Tuesday, July 28, 2015

အကောင်းဆုံး လူသတ်သမားကို မျှော်နေသလား


အကောင်းဆုံးလူသတ်သမားကို ဦးချရမလား
အကောင်းဆုံးလူသတ်မှုကို ဂုဏ်ပြုရမယ်လား
လက်နက်နဲ့ရတာယူတာ ရိုင်းစိုင်းမှုပေါ့
ဒီလိုဆိုရင် ဒီလိုသာလုပ်ရမယ်ထင်တယ်
ဟေ့...အကောင်းဆုံးလူသတ်သမားရေ
ရိုင်းစိုင်းမှုအားဖြိုခွင်းဖို့ သင့်လက်နက်ကို သုံးလိုက်ပါ
အများသူငှာ ပျော်ရွှင်ခြင်းအတွက် လူသတ်မှုကို ပြုပါ
အချိန်ကို ချိန်ပြီးစောင့်နေသလား
ပစ်မှတ်တွေဟာ အခုချိန်မှာ ပျော်ရွှင်သောပါတီပေးလို့
လူအများကောင်းစားဖို့ ရည်ရွယ်ချက်များနဲ့ပါပဲ
အကောင်းစားလူသတ်သမားတွေ သမိုင်းမှာထင်ရှားခဲ့
ငုယင်ဗန်ထရိုင်းရေ...
ခင်ဗျားရဲ့မအောင်မြင်သောဗုံးခွဲမှုကို နှောင်းလူတို့က မှတ်တမ်းတင်ဂုဏ်ပြုနေကြဆဲပါ
ဒီနေ့ရဲ့အိပ်ခါနီးညအထိတော့
အကောင်းဆုံးလူသတ်သမားကို မျှော်မိသလိုပါပဲ
လူသတ်မရဲတဲ့ငကြောက်တစ်ယောက် ဖြစ်ပါတယ်
လမ်းပေါ်ကနေ သေနတ်ပစ်ပြီးဖြစ်ဖြစ်ပေါ့
လူတိုင်းမမြင်ချင်တဲ့ခေါင်းတွေကို ချိန်ပစ်လိုက်စမ်း
အဲဒီသတင်းကို စောင့်နေကြတယ် ထင်မိတယ်
ကြောက်လို့ထွက်ပြေးရှာတဲ့မြို့က
ကြိုက်ရာအဆောက်အဦးကို ဗုံးသွားခွဲလေမလား
အကြမ်းဖက်မှုကို ပန်းကုံးစွပ်ရမှာ လူပီသပါ့မလား
အကောင်းဆုံးလူသတ်သမားဆိုတာ
ဂန္ဒီလိုခေါင်းကို မပစ်
မာတင်လူသာကင်းလို ခေါင်းကို မပစ်
ွဂျွန်လင်နွန်လို ခေါင်းကို မပစ်
လူတို့ဗိုလ်ချုပ်လို ခေါင်းကို မပစ်
ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဟေ့ တကယ်ပဲ
အကောင်းဆုံးလူသတ်သမားဆိုတာ
အစုတ်ပဲ့ဆုံးခေါင်းတွေကို ဆွဲခွာတဲ့လူပဲ ဖြစ်ရမယ်
အကောင်းဆုံးလူသတ်သမားကို
သမိုင်းသူရဲကောင်းအဖြစ် မှတ်တမ်းတင်နိုင်ပါတယ်
သေချာတယ်
သေချာတယ်
အကောင်းဆုံးတစ်ယောက် လိုအပ်နေပြီလား
အကြမ်းဖက်မှုကို ငါတို့ကိုယ်တိုင်မုန်းတီးရာကမ္ဘာထဲ
ငါတို့ လူယဉ်ကျေးတွေလို နေထိုင်ချင်တဲ့အခါ
ငါတို့ လူသတ်ဖို့လက်မရဲတဲ့အခါ
မဖြုတ်နိုင်တဲ့ခေါင်းတွေ ပြုတ်ထွက်ဖို့
ဘုရားရှိခိုးပြီးနောက် တောင်းဆုပြု ကုသိုလ်ယူရတယ်
အကောင်းဆုံးလူသတ်သမားရေ...
အကျော်ကြားဆုံးလူသတ်မှုကို ကောင်းမှုပြုပါ
လက်ခုပ်တီးမယ့်လက်တွေ အများကြီးထင်တယ်ကွာ။ ။

