Tuesday, April 30, 2013

လူဆန်ဆန် စက်ရုပ်ကောင်ဟာ စကားလုံးတွေနဲ့ ပိပြားနေရင်း ကိုယ့်အိပ်မက်ကိုခေတ်ထဲ ဆွဲခြစ်/ဆွဲနှစ် ပစ်ခဲ့ !

စက်ရုပ်ကောင်ဟာ ရှုနာရှိုက်ကုန်း/သေးကွေးပိန်ချုန်း/ အသံမထွက်တဲ့ပါးစပ်ပေါက်သေးသေးလေးနဲ့
နာကျင်မှုတွေကို တစ်ခါတစ်ခါ စိတ်လိုလက်ရ ညည်းညူလို့
အဲသလိုနဲ့ စက်ရုပ်ကောင်ဟာ နှလုံးတုတစ်ခုကိုမောင်းနှင်လို့
စက်ရုပ်ကောင် ဟာ ဆဲဖို့ဆိုဖို့ ၀န်လေး
ကြောက်လန့်မှုစိတ်တွေ/အကြောက်တရားတွေ ကြီးစိုးရာအရပ်မှာ ..
စက်ရုပ်ကောင်ဟာ ......
...................................................။
စက်ရုပ်ကောင် ဟာ
ကမ္ဘာကြီးကို ပုခုံးပေါ်တင်ရင်း နှလုံးတုက တချက်ချက်မြည်
စက်ရုပ်ကောင်မှာ မရေးဖြစ်တဲ့မှိုတက်ကဗျာတွေရှိတယ်
စက်ရုပ်ကောင်မှာ ညနေစာစားခွင့်မရှိတဲ့ညနေခင်းတွေကိုပိုင်ဆိုင်တယ်
စက်ရုပ်ကောင်မှာ ည ညဆို အိပ်မပျော်တဲ့ရောဂါနဲ့
စက်ရုပ်ကောင်ဟာ ကိုယ့်ရင်ဘတ်ကိုယ်ပြန်ဖိလို့ မောနေရှာတယ်

အချစ်



မရေးဖြစ်တဲ့ကဗျာ
နာနာကျင်ကျင်စူး/ရူးမိတယ်
ဓာတ်ပုံကြည့်ရုံနဲ့တင် လှိုင်းတွေတနွဲ့နွဲ့ခါရမ်း
ရင်တွေအောင့်တာ ညညဆိုအိပ်မရခဲ့ ။

                                   မောင်ရေချမ်း

ပန်းအတု လူအတုတွေကို ဆွဲဖွင့်/ဆဲပစ် !



အနုစားသစ်ရွက်ခြောက်လေးတွေနဲ့ ပျော့ပျော့လေး
မှေးနေ/ငေးနေလိုက်တော့မယ်
မျက်နှာမသစ်တဲ့ကောင်ရယ် ၊ ချဉ်တူးတူးအနံ့နဲ့လူရယ်
ကိုယ်ထိုင်နေတဲ့ စားပွဲနဲ့မလှမ်းမကမ်းမှာ လက်ဖက်ရည်အတုတစ်ခွက်မှာသောက်
ကောင်တာက ပျော့အိအိအသားနဲ့လူဝကြီးဟာ
သူ မလောင်းထားတဲ့ဘောလုံးပွဲအကြောင်းကိုပဲ ရေးကြီးခွင်ကျယ်
ရက်ပါ ဦးခေါင်းကို ပြောင်းပြန်ဆောင်းထားတဲ့ငနဲကလဲ အသံသိပ်ကျယ်တယ်

သတင်းစာဟာ ကိုယ့်စားပွဲပေါ်တည့်တည့်မှ ဘုတ်ခနဲ
" ဒီသီချင်းခွေလေး ဖွင့်ပေးပါဦး "
" ဒီနေ့မနက် ___ မှာ ___ ဖြစ်လို့တဲ့"
" ဟိတ်လူ သွားပြီလား ။ လက်ဖက်ရည်သောက်သွားဦးလေ"

