Monday, September 14, 2020

စပတ်ထဲ ဝင်သွားတဲ့ မြွေ

                              (၁)

ဘတ်စ်ကားမှတ်တိုင်မှာ လူနှစ်ယောက်။ တစ်ယောက်က အသက် ၃၅ နှစ်လောက်ရှိတဲ့အမျိုးသမီး ၊ နောက်တစ်ယောက်က အသက် ၅၀ ကျော်အမျိုးသားကြီး။ သူတို့နှစ်ယောက်ဟာ ပထမတော့ မတ်တပ်ရပ်နေတာ ခပ်ခွာခွာပဲ။ နောက်တော့ .. အမျိုးသမီးက အဲဒီလူကြီးနားကို မသိမသာနဲ့ တဖြည်းဖြည်းလိုက်ကပ်ရော။ အဲဒါကို လူကြီးက သတိထားမိသွားပြီး အမျိုးသမီးနဲ့ ဝေးရာဘက်ကို ခြေလှမ်း ငါးလှမ်းလောက် ရွေ့တယ်။ ဒီတော့မှ...အမျိုးသမီးကလည်း လူကြီးနားကို ဒရောသောပါး အတင်းကပ်ပါလေရော။ အနားရောက်တော့ ..လူကြီးရဲ့ပခုံးကို လက်နဲ့တို့ပြီး 

"ဦးရယ် ..မြွေတစ်ကောင် ကျွန်မ စပက်ထဲ ဝင်သွားလို့ ကယ်ပါဦးရှင်" ဆိုပြီး အကူအညီတောင်းလိုက်တယ်။ လူကြီးက ပြန်လှည့်တောင် မကြည့်ဘူး။ အဲဒါနဲ့ "ဒီမှာ ...ဦး ၊ ကျွန်မ စပတ်ထဲ မြွေတစ်ကောင် ဝင်သွားလို့ ကယ်ပါဦး ဆိုနေ" လို့ အမျိုးသမီးက ထပ်ပြောလိုက်ပြန်တယ်။ ဒီတော့မှ ... လူကြီးက ပျင်းရိပျင်းတွဲ့ ပုံစံမျိုးနဲ့ ခေါင်းတစ်ချက်စောင်းငဲ့လာပြီး "မြွေက ခေါင်းဘက်ကနေ စဝင်သွားတာလား ၊ ဖင်ပိုင်း အမြှီးဘက်ကနေ ဝင်သွားတာလား၊ ခေါင်းဘက်ကနေ စဝင်သွားတာဆိုရင် လက်နဲ့ပဲ ပြန်ဆွဲထုတ်လိုက်မယ်။ ဒါဆို လက်အိတ်လိုတယ်။ အမြှီးဘက်ကနေ စဝင်သွားတာဆိုရင်တော့ မီးညှပ်နဲ့ ပြန်ဆွဲထုတ်ပေးမယ်။ အခု ...ငါ လက်အိတ်ရော၊ မီးညှပ်ရော ဟိုစတိုးဆိုင်မှာ သွားဝယ်လိုက်ဦးမယ်။ ဘာနဲ့ ဆွဲထုတ်ရမလဲ ငါ့တူမကြီး သေချာစဉ်းစားထား" လို့ စကားအရှည်ကြီး ပြောပြီး လမ်းဖြတ်ကူးသွားတယ်။

                                      (၂)

လက်အိတ်ဝတ်ထားတဲ့ လက်နဲ့ မီးညှပ်ကြီးကို ကိုင်ရင်းပေါ့။ "ကဲ...ငါ့တူမကြီးရေ ၊ ဦးလေးတော့ ... ဒီမှာ မီးညှပ်နဲ့လက်အိတ်ရခဲ့ပြီ" ဆိုပြီး လမ်းကူးလာတဲ့ လူကြီးက ပြောလိုက်တယ်။ ဘတ်စ်ကားမှတ်တိုင်က အမျိုးသမီးက တစ်ချက်လေးတောင် လှည့်မကြည့်တော့ အဲဒီလူကြီး နည်းနည်း ဇဝေဇဝါ ဖြစ်သွားတဲ့ပုံမျိုးနဲ့ “ဒီမှာ …မီးညှပ်လေ ၊ ငါ့တူမကြီး” လို့ အသံကို မြှင့်ပြီး ထပ်အော်ပြောလိုက်တယ်။ “အဲဒီတော့ ဘာလုပ်ရမှာတုန်း ရှင့်” တဲ့။ အမျိုးသားကြီးက ဒီတစ်ခါတော့ တော်တော်ကို စိတ်မရှည်တော့တဲ့ လေသံနဲ့ “မြွေလေ …မြွေ ၊ တူမကြီး စပက်ထဲက မြွေလေ ၊ ဆွဲထုတ်ဖို့” ဆိုပြီး မီးညှပ်ကြီးတပြင်ပြင်နဲ့ လုပ်တော့တာပဲ။ “ဟာ…ဦးလေးရယ်၊ အဲဒီစတိုးဆိုင်ထဲကို ဦးလေးဝင်သွားတာပဲ ( ၁၈ ) နာရီ ကျော်ကြာသွားပြီ။ ကျွန်မ စပက်ထဲက မြွေက လွန်ခဲ့တဲ့ (၇)နာရီလောက်ကပဲ ပါးစပ်ထဲကနေ ပြန်ထွက်သွားပြီရှင့်” လို့ အမျိုးသမီးက အေးအေးလူလူ ပြန်ပြောတယ်။ လူကြီးလည်း အဲဒီတော့မှ မီးညှပ်ကြီးကို ချွင်ခနဲ လွှင့်ပစ်လိုက်ပြီး လက်အိတ်ကိုလည်း ဗြစ်ခနဲ ပြန်ဆွဲချွတ်လိုက်တယ်။