                                             မောင်ရေချမ်း

Monday, July 27, 2015

ဖာနိုင်ငံတော်


ဖြစ်ချင်ရာဖြစ်နေတဲ့ဖာနိုင်ငံတော်အကြောင်းပါပဲ
ဆက်မဖတ်လိုက ဆွဲသာဖြဲပစ်နိုင်ပါတယ်
ဖာနိုင်ငံတော်မှာ ဖောဖောသီသီပေါတာ ဖာဆန်တဲ့အဖြစ်များသာ ဖြစ်တယ်
ဖွံ့ဖြိုးတိုးတက်မှုဟာ ဖာအဆင့်ကိုမီဖို့ ကြိုးစားဆဲ
ဖာနိုင်ငံတော်ကို အုပ်ချုပ်တာ ဖာခေါင်းတွေဖြစ်ပြီး
ငြိမ်သက်စွာအုပ်ချုပ်ခံသူတွေဟာ ဖာစကားကိုယုံကြည်သူများ ဖြစ်ကောင်းဖြစ်မယ်
ဖာနိုင်ငံတော်ဟာ ဖွက်ဖြစ်တဲ့အထိ ဖာကျတယ်
အရည်အချင်းမရှိတဲ့ဖာတွေ ကြီးစိုးတယ်
အဖိုးတန်သူတွေ ဖာမဖြစ်ချင်ဘဲဖာဖြစ်ကုန်ကြတဲ့အထိ
ဖာနိုင်ငံတော်ဟာ အရှက်သိက္ခာကို လုံအောင်မဖုံးနိုင်
ဖာထေးထားတဲ့ဝတ်စုံဟာ ဖာတံဆိပ်နဲ့
ဖွက်ဖွက်ကြေမှုများစွာကို မွေးထုတ်ပေးရေးရည်မှန်းလို့
ဖာနိုင်ငံတော်မှာ ဖာဆန်တဲ့စနစ်ကို ချကျွေးပါတယ်
ဝင်ငွေနည်းပါးတဲ့နိုင်ငံသားတွေ
လခနဲ့မလောက်တဲ့အလုပ်သမားတွေ
အဆင့်မမီဆိုတဲ့ဘွဲ့လက်မှတ်စက္ကူတွေ
ချို့တဲ့ငတ်မွတ်တဲ့စစ်ဘေးဒုက္ခသည်တွေ
ကျောချစရာပျောက်ကျူးကျော်သူတွေ
ဖာနိုင်ငံတော်ဟာ
အဲဒါတွေ အားလုံးကိုဖြစ်ချင်ရာဖြစ် ပစ်ထားတယ်
ဖြစ်ချင်ရာဖြစ်မှုမှာ လူအများစုဟာ
ဖာလောက်မှ မတောက်ပတဲ့ဘဝတွေ ဖြစ်ကုန်တယ်
ဖာနိုင်ငံတော်ကိုမျှော်လည်း ဖာအနာဂတ်ကိုပဲ ရမယ်
ဖာလွှတ်တော်နဲ့
ဖာသမ္မတနဲ့
ဖာအစိုးရနဲ့
အားလုံးဟာ ဖာထပ်ဖြစ်ရေးစီမံကိန်းကို ရေးဆွဲတယ်
ဖာအာဏာနဲ့ဖာနိုင်ငံတော်ကို ဖဲ့ချင်သလား
ဖဲ့တာနဲ့ ဖမ်းခံရမယ်
ထောင်တွေထဲမှာ ဖာလိုအဆက်အဆံခံရမလား
လူတွေဟာ ဖိနှိပ်ခံရတာတော့ သေချာတယ်
ဖာနိုင်ငံတော်ဟာ ဖွက်ဖွက်ကြေနေပါပြီ
ဖာနိုင်ငံတော်ဟာ ဖျက်ဆီးခံခဲ့ရပါပြီ
ဖာနိုင်ငံတော်အတွက် စိတ်မကောင်းဖြစ်နေလည်း
ဖာစကားပြောတယ်ဆိုပြီး အထင်သေးကြလိမ့်မယ်
ဖာနိုင်ငံတော်မှာ တချို့ဟာ ဖလန်းဖလန်းထပျော်ရွှင်နိုင်ပါတယ်
ဖာနိုင်ငံတော်အကြောင်းကိုတော့ လူတိုင်းဟာ ရိုင်းစိုင်းစွာ ဖွင့်ပြောချင်ပြောနိုင်ပါတယ်
အဖိုးလို့ခေါ်ချင်ခေါ် အဖေလို့ပြောချင်ပြော
သူကတော့ သေချာပြောခဲ့ရှာပါတယ်
"ခင်ဗျားတို့ ဒီသောက်ကျင့်တွေမပြင်ကြရင်
ဟိုလူလာမျက်နှာချိုသွေးရ ဒီလူလာမျက်နှာချိုသွေးရနဲ့
နောက်ဆုံး ဖာသည်နိုင်ငံလို ဖြစ်နေမှာပဲ"တဲ့
သူစိတ်ပူတဲ့ဖာနိုင်ငံတော်ဟာ ပေါ်ပေါက်ခဲ့ပါပြီ။ ။

                                                   မောင်ရေချမ်း
                                              24 July 2015

မျိုးဆက်တစ်ခုအတွက် ဝမ်းနည်းမှု


မျိုးဆက်တစ်ခုအတွက် ဝမ်းနည်းမှုဟာ
ရှေ့တည့်တည့်မှာ လာပျော်ရွှင်စွာနေပြတဲ့အခါစတယ်
မျိုးဆက်တစ်ခုအတွက် ဝမ်းနည်းမှုဟာ
နေ နေတဲ့ခေတ်ကို ဆဲဖို့ ငိုင်နေတာတွေ့လို့ ရတယ်

ဟေ့...ရှေ့မျိုးဆက်
ပုခုံးပုတ်ပြီးလှမ်းခေါ်တာ ရိုင်းတယ်ထင်ချင်ထင်
ပညာမျိုးဆက်ဆီက အရိုးအကြွင်းလေးများရရုံတင်
ငါ အရိုင်းအစိုင်းဖြစ်ရတာ တန်ပြီ
ပညာသင်တာ အသပြာများများရှာနိုင်ဖို့ပါ တဲ့
သိပ်ဝမ်းနည်းကောင်းတဲ့မျိုးဆက်ဟာ
အဲဒီလို တွေးခေါ်ပြီး ပညာတွေသင်ခဲ့ကြရှာတယ်
ဘယ်လောက် ယူကြုံးမရဖွယ်လဲ

ကြင်နာခဲ့သော စနိုက်ပါသမားများ။မျက်ရည်တွေ အကြာကြီးကျစေတဲ့ ငါတို့ရဲ့နိုင်ငံတော်ဈာပနဆိုတာ ကျော်ကြားလွန်းသည့် ကြယ်များ

အလင်းနှစ်များစွာက လာခဲ့ရ
အကြာကြီးလင်းတဲ့ လထက်လှသောကြယ်များ။
နာမည်ကြားတာနဲ့ ကြင်နာချင်ကြတယ်။
ဆုံးရှုံးမှုကိုပဲ ဖူးမြော်မဆုံးဖြစ်ရတယ်။
နှမြောဖွယ်။

အာဟာရဖြစ်ဖွယ်သီချင်းဟာ
အခုပြောတဲ့ကြယ်တွေရဲ့အလင်းက ရတယ်။

နာမည်ကိုတောင် သီချင်းလုပ်ဆိုဖွယ်
စနိုက်ပါသမားဟာ အဲဒီကြယ်ဖြစ်တယ်။

အူလမ်းကြောင်းမှာ ကျေးဇူးဆိုတာ တလူလူ အငွေ့အူ


ရင့်ရင့်သီးသီးဖြစ်ခဲ့တယ်
တစ်ခုခုပြီးတစ်ခုခုတွေ
တစ်ခါပြီးတစ်ခါ လွှင့်ပစ်ခါချခဲ့တဲ့အထိ။