ချိုချွဲချွဲအသံတွေ ။ အသံတွေ ။

ကိုယ့်ရှေ့က ကော်ဖီခွက်လေးဟာ ငေး..မော ..တိတ် ဆိတ်
လူအတုတွေ တဖွဲဖွဲ ၊ စကားအတုတွေ တဖွေးဖွေး
တစ်ယောက်အစွယ်တစ်ယောက် နမ်းရှုံ့လို့
အဲဒီ့မနက်ခင်းမှာ မျက်နှာနောက်တစ်ကြိမ်ထပ်သစ်ခဲ့ရပေါ့ ။ ။

မောင်ရေချမ်း

Monday, April 22, 2013

ဘော်စတွန်မာရသွန်

ဘယ်လို အရူးအနှမ်းတွေများ ရွာချလိုက်တဲ့မိုးလဲ
ဝေါခနဲ ၊ ၀ုန်းခနဲ
ပြတ်သွားတဲ့ ခြေထောက်တစ်ဖက်ဟာ နာကျင်ကဗျာ
ပြတ်သွားတဲ့ လက်တစ်ဖက်ဟာ နာကျင်ကဗျာ
သွေးစ/သွေးနတွေကို ဒီကဗျာထဲ ပစ်ထည့်လိုက်တယ်
စစ်ခနဲ ၊ ကျင်ခနဲ
အသားစဖတ်တွေ လမ်းပေါ်ပြန့်ကျဲ
စူးစူးဝါးဝါး ငိုသံတွေတွေပြန့်ကျဲ
လှိုင်းထနေတဲ့ ရင်ဘတ်တွေပြန့်ကျဲ
အသံတိတ်ဒဏ်ရာတွေ ပြန့်ကျဲ

အဲဒီ့နေ့ကပေါ့
ဘော်စတွန်မှာ သရဲသဘက်တွေ ပျော်မြူးစွာအောင်ပွဲခံကြ ။

                                                                     မောင်ရေချမ်း
 

ငါတို့ကျောင်းသားဘ၀ !

စီးကရက်ကို ဟန်ပါပါခဲလို့
နောက်တစ်နှစ် တက်ရမယ့်အတန်းကို ဘယ်တော့မှ မော်မကြည့်ခဲ့
မနက် မနက် ကျောင်းမတက်ရရင်ကောင်းမယ်ဆိုတဲ့အတွေးက အဆင်သင့်
ကျောင်းစာအုပ်တွေကို ၀ဲပစ် ( ၀ဲ .... ပစ် )
P.S 2 ဂိမ်းဆိုင်လေးထဲ တိုးဝှေ့လို့
ဝိန်းရူနီကိုလဲ အားကျ
မက်ဆီကိုလဲ အားကျ
ငယ်ငယ်က သမိုင်းဖတ်စာအုပ်ထဲက ဘုရင့်နောင်ကိုလဲအားကျ
ဗိုလ်ချုပ်ကိုလဲ အားကျ
ဗိုလ်အောင်ကျော်ကိုလဲ အားကျလို့
ခေတ်တစ်ခေတ်လုံးကို ဘောလုံးတစ်လုံးလို လိမ့်နေအောင်ကန်ခဲ့ကြ
ကမ္ဘာကျော်လည်း ဖြစ်ချင်
နိုင်ငံကျော်လည်း ဖြစ်ချင်
အဆိုတော်လည်း ဖြစ်ချင်
ကျောင်းက ရန်ပွဲတွေဆိုလည်း ၀င်နွှဲချင်ခဲ့
ခုတော့ ဘာမှ မဖြစ်ချင်တော့ဘဲ
စာအုပ်တွေကြားထဲ ၀င်ခွေလို့
နာကျင်စရာ သီချင်းတွေဆို ကျော်ပစ်လိုက်တယ် ။ ။

