Friday, November 29, 2013

ဂေါက်သီး ကစားသမားများ

ခေါင်းပေါင်းစကို သပ်ချလိုက်ပုံက တိုက်ဂါးဝုဒ်အင်္ကျီကို ပင့်တင်လိုက်သလိုပေါ့
ဟန်ပန် ဒီဇိုင်းကတော့ အမေရိကန်ဂေါက်အကျော်အမော် ဖီးလ်မိုက်ကယ်ဆင်လိုလို
ပြီးတော့ ဘာလိုလို ညာလိုလိုပေါ့
ဂေါက်သီးကို ချိန်ဆနေပြန်တော့ ကမ္ဘာကြီးကို ချိန်ဆနေတဲ့အထာနဲ့လေ
ရေရေလည်လည် လန်းပြီး ပိုးစိုးပက်စက် ဂေါ်တယ်

ဒါပေမဲ့
တစ်နေကုန် မနေမနား ကြိုးစားပမ်းစား ကစားခဲ့တာ
ဂေါက်သီးဟာ ကျင်းဝင်ဖို့မပြောနဲ့ ကျင်းနှုတ်ခမ်းဝကိုတောင် မနမ်းခဲ့ရရှာ။ ။

                                                       မောင်ရေချမ်း

Wednesday, November 27, 2013

ကြယ်တွေ ... ကြယ်တွေ .. ၊ သူတို့ဟာ သတ္တိရှိတဲ့ကြယ်တွေ !


သတ္တိရှိတဲ့ကြယ်တွေဆိုတာ သူတို့ရင်ထဲကအသံကို ကျယ်ကျယ်လောင်လောင်ပဲအော်တတ်တယ်

သတ္တိရှိတဲ့ကြယ်တွေဆိုတာ အမှန်တရားအတွက်
ကောင်းကင်မှာ သူတို့ ကိုယ်သူတို့ ဖြန့်ကြဲစိုက်ပျိုးထားတာ
သတ္တိရှိတဲ့ ကြယ်တွေအတွက် အားပေးနေတဲ့လက်ခုပ်သံတွေရှိတယ်

သတ္တိရှိတဲ့ ကြယ်တွေဟာ မကြောက်တရားတွေအပြည့်နဲ့
သတ္တိရှိတဲ့ ကြယ်တွေဟာ လက်သီးမဆုပ်ဘူး ၊ လက်နက်မကိုင်ဘူး
သတ္တိရှိတဲ့ ကြယ်တွေဟာ အကြမ်းမဖက်တဲ့ ငြိမ်းချမ်းမှုနဲ့
သတ္တိရှိတဲ့ ကြယ်တွေဟာ ကောင်းကင်ကိုထုဆစ်လင်းတောက်ကြဦးမှာ

သတ္တိရှိတဲ့ ကြယ်တွေကို ချုပ်နှောင်ထားသော်လည်း
အလင်းဟာ ပိုပိုချွန်မြလာ ။ ။

                                                                  မောင်ရေချမ်း

Monday, November 25, 2013

ကိုယ့်ကို ခပ်တည်တည်နဲ့ ခပ်ခပ်သောက်သွားတဲ့ သောကြာတွေ !