ရင့်ရင့်သီးသီးဖြစ်ချင်သေးတယ်
စားမိမယ့် မရိုးမသား အသားစကပ်အရိုးတွေ
ရောက်တဲ့သွားကြားမှာ ခုလုခုလုမဖြစ်ဖို့အထိ။

ရင့်သီးမှုဟာ ရိုင်းစိုင်းတယ်
လူ့ဘဝဟာ ခဏခဏဗိုက်ဆာတတ်တယ်
ရောဂါတွေဟာ မယူဘဲရောက်လာတတ်တယ်

ရပါတယ် ရပါတယ် လို့ဟန်ပါပါပြောရင်း
ရောက်တဲ့နေရာမှာရ သလိုရိုးသားချင်ယောင်ဆောင်
ဒါဟာ ယင်ကောင်တွေအုံခဲရမယ့်မရိုးသားမှုဖြစ်တယ်

အားမာန်နဲ့အုံခဲနေတဲ့ ငါ့အူထဲအာဟာရ
မသတီဖွယ်တစ်ခုကို ဝန်ခံမလို့ပါ
ငါ့ရင့်သီးမှုဟာ ငါ့ကို ရယ်ပါ
ငါ့ရိုင်းစိုင်းမှုဟာ ငါ့ကို ရွံပါ
ဗိုက်ဆာလွန်းလို့ ညစာကိုခိုးစားခဲ့တဲ့အကြောင်းဟာ
ငါနဲ့စစ်ဖြစ်နေတဲ့အိမ်တစ်အိမ်ရဲ့စားပွဲပေါ်မှာ။

                                               မောင်ရေချမ်း
                                            12 may 2014

မိုးမလင်းခင်အထိ အမှောင်ထဲ မောခဲ့တဲ့ညက


ဘယ်သေနတ်ကထွက်လာတဲ့ကျည်တောင့်ကများ
အချစ်အကြောင်းကို တဒိုင်းဒိုင်းပြောခဲ့ပါသလဲ
ကန့်သတ်လိုက်ပါပြီ
သေနတ်တွေကို ဒိုင်းခနဲပစ်တဲ့အခါတိုင်း
ငြိမ်းချမ်းရေးကို ကြိုဆိုတဲ့အနေနဲ့
မိုးပေါ်ကိုသာ တဒက်ဒက်ထောင်ပစ်ဖို့။
လူများ
၂၁ရာစုရဲ့ယဉ်ကျေးသောလူများ
ကမ္ဘာ့မြို့ကြီးများရဲ့လမ်းမကျယ်တွေပေါ်စုစည်းလို့
သေနတ်တွေကို အသံထွက်တူရိယာအဖြစ်သေသပ်စွာသုံးကြမယ်
တောင်းရမ်းဖို့မဟုတ်ဘဲ
လူ့အစစ်များရဲ့ယဉ်ကျေးတဲ့ခေတ်ကို ကြိုဖို့ဖြစ်မယ်
အကောင်းဆုံးနှစ်သစ်ကို
သေနတ်သံဟာ ဂီတသံဖြစ်တဲ့နေ့မှာ စမယ်။
ဒီစကားတွေဟာ သေနတ်မောင်းတံကို ဆွဲညှစ်ဖို့ အားအင်မရှိတဲ့ကလေးစစ်သားလေးက
ငါ့ကို မနေ့ညက ပြောပြသွားတာပါ
ရူးကြောင်ကြောင် အိပ်မက်ထဲမှာ။

                                        မောင်ရေချမ်း
                                   20/July/2015

Sunday, July 26, 2015

ဟိုခေတ်ကနေ နောက်ခေတ်များ အထိ ကြည်လင်တဲ့တော်လှန်မှုဟာ မြင့်မြတ်ထင်ရှား

ပြောမယ်ဆို ခေါင်းစဉ်ပဲ
ထပ်လျှာရှည်ရရင် သမိုင်း
အခုပြောမှာ ဟိုးရှေးရှေးတုန်းက ဆိုပြီး စတယ်
ကမ္ဘာ၏လွန်ခဲ့သောအမှောင်ခေတ်။
ယဉ်ကျေးမှုနိမ့်ကျ၍ လူလူချင်းကျွန်ဖြစ်ရသောခေတ်။
မြို့တွေ လမ်းတွေ မှန်သမျှဟာ ဘုရင်တစ်ဦးတည်းပိုင်သောခေတ်။
လူတွေဟာ လူတွေကို ရှိခိုးကြောက်ရွံတဲ့ခေတ်။

ဘယ်နေရာမှာ ဖင်ချရမှာလဲ


ဖင်ချဖို့ နေရာလိုတယ်
လုံလောက်တဲ့နေရာမှာ ချကြမယ်
ဘယ်နေရာမှာ ဖင်ချရမှာလဲ
အဲဒီမေးခွန်းက ကွိုင်တက်စေတယ်မဟုတ်လား
တချို့အတွက် ဖင်ချစရာနေရာရှားတယ်
ဘယ်သူတွေ ဖြေရှင်းပေးမလဲ
ဖင်ကို ရွံစရာထင်သူမှာလည်း ဖင်ပါတယ်
သူ့ဖင်သူသနားနေတော့ ရယ်စရာကောင်းတယ်
သူတို့ရော ဖင်ချစရာနေရာလုံလောက်ရဲ့လား
ဖင်ကိုမှရိုင်းတယ်ထင်ရင် ဝမ်းနည်းပါတယ်
လူဦးရေတိုးတက်လာတယ်
ဖင်ချဖို့နေရာက ကျဉ်းကျဉ်းလာရော
လွယ်လွယ်နဲ့လွတ်နေတဲ့နေရာမှာ ဖင်ချလို့မရ
ဖင်စုတ်စုတ်ပဲ့တွေက နေရာယူပြီးသားပါ
ဖင်ကြောင့်ဒုက္ခပါပဲဆို ဖင်ကိုလှီးပစ်မလား
ထိုင်ခုံများ တချို့ဖင်များ အခန့်သားဆိုတော့
တန်ဖိုးရှိတဲ့ဖင်တွေ ဘယ်နေရာမှာ ထိုင်ချမလဲ
ဘုရားသခင်က လူကို ဖန်ဆင်းတယ်
ဖင်ဟာ အရေးကြီးအင်္ဂါအနေနဲ့ ပါလာတယ်
ဖင်ချစရာမရှိလို့ ဒုက္ခများသူတွေရှိပါတယ်
အဲဒီဖင်တွေက ဘုရားသခင်ကို ဒေါတင်းတယ်
တချို့ကတော့ ဖင်မပါသလိုနေကြပါတယ်။ ။

