Friday, January 31, 2014

လူငယ်တစ်ယောက် (၂)

လူငယ်ဘ၀ကို အချစ်နဲ့စပြီး အချစ်နဲ့ဆုံးမယ်
စက်ဘီးစီးရင်တောင် လမ်းပြောင်းပြန်စီးရမှ အာသာပြေတဲ့ကောင်ပါ
တိတ်ဆိတ်မှုတွေ ပွင့်ဝေနေပုံမျိုးနဲ့
လူငယ်ဘ၀ဟာ အမှောင်ထဲ အိုမင်းရင့်ရော်လာတဲ့အခါ
လမ်းတွေ မှားပြီး မှာသောက်မိခဲ့ပေါ့
နေ့တွေ မှားပြီး နေဖြစ်ခဲ့ပြီပဲ
နေပျော်သလိုပေါ့ စိတ်အလိုအတိုင်းသာ ရှိစေတော့
ဆံပင်တွေ ရှည်လာတယ်
ကျောင်းစာအုပ်တွေမှာ ကဗျာတွေရေးဖြစ်လာတယ်
အလေအလွင့်တွေ များလာတယ်
ညကြီးမင်းကြီး နေကာမျက်မှန်တပ်ထားတဲ့သူတွေကို ဇဝေဇ၀ါဖြစ်မိတယ်
ဘယ်လိုများလဲ ခေတ်ကြီးရယ်
ဘာပဲဖြစ်ဖြစ်
အိတ်ကပ်ထဲမှာ စမ်းချောင်းတွေ အတောင့်လိုက်မထည့်ထားနိုင်ပေမဲ့
ကမ္ဘာအသစ်ကို ဆာလောင်လို့ ကဗျာအသစ်တွေ ရေးနေကြသလိုမျိုးပေါ့
အဲဒီ့ကောင်လည်း အချစ်ကို ဆာလောင်လို့ မနက်ခင်းဆို အချစ်တေးတွေဆိုဖြစ်နေခဲ့ ။။

                                                                                       မောင်ရေချမ်း

Thursday, January 30, 2014

သေတ္တာထဲက နေ့


အပြင်ကို မမြင်ရ
နေ့ဟာ ပြက္ခဒိန်ပေါ်မှာပဲ သက်ရှိထင်ရှားကွယ်လွန်ခဲ့ပုံ
ချောင်းကြည့်ပေါက်တစ်ပေါက်လေးတောင် မရှိတဲ့သေတ္တာထဲ
အတွင်းရော ၊ အပြင်ပါ သော့ခတ်ထားတဲ့သေတ္တာထဲ
မြင်မြင်ရာ အမှောင်သာ မှောင်ပိန်းလွန်းတဲ့သေတ္တာထဲ
စမ်းချောင်းလေးတွေ ညိုမွဲလာတယ်
လမ်းလေးတွေ အက်ကွဲလာတယ်
သေတ္တာထဲက နေ့တွေ ဘယ်တော့မှ ရှင်သန်ထမြောက်ခွင့်ရမလဲ
သေတ္တာထဲက တိမ်တွေ ဘယ်တော့မှ ရှင်သန်ထမြောက်ခွင့်ရမလဲ
သေတ္တာထဲမှာ လူတွေ သန်းပေါင်းများစွာ
သေတ္တာထဲမှာ နှစ်တွေ သန်းပေါင်းများစွာ
သေတ္တာထဲမှာ စာအုပ်တွေ သန်းပေါင်းများစွာ
သေတ္တာကို ဘယ်သူသော့ခတ်ထားပါသလဲ
အခုလောလောဆယ် ... သေတ္တာထဲမှာ မြင်မြင်သမျှအမှောင် ။ ။
                                          

                                                          မောင်ရေချမ်း

Friday, January 24, 2014

အင်္ဂါနံအစ ___ အင်္ဂါအဆုံး


ခုနစ်နေ့ ခုနစ်နံတွေထဲမှာ
သဘောကျဖို့အကောင်းဆုံးက အင်္ဂါနံပေါ့
ခုနစ်နေ့ ခုနစ်နံတွေထဲမှာ
သိပ်ဒေါင့်မကျိုးတာ သောကြာနံပေါ့

