Monday, December 30, 2013

နှစ်ထောင့်ဆယ့်သုံးတော့ ဒိုးတော့မယ်


နောက်ထပ်ဒုက္ခအသစ်တွေ ဘယ်တော့လဲ
နောက်ထပ်ဈာပနအသစ်တွေ ဘယ်တော့လဲ
သေရမယ့်လူတွေ မသေသေး
သူရဲကောင်းတွေက သူရဲကောင်းဆန်ဆန်နှုတ်ဆက်သွားခဲ့ကြ

"ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ် "
ကဗျာဆရာလှသန်းကတော့ အဲဒီလို ညည်းခဲ့လေရဲ့

စိတ်ပျက်ဖွယ်ပျော့စိစိကတိများ ချန်ထားခဲ့
စိတ်ပျက်ဖွယ် အီစီကလီကြောင်စီကွေး ဒီမိုကရေစီ ချန်ထားခဲ့
စိတ်ပျက်ဖွယ် အာဝါးဒါး ပြက္ခဒိန်အဟောင်းများ ချန်ထားခဲ့

မပြီးနိုင်သေးသော စစ်ပွဲများ
မပြီးနိုင်သေးသော ပြက်လုံးများ
မပြီးနိုင်သေးသော အရှုံးများ

ဖွယ်ဖွယ်ရာရာပြင်ဆင်ထားတဲ့ စိတ်ပျက်ဖွယ်ရာများ
အားလုံးကို ထားခဲ့ရတော့မယ်ဆိုတော့
ဘာတွေကိုများ လက်ဆင့်ကမ်းယူသွားရမှာလဲ
နောက်ထပ်ဒုက္ခအသစ်တွေ ဘယ်တော့လဲ
နောက်ထပ်ဈာပနအသစ်တွေ ဘယ်တော့လဲ

တာ့တာပါ နှစ်ထောင့်ဆယ့်သုံး
ငါတို့မှာတော့ ဆဲတုန်းဆိုတုန်း အိပ်မက်ပြိုသံတွေတ၀ုန်းဝုန်းနဲ့ပေါ့

အသုံးမကျတဲ့နည်းပြစုတ်ကို ကန်ထုတ်လိုက်သလိုပေါ့
ဒါမှမဟုတ် ပေါက်လွှတ်ပဲစားစကားလုံးတွေများတဲ့ဝါကျကို ခြစ်ထုတ်ပစ်လိုက်သလိုပေါ့
စိတ်ပျက်ဖွယ်နေ့စွဲများ ချန်ထားခဲ့
စိတ်ပျက်ဖွယ်နှစ်တစ်နှစ်အား ချန်ထားခဲ့ ။ ။

                                         မောင်ရေချမ်း

Sunday, December 29, 2013

ဟေ့ ကိုယ်လူ့ ..... ခင်ဗျား ပါးစပ်ပေါက်ကြီးကို ပလာစတာနဲ့ ကပ်ထားလိုက် (ဒါမှမဟုတ်) ရေသန့်သန့်နဲ့ ပလုတ်သွားကျင်းလိုက် !



လူငယ်ဆိုတော့ ဇောင်းထ ဇောင်းကြွသတဲ့
လူငယ်ဆိုတော့ ဖောင်းထ ဖုထစ် ပျိုမြစ်ပေမယ့် ညိုညစ်တဲ့အတွေးတွေသာရှိသတဲ့

ဟေ့ လူ .. ခင်ဗျား ပါးစပ် ခင်ဗျားဖြတ်သာရိုက်ပစ်
ကျနော်တို့ဟာ လူငယ်
ဟုတ်ပါတယ် ဇောင်းထပါတယ် ဒါပေမယ့် ဘယ်တော့မှ ဇောင်းမကြွခဲ့ပါ
ကျနော်တို့ဟာ လူငယ်
ဖောင်းထ ဖုထစ် ပျိုမြစ်ပါတယ် ဒါပေမယ့် ဘယ်တော့မှ မညိုညစ်ခဲ့ပါ
အတွေးဟာ ရိုးရိုးစင်းစင်းပဲ
ခေတ်ကို ဂိုးသွင်းဖို့ (ဒါမှမဟုတ်) အမှန်တရားကို ဂိုးသွင်းဖို့သာ ပြင်ထားတယ်