                                                                       မောင်ရေချမ်း

Saturday, April 20, 2013

ငါတို့ပွဲတော်

လူမိုက် က ကိုယ်ရှေ့မှာ သက်သက်လွတ်စားပြတယ်
ဒါ ရယ်စရာလို့မမြင်မိဘူးကွယ် ။

" ကျွန်တော်တို့ဟာ ကျည်ဆံပစ်ခွင့်မရတဲ့သေနတ်တွေပါ "

လွဲလွဲချော်ချော် ဖြစ်နေခဲ့/ဖြစ်နေဆဲ
နာကျင်မှုနဲ့ဒဏ်ရာဟာ အံဝင်ခွင်ကျမဟုတ်ခဲ့

ငါတို့ပွဲတော် !
တောက်တခေါက်ခေါက်နဲ့ စိတ်မပါလက်မပါ တအံတသြ ။ ။

                                                     မောင်ရေချမ်း

ပုသိမ်ညနေခင်း


လေအဝေ့မှာ
ငါ့ဆံပင်စတွေ လူးလွန့်နွဲ့ခက် ။
င၀န်မြစ်ထဲက ရေတွေ
ဘယ်အချိန်တည်းကများ နောက်ညိုခဲ့သလဲ နှုတ်ခမ်းကိုက်စဉ်းစားမိ
တစ်ယောက်လက် တစ်ယောက်တွဲပြီး
ခေတ်ထဲ ခပ်ရဲရဲခုန်ဝင်တိုးဝှေ့နေတဲ့ ပုသိမ်စုံတွဲလေးတွေ
ငါ့ရင်ထဲမှာ အေးမြ/လှပတဲ့ ဂီတတစ်ပုဒ်စီးဝင်သွား
ပုသိမ်မြို့ဟာ မိန်းမကောင်းဆန်ဆန်အပြုံးနဲ့နှစ်လိုဖွယ်ကောင်းနေ
ဖြစ်နိုင်မယ်ဆိုရင်.. ဒီညနေခင်းကို ဆွဲဆန့်
ငါ့နှုတ်ခမ်းဝမှာ တေ့လို့မော့သောက်ပစ်ချင်ရဲ့ ။

ညနေခင်းဟာ အေးမြယဉ်ကျေးတဲ့လေညင်းကိုအဖော်ခေါ်လာတယ်
ညနေခင်းဟာ ....နောက်ဆုံးမှာတော့
ငါ့ကို ခပ်ပေါပေါဧည့်ရိပ်သာတစ်ခုထဲ ခေါက်ချသွားခဲ့ပေါ့ ။ ။

                                                                 မောင်ရေချမ်း

စကားသိပ်မပြောတဲ့ ငပိန်းကောင်အကြောင်းဟာ အထိတ်တလန့်ဖြစ်ရပ်တွေမပါဝင်ဘူး


ငပိန်းတစ်ကောင်ရဲ့လေတိုက်သံကို ဘယ်သူကများခံနိုင်မလဲ ဟုတ်တယ်အသေအချာပဲ
ငပိန်းကောင်ရဲ့ထူးခြားတဲ့ဝိသေသျလက္ခဏာများမှာ ….
၁ ။ အသံဟောင်ဖွာဖွာနှင့်စကားပြောတတ်ခြင်း

၂။ ကတုံးကို ပြောင်နေအောင်တုံးထားခြင်း

၃။ မြို့ထဲသို့အသံတိတ်ပြောင်းတပ်ပြီးဝင်လာတတ်ခြင်း

၎။မဆဲတတ်/မဆိုတတ်ြခင်း ( ယဉ်ကျေးလိမ္မာ ၊ လူကြီးလူကောင်းဟန်တိုက်ပုံကိုအမြဲဝတ်တတ်)

