Thursday, March 26, 2015

ကြယ်တွေကို ငေးကြည့်ပြီးနောက်


လတ်ဆတ်ချိုမြသောအသီးများ သီးဖို့
္ဘ္ဘအချိန်များစွာ ကြာမြင့်ကြောင်း တချို့သစ်ပင်များမသိရှာ

ကျနော့်လက်တွေ တို တို ဝင်သွား
ဝမ်းနည်းမှုတွေ ရှည် ရှည် ထွက်လာ
တိမ်တွေကို သိမ်ငယ်စွာ မော့ကြည့်ရင်း..တစ်နေ့
ရဲရင့်စွာဝန်ခံခဲ့ပါတယ်
ကျနော်က အမှိုက်ပုံထဲက အန်ချလိုက်သော လူငယ်တစ်ယောက်ပါ

သစ်တောစိမ်းစိမ်းများ
ဝဖြီးမို့မောက်သောတောင်တန်းများ
စမ်းချောင်းနုနုလေးများ
စသောအရာရာအားလုံးအတွက်ပါ
ကမ္ဘာရေ...ကမ္ဘာ
'ကျေးဇူးပါ ကမ္ဘာ' လို့ နှုတ်ဆက်ရင်း
ကျနော့်အသံတွေ ပြာကွဲတိမ်ဝင်သွားခဲ့သော ညနေခင်းများ

စိတ်နာနာနဲ့လေကိုသာ ဖိရှူခဲ့ပါတယ်
ကြယ်ကြွေနံ့တွေကိုသာ ထောင်းထောင်းထအောင်ရခဲ့ပေါ့ ။ ။

မောင်ရေချမ်း
၁၃ သြဂုတ် လ ၂၀၁၄

ပေါင်မုန့်အတုတွေရဲ့အောက်က ပါးစပ်ပေါက်တွေ


လမ်းပေါ်မှာ မြို့ရွာထဲမှာ
တဝီဝီ တလွှားလွှား ပေါင်မုန့်အတုတွေ လမ်းသလားနေကြ

'မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ
တော်လှန်ပုန်ကန်ဖို့ဟာ လူထုတာဝန်ဖြစ်လာတယ်'
သောမတ်ဂျက်ဖာဆင်ရဲ့အဲဒီ့စကားက
ပေါင်မုန့်အတုတွေကြားက ဖောက်ထွက်လာတယ်

ပေါင်မုန့်အတုတွေ တစ်နေ့တခြားများပြားလာတဲ့ကမ္ဘာထဲမယ်
ငတ်နေခဲ့တဲ့ ဘဝများစွာကိုပဲ အလေးပြုခဲ့ပါတယ်

ပေါင်မုန့်အတုဆိုတာ မှိုတက်မြန်မယ်
စားမိရင် လည်ချောင်းထဲမှာ ဓားတစ်ချောင်းဝင်နေသလို နင်မယ်
ဂျုံနဲ့လုပ်ထားတာမဟုတ်ဘဲ
မတရားမှုအသားတုလေးတွေနဲ့လုပ်ထားတာဖြစ်လို့
ပေါင်မုန့်အတုကြိုက်သူများဟာ
မတရားမှုကိုခုံမင်ကြသူများသာ ဖြစ်တယ်

ပေါင်မုန့်အတုတွေကိုဆန့်ကျင်ရေးဟာ
တို့အရေးတင်မကဘူး
ပေါင်မုန့်အတုတွေကိုဆန့်ကျင်ရေးဟာ
ကမ္ဘာ့အရေးဖြစ်လာတယ်
စစ်မှန်သောပေါင်မုန့်များ စားသုံးခွင့်ရရေးဟာ တို့အရေးတင်မဟုတ်ဘူး
စစ်မှန်သောပေါင်မုန့်များ စားသုံးခွင့်ရရေးဟာ
ကမ္ဘာ့အရေးဖြစ်လာတယ်

သေချာခဲ့ပါပြီ
ကမ္ဘာကြီးထဲက လောကပါလစောင့်နတ်ဟာ အိပ်ပျော်နေတဲ့အခါ
ဟော့ဒီ...သုဿန်တစပြင်လိုမြေပြင်မှာ
ပေါင်မုန့်အတုတွေ အားကောင်းလာခဲ့တယ်ဆိုတာပေါ့ ။ ။

မောင်ရေချမ်း

စီးကရက်တွေ


ခုန် ခုန် ထွက်
စီးကရက်တွေ !