ကျနော်တို့ လူငယ်နေ့စွဲတွေဟာ သောက်လိုက်စားလိုက် ပျော်လိုက်ပါးလိုက်နဲ့
ကျနော်တို့ လူငယ်နေ့စွဲတွေဟာ ဆဲလိုက် ဆိုလိုက် အော်လိုက်ဟစ်လိုက်နဲ့
ဒါပေမယ့် ဘယ်တော့မှ မရိုင်းစိုင်းခဲ့တာ အသေအချာ

အမှန်တရားဟာ သိပ်ခါးနေရင်တော့ ခင်ဗျားလျှာပေါ်ကထွေးထုတ်ပစ်လိုက
ဒီမှာ ... ဒီမှာ
ကျနော်တို့ဟာ လူငယ်တွေပါ
တစ်ခါတစ်ခါ ဆူညံသံစဉ်သီချင်းများနဲ့
တစ်ခါတစ်ခါ ပေါက်ကွဲစာသားကဗျာနဲ့

တိမ်တွေပေါ်တက် ကောင်းကင်ကိုဖြဲ
ကဗျာတွေကို သည်းသည်းသန်သန်ရှာဖွေကြ
ဒဏ်ရာတွေကိုစီး ခရီးနှင်ခဲ့ကြ

ဆရာလည်းမကျခဲ့ပါ
အထာလည်းမကျခဲ့ပါ
ဒါပေမယ့် ကိုယ့်ဝါဒနဲ့ကိုယ် လေကိုရှူသွင်းခဲ့ကြ
တရားချင်မှတရားမယ်
ဒါပေမယ့် ဓားကိုတော့ အဓမ္မကိုဖီဆန်ဖို့အတတ်နိုင်ဆုံးသွေးခဲ့ကြ

"လူငယ်တွေကို မယုံကြည်ဘူး
လူငယ်တွေဟာ ယောင်ဝါးဝါးဖြစ်နေကြတယ်"
အဲဒီ့စကားပြောတဲ့ ခင်ဗျားပါးစပ်ပေါက်ကြီးကို
ဘယ်တော့မှဖွင့် လို့မရတဲ့သော့နဲ့သာ ခတ်ထားလိုက်

လာခဲ့ကြတယ်
ရှေ့က ခြေနဲ့ရေးတဲ့အမှားတွေကို လက်နဲ့ဖျက်မလို့
လာခဲ့ကြတယ်
ရှေ့က မရောက်ခဲ့တဲ့ ခရီးတွေကို ဇွဲနဲ့ဆက်လျှောက်ဖို့
လာခဲ့ကြတယ်
ရှေ့က မဆုံးသေးတဲ့ သီချင်းတွေကို ရင်ကိုဖွင့်ပြီးဆိုမလို့
လာခဲ့ကြတယ်
ရှေ့က မှောက်ခဲ့တဲ့ သဘောင်္ကို ရွက်ဆက်လွှင့်ဖို့

ဘယ်တော့ဖြစ်ဖြစ် ... စစ်ပွဲတွေမှာ သေပေးလိုက်ရတာ လူငယ်တွေချည်း
လူကြီးတွေ အပျော်သက်သက် လက်ဆွဲနှုတ်ဆက်ဖို့အတွက်
ကျနော်တို့ လူငယ်တွေသာ မြေဇာမြက်တွေ
ဘယ်တော့ဖြစ်ဖြစ်.... ခေတ်ရဲ့အလေအလွင့်တွေ ကြားမှာ
လူကြီးတွေ နှမြောဖို့ ၀မ်းနည်းဖို့သက်သက် အစတေးခံသားကောင်တွေ