၅။စားပြီးသောက်ပြီး ပန်းကန်မဆေးတတ်ခြင်း

၆။ အတင်းပြောပါက တိုးတိတ်ညင်သာစွာပြောဆိုတတ်ခြင်း
ငပိန်းကောင်သည် ကဗျာအစစ်များကိုထုတ်လုပ်ဖြန့်ဖြူး
ကဗျာအတုမြို့ထဲ ၀င်လာပါက သူငယ်စဉ်ကကြည့်ထားသော ပါဝါရိန်းဂျားများကဲ့သို့စွမ်းစွမ်းတမံကာကွယ်တတ်
ကဗျာအစစ်တွေဖြစ်ကြောင်း အော်ဟစ်မပြောဆိုတတ်ပါ
သူ့တွင် ပိုင်ဆိုင်သည်မှာ မိန်းမတစ်ယောက်ယူရန်ပင် မလောက်ငသောငွေကြေးအချို့
ဂျင်းဘောင်းဘီအစုတ် ၃ ထည်နှင့် စာအုပ်များဖြင့်ပြည့်နေသော၄၀၀၀ တန်ဘေးလွတ်အိတ်တစ်လုံးသာ
ဤသည်ကိုပင် ငပိန်းကောင်က ကြံဖန်ဂုဏ်ယူလျက်
ငပိန်းကောင်သည် ဆဲဆိုသံများနှင့်ရင်းနှီးသူဖြစ်သလိုဆဲဆိုသံများကိုမုန်းတီးသူဖြစ်
သူသည် ညဘက်အိပ်စက်ရန်ပျင်းရိတတ်ပြီး နေ့စဉ်လမ်းဘေးဆေးဆိုင်မှဆေးအတိုအထွာများမှီဝဲ
ငပိန်းကောင်ကိုတွေ့နိုင်သော နေရာများမှာ (အတိအကျအားဖြင့်မဟုတ်သော်လည်း)အောက်ပါအတိုင်း
၁။ လမ်းဘေးတစ်နေရာ ရာ

၂။ဈေးပေါသော/အလကားရသော အင်တာနက်ဆိုင်

၃။လူသူနည်းပါးရာ ရပ်ဝန်း

၎။စာအုပ်အဟောင်းတန်းများနှင့်မြန်မာပြည်၏နေရာပေါင်းစုံ
ငပိန်းကောင်သည် လက်ရှိအခြေအနေကိုမကျေနပ်သူဖြစ်
သူက အိပ်မက်အ၀ါရောင်ကို ၀တ်ဆင်ထားသောလူသတ္တ၀ါဟုခေါ်နိုင်ရုံမျောက်သာသာအမွှေးအမျှင်များပြားသူဖြစ်
သေချာသည်မှာ
ငပိန်းကောင်သည် ငပိန်းကောင်စစ်စစ်ဖြစ်ကြောင်း မည်သည့်ထောက်ခံချက်မှမလိုအပ်ဘဲမြင်ရုံဖြင့်သိနိုင်
ငပိန်းကောင်တွင် အိမ်မရှိ/မနက်စာလက်ဖက်ရည်သောက်ရန် လက်ဖက်ရည်ဆိုင်ကောင်းကောင်းမရှိ
အိမ်ထောင်မရှိ(လက်ရှိလူပျို) ငပိန်းအမှတ်စဉ်မှာ ၂၁၆ ဖြစ်ကြောင်း
အထူးပြောကြားလိုသည်မှာ…
ထိုကဲ့သို့ ငပိန်းကောင်အား အရေးတယူစိတ်ဝင်စားလျက် နိုင်ငံတကာမှမှာကြားခေါ်ယူနေကြောင်းပင်ဖြစ်သည်။
                                                                                                          မောင်ရေချမ်း