စနစ်တကျ
စီးကရက်တွေ

ကျန်းမာရေးကို ဖျက်ဆီးဖို့
စီးကရက်တွေ

အရောင်တူ အသွေးတူ
ပုံစံခွက်ထဲက စီးကရက်တွေ

တောက်ခနဲ မီးခြစ် ခြစ်သံမှာ
ဖွာခနဲ ပြာကျသွားရုံသက်သက် စီးကရက်တွေ

စီးကရက်တွေ
စီးကရက်တွေ
အလောင်ခံရုံသက်သက် စီးကရက်တွေ

ကဲ
ခုန် ခုန် ထွက်
ပုံစံခွက်ထဲကနေ ခုန် ခုန် ထွက် ။ ။

မောင်ရေချမ်း
၂၄ ဖေဖော်ဝါရီလ ၂၀၁၅

အဲဒီ့တီရှပ်ပေါ်က ချေဂွေဗားရား


အဲဒီ့တီရှပ်ပေါ်က ပုံကိုပဲ ငါ့မှာ ငေးကြည့်နေရ
ဆံပင်အရှည်နဲ့... ချေဂွေဗားရား
သူများဒုက္ခတွေကိုတော့ ဒုက္ခခံပြီးရိတ်ညှပ်ပေးခဲ့သူ
သူ့ဆံပင်သူတော့ ညှပ်ဖို့အချိန်မရှိခဲ့ရှာ

သူဟာ
တီရှပ်ပေါ်ကနေ
လူငယ်တွေကျောကုန်းပေါ်
ပြီးတော့ရင်အုံပေါ်အထိ ခုန်ကူးလာ
ချေဂွေဗားရားရေ...
ခင်ဗျားဘယ်လိုလူစားလဲမသိဘဲ ခင်ဗျားပုံကိုတက်တူးထိုးထားသူ လူငယ်များကိုတွေ့ရင်တော့
ကျနော့်မှာ သူတို့အစား ခင်ဗျားကို အားနာ ။

ခင်ဗျားတိုက်ခဲ့ပါတယ်
ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက်မက
သူများတိုင်းပြည်လွတ်လပ်ရေးအထိ
ပြီးတော့
ခင်ဗျား ခန္ဓာကိုယ်အပိုင်းပိုင်းကျေသွားသည့်အထိ ။

ရင်းခဲ့ရတယ်
ဆေးထိုးအပ်ကို ပစ်ချပြီး
တောကြီးမျက်မည်းတွေထဲ တစ်ဘဝလုံးပစ်ချခဲ့အထိ ။

ရှုံးဆုံးခဲ့သမျှ အားလုံးဟာ အလကားပါပဲ
အခုချိန် တစ်ကမ္ဘာလုံးမှာ စစ်ပွဲတွေများစွာ
အဲဒီ့အတွက်နဲ့ ကျနော့်မှာ ခင်ဗျားကို ကြိမ်ဖန်များစွာအားနာ ။ ။

မောင်ရေချမ်း

17.2.2015

မိုးရွာပြီးသော ညကရေတွေ


ကြာခဲ့ပါပြီ
အဲဒီ့ညက ရွာခဲ့မိုးကတော့ သည်းတုန်းပဲ
လေပြင်းထဲမှာ နိုင်ငံတော်အလံဆိုတာ တဖျတ်ဖျတ်တုန်ခါလို့