လူငယ်တွေ ငယ်သေးတော့အသိမကြွယ်ဘူးမပြောပါနဲ့
ငယ်ပေမယ့် ဘယ်တော့မှ လူလည်မကျခဲ့
ကျနော်တို့ဟာ လူငယ် ....ဒါပေမယ့် သမိုင်းကိုဝယ်ဖို့ကြိုးစားခဲ့ကြ

ကိုယ့်သီချင်းကို အားရပါးရဆို
ကိုယ့်အော်သံကိုယ်ပြန်နားထောင်
ဘယ်တော့ဖြစ်ဖြစ် အနာဂတ်ကို သစ္စာမဖောက်ခဲ့ ။ ။

                                                                       မောင်ရေချမ်း

Thursday, December 19, 2013

အခု ငါတို့ဟာ ရေခဲရိုက်ထားတဲ့ အပုပ်အသိုး ဒီ...ဒီ...ဒီ... အခန်းထဲမှာ



ဒုက္ခဆင်းရဲဆိုတာ ဘယ်တော့မှ အလေ့ကျမပေါက်ဘူး
ဖြစ်နိုင်ရင် သီချင်းဆိုချင်တယ်
သူရဲကောင်းတွေရဲ့ နာမည်ကို ဖြစ်ဖြစ်
ရခဲ့တဲ့ဒဏ်ရာတွေကို ဖြစ်ဖြစ်ပေါ့

[ယာဘက်လက်နဲ့ ဆန်ရေစပါး ( အစားအသောက်) ကို ပြည်သူတွေကိုပေးလို့
ဘယ်ဘက်လက်နဲ့ အ၀တ်အထည် ကို စွန့်ကြဲ သတဲ့ ]
ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ကျန်စစ်သားရဲ့သမိုင်းထဲမှာအဲသလို သိခဲ့ရတယ် ။

အဲသလိုဆို အခု ငါတို့ဟာ
ဘယ်ဘက်လက်ကိုဖြတ်ပြီး ညာဘက်လက်ကို ၀ှက်ထားတဲ့အချိန်တွေမှာပေါ့

အခု ငါတို့ဟာ လူတောမတိုးတဲ့ခွေးဝဲစားတွေပါ
အခု ငါတို့ဟာ ညစ်ထေးထေးသူတောင်းစားတွေပါ
အခု ငါတို့ဟာ မြှားချက်တွေကိုရှောင်တိမ်းနေရတဲ့ယုန်သူငယ်လေးတွေပါ
အခု ငါတို့ဟာ တစ်နေ့လုပ်အားခ တစ်နေ့စားနေရ သာမန်အခွန်ထမ်းပြည်သူတွေပါ
အခု ငါတို့ဟာ ပေတိပေစုတ် ကျွတ်စပွတ်လေးတွေပါ
အခု ငါတို့ဟာ အော်ချင်ရာအော်ဖို့ ပါးစပ်ပေါက်ပျောက်နေကြသူတွေပါ
အခု ငါတို့ဟာ ပုံပြင်အဟောင်းကို Version ပြောင်းပြောခြင်းကိုခံကြရသူတွေပါ

"တရားမမျှတမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်မှုဟာ လူထုတာဝန်ဖြစ်တယ်။" ( သောမတ်ဂျက်ဖာဆင် )
အဲဒီလိုနဲ့ …..
နှစ်တွေ ၊ နှစ်တွေဟာ သူတို့ ချဉ်ခြင်းတက်ရာကို တောင်းဆိုလို့
မီးခက်ပွင့်တွေကြားထဲကနှစ်တွေဟာလည်း
ခြေပြတ်လက်ပြတ်မြစ်တွေဟာလည်း
နှင်းတွေ ရွှဲရွှဲစိုနေမယ့်နှစ်တွေကို မျှော်လင့်နေရ