                                  (၃)

ဘတ်စ်ကားတစ်စီး ရောက်လာတယ်။ သူတို့နှစ်ယောက်စလုံး ဒီတိုင်းပဲ ကြည့်နေလိုက်တယ်။  "ဒါပေမဲ့ ... ဦးရဲ့ ၊ ကျွန်မတော့ ဒုက္ခပဲရှင့်" တဲ့။ အမျိုးသမီးရဲ့ထိတ်ထိတ်ပြာပြာ အဲဒီစကားသံကြောင့် ခဏတိတ်ဆိတ်သွားတဲ့ပတ်ဝန်းကျင်ဟာ ပြန်အသက်ဝင်လာသလိုပဲ။ အဲဒီလူကြီးက "ဟဲ့ ...ဘာဖြစ်ပြန်ပြီတုန်း ဟ" လို့ စိတ်ရှုပ်တဲ့ လေသံနဲ့ မျက်နှာကြီးကို စူပုတ်ပြီး မေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ၊ အမျိုးသမီးကတော့ ပမာမခန့်ပုံစံနဲ့ "ဘာမှမဟုတ်ပါဘူး ၊ ဦးရယ် .. အဲဒီမြွေက စပက်ထဲကနေ ဝင်ပြီး ပါးစပ်ထဲက ပြန်မထွက်ခင်မှာ ကျွန်မ ဗိုက်တစ်နေရာမှာ ဥ ..ဥခဲ့ပုံပဲ။ အခုနေရတာ ခိုးလိုးခုလုကြီး" လို့ အေးအေးလူလူပဲ ပြောတယ်။ လူကြီးလည်း ဘယ်လိုဖြေရှင်းပေးရမလဲ မသိသလိုမျိုးနဲ့ သူ့မျက်နှာသူ ပြန်ပွတ်သပ်ပြီး ဟင်းခနဲ သက်ပြင်းကြီးတစ်ခု ချတယ်။ အမျိုးသမီးကတော့ ... ဆက်ပြောဖြစ်အောင်ကို ပြောလိုက်တယ်။ အဲဒါကို လူကြီး ကြားလား၊ မကြားလား မသိဘူး။ "သေချာတာကတော့ ...ကျွန်မ အဲဒီဥလေးကို မွေးဖြစ်အောင်မွေးမှာပဲ"တဲ့။

                                     (၄)

ညဘက်ရောက်တော့ ...ဘတ်စ်ကားတွေ မလာတော့ဘူး။ တကယ်တော့ ... လာလာ၊ မလာလာ သူတို့ နှစ်ယောက်အတွက် သိပ်အရေးမကြီးသလိုပဲ။ "ဦး ...ပျင်းနေပြီလား" လို့ အမျိုးသမီးက မေးလိုက်တယ်။ "ပျင်းတော့ ...နင် က ပြ မလို့ လား ၊ ငါက စာသားထဲ ရောက်နေတာလေ၊ စပက်ထဲ ဝင်ခဲ့တဲ့ မြွေက အခုဘယ်မှာလဲ" ဆိုပြီး လူကြီးက ပြန်မေးလိုက်တယ်။ လက်ထဲမှာလည်း ဘယ်က ရောက်လာမှန်းမသိတဲ့ ကွမ်းယာထုပ်ကြီးနဲ့။ "မဟုတ်ပါဘူး ...ဦးရယ်၊ ကျွန်မက ဒီဟာလေး ပြချင်လို့ပါ" လို့ ပြောရင်း အမျိုးသမီးက သူ့ရဲ့အပေါ်အင်္ကျီကို ချွတ်ချလိုက်တယ်။ "ဟာ ...ဟာ မလုပ်နဲ့လေ ၊ ဘာတုန်း ဟ" ဆိုပြီး အဲဒီလူကြီးရဲ့မျက်လုံးတွေ ပြူးထွက်လာတယ်။ ဒါပေမဲ့ ...အမျိုးသမီးက အတွင်းခံဘလာဇီယာပဲ ကျန်တော့တယ်။ ညမီးရောင်အောက်မှာ ..မြင်လိုက်ရတာက... အမျိုးသမီးရဲ့ဝမ်းဗိုက်ထဲမှာ ဘာမှန်းမသိတဲ့ အလုံးကြီးတစ်ခု ဟိုရွေ့၊ဒီရွေ့ သွားလာနေတာ။ ။

                                                             မောင်ရေချမ်း