Wednesday, April 17, 2013

ဇူကာဘာ့ခ်နယ်မြေက ဒိန်းဂျားတွေ များတယ် - နောက် ကလုန်း တွေလည်း များတယ် စိတ်ညစ်ရတယ်


Zuckerberg ကိုကျေးဇူးတင်ကြောင်း/မတင်ကြောင်းပြောချင်စိတ်ရှိရင်မိတ်ဆွေ like သို့မဟုတ် share
အလွန်ရှုပ်ထွေးလွန်းတဲ့ စွန့်ပစ်အမှိုက်ပုံကြီးလား N0(or) Yes တခုခုရွေးချယ်
သင့်fashion သင်ရှာဖွေပြီးဆို like သို့မဟုတ် share 
ကိုယ်နေဟန်ထားကဘယ်လို ၊ တခါက ကလစ်မိတယ် _အလန်းလွန် အလွန်လန်းသူများဆိုတဲ့ပေ့ကိုရောက်သွား လစ်ခနဲပြန်ခိုးထွက် /  မလုံ့တလုံ့Modelမလေးရဲ့ရင်ဘတ်ပေါ်မှာ   ကျနော့်မျက်လုံးတစ်ဖက်ကျွတ်ကျန်ခဲ့
Search for people,places and things / [………] / ကလစ်တစ်ချက်မှာသေနတ်သံတွေပါလားမလား
What's on your mind ?
ကိုယ့်ဒုက္ခတွေ သူများကို လိုက်Tag ! ယူပေးပါ ကျနော့်အပူတွေ
Notes ထဲမှာ ကဗျာတွေလက်စမသတ်ရသေး
ဝေလေလေနဲ့ ပိုင်စိုးပိုင်နင်းသူများအိမ်ကျော်နင်း
သူတို့ဘယ်လို Notes တွေကိုချက်ပြုတ်မလဲ ကျနော် စိတ်ဝင်စားပြန်တယ်၊
ဆဲခံရပေါ့တစ်ခါ ။လူကြီးလူကောင်းတွေ ဒီနယ်မြေမှာ ဘယ်လို account တစ်ခုယူထားမလဲ
ဟလို _ ဇူကာဘာ့ခ်  ခင်ဗျား မသိချင်ချင်/သိချင်ချင် ကျနော်တော့သိပ်စိတ်ဝင်စားမိသွားပြန်ပြီ

