Wednesday, July 9, 2014

အာမခံချက် (၂)



ကမ္ဘာကြီးထဲကို ပြန်ဆွဲထည့်မယ်တဲ့
သူတို့က ငါတို့ကို ခဏခဏ ပါးစပ်နဲ့ဖူးဖူးမှုတ်ထားတော့
ငါတို့မျက်နှာတွေလည်း တံထွေးစင်ပေါင်းများခဲ့ရပေါ့ ။ ။


                                            မောင်ရေချမ်း
                                             ၂၇ ဇွန် ၂၀၁၄

ပျော်စရာ ရွှင်စရာ မြို့တော်၏ မိုးရာသီကာလ


(၁)
ထိုမြို့တော်၏ အမည်နာမကို “ရေပေါ်မြို့” ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်တော့မည်ဖြစ်ကြောင်း သတင်းစာများ၊
ရုပ်မြင်သံကြားလိုင်းများ၊ ရေဒီယိုများမှတစ်ဆင့် “အထူးသတင်းတစ်ရပ်” အနေဖြင့် ကြေညာသွားသည်။
မြို့သူမြို့သားများ
အလွန်တရာပျော်ရွှင်ကြသဖြင့် တချို့ခုန်ပေါက်ကြ၏။
တချို့က လမ်းပေါ်ထွက်၍ပင် ပြေးလွှားပျော်မြူးကြသေးသည်။ သို့သော် လမ်းပေါ်ထွက်သော်လည်း ခြေထောက်နှင့်မြေကြီးသည် တိုက်ရိုက်ထိတွေ့ခွင့် မရချေ။ အဘယ်ကြောင့်ဆိုသော် ခြေထောက်နှင့်မြေကြီးကြားဝယ် ရေလွှာက ခြားထားသောကြောင့်ပင်တည်း။
လမ်းများ၊ လမ်းများတွင် ရေများပြည့်လျှံနေပါသည်။
(၂)
ရုပ်မြင်သံကြားမှ သတင်းကြေညာသူ မိန်းမပျိုလေးသည်
သတင်းကြေညာနေစဉ်မှာပင် လက်ထဲမှ စာရွက်ပြုတ်ကျသွား၍ ပြန်ကောက်လိုက်ရသည်။
သူ့လက်ထဲပါလာသော စာရွက်သည် ရေစက်လက်ဖြင့် ရွှဲနစ်အိစိုနေလျက်။
ပြီးနောက် ထိုမိန်းမပျိုလေးမှ “ဟီး” ခနဲ တစ်ချက်ရယ်၍ တစ်ဆက်တည်းမှာပင် သူမတို့ အသံလွှင့်ရုံအတွင်းတွင်လည်း ရေများဝင်လျက်ရှိကြောင်း မဆီမဆိုင် ယောင်ယမ်း၍ ထည့်သွင်းကြေညာသွားသေးသည်။ သူမကို ကင်မရာမှ တစ်ကိုယ်လုံးပေါ်အောင် ရိုက်ပြတော့ ဒူးခေါင်းကျော်အထိ ရေထဲတွင်မြုပ်လျက်သားရှိနေသည်ကို သနားစဖွယ်တွေ့ရ၏။ သူမကတော့ ရှက်စနိုးဟန်ပန်ကလေးဖြင့်
“ခစ်” ခနဲ တစ်ချက်ရယ်သည်။ ရုပ်မြင်သံကြား သတင်းကြည့်နေသူများကတော့ “ဝါး” ခနဲ ရယ်မောလိုက်ကြသည်။ ထိုသို့ ရယ်မောရှုစားနေစဉ်မှာပင် တီဗွီဖန်သားပြင်သည် မည်းမှောင်သွားလေ၏။
မီးပျက်သွားခြင်းဖြစ်သည်။ မိုးရွာသည်။ မိုးရွာသဖြင့် ရေများလျှံသည်။ ရေများလျှံသောကြောင့်
မီးပျက်သည်။ ဆိုင်လား၊ မဆိုင်လားတော့ မသိပါ။ မီးပျက်သွားသည်ကတော့ သေချာလွန်းပါသည်။
အမှောင်ထဲဝယ် ဟိုမှ၊ သည်မှ ဆဲသံ၊ ဆိုသံ ကလေးငိုသံများ စူးစူးရှရှ ထွက်ပေါ်လာ၏။
“ဟဲ့….ဒီမသာလေးကလည်း မီးပျက်ပါပြီဆို၊ မှောင်ကြီးမည်းကြီးထဲ
ဖေ့စ်ဘွတ်ခ်
ထိုင်သုံးနေသေးတယ်”
အမှောင်ထဲတွင်