သောကြာရောက်ပြီဆို ကိုယ်ဟာ လေလေးတချွန်ချွန်နဲ့ပေါ့
တစ်ခါတလေများ အစအဆုံးမရတဲ့ သီချင်းလေးများတောင် ဆိုလို့လေ
သောကြာဟာ ဘာလို့ အရမ်းချစ်ဖွယ်ကောင်းလွန်းခဲ့လဲ ကိုယ်တကယ်မသိခဲ့ဘူး
သောကြာဟာ ဆံပင်အရှည်ထားရင် ဒေါတင်းတတ်သေးတယ် ၊ မကြာခဏဆံပင်ညှပ်ဖို့ပြောတတ်ရဲ့
ဆိတ်ဆွဲတတ်တဲ့ လက်သည်းချွန်ချွန်လေးတွေနဲ့ သောကြာပေါ့
စိတ်မရှည်ရင် မျက်စောင်းနုနုလေးတွေ လှစ်ခနဲပေးတတ်တဲ့သောကြာပေါ့
ဆံနွယ်တွေကို စည်းနှောင်မထားတဲ့အခါ ကပိုကယိုအလှတွေနဲ့သောကြာပေါ့
အဲဒီ့သောကြာပေါ့ ... ကိုယ့်အိပ်မက်တွေကို ခပ်ခပ်သောက်သွားတာ
သောကြာဟာ တစ်ခါတစ်ခါ အဖြူရောင်အင်္ကျီမှာ စီးကွန့်လှလှလေးတွေနဲ့
သောကြာဟာ တစ်ခါတစ်ခါ ခေါင်းလျှော်ပြီးစ သင်းပျံ့ပျံ့မွှေးရနံ့လေးနဲ့
သောကြာကို သိပ်ချစ်တာပဲလို့ ကိုယ်ဟာ စာရွက်တွေပေါ်မှာ မကြာခဏရေးနေမိတယ်
တကယ်ပါပဲ .. အဲဒီ့သောကြာပေါ့
ကိုယ့်အိပ်မက်တွေကို ခပ်တည်တည်နဲ့ ခပ်ခပ်သောက်နေတာလေ
သောကြာမှာ ပါးပြင်နုနုလေးကို မွှေးတဲ့အခါ ရှက်ဝါးဝါးလေးပြုံးတယ်
သောကြာမှာ လက်ချောင်းလှလှလေးတွေကို ဆုပ်ကိုင်တဲ့အခါ ဆတ်ခနဲ ဆတ်ခနဲပြန်ရုန်းတယ်
သောကြာမှာ ချစ်တယ် ပြောတဲ့အခါ ခေါင်းငုံ့ပြီး စူပုတ်နေတတ်သေးတယ်
သိပ်ကို ဣနြေ္ဒကြီးလှတဲ့ သောကြာပေါ့
သောကြာဟာ အလှူအိမ်မှာ ဖိနပ်ပျောက်သလို တစ်ခါတစ်ခါတော့ခံရခက်လှတယ်
ဘာပဲဖြစ်ဖြစ်
စက်ဘီးအစုတ်လေးကို နှစ်ယောက်အတူစီးရင်
စာအုပ်တစ်အုပ်ကို နှစ်ယောက်အတူ လုဖတ်ရင်း
တစ်ယောက်ကို တစ်ယောက်အပြန်အလှန်စိတ်ကောက်တမ်းကစားရင်းပေါ့
သောကြာဟာ သောကြာသိပ်ပီသလွန်းခဲ့ပါတယ်။ ။

                                                                မောင်ရေချမ်း

Sunday, November 24, 2013

နံရံကို ပြေးပြေးဆောင့်ချင်တဲ့စိတ်နဲ့ လူငယ်ညနေတွေ !

