Saturday, November 16, 2013

မြို့စွန်ရပ်ကွက်


အဲဒီ့ရပ်ကွက်မှာ
စီးကရက်ကိုခဲပြီး တစ်ကမ္ဘာလုံးကို ဟန်ပါပါနဲ့ခါးထောက်ကြည့်နေတဲ့လူငယ်တွေရှိတယ်
အဲဒီ့ရပ်ကွက်မှာ
မနက်မနက်ဆို အပျင်းပြေစစ်ပွဲကို အပျော်တမ်းကစားလို့
ည ည ဆို ကြယ်တွေကို ဗန်ဒါသီးထုသလို ထု အတွင်းသားကိုဖြဲလို့
အဲဒီ့ရပ်ကွက်မှာ
ထင်ပေါ်သူ တစ်ယောက်မှ မရှိပါ
ခေတ်ပေါ် ဆန္ဒပြမှုတွေ မရှိပါ
သွေးထွက်သံယိုနှိမ်နင်းမှုတွေလည်း မရှိခဲ့ပါ
အဲဒီ့ရပ်ကွက်ဟာ
မနက်ခင်းဆို ထမင်းချိုင့်ဆွဲပြီးအလုပ်သွားတယ
အဲဒီ့ရပ်ကွက်ဟာ
မနက်ခင်းဆို ကပိုကယိုထပြီး သတင်းစာဖတ်တယ်
အဲဒီ့ရပ်ကွက်ဟာ
စစ်ပွဲသတင်းတွေပါတဲ့ စာစောင်ဆိုအီကြာကွေးထုပ်ပစ်တယ်
အဲဒီ့ရပ်ကွက်ဟာ
ဘောလုံးပွဲတွေဆိုလည်း လှိုက်လှိုက်လှဲလှဲအားပေးသလို
ဟိုအမှောင် ဒီအမှောင်ထဲ ကော်ရှူတဲ့ချာတိတ်တွေကိုလည်းဝမ်းဗိုက်ထဲထည့်ထားရဲ့
အဲဒီ့ရပ်ကွက်ဟာ
ပွဲတော်ရက်တွေဆို DJ သီချင်းခပ်မြူးမြူးနဲ့ ခုန်ပေါက်လို့ ငြိမ့်နေတတ်သေးတယ်
အဲဒီ့ရပ်ကွက်ဟာ
စာမရတဲ့ကျောင်းသားကို ကြိုးစားပမ်းစားမွေးထားသလို
လေလွင့်နေတဲ့မိဘတွေကိုလည်း ငေးကြည့်လား ၊ ငေးကြည့်ရဲ့လေ
အဲဒီ့ရပ်ကွက်မှာ
ခပ်ကျယ်ကျယ်နဲ့ ရယ်နေတဲ့အသံတွေရှိသလို
အသံတိတ် ကြိတ်ငိုနေတဲ့သူတွေလည်း ရှိတယ်
အဲဒီ့ရပ်ကွက်မှာ
ခေတ်အကြောင်းပြောရင်း မောသူတွေအပန်းဖြေဖို့ဘီယာဆိုင်တွေအများကြီးရှိသလို
နောက်ပြန်လည်နေတဲ့နာရီတွေကို ပတ်ထားတဲ့လူတချို့လည်းရှိတယ်
အခုတော့....အဲဒီ့ရပ်ကွက်ဟာ
ရူးသလို ပေါသလိုလုပ်ပြီး ကိုယ့်နာမည်ကိုယ်မေ့နေပြန်တယ်
ပြီးတော့...အသံနက်ကြီးနဲ့ ဘယ်သူ့ကိုမှန်းမသိ ဆဲနေပြန်ရော ။ ။

                                                        မောင်ရေချမ်း

အမှောင်ခါးခါး


နည်းပြပြောင်းပြီးနောက် ငါတို့အသင်း

တစ်ယောက်မကောင်း
တစ်ယောက်ပြောင်းခဲ့ပေမယ့်
နောက်ဆုံးမှာ ရှုံးပွဲတွေချည်း တွေ့ခဲ့ပေါ့
ပြောင်မြောက်တဲ့ ဂိုးများလည်း မရခဲ့ပါ
လက်ခုပ်သံများလည်း မရခဲ့ပါ
ဆုဖလားလည်း မရခဲ့ပါ
ရခဲ့တာက တောက်ခေါက်သံများ
ရခဲ့တာက နာကျင်ဖွယ်မိနစ်များ
ရခဲ့တာက အမှန်တရားနဲ့ဝေးတဲ့ဂိုးပျောက်ခြင်းများ
ဘယ်တော့ဖြစ်ဖြစ် လေမလျှော့မသေးတဲ့တိုက်စစ်မှူးလေးကိုစိတ်ပျက်
ဘယ်တော့ဖြစ်ဖြစ် ကိုယ့်ပိုက်ထဲ ကိုယ်ပြန်ရှူးတဲ့ခံစစ်မှူးလေးကိုစိတ်ပျက်
ဘယ်တော့ဖြစ်ဖြစ် အနီကတ်ပြခံရတဲ့ ကစားသမားလေးကိုစိတ်ပျက်
စိတ်ပျက်ဖွယ် မြက်ခင်းစိမ်းများ
စိတ်ပျက်ဖွယ် ကစားကွက်များ
စိတ်ပျက်ဖွယ် ကန်ချက်များ
စိတ်ပျက်ဖွယ် လူစာရင်းများ
ငါတို့ လောင်းကြေးခုနစ်တွေ ရှုံးခဲ့ကြပေါ့
စိတ်ပျက်ဖွယ်နည်းပြတို့ရေ.......
တန်းဆင်းဇုန်ထဲရောက်နေတဲ့ အသင်းကောင်းလေးဟာ ငါတို့ပါပဲ။

                                                 မောင်ရေချမ်း