Monday, December 30, 2013

နှစ်ထောင့်ဆယ့်သုံးတော့ ဒိုးတော့မယ်


နောက်ထပ်ဒုက္ခအသစ်တွေ ဘယ်တော့လဲ
နောက်ထပ်ဈာပနအသစ်တွေ ဘယ်တော့လဲ
သေရမယ့်လူတွေ မသေသေး
သူရဲကောင်းတွေက သူရဲကောင်းဆန်ဆန်နှုတ်ဆက်သွားခဲ့ကြ

"ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ် "
ကဗျာဆရာလှသန်းကတော့ အဲဒီလို ညည်းခဲ့လေရဲ့

စိတ်ပျက်ဖွယ်ပျော့စိစိကတိများ ချန်ထားခဲ့
စိတ်ပျက်ဖွယ် အီစီကလီကြောင်စီကွေး ဒီမိုကရေစီ ချန်ထားခဲ့
စိတ်ပျက်ဖွယ် အာဝါးဒါး ပြက္ခဒိန်အဟောင်းများ ချန်ထားခဲ့

မပြီးနိုင်သေးသော စစ်ပွဲများ
မပြီးနိုင်သေးသော ပြက်လုံးများ
မပြီးနိုင်သေးသော အရှုံးများ

ဖွယ်ဖွယ်ရာရာပြင်ဆင်ထားတဲ့ စိတ်ပျက်ဖွယ်ရာများ
အားလုံးကို ထားခဲ့ရတော့မယ်ဆိုတော့
ဘာတွေကိုများ လက်ဆင့်ကမ်းယူသွားရမှာလဲ
နောက်ထပ်ဒုက္ခအသစ်တွေ ဘယ်တော့လဲ
နောက်ထပ်ဈာပနအသစ်တွေ ဘယ်တော့လဲ

တာ့တာပါ နှစ်ထောင့်ဆယ့်သုံး
ငါတို့မှာတော့ ဆဲတုန်းဆိုတုန်း အိပ်မက်ပြိုသံတွေတ၀ုန်းဝုန်းနဲ့ပေါ့

အသုံးမကျတဲ့နည်းပြစုတ်ကို ကန်ထုတ်လိုက်သလိုပေါ့
ဒါမှမဟုတ် ပေါက်လွှတ်ပဲစားစကားလုံးတွေများတဲ့ဝါကျကို ခြစ်ထုတ်ပစ်လိုက်သလိုပေါ့
စိတ်ပျက်ဖွယ်နေ့စွဲများ ချန်ထားခဲ့
စိတ်ပျက်ဖွယ်နှစ်တစ်နှစ်အား ချန်ထားခဲ့ ။ ။

                                         မောင်ရေချမ်း

Sunday, December 29, 2013

ဟေ့ ကိုယ်လူ့ ..... ခင်ဗျား ပါးစပ်ပေါက်ကြီးကို ပလာစတာနဲ့ ကပ်ထားလိုက် (ဒါမှမဟုတ်) ရေသန့်သန့်နဲ့ ပလုတ်သွားကျင်းလိုက် !



လူငယ်ဆိုတော့ ဇောင်းထ ဇောင်းကြွသတဲ့
လူငယ်ဆိုတော့ ဖောင်းထ ဖုထစ် ပျိုမြစ်ပေမယ့် ညိုညစ်တဲ့အတွေးတွေသာရှိသတဲ့

ဟေ့ လူ .. ခင်ဗျား ပါးစပ် ခင်ဗျားဖြတ်သာရိုက်ပစ်
ကျနော်တို့ဟာ လူငယ်
ဟုတ်ပါတယ် ဇောင်းထပါတယ် ဒါပေမယ့် ဘယ်တော့မှ ဇောင်းမကြွခဲ့ပါ
ကျနော်တို့ဟာ လူငယ်
ဖောင်းထ ဖုထစ် ပျိုမြစ်ပါတယ် ဒါပေမယ့် ဘယ်တော့မှ မညိုညစ်ခဲ့ပါ
အတွေးဟာ ရိုးရိုးစင်းစင်းပဲ
ခေတ်ကို ဂိုးသွင်းဖို့ (ဒါမှမဟုတ်) အမှန်တရားကို ဂိုးသွင်းဖို့သာ ပြင်ထားတယ်

ကျနော်တို့ လူငယ်နေ့စွဲတွေဟာ သောက်လိုက်စားလိုက် ပျော်လိုက်ပါးလိုက်နဲ့
ကျနော်တို့ လူငယ်နေ့စွဲတွေဟာ ဆဲလိုက် ဆိုလိုက် အော်လိုက်ဟစ်လိုက်နဲ့
ဒါပေမယ့် ဘယ်တော့မှ မရိုင်းစိုင်းခဲ့တာ အသေအချာ

အမှန်တရားဟာ သိပ်ခါးနေရင်တော့ ခင်ဗျားလျှာပေါ်ကထွေးထုတ်ပစ်လိုက
ဒီမှာ ... ဒီမှာ
ကျနော်တို့ဟာ လူငယ်တွေပါ
တစ်ခါတစ်ခါ ဆူညံသံစဉ်သီချင်းများနဲ့
တစ်ခါတစ်ခါ ပေါက်ကွဲစာသားကဗျာနဲ့