လေပြင်းထဲမှာအာဟာရမဲ့လမ်းတွေဟာပိုင်းပြတ်ေ
ကြမွလို့
မိုးသည်းလို့ ကျောင်းသားများကျောင်းမသွားခဲ့ရ
မိုးသည်းလို့ လက်လုပ်လက်စားတွေဟာပုဝပ်နေခဲ့ရ
မိုးသည်းလို့ ရေစီးမှာ ပညာတတ်ဖိနပ်တွေဟာ မျောပါသွား

ကြာခဲ့ပါပြီ
မိုးသည်းထဲမှာ စာရေးဆရာကဗျာဆရာတွေက မိုးကိုဆဲတဲ့ကဗျာတွေစာတွေပစ်ပေါက်ခဲ့ကြ
မိုးသည်းထဲမှာ ကျောင်းဆရာတွေက ကျောင်းခေါင်မိုးပေါ်ရောက်လာတဲ့ မိုးပွင့်တွေထုခွဲချေမွခဲ့ကြ

မိုးစက်တွေဟာ မိုးပေါ်ထောင်ရွာရိုးမရှိဘူးတဲ့
တဝေါဝေါပြိုကျလာ
အဲဒီ့မှာ မြက်လေးတွေရေနစ်ပြီးရေငတ်ခဲ့ရရှာ
အကြောက်သီးတွေ တဒိုင်းဒိုင်းသီးထလို့
လမ်းမတွေပေါ်မိုးရေမစိုသောဖိနပ်များဖြတ်သွားဖြတ်လာပေါ့

ကြာခဲ့လေပြီ
မိုးမျှော်တေးကို မဆို
မိုးတိတ်တေးကို တိတ်တိတ်လေးဆိုခဲ့သူတွေများခဲ့ပြီ
မိုးကသည်းတုန်းနဲ့
တရားမျှတမှုကောင်းကင်ဟာ မိုးရေစီးကြောင်းထဲမှာ ပါသွားခဲ့တာ ကြာလေပြီ

ဂျွန်လင်နွန်ရေ...မစ္စတာဂျွန်လင်နွန်
လောကထဲကို ငြိမ်းချမ်းရေးသီချင်းတစ်ပုဒ်လောက်ထပ်ပစ်ချစမ်းပါ
အဲလိုအော်ဟစ်တောင်းဆိုဖို့ရာ
ဂျွန်လင်နွန်ဟာ မရှိတော့ပါ ။ ။

မောင်ရေချမ်း
၁၄ နိုဝင်ဘာ ၂၀၁၄

အရူးများ


အရူးအဖွဲ့အသင်းကို တရားဝင်ဖွဲ့စည်းထားတာဖြစ်တယ်
အရူးအဖွဲ့အသင်းကို ရူးသွပ်သူမည်သူမဆိုနှင့်ရူးသွပ်ရန်ကြိုးစာ
းဆဲမည်သူမဆိုဝင်ရောက်နိုင်ပါတယ်
အရူးအဖွဲ့အသင်းရဲ့မွန်မြတ်သန့်စင်တဲ့ရည်ရွယ်ချက်က
အရူးအမြောက်အများပေါ်ပေါက်လာရေးပဲဖြစ်တယ်
အရူးအဖွဲ့အသင်းမှာ အနည်းငယ်သာရူးသွပ်သူများက တိုတိုထွာထွာတာဝန်ကိုထမ်းဆောင်ရတယ်
ခပ်ကြီးကြီးရူးသွပ်သူများက ခပ်ကြီးကြီးအရူးစကားတွေပြောပြီး ခပ်ကြီးကြီးတာဝန်ကို ထမ်းဆောင်ရတယ်
အရူးအဖွဲ့အသင်းဟာ လိုအပ်ပါက ပေါချာချာအရူးများကိုလည်းမွေးထုတ်ပေးလေ့ရှိတယ်
အရူးအဖွဲ့အသင်းကို ဘယ်နှခုနစ်က စတင်တည်ထောင်ခဲ့သလဲမသိရ
အရူးအဖွဲ့အသင်းရှိ အရူးအရေအတွက်ကိုလည်းတချို့က စစ်တမ်းကောက်ကြတယ်
အရူးအဖွဲ့အသင်းအကြောင်းမကောင်းပြောသူရေးသူမှန်သမျှ မည်သူမဆိုကို အရူးအဖွဲ့က အရူးဟုကြေညာကာဖမ်းဆီးသုတ်သင်လေ့ရှိတယ်
အရူးအဖွဲ့အသင်းရဲ့အဓိကကြိုးပမ်းမှုမှာ
အရူးအဖွဲ့အသင်းရေရှည်တည်တံ့ရေးဖြစ်တယ်
ပြောလိုသည်မှာ ယခုအခါ
အရူးအဖွဲ့အသင်းသည် အဖွဲ့ဝင်သစ်များခေါ်ယူနေပါသဖြင့်
သင်သည် အနည်းငယ်ရူးသွပ်သူဖြစ်ပါက သို့မဟုတ် ရူးသွပ်ရန်ကြိုးစားဆဲဖြစ်ပါက လျှောက်ထားနိုင်ကြောင်း ။ ။