တကယ်တော့ ငါတို့ဟာ ဓားစာခံတွေပေါ့
မီးထတောက်ဖို့အတွက် အပွန်းခံလိုက်ရတဲ့ကျောက်ကလေးတွေလိုပေါ့
ဒါပေမဲ့ အပွန်းအပဲ့သာခံလိုက်ရတယ်
ဘာမီးမှ မတောက်ခဲ့တာတော့ အသေအချာပေါ့ ။ ။

                                                             မောင်ရေချမ်း

Saturday, December 14, 2013

စိတ်ကောက်တတ်တဲ့ညနေခင်းတစ်ခုအကြောင်း !


ညနေခင်းလေးဟာ စိတ်ကောက်လွယ်တတ်ခဲ့ပါတယ်
ညနေခင်းလေးဟာ ခပ်ဟဟ ရယ်မောနေတတ်ခဲ့ပါတယ်
ညနေခင်းလေးဟာ မုန်းတယ်ဆိုတဲ့စကားကိုဆိုတတ်ခဲ့ပါတယ်
ညနေခင်းတစ်ခုရဲ့
ရင်အုံကို ခွဲကြည့်ရင် ဒဏ်ရာတွေဒလဟောထွက်ကျလာပါလိမ့်မယ
ညနေခင်းတစ်ခုရဲ့
ရင်အုံကို ခွဲကြည့်ရင် နှစ်ယောက်စီးခဲ့တဲ့စက်ဘီးလေးတစ်ဘီးရှိနေပါလိမ့်မယ်
ညနေခင်းတစ်ခုမှာ
လူငယ်တစ်ယောက်ဟာ ခေါင်းငိုက်စိုက်ကျလို့
ညနေခင်းတစ်ခုမှာ
လူငယ်တစ်ယောက်ဟာ ချစ်ခြင်းမေတ္တာကိုထုပ်ပိုးလို့
တိမ်တွေသိပ်လှတဲ့အကြောင်း ညနေခင်းလေးကိုပြောပြချင်ပါသေးတယ
အမှန်တရားတွေဟာ တစ်ခါတစ်ရံမှာမှားတတ်ကြောင်း ညနေခင်းလေးကိုပြောပြချင်ပါသေးတယ
ညနေခင်းဟာ နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားတယ်
ညနေခင်းဟာ အချစ်ကြောင်းကို မေ့ပစ်ချင်တဲ့ဟန်ပန်နဲ့ပေါ့
ညနေခင်းလေးမှာ ကိုယ်ဟာ ဖယိုဖရဲကျဆုံးခဲ့ပါတယ်
ညနေခင်းလေးဟာ ထမင်းစားပြီးပြီလားမေးဖို့မေ့နေခဲ့ပါပြီ
ညနေခင်းလေးဟာ နေကောင်းလားမေးဖို့မေ့နေခဲ့ပါပြ
ညနေခင်းလေးရေ ....
စိတ်ပြေလက်ပျောက် တိမ်တွေကိုခဲနဲ့ပေါက်စို့ကွာ
စူပုပ်ထားတဲ့နှုတ်ခမ်းကို ဖြေလျှော့ချလိုက်ပါတော့
စိတ်ကောက်တတ်တဲ့ညနေခင်းလေးကို ချော့မော့ဖို့စကားလုံးတွေပျောက်နေခဲ့ပါတယ်။

                                                    မောင်ရေချမ်း
                                                (၁၄ . ၁၂ . ၂၀၁၃ )

