့စကားကိုဆိုတတ်ခဲ့ပါတယ်
ညနေခင်းတစ်ခုရဲ့
ရင်အုံကို ခွဲကြည့်ရင် ဒဏ်ရာတွေဒလဟောထွက်ကျလာပါလိမ့်မယ
ညနေခင်းတစ်ခုရဲ့
ရင်အုံကို ခွဲကြည့်ရင် နှစ်ယောက်စီးခဲ့တဲ့စက်ဘီးလေးတစ်ဘီးရှိနေပါလိမ့်မယ်
ညနေခင်းတစ်ခုမှာ
လူငယ်တစ်ယောက်ဟာ ခေါင်းငိုက်စိုက်ကျလို့
ညနေခင်းတစ်ခုမှာ
လူငယ်တစ်ယောက်ဟာ ချစ်ခြင်းမေတ္တာကိုထုပ်ပိုးလို့
တိမ်တွေသိပ်လှတဲ့အကြောင်း ညနေခင်းလေးကိုပြောပြချင်ပါသေးတယ
အမှန်တရားတွေဟာ တစ်ခါတစ်ရံမှာမှားတတ်ကြောင်း ညနေခင်းလေးကိုပြောပြချင်ပါသေးတယ
ညနေခင်းဟာ နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားတယ်
ညနေခင်းဟာ အချစ်ကြောင်းကို မေ့ပစ်ချင်တဲ့ဟန်ပန်နဲ့ပေါ့
ညနေခင်းလေးမှာ ကိုယ်ဟာ ဖယိုဖရဲကျဆုံးခဲ့ပါတယ်
ညနေခင်းလေးဟာ ထမင်းစားပြီးပြီလားမေးဖို့မေ့နေခဲ့ပါပြီ
ညနေခင်းလေးဟာ နေကောင်းလားမေးဖို့မေ့နေခဲ့ပါပြ
ညနေခင်းလေးရေ ....
စိတ်ပြေလက်ပျောက် တိမ်တွေကိုခဲနဲ့ပေါက်စို့ကွာ
စူပုပ်ထားတဲ့နှုတ်ခမ်းကို ဖြေလျှော့ချလိုက်ပါတော့
စိတ်ကောက်တတ်တဲ့ညနေခင်းလေးကို ချော့မော့ဖို့စကားလုံးတွေပျောက်နေခဲ့ပါတယ်။

                                                    မောင်ရေချမ်း
                                                (၁၄ . ၁၂ . ၂၀၁၃ )

Tuesday, December 10, 2013

ငါ့အိတ်ကပ်


အင်္ကျီတစ်ထည်မှာ အိတ်ကပ်ဟာ အရေးပါတာပေါ့
အိတ်ကပ်ထဲမှာ အနည်းဆုံးဘောပင်ထည့်လို့ရတယ်
အိတ်ကပ်ထဲမှာ လိုလိုမယ်မယ် ရှူဆေးဗူးဆောင်ထားလို့ရတယ်
အိတ်ကပ်ထဲမှာ ရင်းနှီးသူမိတ်ဆွေတချို့ရှိမယ်
အိတ်ကပ်ထဲမှာ ဖောက်လွှဲဖောက်ပြန်နိုင်တတ်လွန်းတဲ့ရာသီဥတုရှိမယ်
တစ်ခါတစ်ခါ
အိတ်ကပ်ထဲမှာ မနက်ခင်းမွှေးမွှေးလေးတွေ ရောက်နေတတ်တယ်
တစ်ခါတစ်ခါ..
အိတ်ကပ်ထဲမှာ ညနေပုပ်အက်အက်တွေ ရှိနေပြန်ရော
အိတ်ကပ်ထဲမှာ ခြင်္သေ့တွေ ခုန်ဝင်နေတဲ့အခါ ပျော်စရာပေါ့
ဖြစ်နိုင်ရင်တော့ ... လူငယ်ဘ၀ရဲ့အိတ်ကပ်ထဲမှာ
ချစ်ခြင်းမေတ္တာတွေ မဆန့်မပြဲထည့်ထားချင်ရဲ့
ခုတော့ အိတ်ကပ်ဟာ ပေါက်ပြဲလို့
ဘယ်လိုပဲဖြစ်ဖြစ်
ပိုက်ဆံမရှိတဲ့အခါ အိတ်ကပ်ဟာ စိတ်ပျက်စရာပါ။ ။

                                                   မောင်ရေချမ်း
                                    2014 - ဇန်န၀ါရီလ ၊သရဖူ Magazine

Saturday, December 7, 2013

လူငယ်တစ်ယောက်


လူငယ်တစ်ယောက်ရဲ့ နေ့စွဲတွေဟာ
ချစ်ခြင်းမေတ္တာကို သိမ်းဆည်းပြီး ခပ်၀၀ရှိလွန်းခဲ့ပါတယ်