မြင်မြင်ရာကို အချဉ်ပေါက်နေတဲ့စိတ်မှာ
စိတ်လွတ်ကိုယ်လွတ် အထာကျနေတဲ့သံသယတွေနဲ့
ဖျတ်ဖျတ်ကို လူးနေတဲ့အသက်ရှူသံတွေ
ဖြတ်သန်းနေရတဲ့နေ့စွဲစုတ်စုတ်တွေကို
တတ်နိုင်သမျှ အဆုတ်ထဲရှူသွင်းမိတော့ ချောင်းဆိုး၊ရင်ကျပ်ဖြစ်ရ ခဏခဏ
ပုပ်သိုးသွားတဲ့ ဖြစ်စဉ်တွေထဲမှာ
ငါတို့ဟာ ပေါက်လွှတ်ပဲစား အော်ကြောလန်ကောင်စားတွေပေါ့
ငါတို့ဟာ လူငယ်တွေပီပီ အလန်းဇယားဆိုလည်း အလန်းဇယားမှ
အကြမ်းစားဆိုလည်း အကြမ်းစားမှ ကြိုက်တယ်
ခိခိ ခွိခွိ အသံတိတ်ကြိတ်ရယ်ရတဲ့ ဟာသစုတ်စုတ်တွေ သိပ်စိတ်နာစရာပဲ
ရိုးရိုးရှင်းရှင်းပဲ ရော့(ခ်)သီချင်းကြမ်းကြမ်းတွေကို ခုန်ပေါက်ဆို
ရိုးရိုးရှင်းရှင်းပဲ သတင်းစာတွေ စိတ်ပျက်လက်ပျက် လှန်လှောဖတ်
ရိုးရိုးရှင်းရှင်းပဲ ရိုးသားသမျှကို ရှင်းလင်းသုတ်သင်ပစ်ချင်လာတယ်
တကယ်တော့ ဘ၀ဆိုတာ ဘာမှမဟုတ်ခဲ့ပါ
အဖျက်ခံလိုက်ရတဲ့ ကျူးကျော်အိမ်တွေလိုပေါ့
အလိုမတူဘဲ မီးညှိုခံလိုက်ရတဲ့စီးကရက်အတောင့်တွေလိုပေါ့
လူယုတ်မာတွေများတဲ့ကမ္ဘာထဲ ပျော်သလို နေတတ်ခဲ့ပြီပဲ
ငါတို့ဟာ ရေကြမ်းလေကြမ်းအောက်မှာ ဗရမ်းဗတာစီးချင်သလိုစီးနေကြတဲ့
စမ်းချောင်း အပွန်းအပဲ့ လှလှလေးတွေ
အနီရောင် အစင်းကြောင်းတွေနဲ့ လူငယ်နေ့စွဲတွေ
ကောင်းကင်ကို ထိုးခွဲဖို့ ဆံပင်တွေကို မိုးအထိအောင်ထောင်ထားတဲ့ကောင်စားတွေလေ
တဂီးဂီးအော်နေတဲ့ ကဗျာတွေနဲ့
တ၀ီဝီမြည်နေတဲ့ ထိလွယ်ရှလွယ် နာကျင်အရည်ပြားပေါ်မှာ ယုံကြည်ရာကိုတက်တူးထိုးခဲ့ကြ
ပုပ်ပွနေတဲ့ ငါးတစ်ကောင်ကို ကင်စားနေရသလိုပါပဲ
အော်ဂလီဆန်ဖွယ် နေ့စွဲများစွာထဲ
ငါတို့လူငယ်ဘ၀တွေ တဖြည်းဖြည်း အိုမင်းရင့်ရော်လာ ။ ။
                                                         မောင်ရေချမ်း

အမှားများတဲ့ ကမ္ဘာ


ပျော်သလို နေထိုင်ခဲ့ကြပါတယ်
ငါတို့ဟာ ပေါက်လွှတ်ပဲစား ယုံလွယ်သူဈေးသည်တွေပါ
အချိန်တွေကို ဈေးဗန်းထဲထည့်ရောင်းခဲ့တယ်
အနာဂတ်တွေကို ဈေးဗန်းထဲထည့်ရောင်းခဲ့တယ်
နောက်ဆုံး ကိုယ့်ဘ၀ကိုယ် ဈေးဗန်းထဲထည့်ရောင်းခဲ့ကြပေါ့
အချိန်တွေ သိုးလာတယ်
အနာဂတ်တွေ အက်လာတယ်
ဈေးပေါင်ကျိုးချိန်မှာတော့
တကယ်ကို သေချာခဲ့ပေါ့
ဒီကမ္ဘာမှာ ရင်းသလောက် ပြန်မမြတ်ခဲ့ဘူးဆိုတာ ။ ။

                                          မောင်ရေချမ်း

Wednesday, November 20, 2013

ငါတို့ဟာ လူငယ် ၊ ပြီးတော့ ကြီးကြီးကျယ်ကျယ် ကြယ်တွေ !