သောကြာနံတွေကို မုန်းတာကြောင့်
သွင်မှာ ရုပ်ရှင်မကြည့်ဖြစ်
သမ္မတမှာ ရုပ်ရှင်မကြည့်ဖြစ်

သောကြာနံတွေကို မုန်းတာကြောင့်
"သစ်သီး"ဆိုတဲ့ စကားလုံးကိုတောင် အလိုလိုနေရင်းအမြင်ကတ်
သောကြာနံတွေကို မုန်းတာကြောင့်
သောကြာနံနဲ့စတဲ့ နာမည်ပျော့စိစိတွေဆို ပေါင်းကိုမဖတ်ချင်
သောကြာနံတွေကို မုန်းတာကြောင့်
သောကြာနံနဲ့စတဲ့ လူယုတ်မာနာမည်တွေဆို လုံးဝကိုမကြားချင်

အင်္ဂါနံကို သဘောကျမိတော့
ဇီဇ၀ါပန်းကလေး ပွင့်နေပုံကိုက သိပ်ကျက်သရေရှိ
အမျိုးသားအဆိုတော်တွေထဲမှာ ဇော်ဝင်းထွဋ်ကို သဘောကျမိတယ်
အင်္ဂါနံနဲ့ စလို့ပေါ့
အမျိုးသမီးအဆိုတော်တွေထဲမှာ ဆုန်သင်းပါကို သဘောကျမိတယ်
အင်္ဂါနံနဲ့ စလို့ပေါ့
အင်္ဂါနံကို သဘောကျပေမယ့်
စင်င်္ကာပူ ၊ ဆီးရီးယား ၊ ဆူဒန် အဲလို အင်္ဂါနံနဲ့စတဲ့တိုင်းပြည်များ မရောက်ဖူးပါ
အင်္ဂါနံဖြစ်တဲ့ "ဆွစ်ဇာလန်"ဘဏ်တွေမှာလည်း တရားမ၀င်ငွေတွေအပ်ထားတာမရှိပါ

ဘာပဲဖြစ်ဖြစ် "စစ်" ဆိုတဲ့ အင်္ဂါနံကလွဲရင်
အင်္ဂါနံတွေကိုတော့ သိပ်ချစ်ခဲ့တယ်
"စံရိပ်ငြိမ်" ဆိုတဲ့ နာမည်လှလှလေးကိုလည်း သဘောကျ
"စံပြဈေး" ဆိုတဲ့သင်္ကန်းကျွန်းမြို့နယ်က ဈေးကိုလည်းသဘောကျ
"စောဘွဲ့မှူး" ရေးခဲ့တဲ့ သီချင်းတွေဆိုလည်း သဘောကျ
"ဆင်ရေတွင်း" မှတ်တိုင်နားမှာလည်း သင်တန်းတက်ဖြစ်ခဲ့တယ်
"စွမ်းဇာနည်"ရဲ့ ဇာတ်ပွဲတွေကိုတော့ ကြည့်ဖို့အားခဲပြီးမကြည့်ဖြစ်ခဲ့ပါ

ငယ်ငယ်ကဆော့ခဲ့တဲ့
"စုံ ဆန် စိ " ဆိုတဲ့ ကစားနည်းကိုလည်း သိပ်သဘောကျတာပဲ
အင်္ဂါနံတွေနဲ့ မို့လို့ပဲပေါ့

အင်္ဂါနံရဲ့အရေးပါပုံက
မီးဖိုချောင်သုံးမရှိမဖြစ် "ဆား" ဟာ အင်္ဂါနံပေါ့
မီးဖိုချောင်သုံးမရှိမဖြစ် "ဆီ" ဟာ အင်္ဂါနံပေါ့
ကုန်ကုန်ပြောရရင်နေ့တိုင်းစားနေတဲ့ "ဆန်" အင်္ဂါနံပေါ့

ထပ်ပြောရရင်
မျက်စိရှေ့မှာတင်
အင်္ဂါနံနဲ့ အမျိုးသမီးတစ်ယောက် ကမ္ဘာပတ်လမ်းထဲရောက်နေခဲ့တာတွေ့ပြီးပြီ

ထပ်ပြောရရင်
မျက်စိရှေ့မှာတင်
အင်္ဂါနံနဲ့အမျိုးသမီးတစ်ယောက် ကမ္ဘာကြီးကို ဆွဲကိုင်လှုပ်ခါနိုင်ခဲ့တာ မြင်ခဲ့ရပေါ့