လူငယ်တစ်ယောက်ရဲ့ လက်သီးဆုပ်ထဲမှာ
အမှားလက္ခဏာဘယ်လောက် ၊ အမှန်လက္ခဏာဘယ်လောက်
ဘယ်တော့ဖြစ်ဖြစ်
ရန်လိုမှုများတဲ့ကမ္ဘာထဲမှာ ဓားကိုသွေးပြီးတရားကိုလဲမွေးထားခဲ့ရ

စိတ်လိုလက်ရရှိတဲ့အခါ
ကြယ်ကြွေနုနုတွေကောက်ဖို့အတွက် အပြာရောင်အိတ်ကပ်လေးတစ်လုံးကိုချုပ်နေမိတယ်
စိတ်အချဉ်ပေါက်တဲ့အခါ
Tatannic ဇာတ်ကားထဲက လီယိုနာဒိုလို တံတွေးကို ကိုယ်နဲ့အဝေးဆုံးရောက်အောင်ထွေးပစ်ခဲ့

သေချာတာကတော့
တရားမျှတမှုကိုလည်း နိုင်ငံတော်အလံပမာသဘောထား ဦးညွှတ်ခဲ့ပါတယ်
ပြီးတော့ လူငယ်ပီသစွာနဲ့
ချစ်ခြင်းမေတ္တာကို ခပ်ဖွဖွလေးနမ်းမွှေးခဲ့ပါတယ်။ ။

                                                            မောင်ရေချမ်း
                                                   ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ဖေဖော်ဝါရီ ၊ ၂၀၁၄

Wednesday, December 4, 2013

ဆဲဆိုခြင်းယဉ်ကျေးမှု နှင့် အနုပညာဒဏ်ရာ !




 နှုတ်မင်္ဂလာ၊ စကားမှာကား
 အသာအချို၊ သူနာလိုအောင်
 မိန့်ဆိုခြင်းလျှင်၊ တန်ဆာဆင်၏
                          (စိန္တကျော်သူဦးသြ)

________________         ______________             ________________

           ရှေးစာဆိုများ၊သူတော်ပီပီများ၊ ကျွန်တော်တို့၏လူကြီးမိဘများက နှုတ်ချိုခြင်း ၊ အပြောအဆို လိမ္မာခြင်းဆိုင်ရာ အတွက်ဆုံးမလမ်းညွှန်၊သွန်သင်ရေးဖွဲ့ခဲ့ကြသော ကဗျာ၊လင်္ကာများစွာကို သတိတရပြန်ဖတ်မိလေတိုင်းကျွန်တော့်စိတ် တွင် ပြန်လည်ချေပချင်စိတ်ဖြစ်မိသည်။ ကျွန်တော်အပါအ၀င် သက်တူရွယ်တူလူငယ်များသည်လည်းကောင်း၊ကျွန်တော်တို့၏ရှေ့မျိုးဆက်များသည်လည်းကောင်း နာကျင်မှုခေတ်ထဲတွင် မလွှဲမရှောင်သာ ပျော်ဝင်စီးမျောခဲ့ကြရသည်။သူတို့ဆီ မှ ထွက်ကျ ပွင့်ထွက်လာသော စာများ၊ကဗျာများသည် သွေးအလိမ်းလိမ်းပေကျံလျက်။ တချို့ကတောက်ခေါက်သံ ရွှဲရွဲစို လျက်။

Monday, November 25, 2013

ကိုယ့်ကို ခပ်တည်တည်နဲ့ ခပ်ခပ်သောက်သွားတဲ့ သောကြာတွေ !