လူငယ်ပီပီ Chat မယ်/ ချစ်မယ်ပဲ၊ ခြစ်မယ် ၊ပစ် မလုပ်ရင်ပြီးရော ကွာ သူငယ်ချင်း
Chat box ထဲရောက်လာတဲ့ စာသားဖွဲ့စည်းပုံမှာအောက်ပါအတိုင်း
[သယ်ချင်းရေ  Photo Contest မှာ ၀င်ပြိုင်ထားလို့ပါ အပန်းမကြီးရင်Like လေးတစ်ချက်နိပ်ပေးပါလား ]
ဇူကာဘာ့ခ် ရေ - ခင်ဗျားနယ်မြေထဲမှာ ကျနော် ရိုးသားစွာပျော်ဝင်ခဲ့ပါပြီ/တစ်နေ့တာဟာအပြစ်တင်ဆဲဆို
ခြေလှမ်းတွေယားကျိကျိဖြစ်နေတယ်၊အရည်ရွှမ်းရွှမ်းထနေတဲ့သွေးပုပ်ပြည်တည်နာတစ်ခုပဲ
                       ရောက်လာတဲ့မတ်ဆေ့ဟာကျနော့်လက်ကိုဖြတ်ပစ်
[ ဟိတ်ကောင် ! မင်းကဗျာတွေက ပေါတောတောတွေ ၊ ကဗျာဆရာဆိုတာ ကလေက၀နဲ့ ကဗျာဆရာအမည်မခံသင့်ဘူး]
ဟုတ်ကဲ့ __ ကျနော် ကြီးကြီးကျယ်ကျယ်ပြောလို့ရရင်ပြောချင်ပါတယ်၊
ခေတ်ကြီးကို/က ထမ်းထားရတာလေးလို့ ကဗျာဆေးလေး ထိုးမိပါတယ် ။
ဒီမြေပေါ်မှာ ကျားဆိုးတွေပေါ/မပေါထက် ကဗျာဆိုးတွေ ပေါ/မပေါကိုကျနော်ကိုယ်တိုင်လည်းရှာဖွေနေပါတယ်
တဆိတ်လောက်  wqdavmu ကူ ညီပါ ဦး ဗျာ unDygOAsm*  ကီးဘုတ်ပေါ်စမ်းစမ်းနဲ့ ကြာလာရင်ချိနဲ့သွားမှာစိုး / စားသောက်/သွား/လာ/စက်ဖွင့် www.facebook.com ကိုရိုက်ထည့်လိုက်  Notifications တွေမှာ သွေးနံ့ရရင်ကမန်းကတမ်း/(က)ယောင်(က)တမ်း/(ကတုန်ကယင်)ခပ်ရဲရဲမကလစ်နိုင် ၊ဖွ/ဖွင့် ချလိုက်ပြန် ၊ဟိုကောင်လေးနဲ့ဟိုကောင်မလေးဟိုဟာဖြစ်တာ သတင်းအချက်အလက်ဖြစ်တဲ့ခေတ် !ဟင် ! [ ဟာ]  ( ဟယ် ) Commentတွေ မထိတ်သာမလန့်သာ ၊
ကလုန်းကောင်တွေဝင်ရေးသွားပြန်ပြီ
သူက အထာနည်းနည်းတော့ကြီးတယ်၊
ယဉ်ကျေးမှုတွေအထောကြီးနဲ့လူသားဆန်ဆန်သတ္တ၀ါများ
Mg Yay Chan is now friends with zuckerberg , clone army and Other people
Zuckerberg ကိုကျေးဇူးတင်ကြောင်း/မတင်ကြောင်းပြောချင်စိတ်ရှိရင်မိတ်ဆွေ like သို့မဟုတ် share ။     ။

 


                                                                                                 မောင်ရေချမ်း

[ ၀န်ခံချက်။    ။ သူငယ်ချင်း/အကို/ ကဗျာဆရာရွှေကိုယ်နတ်(UCSM) ၏ စာသားအား
                     ကဗျာခေါင်းစဉ်အဖြစ် တလေးတစား(ခင်မင်ရင်းနှီးစွာ) ယူငင်သုံးစွဲပါသည်။ ]



Tuesday, April 16, 2013

ခေါင်းစဉ်ကို ရိုးရိုးလေးတပ်လိုက်တယ် မြန်မာပြည် တဲ့

ဒဏ်ရာ ရထားတဲ့ ရထားတစ်စင်းပါပဲ
ပန်းပွင့်တွေ တစ်ပွင့်ချင်းပွင့် ပွင့်လာတယ်
ပန်းနုရောင်တွေ
အပြာနုရောင်တွေ
စိမ်းလန်းသောမြေမှာ ဗုံးခိုကျင်းတွေနဲ့

လေယာဉ်သံတွေဆို ကြောက်တဲ့ကလေးငယ်တွေ

" ကျွန်မယောင်္ကျား ပြန်မလာတာ သုံးနှစ်ရှိပြီ "
" ဘာမှ မဖြစ်ချင်ဘူး လိုချင်တာ ...... "

နေ့စဉ်ထုတ် သတင်းစာတွေ
ကောင်းကင်မှာ ၀ဲပျံနေတဲ့ စုတ်ဖွားဖွားငှက်တွေ
အသံများ ၊ အားလုံးရဲ့ နားမှာ လျှံကျ

" ဖြစ်ချင်ရာ ဖြစ်ကွာ "
" ဆန်တစ်ပြည်ဖိုး မရှိလို့ လူရင်းလိုက်ရတာ ကျွန်မနာမည်ရိုစီ "

