Monday, April 22, 2013

ဘော်စတွန်မာရသွန်

ဘယ်လို အရူးအနှမ်းတွေများ ရွာချလိုက်တဲ့မိုးလဲ
ဝေါခနဲ ၊ ၀ုန်းခနဲ
ပြတ်သွားတဲ့ ခြေထောက်တစ်ဖက်ဟာ နာကျင်ကဗျာ
ပြတ်သွားတဲ့ လက်တစ်ဖက်ဟာ နာကျင်ကဗျာ
သွေးစ/သွေးနတွေကို ဒီကဗျာထဲ ပစ်ထည့်လိုက်တယ်
စစ်ခနဲ ၊ ကျင်ခနဲ
အသားစဖတ်တွေ လမ်းပေါ်ပြန့်ကျဲ
စူးစူးဝါးဝါး ငိုသံတွေတွေပြန့်ကျဲ
လှိုင်းထနေတဲ့ ရင်ဘတ်တွေပြန့်ကျဲ
အသံတိတ်ဒဏ်ရာတွေ ပြန့်ကျဲ

အဲဒီ့နေ့ကပေါ့
ဘော်စတွန်မှာ သရဲသဘက်တွေ ပျော်မြူးစွာအောင်ပွဲခံကြ ။

                                                                     မောင်ရေချမ်း
 

ငါတို့ကျောင်းသားဘ၀ !

စီးကရက်ကို ဟန်ပါပါခဲလို့
နောက်တစ်နှစ် တက်ရမယ့်အတန်းကို ဘယ်တော့မှ မော်မကြည့်ခဲ့
မနက် မနက် ကျောင်းမတက်ရရင်ကောင်းမယ်ဆိုတဲ့အတွေးက အဆင်သင့်
ကျောင်းစာအုပ်တွေကို ၀ဲပစ် ( ၀ဲ .... ပစ် )
P.S 2 ဂိမ်းဆိုင်လေးထဲ တိုးဝှေ့လို့
ဝိန်းရူနီကိုလဲ အားကျ
မက်ဆီကိုလဲ အားကျ
ငယ်ငယ်က သမိုင်းဖတ်စာအုပ်ထဲက ဘုရင့်နောင်ကိုလဲအားကျ
ဗိုလ်ချုပ်ကိုလဲ အားကျ
ဗိုလ်အောင်ကျော်ကိုလဲ အားကျလို့
ခေတ်တစ်ခေတ်လုံးကို ဘောလုံးတစ်လုံးလို လိမ့်နေအောင်ကန်ခဲ့ကြ
ကမ္ဘာကျော်လည်း ဖြစ်ချင်
နိုင်ငံကျော်လည်း ဖြစ်ချင်
အဆိုတော်လည်း ဖြစ်ချင်
ကျောင်းက ရန်ပွဲတွေဆိုလည်း ၀င်နွှဲချင်ခဲ့
ခုတော့ ဘာမှ မဖြစ်ချင်တော့ဘဲ
စာအုပ်တွေကြားထဲ ၀င်ခွေလို့
နာကျင်စရာ သီချင်းတွေဆို ကျော်ပစ်လိုက်တယ် ။ ။

                                                                       မောင်ရေချမ်း