သောကြာရောက်ပြီဆို ကိုယ်ဟာ လေလေးတချွန်ချွန်နဲ့ပေါ့
တစ်ခါတလေများ အစအဆုံးမရတဲ့ သီချင်းလေးများတောင် ဆိုလို့လေ
သောကြာဟာ ဘာလို့ အရမ်းချစ်ဖွယ်ကောင်းလွန်းခဲ့လဲ ကိုယ်တကယ်မသိခဲ့ဘူး
သောကြာဟာ ဆံပင်အရှည်ထားရင် ဒေါတင်းတတ်သေးတယ် ၊ မကြာခဏဆံပင်ညှပ်ဖို့ပြောတတ်ရဲ့
ဆိတ်ဆွဲတတ်တဲ့ လက်သည်းချွန်ချွန်လေးတွေနဲ့ သောကြာပေါ့
စိတ်မရှည်ရင် မျက်စောင်းနုနုလေးတွေ လှစ်ခနဲပေးတတ်တဲ့သောကြာပေါ့
ဆံနွယ်တွေကို စည်းနှောင်မထားတဲ့အခါ ကပိုကယိုအလှတွေနဲ့သောကြာပေါ့
အဲဒီ့သောကြာပေါ့ ... ကိုယ့်အိပ်မက်တွေကို ခပ်ခပ်သောက်သွားတာ
သောကြာဟာ တစ်ခါတစ်ခါ အဖြူရောင်အင်္ကျီမှာ စီးကွန့်လှလှလေးတွေနဲ့
သောကြာဟာ တစ်ခါတစ်ခါ ခေါင်းလျှော်ပြီးစ သင်းပျံ့ပျံ့မွှေးရနံ့လေးနဲ့
သောကြာကို သိပ်ချစ်တာပဲလို့ ကိုယ်ဟာ စာရွက်တွေပေါ်မှာ မကြာခဏရေးနေမိတယ်
တကယ်ပါပဲ .. အဲဒီ့သောကြာပေါ့
ကိုယ့်အိပ်မက်တွေကို ခပ်တည်တည်နဲ့ ခပ်ခပ်သောက်နေတာလေ
သောကြာမှာ ပါးပြင်နုနုလေးကို မွှေးတဲ့အခါ ရှက်ဝါးဝါးလေးပြုံးတယ်
သောကြာမှာ လက်ချောင်းလှလှလေးတွေကို ဆုပ်ကိုင်တဲ့အခါ ဆတ်ခနဲ ဆတ်ခနဲပြန်ရုန်းတယ်
သောကြာမှာ ချစ်တယ် ပြောတဲ့အခါ ခေါင်းငုံ့ပြီး စူပုတ်နေတတ်သေးတယ်
သိပ်ကို ဣနြေ္ဒကြီးလှတဲ့ သောကြာပေါ့
သောကြာဟာ အလှူအိမ်မှာ ဖိနပ်ပျောက်သလို တစ်ခါတစ်ခါတော့ခံရခက်လှတယ်
ဘာပဲဖြစ်ဖြစ်
စက်ဘီးအစုတ်လေးကို နှစ်ယောက်အတူစီးရင်
စာအုပ်တစ်အုပ်ကို နှစ်ယောက်အတူ လုဖတ်ရင်း
တစ်ယောက်ကို တစ်ယောက်အပြန်အလှန်စိတ်ကောက်တမ်းကစားရင်းပေါ့
သောကြာဟာ သောကြာသိပ်ပီသလွန်းခဲ့ပါတယ်။ ။

                                                                မောင်ရေချမ်း

Sunday, November 24, 2013

အမှားများတဲ့ ကမ္ဘာ


ပျော်သလို နေထိုင်ခဲ့ကြပါတယ်
ငါတို့ဟာ ပေါက်လွှတ်ပဲစား ယုံလွယ်သူဈေးသည်တွေပါ
အချိန်တွေကို ဈေးဗန်းထဲထည့်ရောင်းခဲ့တယ်
အနာဂတ်တွေကို ဈေးဗန်းထဲထည့်ရောင်းခဲ့တယ်
နောက်ဆုံး ကိုယ့်ဘ၀ကိုယ် ဈေးဗန်းထဲထည့်ရောင်းခဲ့ကြပေါ့
အချိန်တွေ သိုးလာတယ်
အနာဂတ်တွေ အက်လာတယ်
ဈေးပေါင်ကျိုးချိန်မှာတော့
တကယ်ကို သေချာခဲ့ပေါ့
ဒီကမ္ဘာမှာ ရင်းသလောက် ပြန်မမြတ်ခဲ့ဘူးဆိုတာ ။ ။

                                          မောင်ရေချမ်း

Saturday, October 12, 2013

သောကြာသာ အရင်လိုမဟုတ်တော့ရင်

ဖျားနာ ၊ ကိုက်ခဲနေတယ်
တိတ်တိတ်လေး ထိတ်လန့်နေတယ်
ညနေခင်းမွှေးမွှေးလေးတစ်ခုကို အိတ်ကပ်ထဲ တယုတယထည့်ထားခဲ့ပါတယ်
အခုတော့ ပလတ်ဖောင်းပေါ်က ခိုလေးတစ်ကောင်လိုပဲ ထိတ်လန့်နေရင်း
အရင်က သောကြာတွေကို ထုတ်ထုတ် ကြည့်ဖြစ်တယ်
တကယ်တော့ ..ကိုယ့်သောကြာတွေဟာ ပျော်စရာပါ
သောကြာဟာ ဒိန်ချဉ်နှစ်ခွက်
သောကြာဟာ ထောပတ်သီးဖျော်ရည်နှစ်ခွက်
သောကြာဟာ နေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံ
သောကြာဟာ ရှမ်းခေါက်ဆွဲနှစ်ပွဲ
သောကြာဟာ ထမင်းသုပ်နှစ်ပွဲ
ကိုယ့်သောကြာဟာ နှစ်ယောက်အတူတူ ဆောင်းခဲ့ဖူးတဲ့ထီးလေးတစ်လက်ဖြစ်ခဲ့
သောကြာမှာ နာကျင်စရာတွေမရှိခဲ့ပါ ၊
နားထဲမှာ ပူခြစ်သိမ်မွေ့လွန်းစွာတိမ်တွေ ပြိုပြိုလာတယ်
တကယ်တော့ ...ချစ်ခြင်းတရားဟာ အင်္ကျီအ၀ါနုရောင်ဖျော့ဖျော့လေး
တကယ်တော့ ... ချစ်ခြင်းတရားဟာ အဖြူရောင်ဒေါက်ဖိနပ်လှလှလေး
တကယ်တော့ ...ချစ်ခြင်းတရားဟာ သိမ်းထားချင့်ဖွယ် လက်မှတ်လှလှလေး
ကိုယ့်သောကြာတစ်ခုတည်းကို ကွက်ပြီးမိုးတွေရွာလာတယ်
နေ့စွဲအဟောင်းတွေကို ပြန်ဖွင့်ကြည့်ရင်း
ဒီနေ့သောကြာကို တိတ်တိတ်လေး လန့်ထိတ်လို့
ကယောင်ကတမ်းဖျားနာနေမိပေါ့ ။ ။