ထပ်ပြောရရင်
မျက်စိရှေ့မှာတင်
အင်္ဂါနံနဲ့အမျိုးသမီးတစ်ယောက် ကောင်းကင်ဟောင်းကိုဆွဲဖြဲဖို့ ကြိုးပမ်းနေတာမြင်နေရပေါ့

ထပ်ပြောရရင်
မျက်စိရှေ့မှာတင်
အင်္ဂါနံနဲ့အမျိုးသမီးတစ်ယောက် အမှောင်တွေကြားမှာ လမ်းတွေရှာပြနေတာ မြင်နေရပေါ့။ ။

                                                                        မောင်ရေချမ်း

ဆင်ခြေဖုံး (၂)



ဆိုက္ကားများ ၊ ကလေးများ
ခွေးများ လမ်းပေါ် ။

ဈေးဆိုင်များ ၊ တွန်းလှည်းများ
ဟိုတစ်စ ဒီတစ်စအမှိုက်များ လမ်းဘေး ။

                                  မောင်ရေချမ်း

Thursday, January 23, 2014

ခေတ်နာကံနာ

သူတို့ က
တရားမ၀င် ပိုင်ဆိုင်မှုများ
တရားမ၀င် ရင်းနှီးမြှုပ်နှံမှုများ
တရားမ၀င် မူးယစ်ဆေးရောင်းဝယ်မှုများ
တရားမ၀င် ဖိနပ်တွေစီးပြီး ကြီးပွားနေကြ

ငါတို့ကတော့
တရားဝင် ဒုက္ခတွေနဲ့ ဗျာများနေခဲ့ရပေါ့ ။


                              မောင်ရေချမ်း

Sunday, January 19, 2014

ဝမ်းနည်းခြင်းများ

အလင်းများ ပွင့်လာ
တံခါးများ ဖွင့်လာ
ဘယ်လို အသက်ရှူရမလဲ အရေးကြီးဆုံးပဲ
နင်နေတဲ့ အရိုးတွေ လည်ချောင်းထဲက အန်ချချိန်
ကမ္ဘာကြီးက အထာကြီးနဲ့လား
ကြယ်တွေကို မေးခွန်းတွေပို့ကြည့်ဖြစ်တယ်
ကောင်းကင်ဟာ တစ်ခြမ်းပဲ့လနဲ့ မှောင်ဖျော့ လင်းဖျော့လို့
ကမ္ဘာကြီးဟာ ရွာကြီးဖြစ်ခဲ့တာ ကြာပေါ့
ကျနော်တို့ ရွာရိုးကိုးပေါက် လျှောက်မသွားနိုင်ခဲ့ကြဘူး ။

                                      မောင်ရေချမ်း

မျိုးဆက်တစ်ဆက်သို့ မော့ကြည့်ခြင်း



◄ သူတို့ လူငယ်ဘဝ
စိတ်မရှည်ဖွယ်ခေတ်ကြောင့် ဆံပင်အရှည်တွေထားခဲ့ကြ
ငါတို့ လူငယ်ဘဝ
ယောင်္ကျား ၊ မိန်းမ ခွဲရခက်တဲ့ ဆံပင်တွေနဲ့ ဖလန်းဖလန်းထလို့

◄သူတို့ လူငယ်ဘဝ
ဗဒင် ၊ ထူးအိမ်သင် ၊ ခင်မောင်တိုး နဲ့
" ဝေးခဲ့ပြီ ပန်းခရမ်းပြာ " လမ်းဘေးအုတ်ခုံပေါ် သန်းခေါင်ကျော်ထိအော်ခဲ့ကြသတဲ့
ငါတို့ လူငယ်ဘဝ
လေးဖြူ ၊ အငဲ ၊ မျိုးကြီးနဲ့ တိမ်တွေပေါ်တက်ကြ အမှောင်ကိုဖြတ်ကြ
ဂျီလတ်သီချင်းတွေနဲ့ ချစ်သူကို ချစ်ပြ
တစ်ခါ တစ်ခါ Snare နဲ့ ခုန်ပေါက်အော်ဟစ် ဒဏ်ရာတွေကိုဝဲပစ်ခဲ့ကြ