တိမ်တွေပေါ်တက် ကောင်းကင်ကိုဖြဲ
ကဗျာတွေကို သည်းသည်းသန်သန်ရှာဖွေကြ
ဒဏ်ရာတွေကိုစီး ခရီးနှင်ခဲ့ကြ

ဆရာလည်းမကျခဲ့ပါ
အထာလည်းမကျခဲ့ပါ
ဒါပေမယ့် ကိုယ့်ဝါဒနဲ့ကိုယ် လေကိုရှူသွင်းခဲ့ကြ
တရားချင်မှတရားမယ်
ဒါပေမယ့် ဓားကိုတော့ အဓမ္မကိုဖီဆန်ဖို့အတတ်နိုင်ဆုံးသွေးခဲ့ကြ

"လူငယ်တွေကို မယုံကြည်ဘူး
လူငယ်တွေဟာ ယောင်ဝါးဝါးဖြစ်နေကြတယ်"
အဲဒီ့စကားပြောတဲ့ ခင်ဗျားပါးစပ်ပေါက်ကြီးကို
ဘယ်တော့မှဖွင့် လို့မရတဲ့သော့နဲ့သာ ခတ်ထားလိုက်

လာခဲ့ကြတယ်
ရှေ့က ခြေနဲ့ရေးတဲ့အမှားတွေကို လက်နဲ့ဖျက်မလို့
လာခဲ့ကြတယ်
ရှေ့က မရောက်ခဲ့တဲ့ ခရီးတွေကို ဇွဲနဲ့ဆက်လျှောက်ဖို့
လာခဲ့ကြတယ်
ရှေ့က မဆုံးသေးတဲ့ သီချင်းတွေကို ရင်ကိုဖွင့်ပြီးဆိုမလို့
လာခဲ့ကြတယ်
ရှေ့က မှောက်ခဲ့တဲ့ သဘောင်္ကို ရွက်ဆက်လွှင့်ဖို့

ဘယ်တော့ဖြစ်ဖြစ် ... စစ်ပွဲတွေမှာ သေပေးလိုက်ရတာ လူငယ်တွေချည်း
လူကြီးတွေ အပျော်သက်သက် လက်ဆွဲနှုတ်ဆက်ဖို့အတွက်
ကျနော်တို့ လူငယ်တွေသာ မြေဇာမြက်တွေ
ဘယ်တော့ဖြစ်ဖြစ်.... ခေတ်ရဲ့အလေအလွင့်တွေ ကြားမှာ
လူကြီးတွေ နှမြောဖို့ ၀မ်းနည်းဖို့သက်သက် အစတေးခံသားကောင်တွေ

လူငယ်တွေ ငယ်သေးတော့အသိမကြွယ်ဘူးမပြောပါနဲ့
ငယ်ပေမယ့် ဘယ်တော့မှ လူလည်မကျခဲ့
ကျနော်တို့ဟာ လူငယ် ....ဒါပေမယ့် သမိုင်းကိုဝယ်ဖို့ကြိုးစားခဲ့ကြ

ကိုယ့်သီချင်းကို အားရပါးရဆို
ကိုယ့်အော်သံကိုယ်ပြန်နားထောင်
ဘယ်တော့ဖြစ်ဖြစ် အနာဂတ်ကို သစ္စာမဖောက်ခဲ့ ။ ။

                                                                       မောင်ရေချမ်း

Thursday, December 19, 2013

အခု ငါတို့ဟာ ရေခဲရိုက်ထားတဲ့ အပုပ်အသိုး ဒီ...ဒီ...ဒီ... အခန်းထဲမှာ



ဒုက္ခဆင်းရဲဆိုတာ ဘယ်တော့မှ အလေ့ကျမပေါက်ဘူး
ဖြစ်နိုင်ရင် သီချင်းဆိုချင်တယ်
သူရဲကောင်းတွေရဲ့ နာမည်ကို ဖြစ်ဖြစ်
ရခဲ့တဲ့ဒဏ်ရာတွေကို ဖြစ်ဖြစ်ပေါ့

[ယာဘက်လက်နဲ့ ဆန်ရေစပါး ( အစားအသောက်) ကို ပြည်သူတွေကိုပေးလို့
ဘယ်ဘက်လက်နဲ့ အ၀တ်အထည် ကို စွန့်ကြဲ သတဲ့ ]
ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ကျန်စစ်သားရဲ့သမိုင်းထဲမှာအဲသလို သိခဲ့ရတယ် ။

အဲသလိုဆို အခု ငါတို့ဟာ
ဘယ်ဘက်လက်ကိုဖြတ်ပြီး ညာဘက်လက်ကို ၀ှက်ထားတဲ့အချိန်တွေမှာပေါ့