                                               မောင်ရေချမ်း

Tuesday, August 6, 2013

အက်ကွဲခြင်းလရောင်






ကြယ်လေးတစ်ပွင့်ကြွေကျသွား။ငေးစိုက်ကြည့်ရင်းကျွန်တော့်ရင်သည် လှိုက်ခနဲ။နှစ်ကာလ(လွန်ခဲ့လေသောနှစ်ကာလများ)သည် တမြေ့မြေ့ နှလုံးသားကိုတသွဲ့သွဲ့ခုတ်မောင်းတိုးဝှေ့လာသည်။
×××××××××××                         (၁)                   ××××××××××××××
( ဤအဖြစ်အပျက်ပါ အကြောင်းအရာတို့ကိုတကယ့်အဖြစ်အပျက်မဟုတ်ခဲ့သောဇာတ်လမ်းဟုမှတ်ပိုက်ယူဆပါရန် ကျွန်တော် ၀မ်းနည်းကြေကွဲစွာ လိမ်ညာမိပါသည်။)
ထိုတစ်နေ့…………….
အဖြစ်အပျက်တို့သည် လှပညီညာစွာကြွေကျသွားခဲ့။
ရုပ်ရှင်တွေ ၊ ၀တ္ထုတွေထဲကကဲ့သို့ မျက်စောင်လေးထိုး ၊ နှုတ်ခမ်းလေးမစူတစူလုပ်မည်။ထို့နောက် သူမသည် ရှက်ဝါးဝါးခပ်သော့ သော့လေးဖြင့် ခေါင်းလေးငုံ့သွားလိမ့်မည်ဟုတွေးထင်ထားသည်မှာကျွန်တော် မှားသွားခဲ့သည်။သူမသည် ကျွန်တော့်စကားကို စိတ်ဝင် တစားနားထောင်ပြီးပန်းနုရောင်နှုတ်ခမ်းလေးညွှတ်ကွေးသွားရုံမဆိုသလောက်လေးပြုံး၏။ ထို့နောက် အသံထွက်အောင်ပင် တခစ်ခစ် ရယ်မောပစ်လိုက်သည်။ ထိုရယ်သံသည် ကျွန်တော့်နှလုံးသားအိပ်မက်ကမ်းပါးကို တဝေါဝေါတိုက်ခတ်သွားသောရေလှိုင်းများပမာ။ မျက် ၀န်းနက်နက်တို့သည် တဖိတ်ဖိတ်တောက်လုပင် အရောင်လဲ့ကာ။

“ချစ်တယ် … ။ချစ်တယ်တဲ့လားကွာ။ ဒါလေးပြောဖို့များ နာရီဝက်လောက် ငြိမ်နေရသေးတယ်။ နင် .. ဒီလိုစကားပြောမယ်ဆိုတာသိသားပဲ။ ခစ်…ခစ် ..ခွိ”

သူမရယ်သံက ကျွန်တော့်နားစည်ထဲတွင် မျောက်တစ်ကောင်အော်သံလိုပင် မည်သို့မှကဗျာဆန်မနေပါ။ နှစ်ယောက်ထိုင်တန်းလျားလေး ၏အစွန်းတစ်ဖက်ကိုဆတ်ခနဲသူမရွေ့ထိုင်လိုက်သည်။ ပထမ ကျွန်တော်ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူမရယ်သံကြောင့်  ကျွန်တော့်မျက်နှာ ထူအမ်းလာသလိုခံစားရသည်။ပြုံးယောင်ယောင်ဖျော့ဖျော့ မျက်နှာထားကိုငေးကြည့်နေမိ။
လေတစ်ချက် ဝေ့ခနဲ၊သုတ်ခနဲ တိုက်သောကြောင့် မြေနီလမ်းလေးပေါ်မှ မြေမှုန်နုနုတချို့ တနွဲ့နွဲ့ခုန်ကကြ၏။ ၀ါကျင့်ကျင့် သစ်ရွက်တချို့ သုတ်ခနဲကြွေသက်လျောကုန်လာခဲ့။ သူမမျက်နှာကိုရဲရဲမကြည့်ရဲသဖြင့် ပတ်ဝန်းကျင်ရှိ သက်မဲ့အရာများကိုအဓိပ္ပာယ် မဲ့မျက်ဝန်းဖြင့် ၀ိုးတ၀ါးငေးကြည့်နေမိ။ ခစ္ခနဲတုိးလ်လ် ရယ္သံပါးပါး။အို…မြေပြိုသလား ၊ တော်လဲသလား၊ ကျွန်တော့်ရင်ထဲ ၀ုန်းဒိုင်း ကြဲပန်းနုနုတွေပွင့်ကုန်။