                                           မောင်ရေချမ်း

မြေပုံထဲမှာ နာမည်ရှာမရတော့တဲ့ တစ်ခုသောမြို့တော်



မြို့တော်ကို တကူးတကသွားဖို့
သူက သေချာပြောခဲ့တယ်

မြို့တော်ရဲ့ပန်းတွေ မရှိတော့တဲ့ဥယျာဉ်ထဲမှာ
တောင်းရမ်းစားသူတွေဆီက ထမင်းထုပ်ကို
နောက်ဆုံးညစာအဖြစ်စားခဲ့တယ် လို့
သူဟာ တုန်တုန်ရီရီ ဝန်ခံခဲ့တယ်

စစ်တုရင်


တစ်ကွက်ရွှေ့မှားရင်တောင်
တစ်ပွဲလုံးရှုံးတတ်တယ်ဆိုတော့
သတိထားရတယ်
စစ်တုရင်။

မြင်းတစ်ကောင်ကျိုးသွားတာလည်း
အနိုင်ရဖို့ အားပဲ
စစ်တုရင်။

ပွန်းကောင်တွေဟာ
ဘုရင်မကို သိပ်ကြောက်တယ်
စစ်တုရင်။

အခြေအနေကို ရှုပ်ထွေးအောင်
ဘစ်ရှော့ကို အသုံးချရတယ်
စစ်တုရင်။

အကွက်ရွှေ့စရာ သိပ်မကျန်တဲ့အခါ
ဘုရင်ဟာ ချွေးပြန်ရတယ်
စစ်တုရင်။

အနိုင်ဖို့ဟာ တိုက်စစ်နဲ့မှ မဟုတ်ဘူး
ခံစစ်ကနေ ဘုရင်မ ဟာ လှုပ်ရှားတယ်
စစ်တုရင်။

အချိန်ဟာ အဖြေ
ကုန်သွားတဲ့အင်အားတွေမှာ အချိန်လည်း ပါတယ်
စစ်တုရင်။

မိုးရာသီကုန်သွားတဲ့အခါ


မိုးရာသီကုန်သွားတဲ့အခါ
မိုးစက်တွေကို ငေးပြီး တစ်ခုခုကိုတွေးရတာလည်း ကုန်သွားမှာပါ
မိုးစက်တွေကို လက်ခုပ်ထဲထည့်ပြီး
တစ်ခုခုကို မျှော်ရတာလည်း ကုန်သွားမှာပါ
ဘာလိုပဲဖြစ်ဖြစ်
မိုးရာသီကုန်သွားရင်
ရွှံ့ဗွက်ထူတဲ့လမ်းတွေကို မဆဲတော့ဘူး
မုန်တိုင်းတွေအူတဲ့ကမ္ဘာအတွက်လည်း
အားမလို အားမရ မဖြစ်တော့ဘူး
တိတ်တိတ်လေးနေပြီး ကိုယ်လိမ္မာနေတော့မယ်

နိုင်ငံတော်ဆိုတာကို အကြည်ညိုမရှိ !


နိုင်ငံတော်မှာ
ကလေးကအစ ခွေးအဆုံး အားလုံးပါတယ်
နိုင်ငံတော်မှာ
လူငယ်ကျောင်းသားဟာ အနာဂတ်များပေါ့
ဒါထက် ရိုးရှင်းတာ ဘာမှမရှိ
အနာဂတ်ကို ဖူးဖူးမှုတ်ထားတဲ့နိုင်ငံတော်ဆိုရင်
ငါတို့ဟာ ဖင်ဘူးထောင်ပြီးကို ကြည်ညိုကြရမယ်
ဒီလိုသာ တွေးခေါ်ခဲ့

လမ်းမှာ ယိုင်ထိုးထိုးဖြတ်သွားတဲ့အရက်သမားက
အော်ပြောသွားတယ်
ဒီနိုင်ငံတော်မှာ လူထုခေါင်းဆောင်နဲ့
ဒီနိုင်ငံတော်မှာ လူတစ်စုခေါင်းဆောင်နဲ့
ငါတို့ဟာ ကိုယ့်ဟာကိုယ်သာ ကြည်ညိုကြပါစို့ တဲ့
ဟေ့..လူ ! ခင်ဗျား သိပ်မှန်တယ်
အရက်သမားစကားဟာ သမ္မတစကားထက် ပိုကြည်ညိုစရာကောင်းကြောင်း ငါသတ်မှတ်တယ်