လူငယ်တွေဆိုတော့ နည်းနည်းတော့ ငန်တယ်
ဘာပဲဖြစ်ဖြစ်
တရားဆိုလည်း တရား
ဓားဆိုလည်း ဓား ၊
တစ်ခုခုတော့ ကျစ်ကျစ်ပါအောင်ဆုပ်ထားကြသူတွေချည်း
ခေတ်နဲ့ ဓာတ်မတည့်ဘူးဆိုပေမယ့် ဆွဲစရာရှိဆွဲသလို ရဲစရာရှိရင်လည်းရဲခဲ့ကြတယ်
ကြီးကြီးကျယ်ကျယ်စကားတွေ မပြောခဲ့ပေမယ့်
ကြီးကြီးကျယ်ကျယ်ကြယ်တွေဟာ ငါတို့ပါပဲ
ထစ် နေတဲ့စီဒီဆိုရင် ကျော်ကိုမကြည့်ချင်
စက်ထဲကနေ ဗြုတ်ခနဲဆွဲထုတ် ဖြောင်းခနဲနေအောင်ထိုးခွဲပစ်ချင်ကြသူတွေ
စိတ်မလိုရင် မိုးရေတွေကိုတောင် ကျိုးကြေသွားအောင် ချိုးချေပစ်ကြသူတွေ
ပုံပြင်ဟောင်းတွေကိုလည်း မကြားချင်
ကောင်းကင်ကိုလည်း အင်္ကျီအသစ်နဲ့ လှစေချင်သူတွေလေ
တက်ကြွခဲ့ကြပါတယ် ၊ ဒါပေမဲ့ ဘယ်တုန်းကမှတော့ စောင်းမထခဲ့
ငါတို့ရှေ့က ဂုဏ်ပြုအပ်တဲ့ကြယ်တွေကို တခုတ်တရဦးညွှတ်ခဲ့သလို
ဘာဘာညာညာ ကလေးအထာနဲ့လူကြီးတွေဆိုရင် တောက် ချပစ်ချင်
သူရဲကောင်းတွေရဲ့နာမည်ကိုတော့ ဂုဏ်ပြုပြီးသီချင်းမှန်မှန်ဆိုခဲ့ကြတယ်
အဓမ္မကို ဆွမ်းကြီးဝိုင်းလောင်းဖို့ဝန်မလေးခဲ့သလို
အမှန်တရားကိုလည်း လက်ခုပ်တီးပြီးအားပေးခဲ့ကြတယ်
ဘယ်တော့ဖြစ်ဖြစ် ကိုယ့်ဂီတာကိုယ်တီး ၊ ကိုယ့်သီချင်းကိုယ်ဆိုပြီးပျော်ခဲ့ကြပေါ့
ခုနစ်အသေတွေကို ဆွဲဖွင့်လို့ ကမ္ဘာကြီးထဲရွက်လွင့်ဖို့ ငါတို့ လာခဲ့ကြပါတယ်
ပြီးရင် ကြယ်တွေပေါ်မှာ ငါတို့နာမည် အသန့်ရှင်းဆုံးထုထွင်းစိုက်ပျိုး ။ ။

                                                                မောင်ရေချမ်း

Saturday, November 16, 2013

မြို့စွန်ရပ်ကွက်


အဲဒီ့ရပ်ကွက်မှာ
စီးကရက်ကိုခဲပြီး တစ်ကမ္ဘာလုံးကို ဟန်ပါပါနဲ့ခါးထောက်ကြည့်နေတဲ့လူငယ်တွေရှိတယ်
အဲဒီ့ရပ်ကွက်မှာ
မနက်မနက်ဆို အပျင်းပြေစစ်ပွဲကို အပျော်တမ်းကစားလို့
ည ည ဆို ကြယ်တွေကို ဗန်ဒါသီးထုသလို ထု အတွင်းသားကိုဖြဲလို့
အဲဒီ့ရပ်ကွက်မှာ
ထင်ပေါ်သူ တစ်ယောက်မှ မရှိပါ
ခေတ်ပေါ် ဆန္ဒပြမှုတွေ မရှိပါ
သွေးထွက်သံယိုနှိမ်နင်းမှုတွေလည်း မရှိခဲ့ပါ
အဲဒီ့ရပ်ကွက်ဟာ
မနက်ခင်းဆို ထမင်းချိုင့်ဆွဲပြီးအလုပ်သွားတယ
အဲဒီ့ရပ်ကွက်ဟာ
မနက်ခင်းဆို ကပိုကယိုထပြီး သတင်းစာဖတ်တယ်
အဲဒီ့ရပ်ကွက်ဟာ
စစ်ပွဲသတင်းတွေပါတဲ့ စာစောင်ဆိုအီကြာကွေးထုပ်ပစ်တယ်
အဲဒီ့ရပ်ကွက်ဟာ
ဘောလုံးပွဲတွေဆိုလည်း လှိုက်လှိုက်လှဲလှဲအားပေးသလို
ဟိုအမှောင် ဒီအမှောင်ထဲ ကော်ရှူတဲ့ချာတိတ်တွေကိုလည်းဝမ်းဗိုက်ထဲထည့်ထားရဲ့
အဲဒီ့ရပ်ကွက်ဟာ
ပွဲတော်ရက်တွေဆို DJ သီချင်းခပ်မြူးမြူးနဲ့ ခုန်ပေါက်လို့ ငြိမ့်နေတတ်သေးတယ်
အဲဒီ့ရပ်ကွက်ဟာ
စာမရတဲ့ကျောင်းသားကို ကြိုးစားပမ်းစားမွေးထားသလို
လေလွင့်နေတဲ့မိဘတွေကိုလည်း ငေးကြည့်လား ၊ ငေးကြည့်ရဲ့လေ
အဲဒီ့ရပ်ကွက်မှာ
ခပ်ကျယ်ကျယ်နဲ့ ရယ်နေတဲ့အသံတွေရှိသလို
အသံတိတ် ကြိတ်ငိုနေတဲ့သူတွေလည်း ရှိတယ်
အဲဒီ့ရပ်ကွက်မှာ
ခေတ်အကြောင်းပြောရင်း မောသူတွေအပန်းဖြေဖို့ဘီယာဆိုင်တွေအများကြီးရှိသလို
နောက်ပြန်လည်နေတဲ့နာရီတွေကို ပတ်ထားတဲ့လူတချို့လည်းရှိတယ်
အခုတော့....အဲဒီ့ရပ်ကွက်ဟာ
ရူးသလို ပေါသလိုလုပ်ပြီး ကိုယ့်နာမည်ကိုယ်မေ့နေပြန်တယ်
ပြီးတော့...အသံနက်ကြီးနဲ့ ဘယ်သူ့ကိုမှန်းမသိ ဆဲနေပြန်ရော ။ ။