Saturday, June 15, 2013

ကဗျာ ဘာညာဘာညာနဲ့ ပေါက်လွှတ်ပဲစား ၀မ်းပျက်ဝမ်းလျှော သက္ကရာဇ်များ

တရားတွေ တရားမ၀င် ၊ တရားမ၀င်ကဗျာတွေ ခိုးဝင် သက်ဆိုင်ရာမှ လက်ပိုက်ခြေမြှောက်ကြည့်နေ
ကဗျာပဋိပက္ခမှ ကဗျာအရေးအခင်းဖြစ်ပွား ၊ မီးရှို့ ကဗျာသတ်ဖြစ်စဉ် အစရှိသဖြင့် ဆန္ဒပြ (တားမြစ် ထိန်းချုပ်ရေး)
အဆောက်အအုံလေးလုံးနှင့် ကဗျာနှစ်ငါးဆယ်စာ သေဆုံးခဲ့
ကဗျာအပုပ် ငါးဆယ်(အပုပ်အပွကဗျာ) များ လူစုလူဝေးကြားတွင် ပေါက်ကွဲနိုင်သဖြင့် အများပြည်သူပူးပေါင်းကူညီရန်လိုအပ်
လက်နက်မကိုင်သည့်နည်းလမ်းဖြင့် ဤခရီးလမ်းကိုလျှောက်ရန်ဟု လက်နက်ကိုင်အကြမ်းဖက်အုပ်စုမှပြောကြား
ကဗျာသေ နှစ်ဆယ့်ငါးပုဒ်ကို လွှဲပြောင်းယူရန် ငြင်းဆို
ကဗျာသေ နှစ်ဆယ့်ငါးပုဒ်ကို သံတမန်နည်းအရသာ ဆောင်ရွက်လို
ကဗျာတွေစိမ့်ဝင်လာ / ခိုးဝင်လာ / မြို့ပေါ်မှာ ရွာထဲမှာ ရပ်ကွက်ထဲမှာ
တချို့အဝေးပြေးကားစီးလာ ၊ တချို့ လေယာဉ်ပျံစီးလာ
တချို့ သဘောင်္စီးလာ ၊ တချို့ခပ်တည်တည် ခြံစည်းရိုးကျော်ဝင် လမ်းလျှောက်လာ
တချို့ တိုက်ပုံဝတ်နဲ့ ၊ တချို့ သင်္ကန်းဝတ်နဲ့
တချို့ ကောအရှည်နဲ့ ၊ တချို့အလန်းဇယားနဲ့
အလွဲသုံးစား ကလေးစိတ်မကုန်သေးတဲ့ လူကြီးအထာ ခိုင်မာတဲ့သတင်းရပ်ကွက်မှ တိတိကျကျ
စကားလုံးအီပျော့ပျော့များ သက်/သတ်ဆိုင်ရာမှ ထောက်ခံချက်ထုတ်ပေးနေ
ကဗျာအိုကြီးအိုမ ၊ ကဗျာဂျိုကျိုး နားရွတ်ပဲ့ ၊ ကဗျာမျောက်လောင်းများ ၊ ကဗျာဖလန်းဖလန်းလေးများ
ပေါက်လွှတ်ပဲစား ကတိပုံပြင် တော်ကီတွင် ကဗျာအားလုံး ၀မ်းနည်းကြေကွဲ
နောက်မကြာမီ ထုဆစ်တော့မည့် ပန်းပုရုပ်ဟာ ကဗျာသူ ကဗျာသားအားလုံးကို ကိုယ်စားပြု/မပြု
စကားလုံးများအားလုံး စိတ်ဝင်တစား ခေါင်းချင်းဆိုင် /ခွက်ချင်းတေ့
ကဗျာအနှစ်သာရ(အရသာ) ရွှေရည်စိမ် ဟုတ်/မဟုတ်
ပိန်မသာလိပ်မသာ ၊ ဒါ မသာမယာခုနစ်တွေအတိုင်း ။