◄ သူတို့ လူငယ်ဘဝ
ချစ်သူလက်ကို ကိုင်ဖို့ သုံးနှစ်သုံးမိုး သစ္စာတွေပျိုးခဲ့ကြ
ငါတို့ လူငယ်ဘဝ
ဖုန်းလေးတစ်ချက် ပုတ်တာနဲ့ အချစ်တွေ ပြုတ်ကျလို့

◄ သူတို့ လူငယ်ဘဝ
ရေဒီယိုလေးတွေ တဂျစ်ဂျစ်ဖွင့်လို့ ကမ္ဘာကြီးထဲကသတင်းတွေ တူးဆွခဲ့ကြ
ငါတို့ လူငယ်ဘဝ
ဂြိုလ်တုစလောင်းက ဘောလုံးပွဲတွေ မလွှတ်တမ်းကြည့်လို့ အာရုံကျ

◄ သူတို့ လူငယ်ဘဝ
"ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် " နဲ့ တွေ့ခဲ့ရ
"ကျောင်းဖွင့်ချိန်" ကိုရေးပြီး ကျောင်းပိတ်ချိန်ကို တော်လှန်ခဲ့ကြ
သူတို့လူငယ်ဘဝ
ပုဂံလမ်းပေါ်က ဇာတ်လမ်းတွေနဲ့
သစ်ပုပ်ပင်ကြီးနဲ့ ဦးချစ်လက်ဖက်ရည်ဆိုင်နဲ့
ငါတို့ လူငယ်ဘဝ
မြို့ပြင်ထုတ်ခံတက္ကသိုလ်နဲ့
Beer ဆိုင်နဲ့ ၊ KTV နဲ့ ၊ Club နဲ့ ၊ မာဆတ်နဲ့

◄ သူတို့ လူငယ်ဘဝ
ရပ်ကွက်ထဲမှာ ခုနစ်တန်းအောင်ဆို လူရှိန်ခဲ့ကြ
ဆယ်တန်းအောင်ရုံ အလုပ်ကောင်းကောင်းရလို့
ငါတို့ လူငယ်ဘဝ
ဘွဲ့လက်မှတ်ဟာ စက္ကူတစ်ရွက်ထက်မပိုခဲ့
လခနှစ်ပဲခြောက်ပြားအလုပ်တွေကို ရှာဖွေတန်းစီလို့


◄ သူတို့ လူငယ်ဘဝ
လုသွားခံရတဲ့ လူ့အခွင့်အရေးကို ပြန်လုဖို့ကြိုးစားခဲ့ကြ
ငါတို့လူငယ်ဘဝ
ရလာတဲ့ အိပ်မက်တွေကို ပုတ်ပုတ်ချလို့

◄ သူတို့ လူငယ်ဘဝ
စဉ်းစားတွေးခေါ်ခြင်းနဲ့ အာဏာရှင်ကို ဖီဆန်ခြင်းနဲ့
ငါတို့ လူငယ်ဘဝ
အရည်မရ အဖတ်မရ Roll Call ပြည့်ဖို့နဲ့ ၊ ရုတ်ရုတ်သဲသဲ သင်တန်းများနဲ့

◄ သူတို့သွေးများနဲ့ စစ်ထုတ်ပေးခဲ့တဲ့ လေများ
ငါတို့ ရှူရှိုက်ရသောအခါ သူတို့အား အားနာ
လေးစားစွာ ကြည်ညိုစွာဦးညွှတ်လို့ မေးခွန်းများစွာ ။

◄ သူတို့ လူငယ်ဘဝ
မျှော်ငေးလို့မ၀ ဖြစ်ခဲ့ရပေါ့
အခု... ခေတ်ကြီးတစ်ခေတ်လုံး ငါတို့ လက်ထဲ
ငါတို့ လူငယ်ဘ၀ရော ဘယ်လိုများလဲ ။ ။