အခု ငါတို့ဟာ လူတောမတိုးတဲ့ခွေးဝဲစားတွေပါ
အခု ငါတို့ဟာ ညစ်ထေးထေးသူတောင်းစားတွေပါ
အခု ငါတို့ဟာ မြှားချက်တွေကိုရှောင်တိမ်းနေရတဲ့ယုန်သူငယ်လေးတွေပါ
အခု ငါတို့ဟာ တစ်နေ့လုပ်အားခ တစ်နေ့စားနေရ သာမန်အခွန်ထမ်းပြည်သူတွေပါ
အခု ငါတို့ဟာ ပေတိပေစုတ် ကျွတ်စပွတ်လေးတွေပါ
အခု ငါတို့ဟာ အော်ချင်ရာအော်ဖို့ ပါးစပ်ပေါက်ပျောက်နေကြသူတွေပါ
အခု ငါတို့ဟာ ပုံပြင်အဟောင်းကို Version ပြောင်းပြောခြင်းကိုခံကြရသူတွေပါ

"တရားမမျှတမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်မှုဟာ လူထုတာဝန်ဖြစ်တယ်။" ( သောမတ်ဂျက်ဖာဆင် )
အဲဒီလိုနဲ့ …..
နှစ်တွေ ၊ နှစ်တွေဟာ သူတို့ ချဉ်ခြင်းတက်ရာကို တောင်းဆိုလို့
မီးခက်ပွင့်တွေကြားထဲကနှစ်တွေဟာလည်း
ခြေပြတ်လက်ပြတ်မြစ်တွေဟာလည်း
နှင်းတွေ ရွှဲရွှဲစိုနေမယ့်နှစ်တွေကို မျှော်လင့်နေရ

တကယ်တော့ ငါတို့ဟာ ဓားစာခံတွေပေါ့
မီးထတောက်ဖို့အတွက် အပွန်းခံလိုက်ရတဲ့ကျောက်ကလေးတွေလိုပေါ့
ဒါပေမဲ့ အပွန်းအပဲ့သာခံလိုက်ရတယ်
ဘာမီးမှ မတောက်ခဲ့တာတော့ အသေအချာပေါ့ ။ ။

                                                             မောင်ရေချမ်း

Saturday, December 14, 2013

စိတ်ကောက်တတ်တဲ့ညနေခင်းတစ်ခုအကြောင်း !


ညနေခင်းလေးဟာ စိတ်ကောက်လွယ်တတ်ခဲ့ပါတယ်
ညနေခင်းလေးဟာ ခပ်ဟဟ ရယ်မောနေတတ်ခဲ့ပါတယ်
ညနေခင်းလေးဟာ မုန်းတယ်ဆိုတဲ့စကားကိုဆိုတတ်ခဲ့ပါတယ်
ညနေခင်းတစ်ခုရဲ့
ရင်အုံကို ခွဲကြည့်ရင် ဒဏ်ရာတွေဒလဟောထွက်ကျလာပါလိမ့်မယ
ညနေခင်းတစ်ခုရဲ့
ရင်အုံကို ခွဲကြည့်ရင် နှစ်ယောက်စီးခဲ့တဲ့စက်ဘီးလေးတစ်ဘီးရှိနေပါလိမ့်မယ်
ညနေခင်းတစ်ခုမှာ
လူငယ်တစ်ယောက်ဟာ ခေါင်းငိုက်စိုက်ကျလို့
ညနေခင်းတစ်ခုမှာ
လူငယ်တစ်ယောက်ဟာ ချစ်ခြင်းမေတ္တာကိုထုပ်ပိုးလို့
တိမ်တွေသိပ်လှတဲ့အကြောင်း ညနေခင်းလေးကိုပြောပြချင်ပါသေးတယ
အမှန်တရားတွေဟာ တစ်ခါတစ်ရံမှာမှားတတ်ကြောင်း ညနေခင်းလေးကိုပြောပြချင်ပါသေးတယ
ညနေခင်းဟာ နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားတယ်
ညနေခင်းဟာ အချစ်ကြောင်းကို မေ့ပစ်ချင်တဲ့ဟန်ပန်နဲ့ပေါ့
ညနေခင်းလေးမှာ ကိုယ်ဟာ ဖယိုဖရဲကျဆုံးခဲ့ပါတယ်
ညနေခင်းလေးဟာ ထမင်းစားပြီးပြီလားမေးဖို့မေ့နေခဲ့ပါပြီ
ညနေခင်းလေးဟာ နေကောင်းလားမေးဖို့မေ့နေခဲ့ပါပြ
ညနေခင်းလေးရေ ....
စိတ်ပြေလက်ပျောက် တိမ်တွေကိုခဲနဲ့ပေါက်စို့ကွာ
စူပုပ်ထားတဲ့နှုတ်ခမ်းကို ဖြေလျှော့ချလိုက်ပါတော့
စိတ်ကောက်တတ်တဲ့ညနေခင်းလေးကို ချော့မော့ဖို့စကားလုံးတွေပျောက်နေခဲ့ပါတယ်။

                                                    မောင်ရေချမ်း
                                                (၁၄ . ၁၂ . ၂၀၁၃ )