                                                               မောင်ရေချမ်း
                                                       June . 2013 New Style Magazine

Monday, April 22, 2013

ဘော်စတွန်မာရသွန်

ဘယ်လို အရူးအနှမ်းတွေများ ရွာချလိုက်တဲ့မိုးလဲ
ဝေါခနဲ ၊ ၀ုန်းခနဲ
ပြတ်သွားတဲ့ ခြေထောက်တစ်ဖက်ဟာ နာကျင်ကဗျာ
ပြတ်သွားတဲ့ လက်တစ်ဖက်ဟာ နာကျင်ကဗျာ
သွေးစ/သွေးနတွေကို ဒီကဗျာထဲ ပစ်ထည့်လိုက်တယ်
စစ်ခနဲ ၊ ကျင်ခနဲ
အသားစဖတ်တွေ လမ်းပေါ်ပြန့်ကျဲ
စူးစူးဝါးဝါး ငိုသံတွေတွေပြန့်ကျဲ
လှိုင်းထနေတဲ့ ရင်ဘတ်တွေပြန့်ကျဲ
အသံတိတ်ဒဏ်ရာတွေ ပြန့်ကျဲ

အဲဒီ့နေ့ကပေါ့
ဘော်စတွန်မှာ သရဲသဘက်တွေ ပျော်မြူးစွာအောင်ပွဲခံကြ ။

                                                                     မောင်ရေချမ်း
 

Wednesday, April 17, 2013

ဇူကာဘာ့ခ်နယ်မြေက ဒိန်းဂျားတွေ များတယ် - နောက် ကလုန်း တွေလည်း များတယ် စိတ်ညစ်ရတယ်


Zuckerberg ကိုကျေးဇူးတင်ကြောင်း/မတင်ကြောင်းပြောချင်စိတ်ရှိရင်မိတ်ဆွေ like သို့မဟုတ် share
အလွန်ရှုပ်ထွေးလွန်းတဲ့ စွန့်ပစ်အမှိုက်ပုံကြီးလား N0(or) Yes တခုခုရွေးချယ်
သင့်fashion သင်ရှာဖွေပြီးဆို like သို့မဟုတ် share 
ကိုယ်နေဟန်ထားကဘယ်လို ၊ တခါက ကလစ်မိတယ် _အလန်းလွန် အလွန်လန်းသူများဆိုတဲ့ပေ့ကိုရောက်သွား လစ်ခနဲပြန်ခိုးထွက် /  မလုံ့တလုံ့Modelမလေးရဲ့ရင်ဘတ်ပေါ်မှာ   ကျနော့်မျက်လုံးတစ်ဖက်ကျွတ်ကျန်ခဲ့
Search for people,places and things / [………] / ကလစ်တစ်ချက်မှာသေနတ်သံတွေပါလားမလား
What's on your mind ?
ကိုယ့်ဒုက္ခတွေ သူများကို လိုက်Tag ! ယူပေးပါ ကျနော့်အပူတွေ
Notes ထဲမှာ ကဗျာတွေလက်စမသတ်ရသေး
ဝေလေလေနဲ့ ပိုင်စိုးပိုင်နင်းသူများအိမ်ကျော်နင်း
သူတို့ဘယ်လို Notes တွေကိုချက်ပြုတ်မလဲ ကျနော် စိတ်ဝင်စားပြန်တယ်၊
ဆဲခံရပေါ့တစ်ခါ ။လူကြီးလူကောင်းတွေ ဒီနယ်မြေမှာ ဘယ်လို account တစ်ခုယူထားမလဲ
ဟလို _ ဇူကာဘာ့ခ်  ခင်ဗျား မသိချင်ချင်/သိချင်ချင် ကျနော်တော့သိပ်စိတ်ဝင်စားမိသွားပြန်ပြီ