Tuesday, December 10, 2013

ငါ့အိတ်ကပ်


အင်္ကျီတစ်ထည်မှာ အိတ်ကပ်ဟာ အရေးပါတာပေါ့
အိတ်ကပ်ထဲမှာ အနည်းဆုံးဘောပင်ထည့်လို့ရတယ်
အိတ်ကပ်ထဲမှာ လိုလိုမယ်မယ် ရှူဆေးဗူးဆောင်ထားလို့ရတယ်
အိတ်ကပ်ထဲမှာ ရင်းနှီးသူမိတ်ဆွေတချို့ရှိမယ်
အိတ်ကပ်ထဲမှာ ဖောက်လွှဲဖောက်ပြန်နိုင်တတ်လွန်းတဲ့ရာသီဥတုရှိမယ်
တစ်ခါတစ်ခါ
အိတ်ကပ်ထဲမှာ မနက်ခင်းမွှေးမွှေးလေးတွေ ရောက်နေတတ်တယ်
တစ်ခါတစ်ခါ..
အိတ်ကပ်ထဲမှာ ညနေပုပ်အက်အက်တွေ ရှိနေပြန်ရော
အိတ်ကပ်ထဲမှာ ခြင်္သေ့တွေ ခုန်ဝင်နေတဲ့အခါ ပျော်စရာပေါ့
ဖြစ်နိုင်ရင်တော့ ... လူငယ်ဘ၀ရဲ့အိတ်ကပ်ထဲမှာ
ချစ်ခြင်းမေတ္တာတွေ မဆန့်မပြဲထည့်ထားချင်ရဲ့
ခုတော့ အိတ်ကပ်ဟာ ပေါက်ပြဲလို့
ဘယ်လိုပဲဖြစ်ဖြစ်
ပိုက်ဆံမရှိတဲ့အခါ အိတ်ကပ်ဟာ စိတ်ပျက်စရာပါ။ ။

                                                   မောင်ရေချမ်း
                                    2014 - ဇန်န၀ါရီလ ၊သရဖူ Magazine

Monday, December 9, 2013

ငါတို့အကြောင်း ငါတို့ကဗျာ

ဇရှိလို့သာပေါ့
ငါတို့အားလုံးဟာ ကိုယ့်ဒဏ်ရာကိုယ် ဇစ်တပ်ထားကြတာ
အက်ကွဲပူလောင်လာတဲ့အခါ ဇစ်ကိုဆွဲဖွင့်
အရက်သမားတစ်ယောက် အော်ဆိုလိုက်တဲ့ သီချင်းသံပမာ
ငါတို့အော်သံဟာ လွတ်လပ်ကျယ်လောင်စွာ

ပြီးတော့
ငါတို့ဟာ သစ်ရွက်ကလေးတွေကြွေကျနေသလို ပေါ့ပေါ့ပါးပါးနေထိုင်ကြတယ်
ပေါ့ပါးပေမယ့် မလေလွင့်ခဲ့ပါ
လွတ်လပ်စွာ တွေးခေါ်ရှုရှိုက်ရင်း
လေးနက်စွာ ကမ္ဘာကြီးထဲကို ချောင်းကြည့်ခဲ့ကြ
ငါတို့ထဲက တချို့ဟာ စိတ်မထင်တဲ့အခါ
ကောင်းကင်ကိုတောင် ကင်စားမလို့ကြံရွယ်ခဲ့ကြ
ငါတို့ထဲက တချို့ဟာ
ချစ်ခြင်းမေတ္တာအကြောင်းကိုပဲ ချစ်မြတ်နိုးစွာပြောဆိုခဲ့ကြ
ငါတို့ထဲက တချို့ဟာ
တိမ်တွေပေါ်မှာ ငြိမ်းချမ်းစွာကခုန်ခဲ့ကြ
ငါတို့ထဲက တချို့ကတော့
ကမ္ဘာထဲကို ကဗျာတွေ သွန်ကြဲချဖို့ လာခဲ့ကြပေါ့

ပြီးရင် .. အလင်းကို ရသလောက် ကဲ့ယူရင်း
ကြီးကြီးကျယ်ကျယ်အကြောင်းတွေ ပြောဆို
ငါတို့နာမည်နဲ့ရုပ်ထုတွေ ကမ္ဘာကြီးထဲမှာ ထုဆစ်ခဲ့မလို့