Tuesday, December 10, 2013

ငါ့အိတ်ကပ်


အင်္ကျီတစ်ထည်မှာ အိတ်ကပ်ဟာ အရေးပါတာပေါ့
အိတ်ကပ်ထဲမှာ အနည်းဆုံးဘောပင်ထည့်လို့ရတယ်
အိတ်ကပ်ထဲမှာ လိုလိုမယ်မယ် ရှူဆေးဗူးဆောင်ထားလို့ရတယ်
အိတ်ကပ်ထဲမှာ ရင်းနှီးသူမိတ်ဆွေတချို့ရှိမယ်
အိတ်ကပ်ထဲမှာ ဖောက်လွှဲဖောက်ပြန်နိုင်တတ်လွန်းတဲ့ရာသီဥတုရှိမယ်
တစ်ခါတစ်ခါ
အိတ်ကပ်ထဲမှာ မနက်ခင်းမွှေးမွှေးလေးတွေ ရောက်နေတတ်တယ်
တစ်ခါတစ်ခါ..
အိတ်ကပ်ထဲမှာ ညနေပုပ်အက်အက်တွေ ရှိနေပြန်ရော
အိတ်ကပ်ထဲမှာ ခြင်္သေ့တွေ ခုန်ဝင်နေတဲ့အခါ ပျော်စရာပေါ့
ဖြစ်နိုင်ရင်တော့ ... လူငယ်ဘ၀ရဲ့အိတ်ကပ်ထဲမှာ
ချစ်ခြင်းမေတ္တာတွေ မဆန့်မပြဲထည့်ထားချင်ရဲ့
ခုတော့ အိတ်ကပ်ဟာ ပေါက်ပြဲလို့
ဘယ်လိုပဲဖြစ်ဖြစ်
ပိုက်ဆံမရှိတဲ့အခါ အိတ်ကပ်ဟာ စိတ်ပျက်စရာပါ။ ။

                                                   မောင်ရေချမ်း
                                    2014 - ဇန်န၀ါရီလ ၊သရဖူ Magazine

Monday, December 9, 2013

ငါတို့အကြောင်း ငါတို့ကဗျာ

ဇရှိလို့သာပေါ့
ငါတို့အားလုံးဟာ ကိုယ့်ဒဏ်ရာကိုယ် ဇစ်တပ်ထားကြတာ
အက်ကွဲပူလောင်လာတဲ့အခါ ဇစ်ကိုဆွဲဖွင့်
အရက်သမားတစ်ယောက် အော်ဆိုလိုက်တဲ့ သီချင်းသံပမာ
ငါတို့အော်သံဟာ လွတ်လပ်ကျယ်လောင်စွာ

ပြီးတော့
ငါတို့ဟာ သစ်ရွက်ကလေးတွေကြွေကျနေသလို ပေါ့ပေါ့ပါးပါးနေထိုင်ကြတယ်
ပေါ့ပါးပေမယ့် မလေလွင့်ခဲ့ပါ
လွတ်လပ်စွာ တွေးခေါ်ရှုရှိုက်ရင်း
လေးနက်စွာ ကမ္ဘာကြီးထဲကို ချောင်းကြည့်ခဲ့ကြ
ငါတို့ထဲက တချို့ဟာ စိတ်မထင်တဲ့အခါ
ကောင်းကင်ကိုတောင် ကင်စားမလို့ကြံရွယ်ခဲ့ကြ
ငါတို့ထဲက တချို့ဟာ
ချစ်ခြင်းမေတ္တာအကြောင်းကိုပဲ ချစ်မြတ်နိုးစွာပြောဆိုခဲ့ကြ
ငါတို့ထဲက တချို့ဟာ
တိမ်တွေပေါ်မှာ ငြိမ်းချမ်းစွာကခုန်ခဲ့ကြ
ငါတို့ထဲက တချို့ကတော့
ကမ္ဘာထဲကို ကဗျာတွေ သွန်ကြဲချဖို့ လာခဲ့ကြပေါ့

ပြီးရင် .. အလင်းကို ရသလောက် ကဲ့ယူရင်း
ကြီးကြီးကျယ်ကျယ်အကြောင်းတွေ ပြောဆို
ငါတို့နာမည်နဲ့ရုပ်ထုတွေ ကမ္ဘာကြီးထဲမှာ ထုဆစ်ခဲ့မလို့

ပြီးရင် ...Sound Box တွေကို ရိုက်ခွဲ
အားလုံးဟာ ကိုယ့်အသံနဲ့ကိုယ် သီချင်းဆိုမလို့

အဲဒီ့နောက် တိမ်တွေပေါ်ခုန်တက်
မှောင်နေတဲ့ ညတွေအတွက် လကို ဖဲ့ဖဲ့ချမလို့ ။ ။

                                                   မောင်ရေချမ်း

Sunday, December 8, 2013

မြေခွေးမြို့တော်


ပြောရရင်တော့ မြေခွေးမြို့တော်မှာ မြေခွေးတွေနေတဲ့အကြောင်းကပဲစရမယ
ဒါပေမယ့် အဲဒါဟာ ထူးဆန်းတာမှမဟုတ်တာ