လူငယ်ပီပီ Chat မယ်/ ချစ်မယ်ပဲ၊ ခြစ်မယ် ၊ပစ် မလုပ်ရင်ပြီးရော ကွာ သူငယ်ချင်း
Chat box ထဲရောက်လာတဲ့ စာသားဖွဲ့စည်းပုံမှာအောက်ပါအတိုင်း
[သယ်ချင်းရေ  Photo Contest မှာ ၀င်ပြိုင်ထားလို့ပါ အပန်းမကြီးရင်Like လေးတစ်ချက်နိပ်ပေးပါလား ]
ဇူကာဘာ့ခ် ရေ - ခင်ဗျားနယ်မြေထဲမှာ ကျနော် ရိုးသားစွာပျော်ဝင်ခဲ့ပါပြီ/တစ်နေ့တာဟာအပြစ်တင်ဆဲဆို
ခြေလှမ်းတွေယားကျိကျိဖြစ်နေတယ်၊အရည်ရွှမ်းရွှမ်းထနေတဲ့သွေးပုပ်ပြည်တည်နာတစ်ခုပဲ
                       ရောက်လာတဲ့မတ်ဆေ့ဟာကျနော့်လက်ကိုဖြတ်ပစ်
[ ဟိတ်ကောင် ! မင်းကဗျာတွေက ပေါတောတောတွေ ၊ ကဗျာဆရာဆိုတာ ကလေက၀နဲ့ ကဗျာဆရာအမည်မခံသင့်ဘူး]
ဟုတ်ကဲ့ __ ကျနော် ကြီးကြီးကျယ်ကျယ်ပြောလို့ရရင်ပြောချင်ပါတယ်၊
ခေတ်ကြီးကို/က ထမ်းထားရတာလေးလို့ ကဗျာဆေးလေး ထိုးမိပါတယ် ။
ဒီမြေပေါ်မှာ ကျားဆိုးတွေပေါ/မပေါထက် ကဗျာဆိုးတွေ ပေါ/မပေါကိုကျနော်ကိုယ်တိုင်လည်းရှာဖွေနေပါတယ်
တဆိတ်လောက်  wqdavmu ကူ ညီပါ ဦး ဗျာ unDygOAsm*  ကီးဘုတ်ပေါ်စမ်းစမ်းနဲ့ ကြာလာရင်ချိနဲ့သွားမှာစိုး / စားသောက်/သွား/လာ/စက်ဖွင့် www.facebook.com ကိုရိုက်ထည့်လိုက်  Notifications တွေမှာ သွေးနံ့ရရင်ကမန်းကတမ်း/(က)ယောင်(က)တမ်း/(ကတုန်ကယင်)ခပ်ရဲရဲမကလစ်နိုင် ၊ဖွ/ဖွင့် ချလိုက်ပြန် ၊ဟိုကောင်လေးနဲ့ဟိုကောင်မလေးဟိုဟာဖြစ်တာ သတင်းအချက်အလက်ဖြစ်တဲ့ခေတ် !ဟင် ! [ ဟာ]  ( ဟယ် ) Commentတွေ မထိတ်သာမလန့်သာ ၊
ကလုန်းကောင်တွေဝင်ရေးသွားပြန်ပြီ
သူက အထာနည်းနည်းတော့ကြီးတယ်၊
ယဉ်ကျေးမှုတွေအထောကြီးနဲ့လူသားဆန်ဆန်သတ္တ၀ါများ
Mg Yay Chan is now friends with zuckerberg , clone army and Other people
Zuckerberg ကိုကျေးဇူးတင်ကြောင်း/မတင်ကြောင်းပြောချင်စိတ်ရှိရင်မိတ်ဆွေ like သို့မဟုတ် share ။     ။

 


                                                                                                 မောင်ရေချမ်း

[ ၀န်ခံချက်။    ။ သူငယ်ချင်း/အကို/ ကဗျာဆရာရွှေကိုယ်နတ်(UCSM) ၏ စာသားအား
                     ကဗျာခေါင်းစဉ်အဖြစ် တလေးတစား(ခင်မင်ရင်းနှီးစွာ) ယူငင်သုံးစွဲပါသည်။ ]



Wednesday, March 13, 2013

အက္ခရာလမ်း




















အက္ခရာလမ်း ကဗျာအရေးအသား !
ကဗျာဆရာ မောင်ရေချမ်း ၊ လင်းလက်တာရာ ၊ စစ်နိုင် ၊အဂ္ဂလင်း ၊ ထွန်းလင်းသစ်(ကန့်ဘလူ) ၊ လူခါး
လင်းဝေအိမ်၊ ဆူးရဲ တို့၏   ကဗျာပုဒ်ရေ - ၇၈ ပုဒ်
တန်ဖိုး - ၁၅၀၀ နှင့် ဟီးရိုးစာပေမှ မြန်မာတစ်ပြည်လုံးသို့ဖြန့်ချီလိုက်ပါပြီ ။
(ကဗျာဆရာလင်းဝေအိမ် ကလောင်နာမည်အား ( လင်းဝေးအိမ်)ဟုမှားယွင်းခြင်းကို အနူးအညွတ်တောင်းပန်ပါသည်။  )








Tuesday, January 22, 2013

မိုင်တိုင်နှစ်ဆယ် အွန်လိုင်းရသ၀တ္ထုတို စုစည်းမှု

အဓိကအားဖြင့် ရန်ကုန်(Ocean ၊ Lion City, Taw Win, Asia Light စသည့် စီးတီးမာတ်များ အပါအဝင် ) မန္တလေး၊ တောင်ကြီး၊
မော်လမြိုင်၊ နေပြည်တော် ၀ယ်ယူရရှိနိုင်ကြောင်း ။  ။