                                                              မောင်ရေချမ်း

တစ်ယောက်တည်း တိမ်တွေပေါ်


ဘ၀မှာ အသေချာဆုံးက သေဖို့ပဲမို့
တရုတ်သိုင်းကားထဲက သိုင်းသမားလို ကိုယ်ကိုဖော့ထားလိုက်တယ်
တကယ့်ကို ပန်းပွင့်ပျော့ပျော့တွေထဲက ၀တ်မှုန်အိအိလေးဖြစ်နေခဲ့တယ်
မြင်မြင်ရာ အဖြူတွေ
မြင်မြင်ရာ ၀ိုးတ၀ါးတွေ
မြင်မြင်ရာ နံရံတွေ
မြင်မြင်ရာ ၀တ်လစ်စလစ်မိန်းမပျိုတွေ
မြင်မြင်ရာ ရယ်သံတွေ
မြင်မြင်ရာ အမှောင်တွေ
မြင်မြင်ရာ ဟောင်းလောင်းပေါက်တွေနဲ့
ညက လကိုဆွဲဆုပ်ဖမ်းယူနေသလိုမျိုးပေါ့
နေ့က နေကိုဆွဲစားဝါးယူနေသလိုမျိုးပေါ
ကိုယ် ရုန်းမထွက်နိုင်ခဲ့ပါ
ပေါ့ပေါ့ပါးပါးလေး အသက်ကိုရှူသွင်းနေတယ်
တကယ်ကို မောလွန်းပါတယ်။ ။

                               မောင်ရေချမ်း

ငါတို့ အမှောင်ထဲ



ဂီတာ တီးနေတယ် ဒါပေမဲ့ သီချင်း လုံးဝ မဆိုကြဘူး
ငြိမ်ငြိမ်လေးနဲ့ ငြိမ့်နေကြတာပေါ့
ကမ္ဘာကနေ ကမ္ဘားပေါ်အထိ
လေပြည်တွေကနေ မုန်တိုင်းတွေအထိ
တိမ်တွေပြိုကွဲမှုကနေ ပန်းပွင့်လွှာလေးတွေရဲ့ပွင့်ချပ်လွှာတွေပေါ်အထိပေါ့
ငြိမ့်ငြိမ့်လေးနဲ့ ငြိမ်နေပုံများ
တစ်ယောက်အသက်ရှူသံ တစ်ယောက်ကြားနေရ
အသီးစားပြီး ခရီးသွားလို့ရကြောင်းသေချာလွန်းတယ်လို့ တစ်ယောက်ကပြောတယ်
ဒီလိုနဲ့ အမှောင်ထဲ တစ်ယောက်ကိုတစ်ယောက်မသဲကွဲခဲ့ကြဘူး ။ ။

                                 မောင်ရေချမ်း

Friday, January 17, 2014

အချစ်အကြောင်း နည်းနည်း


တကယ်တော့ ... ဒီစာသားအစုအဝေးတွေဟာ
ချစ်ခြင်းတရားကို copy ကူးပြီး paste ချထားတာပါ
ချစ်ခြင်းမေတ္တာကို မွှေးမြဖို့ စဉ်းစားတဲ့အခါ
ချစ်ခြင်းတရားဟာ Call Log အဟောင်းလေးတွေဖြစ်နေခဲ့တယ်
ချစ်ခြင်းတရားဟာ Messges အဟောင်းလေးတွေဖြစ်နေခဲ့တယ်
ချစ်ခြင်းတရားဟာ မ၀တ်ရက်လို့ခေါက်သိမ်းထားတဲ့အင်္ကျီလေးတစ်ထည်လိုပေါ့
ပြီးတော့ ချစ်ခြင်းတရားဟာ ရေးပြီးသားကဗျာဟောင်းတစ်ပုဒ်လဲဖြစ်နေပြန်တတ်တယ်

တစ်ခါတစ်ခါ
ချစ်ခြင်းတရားဟာ နွဲ့နွဲ့လေးပြုံးတယ်
တစ်ခါတစ်ခါ
ချစ်ခြင်းတရားဟာ တိုးတိုးလေးရယ်တတ်တယ်

ချစ်ခြင်းတရားဟာ တစ်ခါတစ်ခါ ယိုးဒယားသဘောင်္သီးထောင်း
ချစ်ခြင်းတရားဟာ တစ်ခါတစ်ခါ ရခိုင်ထမင်းသုပ်
ချစ်ခြင်းတရားဟာ တစ်ခါတစ်ခါ ထောပတ်သီးဖျော်ရည်
ချစ်ခြင်းတရားဟာ တစ်ခါတစ်ခါ ဒိန်ချဉ်
ချစ်ခြင်းတရားဟာ တစ်ခါတစ်ခါ နက်ကော်ဖီ
ချစ်ခြင်းတရားဟာ တစ်ခါတစ်ခါ ရှမ်းခေါက်ဆွဲ