ပြီးရင် ...Sound Box တွေကို ရိုက်ခွဲ
အားလုံးဟာ ကိုယ့်အသံနဲ့ကိုယ် သီချင်းဆိုမလို့

အဲဒီ့နောက် တိမ်တွေပေါ်ခုန်တက်
မှောင်နေတဲ့ ညတွေအတွက် လကို ဖဲ့ဖဲ့ချမလို့ ။ ။

                                                   မောင်ရေချမ်း

Sunday, December 8, 2013

မြေခွေးမြို့တော်


ပြောရရင်တော့ မြေခွေးမြို့တော်မှာ မြေခွေးတွေနေတဲ့အကြောင်းကပဲစရမယ
ဒါပေမယ့် အဲဒါဟာ ထူးဆန်းတာမှမဟုတ်တာ

တကယ့်ကို ထူးဆန်းတာက
မြေခွေးမြို့တော်က မြေခွေးတွေက သူတော်ကောင်းမြေခွေးတွေပေါ့
အသားမစားဘူး သက်သက်လွတ်ပဲစားသတဲ့
ပြီးတော့ အခါကြီးရက်ကြီးများဆို ဥပုလ်သီလတောင်ဆောက်တည်ကြသတဲ့လေ
အဲသလို မြေခွေးသူတော်ကောင်းတွေပေါ့

ဒါပေမယ့် အဲဒီ့ထပ်ထူးဆန်းတာတွေလည်းရှိသေးလေရဲ့
မြေခွေးမြို့တော်က တချို့မြေခွေးတွေဟာ ယုန်သူငယ်မျက်နှာလေးတွေနဲ့တဲ့လေ
တချို့မြေခွေးတွေက မကြာခဏဆိုသလိုပဲ မြေခွေးမြို့တော်တိုးတက်ရေးအတွက်အစည်းအဝေးတွေလုပ်ကြ
တချို့မြေခွေးတွေက အဲဒီ့အစည်းအဝေးခန်းမထဲမှာပဲ အိပ်ငိုက်ကြပြန်ရော
တချို့မြေခွေးတွေကတော့ အေးအေးဆေးဆေးသမားတွေပေါ့
မြို့တော်ရဲ့ ရှိရှိသမျှ နံရံမှာ သူတို့လက်သည်းတွေနဲ့ခြစ်ပြီးစာတွေရေးကြတယ်
မြို့တော်ရဲ့ရှိရှိသမျှ အသံလွှင့်ရုံတွေထဲကနေ သူတို့ရဲ့အော်သံတွေကို လွှင့်ကြတယ်

အဲသလို မြေခွေးမြို့တော်ထဲမှာပေါ့
ယဉ်ကျေးသူမြေခွေးများဟာ ပြုံးပြုံးပျော်ပျော်နဲ့နေထိုင်ကြပါသတဲ့
ပြီးတော့ မေတ္တာတရားအကြောင်းကို တစ်ကောင်နဲ့တစ်ကောင်ပြောဆိုကြပါသတဲ့

ထူးဆန်းပါတယ်
တကယ့်ကို ထူးဆန်းလွန်းပါတယ်

တကယ်ကတော့ အဲသလိုထူးဆန်းတဲ့မြေခွေးမြို့တော်ကြီးအကြောင်းကို
အဘိုးအိုတစ်ယောက်က ပြောပြနေတာကို ခွက်ထိုးခွက်လန်ရယ်ရတာ ပိုပြီးထူးဆန်းလွန်းပါတယ်။

                                                                 မောင်ရေချမ်း

Saturday, December 7, 2013

လူငယ်တစ်ယောက်


လူငယ်တစ်ယောက်ရဲ့ နေ့စွဲတွေဟာ
ချစ်ခြင်းမေတ္တာကို သိမ်းဆည်းပြီး ခပ်၀၀ရှိလွန်းခဲ့ပါတယ်