နံရံမှာ ကပ်ထားတဲ့ဗီရို


'နံရံမှာ ကပ်ထားတဲ့ ဗီရိုဟာ'
ဆိုပြီးများ စဖတ်ရဖို့ မျှော်လင့်ထားရင် ခင်ဗျားမှားပြီ
စိတ်မပျက်ပါနဲ့ ကဗျာရေးရင် ရိုးသားရတယ်ဆိုလား ဘာလား ညာလားဆိုလို့ တစ်ခု ဝန်ခံရမယ်
ဒီကောင်ကဒီခေါင်းစဉ်ကိုပြီးစလွယ်တပ်ထားတာလေ
နံရံမှာကပ်ထားတဲ့ ဗီရိုအကြောင်းကို ပြောချင်လွန်းလို့ ဟုတ်ချင်မှဟုတ်မယ်
ဒီဗီရိုကို သူပိုင်ကြောင်းအပျင်းပြေကြွားဖို့ဖြစ်လိမ့်မယ်
ဒီကောင်နဲ့သူဆိုတာ ဒီစာအစုဝေးထဲမှာ ကျနော်နဲ့အတူတူပဲလို့ ကျနော်ညွှန်းမယ်
ကျနော်ရယ် ဒီကောင်ရယ် သူရယ် တစ်ယောက်တည်းလို့ ညွှန်းလို့ မရဘူးလား
မရရင်လည်းနေပေါ့ အဓိကပြောမှာ အဲဒါမှမဟုတ်တာ
'နံရံမှာကပ်ထားတဲ့ဗီရို'ကို ငါ ပိုင်တယ်လို့ကြွားဖို့ပဲ
'နံရံမှာကပ်ထားတဲ့ဗီရို'ကို ဝယ်နိုင်တဲ့နေ့က
ငါ့ကို ကျနော် ဂုဏ်ယူကျေနပ်တယ်
ဗီရိုကြီးတော့ ငါ့စာအုပ်တွေအများကြီးထည့်လို့ရတယ်
ကျနော့်မှာ ဗီရိုထဲ ထည့်စရာ စာအုပ်တွေပဲရှိတယ်
သူလိုကောင်ကများဗီရိုဝယ်တာကြွားတယ်ထင်မလား
သူ့အနေနဲ့တော့ဗီရိုဝယ်ဖို့ပိုက်ဆံတော်တော်စုခဲ့ရတာ
ခင်ဗျားမှာရော...ဗီရိုဘယ်နှလုံးရှိလဲ
ဗီရိုတစ်လုံး ဘယ်လောက်ပေးခဲ့ရလဲ
ဗီရိုထဲမှာရော ဘာတွေထည့်ထားလဲ
ခင်ဗျားဖြေတာ ကျနော်မသိနိုင်မှန်းသိရက်နဲ့မေးကြည့်မိတယ်
ဒီလိုပဲလေ ဟုတ်ဟုတ် မဟုတ်ဟုတ် စပ်စုတယ်ပေါ့
မေးခွန်းမေးတာဖြေဖို့ မဟုတ်ဘဲ
အကယ်၍များ ခံစားချင်လို့ ဒီကဗျာဖတ်မိတာဆို အခုပဲဖတ်နေတာကို ရပ်လိုက်ပါတော့ အားမနာနဲ့ဦး
'နံရံမှာကပ်ထားတဲ့ဗီရို'ပါဆို ဗီရိုပဲပေါ့
ဘာ ခံစားဦးမလို့လဲ
ဗီရိုကို ချစ် သနား မုန်း တွေ လုပ်စရာလား
ချစ် သနား မုန်း တွေ တစ်ခုခု ခံစားချင်ရင်
ကျနော် ဗီရိုကို ခက်ခက်ခဲခဲဝယ်ခဲ့ပုံပြောပြမယ်လေ
ကျနော် လုပ်ခဲ့တာကို ငါက ပြန်ပြောပြမှာမို့ အမှန်တွေချည်းပဲ ထင်နေမလား
သနားတာခံရဖို့ နည်းနည်းပိုပိုသာသာ ပြောရမှာပေါ့
ဒီကောင်ပြောတိုင်း ယုံချင်မှယုံမှာ ကျနော်သိတယ်
တော်ပြီ တော်ပြီ ဒီတော့ မပြောတာပဲ ကောင်းတယ်
ပြောရင် ကျနော့်ကို ငါ ပြန်ချီးကျူးသလို ဖြစ်မယ်
ဒါပေမဲ့ နည်းနည်းတော့ ပြောပါဦးမယ်
ကျုပ်ဗီရိုကိုမှ ကျနော့်ဟာ သူ့ဟာ ငါ့ဟာ ဒီကောင့်ဟာ ဆိုပြီး လာငြင်းနေကြတာ ပျင်းစရာကောင်းပြီး နားတွေလည်းပူလွန်းတယ်
ဗီရိုတစ်လုံးကို အတူတူလည်း မသုံးချင်ပါဘူး
မည်သို့ပင်ဆိုဆို
ကျွန်ုပ်သည် ထိုဗီရိုဝယ်သောနေ့က ပျော်ရွှင်ခဲ့လေ၏။
                                                   
                                                   မောင်ရေချမ်း
                                                ၃၀ ဇွန် ၂၀၁၅

ခွခေါင်းအုံးနဲ့ဆေးပြင်းလိပ်


ခွခေါင်းအုံးရှိရင် ဆေးပြင်းလိပ် ဝယ်
ဆေးပြင်းလိပ်ကိုရှိုက်ပြီး ခွခေါင်းအုံးနဲ့ဇိမ်ယူဂေါ်တယ်
ဝယ်တယ် ယူတယ်တွေဟာ ကြိယာပုဒ်ဆိုတော့
ကလိကြည့်သင့်တယ်
ဤတွင် ကြည့်ဟူသည် မြင်အောင်လုပ်မှုမဟုတ်ဘဲ စမ်းလုပ်သောသဘော ကြိယာထောက်ဖြစ်သည်
ထို့ကြောင့် 'ကြည့်'သည် ရှေ့မှ ကလိဟူသော ကြိယာကိုထောက်ပံ့၏
ဒါဆိုရင် စားကြည့် ဖတ်ကြည့် ပြောကြည့် သေကြည့်
သေကြည့်ဆိုရင် ခင်ဗျားအစမ်းဆော့ပြီးသေနိုင်မလား
သက်သက်ရွဲ့ရေးမိသလိုဖြစ်သွားပြီ မတတ်နိုင်ပါဘူး
ဒီဝါကျတွေဟာ ခင်ဗျားကိုသေစေချင်လို့ အချိန်ယူပြီး စီစဉ်ထားသလိုလည်း ဖြစ်နိုင်တာပဲ မဟုတ်လား
အဲဒါကိုထားပြီး ခွခေါင်းအုံးနဲ့ဆေးပြင်းလိပ်ပဲ
အဲဒီခွခေါင်းအုံးနဲ့ဆေးပြင်းလိပ်ဟာ ဘယ်သူ့ပစ္စည်းတွေလဲ စဉ်းစားကြည့်ပါလား
လိမ္မာတယ် စဉ်းစားရတာရွံစရာလို့ လူတော်တော်များများက ထင်ကြတယ် ခင်ဗျားကတော့ အခု လိုက်ဝါးစားနေတယ်
ဘယ်လိုကောင်တွေရဲ့ဗိုက်ဟာ ဓားနဲ့ထိုးလိုက်ရင် ဓားကျိုးသွားနိုင်ပါသလဲ
ခင်ဗျား မဖွယ်မရာတွေ လိုက်တွေးနေလား ဒုက္ခပါပဲ
တစ်ခုခုဆို စာထဲမှာရေးထားတိုင်း လိုက်မလုပ်နဲ့
သိပ်အန္တရာယ်ကြီးတယ်
လူသတ်ပြီးရင် ဆေးပြင်းလိပ်နဲ့ခွခေါင်းအုံး ပြေးဝယ်
အဲဒါပဲ ကောင်းတယ်
ထောင်ထဲမှာ ခွခေါင်းအုံးရှိမှာ မဟုတ်လောက်ဘူး
ဒီတော့ လူသတ်ပြီးရင် ခပ်တည်တည်အိမ်ပြန်ပါ
ရုပ်ရှင်ထဲမှာလို လူသတ်သမားကို ချက်ချင်းမမိဘူး
ခင်ဗျား အချိန်အများကြီးရပါလိမ့်မယ်
အိပ်ယာထဲမှာ ခွခေါင်းအုံးကိုခွ ဆေးပြင်းလိပ်ကို အားရအောင်ရှိုက်ပါ
ပြီးရင်တော့ ကြိယာတွေကို ကလိချင်သလို ကလိခွင့်ရချင်မှရမယ့်နေရာကို ခင်ဗျားအခေါ်ခံရမယ်
စိတ်မကောင်းစရာက ဆေးပြင်းလိပ်နဲ့ခွခေါင်းအုံးပဲ
ဆေးပြင်းလိပ်ကုန်သွားရင်တောင် ခွခေါင်းအုံးက ခွဖို့မကုန်သေးဘူး
ခင်ဗျား သွားတာနဲ့ တခြားသူက ခွခေါင်းအုံးကို ချောင်းချင်ချောင်းနေလိမ့်မယ်
အဲဒီအခါ မနှမြောနဲ့ ဟုတ်ပြီလား။ ။