တစ်ခါတစ်ခါ
ချစ်ခြင်းတရားဟာ ငါးမိနစ်နောက်ကျရင်နှုတ်ခမ်းစူတော့တာပဲ
တစ်ခါတစ်ခါ
ချစ်ခြင်းတရားဟာ ရယ်စရာပြောရင်မရယ်ဘဲ ရှုတည်တည်နဲ့
တစ်ခါတစ်ခါ
ချစ်ခြင်းတရားဟာ လျှို့လျှို့ဝှက်ဝှက် သိပ်ရှက်တတ်သေးတယ်

တစ်ခါတစ်ခါ
ချစ်ခြင်းတရားဟာ လူကြီးမင်းခေါ်ဆိုသော ....
တစ်ခါတစ်ခါ
ချစ်ခြင်းတရားဟာ မိုးမိုးသီချင်းဆိုတဲ့သီချင်းလို မင်းဖုန်းပိတ်ထားတဲ့ည
တစ်ခါတစ်ခါ
ချစ်ခြင်းတရားဟာ မကိုင်ဘဲ တ တူ တူ မြည်နေတဲ့ ဖုန်းလေးပေါ့

တစ်ခါတစ်ခါ
ချစ်ခြင်းတရားဟာ အချစ်အကြောင်းပြောဖို့ရှက်နေတဲ့ငှက်ကလေးလေ
တစ်ခါတစ်ခါ
ချစ်ခြင်းတရားအကြောင်းကို ရိုးရိုးသားသားပြောဆိုချင်လို့
တကယ်တော့ ... ဒီစာသားအစုအဝေးတွေဟာ
ချစ်ခြင်းတရားကို copy ကူးပြီး paste ချထားတာပါ။ ။

                                                           မောင်ရေချမ်း

Monday, January 13, 2014

ဖြစ်သမျှ အရာရာ



ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်လိုက်ပါတယ်ဆိုတဲ့
မတန်မရာစကားကို ပြောတတ်တဲ့ ခွေးအ များပမာပေါ့
ဒါပေမယ့် အကန့်အသတ်နဲ့ ပျော်နေရတဲ့ဘ၀တွေအတွက်
သီချင်းအသစ်တွေ ဘယ်တော့ရမလဲ
သွေးပြည်ယိုစီးနေတဲ့ အနာတွေအတွက် ဆေးကောင်းဝါးကောင်းတွေ ဘယ်က ရမလဲ
ခေါက်ရိုးကျိုးပျံသန်းနေဆဲ အတောင်ပံဟောင်းများအတွက်
ကောင်းကင်အသစ်တစ်ထည် ဘယ်တော့မှ ၀ယ်နိုင်မလဲ
ချူချာလွန်းလှတဲ့ ကံတရားကိုပဲ အပြစ်တင်ရမလား
အခုထိမလဲသေးတဲ့ ကတိအဟောင်းများ
အခုထိ မလဲသေးတဲ့ အင်္ကျီအဟောင်းများ
ဆုံးရှုံးမှုများတွေကြားမှာ အချိန်တွေများခဲ့ပါပြီ
လူယုတ်မာတွေ ပျော်ဖို့ဖန်တီးထားတဲ့ကမ္ဘာဆိုတာ အမှန်တကယ်ရှိခဲ့ပြီ
အမှန်တရားဟာ စကားသိပ်နည်းကြောင်း သေချာခဲ့ပြီ
တခြားဘာတွေ တွေ့ဦးမလဲ
အလင်းမဲ့လွန်းတဲ့ညတွေကို ရိုက်ချိုးဖို့
ရှိစုမဲ့စုကြယ်တွေနဲ့ကောင်းကင်ကိုစိုက်ပျိုးခဲ့ကြပါတယ်
ဒါတောင် အခုလောလောဆယ် ဖြစ်နေတဲ့ ငါတို့ရင်ခုန်သံတွေက
ပျက်နေတဲ့ရေခဲသေတ္တာထဲက အအေးဗူးတွေလို အဓိပ္ပာယ်မဲ့လွန်းခဲ့ပါတယ်။ ။

