Saturday, April 19, 2014

သူငယ်ချင်းကဗျာဆရာ အလည်လာခြင်း



ကိုယ့်သူငယ်ချင်း ကဗျာဆရာရယ်
ခင်ဗျားကတော့ ချေဂွေဗားရားရုပ်ပုံနဲ့အင်္ကျီဆိုလွှတ်ကြိုက်တာပဲ
ကိုယ်ကတော့ ဖြစ်နိုင်ရင် တိမ်တွေကိုခူးပြီးနှင်းဆီပွင့်တွေပေါ်ပုံထားချင်တာ

ရိုးရိုးရှင်းရှင်းပဲ တွေးခေါ်နိုင်စွမ်းရှိပါတယ်
" မှန်သောအရာဟာ သစ္စာပေါ့ကွာ" တဲ့
ခင်ဗျားက အဲလိုပြောတယ်
အိုကေပါ ... ကဗျာဆရာရဲ့
အခုလောလောဆယ်တော့
ပိုက်ဆံမရှင်းရသေးဘဲ ဖွာလိုက်တဲ့စီးကရက်တောင့်တွေဟာ ကိုယ်တို့ဖြစ်ခဲ့ပါတယ်

ဖြစ်နိုင်ရင်ပေါ့
ကမ္ဘာရဲ့အစမှာ
စံပယ်ပွင့်လေးများ ဘယ်လိုထွန်းကားခဲ့ကြောင်းပြောပြခဲ့ပါ

ကဗျာဆရာရေ ... ကဗျာဆရာ
ခင်ဗျားအိမ်မပြန်ခင်
ကိုယ့်ရင်ဘတ်ထဲက မေတ္တာကို ကဗျာဖွဲ့ခဲ့ပါ
နှောင်းလူတို့ အပျင်းပြေရယ်မောဖို့ပါ ။ ။

                                      မောင်ရေချမ်း