တကယ့်ကို ထူးဆန်းတာက
မြေခွေးမြို့တော်က မြေခွေးတွေက သူတော်ကောင်းမြေခွေးတွေပေါ့
အသားမစားဘူး သက်သက်လွတ်ပဲစားသတဲ့
ပြီးတော့ အခါကြီးရက်ကြီးများဆို ဥပုလ်သီလတောင်ဆောက်တည်ကြသတဲ့လေ
အဲသလို မြေခွေးသူတော်ကောင်းတွေပေါ့

ဒါပေမယ့် အဲဒီ့ထပ်ထူးဆန်းတာတွေလည်းရှိသေးလေရဲ့
မြေခွေးမြို့တော်က တချို့မြေခွေးတွေဟာ ယုန်သူငယ်မျက်နှာလေးတွေနဲ့တဲ့လေ
တချို့မြေခွေးတွေက မကြာခဏဆိုသလိုပဲ မြေခွေးမြို့တော်တိုးတက်ရေးအတွက်အစည်းအဝေးတွေလုပ်ကြ
တချို့မြေခွေးတွေက အဲဒီ့အစည်းအဝေးခန်းမထဲမှာပဲ အိပ်ငိုက်ကြပြန်ရော
တချို့မြေခွေးတွေကတော့ အေးအေးဆေးဆေးသမားတွေပေါ့
မြို့တော်ရဲ့ ရှိရှိသမျှ နံရံမှာ သူတို့လက်သည်းတွေနဲ့ခြစ်ပြီးစာတွေရေးကြတယ်
မြို့တော်ရဲ့ရှိရှိသမျှ အသံလွှင့်ရုံတွေထဲကနေ သူတို့ရဲ့အော်သံတွေကို လွှင့်ကြတယ်

အဲသလို မြေခွေးမြို့တော်ထဲမှာပေါ့
ယဉ်ကျေးသူမြေခွေးများဟာ ပြုံးပြုံးပျော်ပျော်နဲ့နေထိုင်ကြပါသတဲ့
ပြီးတော့ မေတ္တာတရားအကြောင်းကို တစ်ကောင်နဲ့တစ်ကောင်ပြောဆိုကြပါသတဲ့

ထူးဆန်းပါတယ်
တကယ့်ကို ထူးဆန်းလွန်းပါတယ်

တကယ်ကတော့ အဲသလိုထူးဆန်းတဲ့မြေခွေးမြို့တော်ကြီးအကြောင်းကို
အဘိုးအိုတစ်ယောက်က ပြောပြနေတာကို ခွက်ထိုးခွက်လန်ရယ်ရတာ ပိုပြီးထူးဆန်းလွန်းပါတယ်။

                                                                 မောင်ရေချမ်း

Saturday, December 7, 2013

လူငယ်တစ်ယောက်


လူငယ်တစ်ယောက်ရဲ့ နေ့စွဲတွေဟာ
ချစ်ခြင်းမေတ္တာကို သိမ်းဆည်းပြီး ခပ်၀၀ရှိလွန်းခဲ့ပါတယ်

လူငယ်တစ်ယောက်ရဲ့ လက်သီးဆုပ်ထဲမှာ
အမှားလက္ခဏာဘယ်လောက် ၊ အမှန်လက္ခဏာဘယ်လောက်
ဘယ်တော့ဖြစ်ဖြစ်
ရန်လိုမှုများတဲ့ကမ္ဘာထဲမှာ ဓားကိုသွေးပြီးတရားကိုလဲမွေးထားခဲ့ရ

စိတ်လိုလက်ရရှိတဲ့အခါ
ကြယ်ကြွေနုနုတွေကောက်ဖို့အတွက် အပြာရောင်အိတ်ကပ်လေးတစ်လုံးကိုချုပ်နေမိတယ်
စိတ်အချဉ်ပေါက်တဲ့အခါ
Tatannic ဇာတ်ကားထဲက လီယိုနာဒိုလို တံတွေးကို ကိုယ်နဲ့အဝေးဆုံးရောက်အောင်ထွေးပစ်ခဲ့

သေချာတာကတော့
တရားမျှတမှုကိုလည်း နိုင်ငံတော်အလံပမာသဘောထား ဦးညွှတ်ခဲ့ပါတယ်
ပြီးတော့ လူငယ်ပီသစွာနဲ့
ချစ်ခြင်းမေတ္တာကို ခပ်ဖွဖွလေးနမ်းမွှေးခဲ့ပါတယ်။ ။

                                                            မောင်ရေချမ်း
                                                   ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ဖေဖော်ဝါရီ ၊ ၂၀၁၄

Wednesday, December 4, 2013

ဆဲဆိုခြင်းယဉ်ကျေးမှု နှင့် အနုပညာဒဏ်ရာ !