ဖေ့စ်ဘွတ်ခ်သုံးနေသော ကောင်လေးတစ်ယောက်ကို သူ့အမေ၏ ဆူသံ။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှလည်း အားကျမခံဖြင့် ဆိုင်ရှင်ဖြစ်သူမှ ထအော် ၏။
“ဘောလုံးပွဲကြည့်မယ့် ပရိသတ်တွေကို တောင်းပန်ပါတယ်ဗျို့။ မီးစက်ထဲ ရေတွေ ဝင်ကုန်လို့ မီးစက်မောင်းလို့ မရတော့ပါဘူးခင်ဗျာ”
ဘောလုံးပွဲကြည့်ရန် အားခဲထားသူများ၏ ဆဲသံ၊ ဆိုသံများ စီခနဲ ထွက် လာပြန်သည်။
(၃)
ထို့အပြင် မြို့သူမြို့သားများမှာ ထိတ်လန့်နေရသေးသည်။ နေ့စဉ်ထုတ် သတင်းစာများတွင် သတင်းထူးထူးခြားခြား၊ ပြောစကား ထူးထူးခြားခြားများ ပါလာမလားဆိုသည့်အတွေးဖြင့် စောင့်မျှော်ဖတ်သူတချို့ကလည်း ဖတ်ကြသည်။ အင်မတန်Óဏ်အမြော်အမြင်ကြီးလှသော ဝန်ကြီးတစ်ဦးဦးမှ ယခုလျှံနေသော ရေများကို နွေရာသီသုံးစွဲရန် လှောင်ထားသင့်ကြောင်း ပြောဆိုလိမ့်မည်ဟု ထင် ကြေးပေး၍လည်း မြို့သူမြို့သားတို့က ပြောဆိုနေကြပြန်သည်။
မြို့တော်စည်ပင်သာယာရေးအဖွဲ့ကမူ ယခုကဲ့သို့ ရေကြီးရသည်မှာ ရေနုတ် မြောင်းများ ပိတ်ဆို့နေသောကြောင့် မဟုတ်ကြောင်း၊ ၄င်းတို့တွင် တာဝန်မရှိ ကြောင်း ထုတ်ပြန်ကြေညာ၏။ ထိုအဖွဲ့၏ တာဝန်ရှိသူ ဉာဏ်ပညာရှိ ပုဂ္ဂိုလ် တစ်ဦးကမူ ယခုကဲ့သို့ မြို့တော်အတွင်း ရေများလျှံပြည့်နေခြင်းကြောင့် မြို့တော် ၏အလှမှာ တစ်မျိုးတစ်ဖုံပင် တိုးသွားကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များကိုပင် ယခင်ထက် ပိုမိုဆွဲဆောင်နိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်နေပါကြောင်း စသည်ဖြင့် စပ်ဖြဲဖြဲမျက်နှာကြီးနှင့် ပြောဆိုသွားသည်ကို ရုပ်မြင်သံကြား အင်တာ ဗျူးတစ်ခုတွင် မြို့သူ၊ မြို့သားတို့ ကြည့်ရှုလိုက်ရပြန်၏။
မြို့တော်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များ၊ ဘတ်စ်ကား များကို ဖျက်သိမ်းလိုက်၏။ ပြီးနောက် မော်တော်ယာဉ်လိုင်းပေါင်းစုံနေရာတွင် မြို့တော်အတွင်း ခရီးသည်တင်လှေအဖွဲ့(ယာယီ)ဟူ၍ ဖွဲ့စည်းလိုက်သည်။
မြို့သူ၊ မြို့သားတို့ ပျော်ရွှင်ရပြန်၏။
မနက်မိုးလင်းချိန်ဆိုလျှင် လှေကလေးများဖြင့် ရုံးသွား၊ ရုံးတက်နေကြသောမြို့သူမြို့သားများကို
မြို့တော်အတွင်း တွေ့မြင်နိုင်ပါသည်။တချို့တတ်နိုင်သူများက ကိုယ်ပိုင်လှေငယ်ကလေးများ ဝယ်စီးကြ၏။ ကျူရှင်ဆရာလည်းဖြစ်၊ စာရေးဆရာများလည်းဖြစ်ကြသော မောင်နှင်းပန်း၊ နိုင်မြင့်၊
မင်းဝေဟင် စသူတို့ကို မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ စသည့်မြို့နယ်များတွင် လှေကလေးများစီး၍ တစ်နေကုန် စာပတ်သင်လျက်ရှိသည်ကို တွေ့မြင်နိုင်သည်။