ကျန်းမာရေးက မကောင်းဘူး
သတင်းတွေ ဖတ်ပြီး အသက်ရှူမ၀ ။ ။

                                      မောင်ရေချမ်း

Monday, April 15, 2013

တွေဝေဆဲ ကျောက်ရုပ်

ကျည်ဆံတစ်တောင့် ၊ ပန်းတစ်ပွင့်
မျက်ရည်တစ်စက် ၊ အပြာရောင်အင်္ကျီတစ်ထည်
အိပ်...မက်...
ပွင့်........ထွက် ။

သေနတ်တစ်လက်
မြစ်တစ်စင်းရဲ့ပန်းချီကားတစ်ချပ
ဟလို.... မိတ်ဆွေ
သင်.. ဘာတွေကို တွေး/ရွေးမလဲ ။ ။

                               မောင်ရေချမ်း

Sunday, April 14, 2013

ငါ...တို့....အော်သံတွေ...ဟာ လည်ချောင်းဝ မှာတင် တစ်....ဆို့....ပျောက်...ကွယ်


ဘာတွေများ ပြောစရာကျန်သေးလဲ
ဘာတွေများ ပြောနိုင်သေးလဲ

" ငါတို့သည် ဤမှောင်မိုက်သောလောက၏ အုပ်စိုးရှင်များနှင့်လည်းကောင်း
   ကောင်းကင်အရပ်ရှိ နာမ်ဝိညာဉ်ဆိုးများနှင့်လည်းကောင်း
   ဆိုင်ပြိုင်တိုက်လှန်နေကြ၏ "
 ( ဧဖက် ၆း၁၂ )

လှိုင်းလုံးတွေကြား အားလုံးဟာ ဒရွတ်တိုက်မျောပါ
အသားလိုပေမဲ့ အရိုးလောက်ပဲ တောင်းခဲ့ကြတဲ့ ငါတို့
အခုတော့ ပြောစရာတွေ ဘယ်မလဲ
ဘာတွေများ ပြောနိုင်ကြသေးလဲ

နာနာကျင်ကျင် အိပ်မက်တွေပါပဲ/နှင်းဆီတွေ တစ်ပွင့်တစ်ပွင့်လွင့်
လေတွေ တဖျတ်ဖျတ်မြူး
ဘီလူးတွေဟာ လူယောင်ဆောင်ထားတဲ့ကမ္ဘာ
ပေါင်မုန့်တစ်လုံးကို လူ့အသက်တစ်ချောင်းနဲ့လဲနေရတဲ့နေရာတွေ
ကဗျာဆရာတိုင်းဟာ ခေတ်ရဲ့ ယဉ်ကျေးမှု ကောင်းမွေ ဆိုးမွေ
အားလုံးUpdate သိနေတာ ကောင်းမယ်ထင်တယ် (ShweKo NatUcsm)ဆဲချင်ဆိုချင်စိတ်တွေအတွက် အခုလောလောဆယ် အငမ်းမရ
ကျနော် ၀ါးစားပစ်တယ် / သတင်းတွေကို ၀ါးစားပစ်တယ်
ကောလလာလတွေကို ၀ါးပစ်တယ်
ကိုရွှေကိုယ်ရေ... ဒါဟာလဲ တကယ့်ကို Danger ပဲ ။