 နှုတ်မင်္ဂလာ၊ စကားမှာကား
 အသာအချို၊ သူနာလိုအောင်
 မိန့်ဆိုခြင်းလျှင်၊ တန်ဆာဆင်၏
                          (စိန္တကျော်သူဦးသြ)

________________         ______________             ________________

           ရှေးစာဆိုများ၊သူတော်ပီပီများ၊ ကျွန်တော်တို့၏လူကြီးမိဘများက နှုတ်ချိုခြင်း ၊ အပြောအဆို လိမ္မာခြင်းဆိုင်ရာ အတွက်ဆုံးမလမ်းညွှန်၊သွန်သင်ရေးဖွဲ့ခဲ့ကြသော ကဗျာ၊လင်္ကာများစွာကို သတိတရပြန်ဖတ်မိလေတိုင်းကျွန်တော့်စိတ် တွင် ပြန်လည်ချေပချင်စိတ်ဖြစ်မိသည်။ ကျွန်တော်အပါအ၀င် သက်တူရွယ်တူလူငယ်များသည်လည်းကောင်း၊ကျွန်တော်တို့၏ရှေ့မျိုးဆက်များသည်လည်းကောင်း နာကျင်မှုခေတ်ထဲတွင် မလွှဲမရှောင်သာ ပျော်ဝင်စီးမျောခဲ့ကြရသည်။သူတို့ဆီ မှ ထွက်ကျ ပွင့်ထွက်လာသော စာများ၊ကဗျာများသည် သွေးအလိမ်းလိမ်းပေကျံလျက်။ တချို့ကတောက်ခေါက်သံ ရွှဲရွဲစို လျက်။

လေလွင့်ခြင်းများ



ကောင်းကင်ဟာ ကြယ်ပုပ်ကြယ်သိုးတွေနဲ့ ညိုမွဲစွာ
အလင်းတစ်ပွင့် ၊ နှစ်ပွင့် ပွင့်ဖို့အတွက်
ကိုယ့်အရေပြားတွေကိုယ် လောင်ကျွမ်းပစ်ခဲ့ရတယ်
လိုချင်တိုင်းလည်း မရခဲ့ပါ
ဒဏ်ရာဆိုတာ ဘ၀လုံးစာဈေးကြီးလွန်းခဲ့ပါတယ် ။
                                   မောင်ရေချမ်း

Friday, November 29, 2013

ဂေါက်သီး ကစားသမားများ

ခေါင်းပေါင်းစကို သပ်ချလိုက်ပုံက တိုက်ဂါးဝုဒ်အင်္ကျီကို ပင့်တင်လိုက်သလိုပေါ့
ဟန်ပန် ဒီဇိုင်းကတော့ အမေရိကန်ဂေါက်အကျော်အမော် ဖီးလ်မိုက်ကယ်ဆင်လိုလို
ပြီးတော့ ဘာလိုလို ညာလိုလိုပေါ့
ဂေါက်သီးကို ချိန်ဆနေပြန်တော့ ကမ္ဘာကြီးကို ချိန်ဆနေတဲ့အထာနဲ့လေ
ရေရေလည်လည် လန်းပြီး ပိုးစိုးပက်စက် ဂေါ်တယ်

ဒါပေမဲ့
တစ်နေကုန် မနေမနား ကြိုးစားပမ်းစား ကစားခဲ့တာ
ဂေါက်သီးဟာ ကျင်းဝင်ဖို့မပြောနဲ့ ကျင်းနှုတ်ခမ်းဝကိုတောင် မနမ်းခဲ့ရရှာ။ ။

                                                       မောင်ရေချမ်း

Wednesday, November 27, 2013

ကြယ်တွေ ... ကြယ်တွေ .. ၊ သူတို့ဟာ သတ္တိရှိတဲ့ကြယ်တွေ !


သတ္တိရှိတဲ့ကြယ်တွေဆိုတာ သူတို့ရင်ထဲကအသံကို ကျယ်ကျယ်လောင်လောင်ပဲအော်တတ်တယ်

သတ္တိရှိတဲ့ကြယ်တွေဆိုတာ အမှန်တရားအတွက်
ကောင်းကင်မှာ သူတို့ ကိုယ်သူတို့ ဖြန့်ကြဲစိုက်ပျိုးထားတာ
သတ္တိရှိတဲ့ ကြယ်တွေအတွက် အားပေးနေတဲ့လက်ခုပ်သံတွေရှိတယ်

သတ္တိရှိတဲ့ ကြယ်တွေဟာ မကြောက်တရားတွေအပြည့်နဲ့
သတ္တိရှိတဲ့ ကြယ်တွေဟာ လက်သီးမဆုပ်ဘူး ၊ လက်နက်မကိုင်ဘူး
သတ္တိရှိတဲ့ ကြယ်တွေဟာ အကြမ်းမဖက်တဲ့ ငြိမ်းချမ်းမှုနဲ့
သတ္တိရှိတဲ့ ကြယ်တွေဟာ ကောင်းကင်ကိုထုဆစ်လင်းတောက်ကြဦးမှာ

သတ္တိရှိတဲ့ ကြယ်တွေကို ချုပ်နှောင်ထားသော်လည်း
အလင်းဟာ ပိုပိုချွန်မြလာ ။ ။

                                                                  မောင်ရေချမ်း

Monday, November 25, 2013

ကိုယ့်ကို ခပ်တည်တည်နဲ့ ခပ်ခပ်သောက်သွားတဲ့ သောကြာတွေ !