                                               မောင်ရေချမ်း
                                            ၃၀ ဇွန် ၂၀၁၅

ရနေတဲ့ အရသာဟာ ရပ်ပြီး ပျင်းနေရင် ပြိုသွားမှာ


အတူတူပဲ
အချိုးမပြေတဲ့ကောင်တွေရော
အချောင်ချောင်းနေတဲ့ကောင်တွေရော
ဘယ်ပုံစံနဲ့ဘယ်လိုပြုံးပြီး ဘယ်လောက်လောင်လောင်
နောက်ဆုံး ဘာမှ မရှိတော့သလို
နိုးကြားခဲ့သမျှ နာရီတွေရော
ရင်ခုန်ခဲ့သမျှ ရောဂါအရသာတွေရော
ပြောရရင် ဘယ်လိုတံဆိပ်နဲ့ဘာမဆို ပြာဟာပြာ။
ဘယ်ပုံစံနဲ့ဘယ်လောက်လူလိုလောင်မလဲ
ပြီးရင် လစ်ကြရမှာ...ပြာဟာပြာ။
"ဖြစ်နေတာတွေဟာ
မဖြစ်ချင်တွေချည်း ဖြာကျနေတယ်" တဲ့
အဲဒီလိုတွေးတဲ့လူတစ်ယောက်ခမျာ သနားစရာပါပဲ
ဖြူဖပ်ဖြူရော် ဖျော့တော့တော့နဲ့ ပြုံးလိုက်ငိုလိုက်လုပ်တယ်
အဆင်မပြေမှုကို အင်အားသုံးပြီးထိုင်ဖြုန်းနေတာပဲ
တစ်ယောက်ကလည်း ပြောင်ချော်ချော်ပြောတယ်
"အသက်ရှူရတာ ပျင်းတယ်"တဲ့
ပျင်းရင် ကိုယ့်ခေါင်းကိုယ်ဖြတ်ပြီး မီးပုံထဲ ပစ်ချလိုက်
ဓားလေးနဲ့ကိုယ့်အရည်ပြားပေါ် အရသာခံပြီး တစ်ခုခုကို ပုံဖော်လှီးထွင်းလိုက်
အဲဒီလိုပြောလိုက်တော့
ပျင်းတာပျောက်ပြီး သွေးမထွက်ခင် ခွေခေါက်သွားတော့တာပဲ
ဒါပဲလေ တစ်ယောက်ယောက်ကို ပြောင်တိုင်းပျော်စရာမရဘူးဆိုတာ
ဒါပဲလေ အပျင်းပြေချင်ရင် အနည်းဆုံးတော့ တစ်ခုခုကိုဖြစ်နိုင်သလောက် ခြစ်နေဖို့လိုတယ်
ချိုတာကိုလိုချင်ရင် ခါးတာချဉ်တာကိုလည်း အာဟာရဓာတ်အဖြစ် စားဦးပေါ့
ဘယ်သူပြောတဲ့ ဘယ်လိုရင်နာစရာမှ ယုံဖို့မကောင်း
ရုန်းကန်နေရတာ အရသာလို့လည်း လာမပြောပါနဲ့
အူတက်အောင် ရယ်မိရင် ရန်လိုဦးမယ်
သွေးထွက်တာကိုမှ ဒေါသသေးသေးလေးမထွက်ရရင်
ဒဏ်ရာဆိုတာ အမာရွတ်ဖြစ်လာဖို့ ဘာအဓိပ္ပာယ်ရှိဦးမလဲ
မီးတောက်ပါးပါးလေးအလောင်ခံရလို့တော့ တဖျစ်ဖျစ်ပူမနေနဲ့ပေါ့
နေရထိုင်ရတာ ပျင်းတယ်လို့လည်း ပေါ့ပေါ့လေး မပြောနဲ့
အဲဒီလောက်နဲ့တော့ မရဘူး
ဘဝဟာ ပြူးနေအောင် ပြာယာခတ်လည်း ပျော်စရာ ဘာမှ မရှိ
ဒါပေမဲ့..ဖြစ်သမျှကို ပြိုင်ပြီး ပြာယာခတ်ဖို့လိုကိုလိုလိမ့်မယ်
အသက်ရှူရပ်သွားတဲ့အခါ ဘယ်သူ့ပြာမှာမဆို နာမည်ပါတယ်။ ။