မောင်ရေချမ်း
21.11.2014

ညနေခြောက်နာရီခွဲ ပြီးတဲ့နောက်


ဒီညဟာ
လျှပ်စစ်မီးများကလည်း သိမ်ငယ်စွာတိုးဖျော့ခဲ့ပေါ့

ဒီညဟာ
အိမ်အိပ်မက်များစွာကို ပြန်သတိရရင်း
လမ်းဘေးဓာတ်တိုင်များစွာကို မော့ကြည့်ဖြစ်ခဲ့ပေါ့

ဒီညဟာ
ဒီညထက်ပိုပြီး ဝေဆွေးစွာပိုမှောင်ခဲ့ပေါ့

ညရေ...
ငါကိုယ်တိုင် လလေးတစ်လ မဖြစ်ခဲ့တော့
ကြယ်ပွင့်သေးသေးကို ချစ်မက်ခဲ့ရုံပါ
ငါ့ကို မှောင်ပါ ည
ငါ့တစ်ယောက်တည်းကို မှောင်ပါ

ငါ့ကြေကွဲမှုအလင်းနဲ့
ငါ့တစ်ယောက်တည်းကို ကွက်လို့မှောင်ပါ...ည ။ ။
 


မောင်ရေချမ်း
24.3.2015

ပျင်းရိဖွယ်နေ့များ


အရည်ရော အဖက်ရော မရတဲ့လူတွေနဲ့မဆက်ဆံချင်ဘူး
ပေါင်းသင်းရတာ ပျင်းတယ်

တစ်နေ့ပြီးနောက်တစ်နေ့ပေါ့
ဘာမှမဟုတ်တဲ့ စစ်ပွဲသတင်းပါတဲ့သတင်းစာတွေ
ဖတ်ရတာ ပျင်းတယ်
လူကြီးတွေက ကလေးတွေကိုသုံးပြီးစစ်တိုက်တတ်တဲ့ခေတ်ထဲ လူလာဖြစ်ရတာကိုက ပျင်းဖွယ်

မနက်မိုးလင်းရင် ဒီသီချင်းပဲ
နားထောင်ရတာ ပျင်းတယ်

တဖြည်းဖြည်းနဲ့
ပျင်းဖို့တောင် ပျင်းပျင်းလာပြီ

ဘယ်ဘုရားမှ ဒစ်စကိုနဲ့မကခဲ့ပေမယ့်
ငါတို့ခေတ်မှာ ဘုရားတွေဒစ်စကိုနဲ့ခဏခဏကြွတယ်
ဆဲရမှာပျင်းလို့ ပါးစပ်ပိတ်ထားတယ်

သူရဲကောင်းတွေများတဲ့ခေတ်ထဲ အညတရဖြစ်ရတာကအစ
ကြောင်သူတော်ကြွက်သူခိုးတွေများတဲ့ခေတ်ထဲ
ရိုးသားသူဂျလေဘီလူငယ်လေးတစ်ယောက်ဖြစ်ခဲ့တဲ့အထိ ငါ ပျင်းခဲ့ပြီးပြီ