သောကြာရောက်ပြီဆို ကိုယ်ဟာ လေလေးတချွန်ချွန်နဲ့ပေါ့
တစ်ခါတလေများ အစအဆုံးမရတဲ့ သီချင်းလေးများတောင် ဆိုလို့လေ
သောကြာဟာ ဘာလို့ အရမ်းချစ်ဖွယ်ကောင်းလွန်းခဲ့လဲ ကိုယ်တကယ်မသိခဲ့ဘူး
သောကြာဟာ ဆံပင်အရှည်ထားရင် ဒေါတင်းတတ်သေးတယ် ၊ မကြာခဏဆံပင်ညှပ်ဖို့ပြောတတ်ရဲ့
ဆိတ်ဆွဲတတ်တဲ့ လက်သည်းချွန်ချွန်လေးတွေနဲ့ သောကြာပေါ့
စိတ်မရှည်ရင် မျက်စောင်းနုနုလေးတွေ လှစ်ခနဲပေးတတ်တဲ့သောကြာပေါ့
ဆံနွယ်တွေကို စည်းနှောင်မထားတဲ့အခါ ကပိုကယိုအလှတွေနဲ့သောကြာပေါ့
အဲဒီ့သောကြာပေါ့ ... ကိုယ့်အိပ်မက်တွေကို ခပ်ခပ်သောက်သွားတာ
သောကြာဟာ တစ်ခါတစ်ခါ အဖြူရောင်အင်္ကျီမှာ စီးကွန့်လှလှလေးတွေနဲ့
သောကြာဟာ တစ်ခါတစ်ခါ ခေါင်းလျှော်ပြီးစ သင်းပျံ့ပျံ့မွှေးရနံ့လေးနဲ့
သောကြာကို သိပ်ချစ်တာပဲလို့ ကိုယ်ဟာ စာရွက်တွေပေါ်မှာ မကြာခဏရေးနေမိတယ်
တကယ်ပါပဲ .. အဲဒီ့သောကြာပေါ့
ကိုယ့်အိပ်မက်တွေကို ခပ်တည်တည်နဲ့ ခပ်ခပ်သောက်နေတာလေ
သောကြာမှာ ပါးပြင်နုနုလေးကို မွှေးတဲ့အခါ ရှက်ဝါးဝါးလေးပြုံးတယ်
သောကြာမှာ လက်ချောင်းလှလှလေးတွေကို ဆုပ်ကိုင်တဲ့အခါ ဆတ်ခနဲ ဆတ်ခနဲပြန်ရုန်းတယ်
သောကြာမှာ ချစ်တယ် ပြောတဲ့အခါ ခေါင်းငုံ့ပြီး စူပုတ်နေတတ်သေးတယ်
သိပ်ကို ဣနြေ္ဒကြီးလှတဲ့ သောကြာပေါ့
သောကြာဟာ အလှူအိမ်မှာ ဖိနပ်ပျောက်သလို တစ်ခါတစ်ခါတော့ခံရခက်လှတယ်
ဘာပဲဖြစ်ဖြစ်
စက်ဘီးအစုတ်လေးကို နှစ်ယောက်အတူစီးရင်
စာအုပ်တစ်အုပ်ကို နှစ်ယောက်အတူ လုဖတ်ရင်း
တစ်ယောက်ကို တစ်ယောက်အပြန်အလှန်စိတ်ကောက်တမ်းကစားရင်းပေါ့
သောကြာဟာ သောကြာသိပ်ပီသလွန်းခဲ့ပါတယ်။ ။

                                                                မောင်ရေချမ်း

Sunday, November 24, 2013

နံရံကို ပြေးပြေးဆောင့်ချင်တဲ့စိတ်နဲ့ လူငယ်ညနေတွေ !