                                       မောင်ရေချမ်း
                                     29/June/2015

လူသွားလမ်းကလေး



နောက်နှစ်ပေါင်းများစွာကြာရင်
ပိုရင်နာစရာတွေ လာမလား
ဓားကိုဆောင်ထားမှ အသက်ဓာတ်ဟာ အဓိပ္ပာယ်ရှိမှာလား
ဒီလိုဆို...ဓားနဲ့သာ ထိုးစိုက်ချလိုက်ပါတော့
ဒဏ်ရာကိုပဲ "ဒါလူသားအမှတ်အသား"လို့ ဂုဏ်ယူကြပါတဲ့
လူသွားလမ်းကလေးက သင်ကြားခဲ့ပါတယ်

လူသွားလမ်းကလေးရဲ့တေးကို
လမ်းနံဘေး ပန်းပွင့်လေးတွေက ရနံ့မွှေးစွာ ဆိုခဲ့တယ်။

လူသွားလမ်းကလေးမှာ
တိရစ္ဆာန်တွေ ဖြတ်သန်းသွားတော့လည်း ကြည်ဖြူခဲ့
ဒါပေမဲ့...တိရစ္ဆာန်သွားလမ်းကလေးလို့ အမည်မတွင်ခဲ့ပါဘူး
လူသွားလမ်းကလေးဟာ လူသွားလမ်းကလေးသာဖြစ်တယ်။

မိတ်ဆွေများရေ...
လူသွားလမ်းကလေးအကြောင်း သတင်းပေးခဲ့ပါပြီ
ဘဝတောတောင်တွေကြား
ခြေညောင်းလောက်အောင် လျှောက်သွားပြီးရင်
လူသွားလမ်းကလေးအတိုင်းပဲ
လူလို သူလို ပြန်ကြပါစို့။ ။

                                           မောင်ရေချမ်း
                                        28/June/2015

အကာအကွယ်ပေးနိုင်ပါတယ်ဆိုတဲ့ တရားဥပဒေဟာ သုံးပြီးသားကွန်ဒုံးကြီးလို မလုံခြုံရင် အသက်အန္တရာယ်ရှိကြောင်း ခေါင်းလောင်းတီးခြင်း


လမ်းထဲမှာ သူခိုးသောင်းကျန်းချက်ကတော့ ပိုးစိုးပက်စက်ပဲ။
ဟိုတလောကတင် ညဘက် ရပ်ထားတဲ့ကားက ဘတ်ထရီအိုးဖြုတ်သွားတယ်။
ပြီးခဲ့တဲ့နေ့ကတော့ ကိုယ့်အိမ်ရှေ့မှာ ရပ်ထားတဲ့ဆိုင်ကယ် အိမ်ထဲမှာလူတွေရှိနေတဲ့ကြား ဘယ်လိုမ သွားလဲကို မသိဘူး အံ့ရော။ သူခိုးကို အပြစ်မတင်ရက်ပါဘူး။ ခွေးတွေလောက်တောင် ဟောင်ဖော်မရတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာကြီးကိုပဲ ခဲနဲ့ထုချင်လာတယ်။ ဆိုင်ကယ်အလုခံရတုန်းကလည်း တရားခံမပေါ်။ ဒီနိုင်ငံက တရားဥပဒေဆိုတာဟာ ရာဇဝတ်မှုမကျူးလွန်တဲ့လူကောင်းတွေကိုဖမ်းတဲ့နေရာမှာပဲ အလွန်တော်တယ်။
                   -------- -----------

ချက်ပြုတ်နေဆဲ ဟင်းလျာ


လျှာအမျိုးမျိုးရှိသော ဖွယ်ဖွယ်ရာရာကမ္ဘာထဲမယ်
စားဖိုမှူးကောင်းမှ ဟင်းလျာကောင်းမယ်ဆိုတော့
ချက်ပြုတ်နေဆဲဟင်းလျာဟာ
မီးဖိုပေါ်မှာပဲ ပုပ်သိုးသွားခဲ့ပါပြီ

ချက်ပြုတ်နေဆဲ ဟင်းလျာဟာ
မရိုးသားသူများတည်ခင်းတဲ့ မသတီစရာညစာပေါ့
မိုးရွာထဲ ချက်ပြုတ်ဖွယ်ရာများပျံ့ကြဲလို့
သိက္ခာရှိချင် ရောင်းတန်းဝင်ဖို့ကြိုးစားလေသူ
ချက်ပြုတ်နေဆဲ ဟင်းလျာဟာ
ငတ်ပြတ်လာတဲ့အခါ ခွက်စုတ်ဆွဲပြီးတောင်းစားခဲ့တာပါပဲ
ယုံကြည်စိတ်ချစွာ စားသုံးဖို့ အာမခံလို့
ရက်စက်တဲ့ကြယ်များ မီးဖိုအဖြစ်အသွင်ပြောင်းရင်း
ချက်ပြုတ်နေဆဲ ဟင်းလျာဟာ
မြည်းကြည့်စရာ လျှာများမလိုတော့ပါဘူး
ချီတက်သွားတဲ့အရသာရှိရေးခရီးမှာပဲ
ပါသမျှအာဟာရဓာတ်ဟာ ဓားပြတိုက်ခံခဲ့ရပြီ
ချက်ပြုတ်နေဆဲ ဟင်းလျာထဲ
ရောဂါပိုးမွှားတွေဟာ သူခိုးတွေလို ထိုးထွင်းဝင်ရောက်လို့
အရောင် အနံ့ အရသာ ပြည့်စုံစွာတန်ဖိုးမြင့်သော
တဗွမ်းဗွမ်းထ ရွှေသေတ္တာ ငွေသေတ္တာတွေ နေရာမှာ
ခြတွေ ဂျပိုးတွေ မြွေတွေကို ဟန်မပျက်ထားခဲ့ပါတယ်