ပျင်းလို့ ပျော်စရာရှာမိပါတယ်
ပျင်းစရာလူတချို့နဲ့ တည့်တည့်တိုး
ပျင်းစရာစာအုပ်တွေနဲ့ တည့်တည့်တိုး

ဘုန်းတော်ကြီးမြတ်လှပါသော မြတ်စွာဘုရား
ငရဲနဲ့နိဗ္ဗာန်ကြား
တပည့်တော် ရိုးသားစွာပျင်းပါရစေသား ။ ။ 



မောင်ရေချမ်း
23.3.2015

မြို့ထဲတစ်ပတ်


ဝမ်းနည်းလို့ပါ
ဘာရယ်မဟုတ် မိုးပေါ်မော့ကြည့်ဖြစ်တယ်
ဝမ်းနည်းခြင်းအထိမ်းအမှတ်ကိုမှ ပျော်ပျော်ပါးပါးလုပ်နေသူတွေကို ရှောင်ကွင်းလာခဲ့တယ်
စာအုပ်ဆိုင်ထဲ ဝင်ခဲ့တယ်
မဖတ်ချင်တဲ့စာအုပ်များများနဲ့ဖတ်ချင်စဖွယ်စာအုပ်နည်းနည်းသာ
ခြေထောက်ညောင်းတာမတန်လို့ ဘတ်(စ်)ကားတစ်စီးပေါ်ပြေးတက်ခဲ့တယ်
သိပ်တန်သွားတယ်
ငါတို့နေတဲ့ခေတ်ဆိုတာ ဘတ်(စ်)ကားပေါ်ကခြေထောက်များ
အဲသလို ဆင်ခြင်ကြည့်ရတာ သိပ်တန်သွားခဲ့ပေါ့
ပျင်းရိညည်းငွေ့စွာ ပျင်းရိခြင်းသီချင်းကို ဆိုရင်းအိမ်ပြန်လာ
တကယ်တော့ လူ့ဘဝဟာ ငါမဖတ်ချင်တဲ့စာအုပ်တစ်အုပ်လို့
အဲဒီနေ့က ချရေးဖြစ်ခဲ့မိပေါ့ ။ ။ 



မောင်ရေချမ်း
22.3.2015

သူငယ်ချင်း



တစ်ယောက်ကို တစ်ယောက်မယုံရတဲ့ခေတ်ထဲ
သူ့ရင်ဘတ်ထဲအထိ ကိုယ်ခုန်ဆင်းခဲ့တယ်

ဓားသွားတွေက စကားလုံးယောင်ဆောင်တတ်တဲ့ခေတ်ထဲ ကိုယ့်ရင်ဘတ်ထဲအထိ သူခုန်ဆင်းခဲ့တယ်
သူ့လမ်းဟာ ကိုယ့်လမ်းဖြစ်သွားတဲ့အထိ ကိုယ့်ဖိနပ်ဟာ သူ့ဖိနပ်ဖြစ်သွားတဲ့အထိ စိတ်တူကိုယ်တူ ။ ။
မောင်ရေချမ်း
15.3.2015

လူတွေရဲ့တေး


 လက်နှစ်ဖက်ဟာ
လက်သီးဆုပ်ဖို့အပြင်
ဘုရားရှိခိုး လက်အုပ်ချီဖို့လည်း လိုရဲ့

ပါးစပ်ပေါက်ဟာ မတရားမှုကို ဆဲဖို့အပြင် အမှန်တရားကို မင်္ဂလာပါ လို့နှုတ်ဆက်တတ်ဖို့လည်း လိုသေးရဲ့။ ။
မောင်ရေချမ်း

14.3.2015

လှည်းတန်းက အပြန်


ဓာတ်ပုံတစ်ပုံမြင်ရုံနဲ့
အလုပ်ပျက်ခံ လမ်းပေါ်ထွက်လာတဲ့လူငယ်တစ်ယောက် ။

ဘတ်(စ်)မှတ်တိုင်မှာ အလုပ်ကပြန်လာသူများကို ငေးမော
အင်းယျားကန်ဘောင်ပေါ်က စုံတွဲများကို ငေးမော