                                                        မောင်ရေချမ်း

အမှောင်ခါးခါး


နည်းပြပြောင်းပြီးနောက် ငါတို့အသင်း

တစ်ယောက်မကောင်း
တစ်ယောက်ပြောင်းခဲ့ပေမယ့်
နောက်ဆုံးမှာ ရှုံးပွဲတွေချည်း တွေ့ခဲ့ပေါ့
ပြောင်မြောက်တဲ့ ဂိုးများလည်း မရခဲ့ပါ
လက်ခုပ်သံများလည်း မရခဲ့ပါ
ဆုဖလားလည်း မရခဲ့ပါ
ရခဲ့တာက တောက်ခေါက်သံများ
ရခဲ့တာက နာကျင်ဖွယ်မိနစ်များ
ရခဲ့တာက အမှန်တရားနဲ့ဝေးတဲ့ဂိုးပျောက်ခြင်းများ
ဘယ်တော့ဖြစ်ဖြစ် လေမလျှော့မသေးတဲ့တိုက်စစ်မှူးလေးကိုစိတ်ပျက်
ဘယ်တော့ဖြစ်ဖြစ် ကိုယ့်ပိုက်ထဲ ကိုယ်ပြန်ရှူးတဲ့ခံစစ်မှူးလေးကိုစိတ်ပျက်
ဘယ်တော့ဖြစ်ဖြစ် အနီကတ်ပြခံရတဲ့ ကစားသမားလေးကိုစိတ်ပျက်
စိတ်ပျက်ဖွယ် မြက်ခင်းစိမ်းများ
စိတ်ပျက်ဖွယ် ကစားကွက်များ
စိတ်ပျက်ဖွယ် ကန်ချက်များ
စိတ်ပျက်ဖွယ် လူစာရင်းများ
ငါတို့ လောင်းကြေးခုနစ်တွေ ရှုံးခဲ့ကြပေါ့
စိတ်ပျက်ဖွယ်နည်းပြတို့ရေ.......
တန်းဆင်းဇုန်ထဲရောက်နေတဲ့ အသင်းကောင်းလေးဟာ ငါတို့ပါပဲ။

                                                 မောင်ရေချမ်း

Saturday, November 9, 2013

မီးပွိုင့်

ကားတွေက မြှားတွေပစ်လိုက်သလို လှစ်ခနဲ၊ဝေါခနဲ
မီးဝါဆို ဖြည်းဖြည်းမောင်း
မီးစိမ်းဆို ထွက်
မီးနီဆို ရပ်
သူကိုယ်တိုင် ချမှတ်တဲ့စည်းကမ်းကို သူကိုယ်တိုင်ပြန်ချိုးဖျက်ပစ်ပုံက
" သူ့ခမျာ မီးပျက်နေရှာတယ် " ။ ။

                                    မောင်ရေချမ်း