Saturday, September 8, 2012

အိမ်ပြန်မရောက်သေးတဲ့ ကဗျာဆရာ

ဝှစ်ခနဲ ၊ ၀ှီးခနဲ မြန်ဆန်လာတယ်
မနေ့ကအလုပ်တွေကို ဒီနေ့မှ နှစ်ရက်စာပေါင်းလုပ်နေရရှာတဲ့မြို့
အဲဒီ့မြို့ကြီးကို သူတိတ်တိတ်လေး လွမ်းနေတယ်
မရယ်ကြပါနဲ့ ကျေးဇူးပြုပြီး မရယ်ကြပါနဲ့
ရေကြည်ရာ မြက်နုရာ.........ရေ.........ရေ..........ရေငတ်လာတယ် (သူရေငတ်လာတယ်)
ကဗျာဆရာဟာ သူများနိုင်ငံမှာ ကိုယ့်နိုင်ငံအကြောင်းကဗျာတွေရေးရင်း
မနက်မနက်ဆို ဖိုသီဖက်သီထတယ်/အလုပ် လုပ်တယ်/အွန်လိုင်းတက်တယ်
တစ်နေ့တစ်နေ့ မြန်မာပြည်မြေပုံကို ကြည့်တယ်
မိသားစုတွေ နေကောင်း ကျန်းမာစေကြောင်းဆုတောင်းတယ်
ကပျာကယာဘ၀တွေအကြောင်း သူကဗျာရေးတယ်
သူ့ရင်ဘတ်သူချိုးပြီး သူ့လက်ဖျံရိုးပေါ်မှာ သူပွင့်ခဲ့တယ်
ကွာလာလမ်ပူတဲ့ ၊စင်ကာပူတဲ့ ၊ ဒူဘိုင်းတဲ့

Thursday, August 30, 2012

လမ်းကြုံရင် လမ်းကြုံလိုက်ပါရစေ….ကမ္ဘာသစ်

ချမ်းလို့ တုန်နေတာပဲ
အပူစီးကြောင်းတွေထဲမှာ ချမ်းနေတယ်
ကမ္ဘာကြီး မငြိမ်းချမ်းဘူး
လက်နက်တွေက သကြားလုံးတွေလို ခပ်ပေါပေါဖြစ်လို့
စစ်မြင်းတွေ ပျံနေကြ
အစာရေစာ ပေးပါ ( အစာရေစာပေးပါ………အစာရေစာပေးပါ )
နိုင်ငံတကာသတင်းမှာ သွေးတွေလျှံကျနေတယ်

Wednesday, August 22, 2012

ဆိပ်ကမ်း


သောင်ထွန်းလာတယ်
သောင်တွေသာထွန်းလာခဲ့တယ်
ကျန်တာတွေက ဘာမှမထူးခဲ့ပါဘူး
ဒါနဲ့ပဲ မိုးပြိုမှာကြောက်လို့ ခြေထောက်နဲ့ကန်ထားတယ်
ဘာမှထူးလှတယ်လို့တော့မဟုတ်ပါဘူး (မိုးက ပြိုပြီးသားပဲ )
လွမ်းရင်း လွမ်းရင်း တဖြည်းဖြည်းလေလွင့်လာ

Friday, August 10, 2012

ဆင်ခြေဖုံး


  သူတို့ရဲ့ဖြစ်တည်ခြင်းတွေက မပြင်ရသေးတဲ့လမ်းလေးလို
  ချိုင့်တွေ ၊ခွက်တွေနဲ့ ညှိုးရော်ကြမ်းတမ်းနေတာ
 
  ဒီရပ်ဝန်းမှာပေါ့
  ဆဲသံ၊ဆိုသံတွေနဲ့ စိုပြည်လင်းပွင့်
  တစ်ယောက်ဒုက္ခကိုတစ်ယောက် ငေးရီကြည့်ရင်းအိပ်မက်သေတွေဖွာရှိုက်နေကြ

Tuesday, July 10, 2012

ကျွန်တော် ကဗျာရေးတယ်/ရေးနေတယ်/ရေးခဲ့တယ်

အစာလို ရေလို နေရောင်ခြည်လို အမြဲမပြတ်မှီဝဲခဲ့ပါတယ်
ချစ်သူတစ်ယောက်ကို ချစ်သလိုလည်း ချစ်မြတ်ခဲ့ပါတယ်
ကိုယ့်အရိုးကိုယ်ခြစ်ပြီး ကမ္ဘာကိုချစ်လို့ရေးတယ်လို့လည်း ကြီးကြီးကျယ်ကျယ်စကားကို
(အကျယ်ကြီး ၊ အကျယ်ကြီး ) ဘယ်တုန်းကမှဟစ်အော်မပြောခဲ့ပါဘူး
မီးပူဘယ်လောက်တိုက်တိုက် ပြန့်မလာတဲ့အိပ်မက်တွေ
ကမ္ဘာကြီးရဲ့ခြေကြားလက်ကြားကနေ လျှောခနဲ ၊လျှောခနဲ ထွက်ကျသွားမှုတွေ