တစ်ခုခုများ လွဲမှားနေသလား
တစ်ခုမကများ လွဲမှားနေသလား

တော်လှန်ရေးဆိုတာ
အသက်တစ်ချောင်းသေရင် နောက်တစ်ချောင်းထပ်ထွက်လာရမှာ မဟုတ်လား။

လမ်းပေါ်မှာ လူတွေများစွာ
ဘတ်(စ်)ကားတွေပေါ်မှာ လူတွေများစွာ
ညနေ အိမ်ပြန်ဖို့သာ သူတို့ပန်းတိုင်လား ငါတွေးတောနေမိ

ငါ့မျက်လုံးထဲ
လမ်းမပေါ်က ခြေထောက်တွေပဲ တဖွဲဖွဲ ဝင်လာကြ ။ ။ ။ ။ 


မောင်ရေချမ်း
10.3.2015

မင်းနဲ့ ငါနဲ့ မက လူငယ်အားလုံးရဲ့တေး


အိုကေပါ သူငယ်ချင်း
တစ်ကမ္ဘာလုံးဝယ်သိမ်းဖို့ မတတ်နိုင်ရင်တောင်
လက်ဖက်တစ်ခွက်ဖိုးတော့ရှိတယ်ဆိုတဲ့စိတ် ငါတို့လာခဲ့ကြ
အဲသလို ဘဝကို စခဲ့ကြ

သူငယ်ချင်း မင်းက မင့်အိတ်ကပ်ကိုယောင်ပြီးစမ်းတယ် ငါက အိတ်ကပ်မပါတဲ့အကျီ င်္တွေချည်းရွေးဝတ်ခဲ့ရတာ ကြာလှပေါ့
ငါတို့ရဲ့ အဆင်မပြေမှုကို မြစ်လိုချောင်းလို တဝေါဝေါသွန်ချ ငါတို့ရဲ့ရှေ့အဘိုးအိုတစ်ယောက်ရဲ့ခွက်ထဲမှာတော့ဖျားခဲ့ရ
သူငယ်ချင်း လူဟာ ကိုယ့်ဒုက္ခကိုယ်ပဲတွေးတယ် ပြီးရင် ကိုယ့်ဒုက္ခကိုယ်မွေးပြီး ဧရာမပြဿနာကြီးလို ကမ္ဘာကြီးကြားအောင်အော်ဟစ်လို့
ခွဲပစ်လိုက် ဗန်ဒါသီးလေးကွဲသွားမှ ဗန်ဒါစေ့လေး စားရသလို ခွဲပစ်လိုက် သူများမျက်ရည်နဲ့မှ ခြေဆေးတတ်တဲ့လူတွေရဲ့ခေါင်းတွေကို
သူငယ်ချင်း ရဲရဲအော် ရဲ.. ရဲ အော်ပစ် သူငယ်ချင်း မင်းအော်သံ ငါ့အော်သံက ငရဲပြည်သွားဖို့ပြင်နေတဲ့ခွေးလေခွေးလွင့်များ ခြောက်ခြားဖို့
ဝမ်းမနည်းပါနဲ့ ...ငါတို့က ကောင်းကင်က လကိုမှ လှတယ်ထင်ခဲ့ကြရဲ့မဟုတ်လား လမသာတဲ့ညဆို ထရိုက်ခွဲဖို့မဟုတ်လား
ကြည့်စမ်းပါ ဟော .. ဟိုမှာ အိတ်ကပ်ထဲက နာကျင်သမျှလမ်းတွေကိုထည့်လို့ ရသမျှ အမှန်တရားကို ကုတ်ခြစ်လို့ ငါတို့လို အော်ဟစ်နေကြသူတွေ အများသားမဟုတ်လား။ ။ 

မောင်ရေချမ်း
1.3.2015