                                                                မောင်ရေချမ်း

Friday, January 3, 2014

ကမ္ဘာကြီးကို ပုံတူရေးဖို့ ၊ အိပ်မက်တွေ မကွေးဖို့ ၊ လွတ်လွတ်လပ်လပ် တွေးလို့

ဒီနေ့ ဘာနေ့လဲ မေ့နေရင်
မိမိလူဖြစ်ကြောင်းမေ့နေတဲ့ သတ္တ၀ါတစ်ကောင်လို ရိုင်းစိုင်းနေလို့ပေါ့
သေချာပါတယ် တကယ်ကတော့
တစ်နှစ်တစ်တန်း စာမေးပွဲတွေတဗုန်းဗုန်းကျနေတတ်တဲ့ကျောင်းသားလေးလို ငါတို့နိုင်ငံကြီး အချိန်တွေ လေလွင့်လာခဲ့ပေါ့
သူရဲကောင်းတွေက တရားကို အသားချည်းသက်သက်တောင်းခဲ့ပေမယ့်
သူခိုးတွေကတော့ အရိုးတွေပဲ ပေးခဲ့တယ်လေ
ဆိုချင်တဲ့သီချင်းကတော့ ဂုဏ်ပြုသီချင်းပေါ့
ကမ္ဘာကြီးကို ပုံတူရေးဖို့ကြိုးစားခဲ့တဲ့ လူဆန်လွန်းသူတွေကို အားနာမိတဲ့အခါ
ဟုတ်ရဲ့လား ၊ လွတ်လပ်တယ်ဆိုတာ စောစောစီးစီး လမ်းပေါ်မှာ ရှက်ကီထုဖို့
ဟုတ်ရဲ့လား ၊ လွတ်လပ်တယ်ဆိုတာ အပျော်သက်သက် လမ်းတွေပိတ်ထားဖို့
ဟုတ်ရဲ့လား ၊ လွတ်လပ်တယ်ဆိုတာ Sound Box တွေကို အကျယ်ဆုံးဖွင့်ဖို့
ဟုတ်ရဲ့လား ၊ လွတ်လပ်တယ်ဆိုတာ အော်ကြီးဟစ်ကျယ် အော်ဆဲနေဖို့
ဟုတ်ရဲ့လား ၊ လွတ်လပ်တယ်ဆိုတာ သူများသောက်ဖောင်းကို အားရပါးရထုဖို့
ကဲ...ဒါဆိုလည်း စားကြွင်းစားကျန်တွေကို စားဖို့အမှောင်ထဲက ချောင်းနေတဲ့ ကြွက်စုတ်တွေလိုပဲ နေကြရုံပေါ့ ။
သေချာတာက
ငါတို့ လုံခြုံစွာ စောင်ခြုံကွေးနေဖို့ သူတို့တွေ သေပေးခဲ့ကြတာမဟုတ်
သေချာတာက
ငါတို့ ပိုးစိုးပက်စက်ပျော်ဖို့အတွက် သူတို့ပစ်စလက်ခတ်သေပေးခဲ့ကြတာမဟုတ်
သေချာတာက
ငါတို့ အနာဂတ်လွတ်လပ်ဖို့ မွန်းကျပ်အမှောင်ထဲကနေ သူတို့အော်ခဲ့ကြတာ
သေချာတာက
ငါတို့ လွတ်လွတ်လပ်လပ် သီချင်းဆိုဖို့အတွက် သူတို့က ခမ်းနားတဲ့ခန်းမကြီးတစ်ခု တည်ဆောက်ပေးခဲ့ကြတာ

သူတို့ဟာ သူတို့အရိုးတွေနဲ့ ကမ္ဘာကြီးကို ပုံတူရေးဖို့ကြိုးစားခဲ့ကြ
ပြီးတော့ သူတို့သွေးတွေနဲ့ အမှန်တရားကို အသက်ဆက်ခဲ့ကြ
အဲဒီလို လူတွေ ကျေးဇူးနဲ့ အခု ငါတို့ဟာ ကမ္ဘာကြီးထဲ လွတ်လွတ်လပ်လပ်တွေးလို့
တိမ်တွေပေါ်မှာတောင် အရုပ်ရေးလို့ရခဲ့ကြပေါ့ ။ ။

                                                                                            မောင်ရေချမ်း