Thursday, March 26, 2015

အဲဒီ့တီရှပ်ပေါ်က ချေဂွေဗားရား


အဲဒီ့တီရှပ်ပေါ်က ပုံကိုပဲ ငါ့မှာ ငေးကြည့်နေရ
ဆံပင်အရှည်နဲ့... ချေဂွေဗားရား
သူများဒုက္ခတွေကိုတော့ ဒုက္ခခံပြီးရိတ်ညှပ်ပေးခဲ့သူ
သူ့ဆံပင်သူတော့ ညှပ်ဖို့အချိန်မရှိခဲ့ရှာ

သူဟာ
တီရှပ်ပေါ်ကနေ
လူငယ်တွေကျောကုန်းပေါ်
ပြီးတော့ရင်အုံပေါ်အထိ ခုန်ကူးလာ
ချေဂွေဗားရားရေ...
ခင်ဗျားဘယ်လိုလူစားလဲမသိဘဲ ခင်ဗျားပုံကိုတက်တူးထိုးထားသူ လူငယ်များကိုတွေ့ရင်တော့
ကျနော့်မှာ သူတို့အစား ခင်ဗျားကို အားနာ ။

ခင်ဗျားတိုက်ခဲ့ပါတယ်
ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက်မက
သူများတိုင်းပြည်လွတ်လပ်ရေးအထိ
ပြီးတော့
ခင်ဗျား ခန္ဓာကိုယ်အပိုင်းပိုင်းကျေသွားသည့်အထိ ။

ရင်းခဲ့ရတယ်
ဆေးထိုးအပ်ကို ပစ်ချပြီး
တောကြီးမျက်မည်းတွေထဲ တစ်ဘဝလုံးပစ်ချခဲ့အထိ ။

ရှုံးဆုံးခဲ့သမျှ အားလုံးဟာ အလကားပါပဲ
အခုချိန် တစ်ကမ္ဘာလုံးမှာ စစ်ပွဲတွေများစွာ
အဲဒီ့အတွက်နဲ့ ကျနော့်မှာ ခင်ဗျားကို ကြိမ်ဖန်များစွာအားနာ ။ ။

မောင်ရေချမ်း

17.2.2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