လူငယ်တစ်ယောက်ရဲ့ လက်သီးဆုပ်ထဲမှာ
အမှားလက္ခဏာဘယ်လောက် ၊ အမှန်လက္ခဏာဘယ်လောက်
ဘယ်တော့ဖြစ်ဖြစ်
ရန်လိုမှုများတဲ့ကမ္ဘာထဲမှာ ဓားကိုသွေးပြီးတရားကိုလဲမွေးထားခဲ့ရ

စိတ်လိုလက်ရရှိတဲ့အခါ
ကြယ်ကြွေနုနုတွေကောက်ဖို့အတွက် အပြာရောင်အိတ်ကပ်လေးတစ်လုံးကိုချုပ်နေမိတယ်
စိတ်အချဉ်ပေါက်တဲ့အခါ
Tatannic ဇာတ်ကားထဲက လီယိုနာဒိုလို တံတွေးကို ကိုယ်နဲ့အဝေးဆုံးရောက်အောင်ထွေးပစ်ခဲ့

သေချာတာကတော့
တရားမျှတမှုကိုလည်း နိုင်ငံတော်အလံပမာသဘောထား ဦးညွှတ်ခဲ့ပါတယ်
ပြီးတော့ လူငယ်ပီသစွာနဲ့
ချစ်ခြင်းမေတ္တာကို ခပ်ဖွဖွလေးနမ်းမွှေးခဲ့ပါတယ်။ ။

                                                            မောင်ရေချမ်း
                                                   ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ဖေဖော်ဝါရီ ၊ ၂၀၁၄

Wednesday, December 4, 2013

ဆဲဆိုခြင်းယဉ်ကျေးမှု နှင့် အနုပညာဒဏ်ရာ !




 နှုတ်မင်္ဂလာ၊ စကားမှာကား
 အသာအချို၊ သူနာလိုအောင်
 မိန့်ဆိုခြင်းလျှင်၊ တန်ဆာဆင်၏
                          (စိန္တကျော်သူဦးသြ)

________________         ______________             ________________

           ရှေးစာဆိုများ၊သူတော်ပီပီများ၊ ကျွန်တော်တို့၏လူကြီးမိဘများက နှုတ်ချိုခြင်း ၊ အပြောအဆို လိမ္မာခြင်းဆိုင်ရာ အတွက်ဆုံးမလမ်းညွှန်၊သွန်သင်ရေးဖွဲ့ခဲ့ကြသော ကဗျာ၊လင်္ကာများစွာကို သတိတရပြန်ဖတ်မိလေတိုင်းကျွန်တော့်စိတ် တွင် ပြန်လည်ချေပချင်စိတ်ဖြစ်မိသည်။ ကျွန်တော်အပါအ၀င် သက်တူရွယ်တူလူငယ်များသည်လည်းကောင်း၊ကျွန်တော်တို့၏ရှေ့မျိုးဆက်များသည်လည်းကောင်း နာကျင်မှုခေတ်ထဲတွင် မလွှဲမရှောင်သာ ပျော်ဝင်စီးမျောခဲ့ကြရသည်။သူတို့ဆီ မှ ထွက်ကျ ပွင့်ထွက်လာသော စာများ၊ကဗျာများသည် သွေးအလိမ်းလိမ်းပေကျံလျက်။ တချို့ကတောက်ခေါက်သံ ရွှဲရွဲစို လျက်။

လေလွင့်ခြင်းများ



ကောင်းကင်ဟာ ကြယ်ပုပ်ကြယ်သိုးတွေနဲ့ ညိုမွဲစွာ
အလင်းတစ်ပွင့် ၊ နှစ်ပွင့် ပွင့်ဖို့အတွက်
ကိုယ့်အရေပြားတွေကိုယ် လောင်ကျွမ်းပစ်ခဲ့ရတယ်
လိုချင်တိုင်းလည်း မရခဲ့ပါ
ဒဏ်ရာဆိုတာ ဘ၀လုံးစာဈေးကြီးလွန်းခဲ့ပါတယ် ။
                                   မောင်ရေချမ်း