Thursday, April 11, 2013

မိုးသံ လေသံတွေ ကြားတဲ့အခါ ကျနော်ဟာသမ်းဝေလိုက်တယ်

ခေတ်တွေက စားတယ်/လူတွေက စားတယ်
အကြီးကြီးက အသေးလေးတွေကို စားတယ်
အော်/အေး/ ပြောပါ သူငယ်ချင်း / အေးအေးဆေးဆေး နားအေးပါးအေး
ခင်ဗျားပြောတော့ အာရုံပါပဲဆို ! ( @ # & ! )
ခပ်ဝေးဝေးသာ လွင့်ပစ်/၀ဲပစ်စမ်းပါ
ဒါနဲ့များတောင် ဂေါ်ချင်နေသေးတယ်
ကျနော်ကတော့ ပြောမှာပဲ
ဟိုလူဂျီးတွေ မကောင်းတဲ့အကြောင်း
ဟိုပစ္စည်း ဒီပစ္စည်းတွေ သုံးတဲ့အကြောင်း
ဟိုကောင်မလေး ဟိုလိုလို ဒီလိုလို ဖလန်းဖလန်းတတ်တဲ့အကြောင်း
ပြောတော့လည်း ပြောတာပါပဲ တရုတ်ပစ္စည်းတွေ ကျနော်မသုံးတဲ့အကြောင်း
ဟိတ်လူ..... ခင်ဗျားတစ်ယောက်တည်း ခပ်ပေါပေါဖြစ်နေတဲ့အကြောင်း
ဟိုဟာကို ဒီလို ဟိုလို ဒီလိုလုပ် ...
ခင်ဗျားအော်လိုက်တဲ့ ပါးစပ်ပေါက်လေးမှာ ဒီ .. ဒီ ..ဒီ ဆိုတဲ့စာလုံးတွေအနံ့ပျင်းနေတဲ့အကြောင်း
တကယ်ပါပဲ ။  တော်တော်တော့ ရယ်စရာပဲ
ကျနော်တို့ အားလုံးဟာ မနက်မနက် ရောက်လာမယ့်သတင်းစာတွေကို ငြင်းငွေ့တဲ့အကြောင်း
ခင်ဗျား စိတ်ပါရင် facebook ဆိုတဲ့အရှုပ်ပုံကြီးပုံ တက်ဆဲလို့ရတဲ့အကြောင်း
ပေါက်ကရ အဖြစ်အပျက်တွေ ပေါက်လွှတ်ဗလပွာ/ပေါက်ပေါက်ဖောက်သလို
ဖြစ်မှဖြစ်ရလေတယ်
ဒါနဲ့..မေးရဦးမယ် ခင်ဗျားမျက်မှန်လေး ဘယ်ဈေးပေးဝယ်ခဲ့ရလဲ
ကျနော် ကတော့ ပြောပြီးပြီပဲ 
ခင်ဗျားတစ်ယောက်တည်း ခပ်ရှုပ်ရှုပ်ဖြစ်နေတဲ့အကြောင်း  ။        ။

                                                                 မောင်ရေချမ်း

Sunday, April 7, 2013

ကဗျာဆရာတွေ


တစ်ယောက်နဲ့တစ်ယောက်
နာကျင်မှုအတူတူနဲ့ ခေတ်ကိုရဲရင့်စွာဆဲပစ်ခဲ့ကြပြီပ
တခြား ဘာမှမလိုဘူး
ငါတို့ဟာ ကဗျာပန်းပွင့်ထဲကနေ
မွေးဖွားခဲ့ကြတဲ့ ၀တ်မှုန်နုနုတွေ ။ ။

                         မောင်ရေချမ်း
                       ( 27/3/2013 )

Friday, April 5, 2013

စိမ်းစိမ်းလန်းလန်း ပျော်ပျော်ရွှင်ရွှင် ကမ္ဘာ

ကိုယ်ဟာ စစ်ပွဲတွေ သတင်းကြားရင်
သမ်းဝေနေတတ်တယ် ။


ဖြစ်နိုင်မယ်ဆိုရင်
တစ်ယောက်ကိုတစ်ယောက်
စကားလုံးတွေနဲ့တောင်မပစ်ပေါက်ကြေး

စိတ်ရိုင်းတွေဝင်လာတဲ့အခါတော့
ပန်းနဲ့ပေါက်တိုင်းပဲ ကစားကြတာပေါ့ ။


                                  မောင်ရေချမ်း