သူတို့ထဲတွင် ရေကြီးရာ၌ အဆိုးဆုံးဖြစ်သော တာမွေမြို့နယ်တွင် နေထိုင်သည့် စာရေးဆရာ ညီငယ်လေးမှာမူ
ပို၍ တမူထူးခြား၏။
သူ့ခမျာ လှေစီးရသည်ကို စိတ်မရှည်သည်ရော၊ လှေစီးခပေးရမည်ကို နှမျောသည်ရောကြောင့် သူ့ရုံးခန်းရှိရာ ၅၂ လမ်းရှိ ပဲ့တင်သံဂျာနယ်တိုက်သို့ တာမွေအဝိုင်းမှရေကူး၍ပင် သွားလေသည်။ ထို့ကြောင့် မနက်စောစော
တာမွေမှ ပုဇွန်တောင်တစ်လျှောက် အပေါ်ပိုင်းဗလာကျင်း၊ အောက်ပိုင်း ဘောင်းဘီတိုကလေးဖြင့် ဦးထုပ်ဆောင်းလျက် နေကာမျက်မှန်တပ်ကာ အားကြိုးမာန်တက် ရေကူးနေသူတစ်ဦးကို တွေ့မြင်ကြရပေမည်။ ထိုသူသည်ကား
ပဲ့တင်သံဂျာနယ် အယ်ဒီတာတစ်ဦးဖြစ်သော စာရေးဆရာ
ညီငယ်လေးပင်တည်း။ ပြောလိုသည်မှာမြို့တော်တွင်း ရေကြီးမှုကြောင့် မြို့သူမြို့သားများပျော်ရွှင်နေကြောင်းပင်။
တချို့ကုမ္ပဏီဝန်ထမ်းများ၊ ဆင်ခြေဖုံးမြို့နယ်အသီးသီးမှ ရုံးတက်ရသော ဝန်ထမ်းများလည်း ပျော်ကြရသည်။
ရုံးတက်ချိန်တွင် ရေကြီးရေလျှံ သောကြောင့်လည်းကောင်း၊ လှေအစီးအရေအတွက်
မလောက်၍လည်းကောင်း ရုံးနောက်ကျ ကြလေသည်။
အိမ်မှ ယခင်ထွက်ချိန်အတိုင်း ထွက်ခဲ့ကြသော်လည်းလှေပေါ်တွင် သုံးလေးနာရီကြာကာ ရုံးသို့ရောက်သော်
ထမင်းစားချိန်မှာပင်ရောက်နေလေပြီ။ တချို့သည်ကား စိတ်မရှည်၍ လမ်းတစ်ဝက်မှ လှည့်ပြန်ကြသည်။ တချို့စည်းကမ်းတင်းကျပ်သော လုပ်ငန်းရှင်များက ဝန်ထမ်းများကို
ရုံးမလာ၍လည်းကောင်း၊ ရုံးတက်ချိန်နောက်ကျ၍လည်းကောင်း ဒဏ်ကြေးငွေဖြတ်တောက်ပြန်သည်။ ထိုထိုသောအကြောင်းများကို တချို့ကလည်း ဝမ်းသာအားရ ပျော်ရွှင်လှစွာဖြင့်
လူမှုကွန်ရက်
ဝက်ဆိုက်ဒ်များပေါ်တွင် ခံစားချက်စာစုလေးများ ရေးသား၍တင်ကြ၏။ ယင်းတို့အနက်
တစ်ခုတလေကို ထုတ်နုတ်တင်ပြရသော်
“ဒီနေ့ အလုပ်မသွားရဘူး။ ပျော်တယ်…ပျော်တယ်။ ဒချိ…ဒချိ” ဟူ၍ လည်းကောင်း၊
“တစ်သက်နဲ့တစ်ကိုယ်
ဒီတစ်ခါပဲ
ဘတ်စ်ကား….(အဲ)
မဟုတ်ဘူး။ ဘတ်စ်လှေပေါ့။
စီးရတာ ဒီတစ်ခါအတန်ဆုံးပဲ။ ခါတိုင်း မိနစ်လေးဆယ် စီးရတဲ့ခရီးကို
အခု လေးနာရီလောက်
စီးရတယ်…ဟိ…ဟိ” ဟူ၍ လည်းကောင်း ဖြစ်ပေတော့သည်။
ဤသို့လျှင်“ရေပေါ်မြို့တော်”ဝယ်မြို့သူ၊ မြို့သားတို့ပျော်ချင်တိုင်းပျော်နေကြလေသတည်း။  

                                                                                                           မောင်ရေချမ်း
                                                                                              June 25 / 2014