မြင်နေကျ ဝေါဟာရတွေကို ငြင်းဆန်ချင်လာတဲ့အခါ


"နိုင်ငံတော်"ဆိုတဲ့စကားလုံးကို ချရေးလိုက်ရင်
ဟိုဘဲကြီးတွေက သူတို့အကြောင်းရေးတယ်ထင်ပြီး ပျော်ကြမလား
ဝေါဟာရတွေမှာ ပိုင်ဆိုင်သူ ရှိလို့လား
မရှိတဲ့စကားလုံးတွေကို ဘယ်လိုထုတ်သုံးရမလဲ
နှစ်ပေါင်းများစွာကြာတော့ ဒီလိုင်းတွေဟာ လူရယ်စရာဖြစ်မှာလား
"မကောင်းတဲ့ကမ္ဘာ"လို့ချရေးရင်
ဖတ်လိုက်ရတဲ့လူတွေက စစ်ပွဲတွေ ငတ်ပြတ်တာတွေပဲ မြင်မှာလား
"ပီတာဆို"နာမည်ကိုတွေ့ရင် ပန်းချီဆရာလို့တန်းသိတာပဲလား
တစ်နေရာရာမှာ စားပွဲထိုးလေးပီကာဆို ရှိနေနိုင်တာပဲလား
"ဝူး ဝူး ဝါး ဝါး" ဆိုတဲ့ ပါးစပ်ရဲ့ဘာမဟုတ်တဲ့အသံ
အဲဒီအသံဟာ ကမ္ဘာဦးဘာသာစကားဖြစ်နိုင်တာပဲလား
တစ်ခုခုရဲ့အဓိပ္ပာယ်ကို သိချင်ရင် အဘိဓာန်လှန်ရမလား
အကြီးအကျယ် ဦးနှောက်ကို လာကိုက်နေသလိုလား
ကတ်ကြေး။ဓား။လှံ။
အဲဒီနာမ်စကားလုံးတွေကို မြင်ရင်
ချွန်ထက်ထက်လက်နက်မှန်းသိနေပြီလား
ဒါဆို မရှိတဲ့စကားလုံးတွေကို ဘယ်လိုထုတ်သုံးရမလဲ
မရှိတဲ့လက်နက်ကို ဘယ်ကရှာရမလဲ။

                                        20-22/6/2015

မင်း လွယ်ထားတဲ့မြွေအရေခွံအိတ်ဟာ အနာဂတ်တဲ့လားကွာ


"သူများသောက်ပြီးသား ဘီယာပုလင်းခွံတွေဟာ
တစ်စုံတစ်ယောက်အတွက် ညစာ"တဲ့လား
တခြားသူတွေနားလည်အောင်
ငါ ဘယ်လိုပြောပြရမလဲ...ကလေး လေး

"ဘုရားရှိခိုးလည်း မထူးဘူး
အစိုးရကလည်း ထမင်းလာမကျွေးဘူး
ကိုယ်ကောက်မှ ကိုယ်စားရတာ"
ဆိုတဲ့ မာတင်းတဲ့မင်းယုံကြည်မှုဟာ
ဘာသာမဲ့တစ်ယောက်လိုပြောစေသလား
သူပုန်တစ်ယောက်လိုပြောစေသလား
ဘယ်လိုပဲဖြစ်ဖြစ်...
"ကိုယ်ကောက်မှ ကိုယ်စားရတာ"ဆိုတဲ့
မင်းအဘိဓမ္မာမှာ ငါ ဖျားခဲ့ပါပြီ ။

လက်ဖက်ရည်ဆိုင်တစ်ထိုင်စာ မင်းနဲ့ငါ

ဒီမိုကရေစီဆိုတဲ့ဟာကြီးလောက်တော့ မပြောပါနဲ့
စီးကရက်မသောက်နိုင်လို့ ဆေးပေါ့လိပ်ဝယ်သောက်ခဲ့တယ်
ရွှေပြည်စိုးတောင် အတုတံဆိပ်နဲ့တိုးခဲ့ရတယ်
ဒီလိုတိုင်းပြည်မှာ မင်းနဲ့ငါနဲ့ နေထိုင်နေရတယ်ကွာ
လက်ဖက်ရည်ကိုမော့တိုင်း သတင်းတွေ နင်သွားတယ် မဟုတ်လား
စားပွဲထိုးလေးကို လက်ခုပ်တီးပြီး မခေါ်ပါနဲ့ကွာ
ဒီကလေးဟာ သမ္မတထက် တာဝန်ကျေတယ်
ဒီဆိုင်ထိုင်ရတာ အဆင်မပြေလို့ ဖင်ရွှေ့မလို့လား
သည်းခံမှုဟာ နေသားကျနေပြီပဲကွာ
ဒီထက်ဆိုးတာတွေတာ ငြိမ်နေရပြီးပြီကွာ
ထိုင်လက်စနဲ့စိတ်သာရှည်တော့
လေးဖြူတစ်ခွေလုံးပြီးအောင်နားထောင်မယ်
ရပ်ပါကောင်တွေနားထဲဝင်လာရင် ငါတို့လစ်မယ်
ငါတို့ ယုံကြည်တဲ့သီချင်းကိုတော့
လက်ဖက်ရည်သောက်ရင်းတောင် အထိပါးခံစရာမလို
ဒေါသကိုတော့ တိုတိုသာထား
စိတ်ပါတိုင်း ဓားတွေပါကုန်ရင်
မင်းနဲ့ငါနဲ့ စွဲခုတ်စရာခေါင်းတွေ သိပ်များကုန်မယ်
စာကိုသာ နာနာဖတ်ပြီး စိတ်ကိုလျှော့ထား
သူငယ်ချင်းရေ...
ငါတို့လူငယ်ဘဝလည်း ငါတို့လက်ပေါ်မှာကြီးသွားမှာ
လူသားသိက္ခာမှာ အမှားပါသွားရင် ခက်ကုန်မယ်
တစ်တောလုံးကုန်သွားတာ
ငါတို့ ဝါးတစ်ပင်မှဝင်ခုတ်ခဲ့ဘူး မဟုတ်ဘူးလား
မင်းနဲ့ငါ သောက်တဲ့လက်ဖက်ရည် သိပ်လှတယ်
သေချာမှတ်ထားကြပါမယ်
ဒါကိုယ့်တရားကိုယ် သေသပ်သန့်ရှင်းစွာမော့နေတာ
သိပ်သာယာတယ်။ ။

                                                   မောင်ရေချမ်း