မြင်မြင်ရာကို အချဉ်ပေါက်နေတဲ့စိတ်မှာ
စိတ်လွတ်ကိုယ်လွတ် အထာကျနေတဲ့သံသယတွေနဲ့
ဖျတ်ဖျတ်ကို လူးနေတဲ့အသက်ရှူသံတွေ
ဖြတ်သန်းနေရတဲ့နေ့စွဲစုတ်စုတ်တွေကို
တတ်နိုင်သမျှ အဆုတ်ထဲရှူသွင်းမိတော့ ချောင်းဆိုး၊ရင်ကျပ်ဖြစ်ရ ခဏခဏ
ပုပ်သိုးသွားတဲ့ ဖြစ်စဉ်တွေထဲမှာ
ငါတို့ဟာ ပေါက်လွှတ်ပဲစား အော်ကြောလန်ကောင်စားတွေပေါ့
ငါတို့ဟာ လူငယ်တွေပီပီ အလန်းဇယားဆိုလည်း အလန်းဇယားမှ
အကြမ်းစားဆိုလည်း အကြမ်းစားမှ ကြိုက်တယ်
ခိခိ ခွိခွိ အသံတိတ်ကြိတ်ရယ်ရတဲ့ ဟာသစုတ်စုတ်တွေ သိပ်စိတ်နာစရာပဲ
ရိုးရိုးရှင်းရှင်းပဲ ရော့(ခ်)သီချင်းကြမ်းကြမ်းတွေကို ခုန်ပေါက်ဆို
ရိုးရိုးရှင်းရှင်းပဲ သတင်းစာတွေ စိတ်ပျက်လက်ပျက် လှန်လှောဖတ်
ရိုးရိုးရှင်းရှင်းပဲ ရိုးသားသမျှကို ရှင်းလင်းသုတ်သင်ပစ်ချင်လာတယ်
တကယ်တော့ ဘ၀ဆိုတာ ဘာမှမဟုတ်ခဲ့ပါ
အဖျက်ခံလိုက်ရတဲ့ ကျူးကျော်အိမ်တွေလိုပေါ့
အလိုမတူဘဲ မီးညှိုခံလိုက်ရတဲ့စီးကရက်အတောင့်တွေလိုပေါ့
လူယုတ်မာတွေများတဲ့ကမ္ဘာထဲ ပျော်သလို နေတတ်ခဲ့ပြီပဲ
ငါတို့ဟာ ရေကြမ်းလေကြမ်းအောက်မှာ ဗရမ်းဗတာစီးချင်သလိုစီးနေကြတဲ့
စမ်းချောင်း အပွန်းအပဲ့ လှလှလေးတွေ
အနီရောင် အစင်းကြောင်းတွေနဲ့ လူငယ်နေ့စွဲတွေ
ကောင်းကင်ကို ထိုးခွဲဖို့ ဆံပင်တွေကို မိုးအထိအောင်ထောင်ထားတဲ့ကောင်စားတွေလေ
တဂီးဂီးအော်နေတဲ့ ကဗျာတွေနဲ့
တ၀ီဝီမြည်နေတဲ့ ထိလွယ်ရှလွယ် နာကျင်အရည်ပြားပေါ်မှာ ယုံကြည်ရာကိုတက်တူးထိုးခဲ့ကြ
ပုပ်ပွနေတဲ့ ငါးတစ်ကောင်ကို ကင်စားနေရသလိုပါပဲ
အော်ဂလီဆန်ဖွယ် နေ့စွဲများစွာထဲ
ငါတို့လူငယ်ဘ၀တွေ တဖြည်းဖြည်း အိုမင်းရင့်ရော်လာ ။ ။
                                                         မောင်ရေချမ်း

အမှားများတဲ့ ကမ္ဘာ


ပျော်သလို နေထိုင်ခဲ့ကြပါတယ်
ငါတို့ဟာ ပေါက်လွှတ်ပဲစား ယုံလွယ်သူဈေးသည်တွေပါ
အချိန်တွေကို ဈေးဗန်းထဲထည့်ရောင်းခဲ့တယ်
အနာဂတ်တွေကို ဈေးဗန်းထဲထည့်ရောင်းခဲ့တယ်
နောက်ဆုံး ကိုယ့်ဘ၀ကိုယ် ဈေးဗန်းထဲထည့်ရောင်းခဲ့ကြပေါ့
အချိန်တွေ သိုးလာတယ်
အနာဂတ်တွေ အက်လာတယ်
ဈေးပေါင်ကျိုးချိန်မှာတော့
တကယ်ကို သေချာခဲ့ပေါ့
ဒီကမ္ဘာမှာ ရင်းသလောက် ပြန်မမြတ်ခဲ့ဘူးဆိုတာ ။ ။

                                          မောင်ရေချမ်း

Wednesday, November 20, 2013

ငါတို့ဟာ လူငယ် ၊ ပြီးတော့ ကြီးကြီးကျယ်ကျယ် ကြယ်တွေ !


လူငယ်တွေဆိုတော့ နည်းနည်းတော့ ငန်တယ်
ဘာပဲဖြစ်ဖြစ်
တရားဆိုလည်း တရား
ဓားဆိုလည်း ဓား ၊
တစ်ခုခုတော့ ကျစ်ကျစ်ပါအောင်ဆုပ်ထားကြသူတွေချည်း
ခေတ်နဲ့ ဓာတ်မတည့်ဘူးဆိုပေမယ့် ဆွဲစရာရှိဆွဲသလို ရဲစရာရှိရင်လည်းရဲခဲ့ကြတယ်
ကြီးကြီးကျယ်ကျယ်စကားတွေ မပြောခဲ့ပေမယ့်
ကြီးကြီးကျယ်ကျယ်ကြယ်တွေဟာ ငါတို့ပါပဲ
ထစ် နေတဲ့စီဒီဆိုရင် ကျော်ကိုမကြည့်ချင်
စက်ထဲကနေ ဗြုတ်ခနဲဆွဲထုတ် ဖြောင်းခနဲနေအောင်ထိုးခွဲပစ်ချင်ကြသူတွေ
စိတ်မလိုရင် မိုးရေတွေကိုတောင် ကျိုးကြေသွားအောင် ချိုးချေပစ်ကြသူတွေ
ပုံပြင်ဟောင်းတွေကိုလည်း မကြားချင်
ကောင်းကင်ကိုလည်း အင်္ကျီအသစ်နဲ့ လှစေချင်သူတွေလေ
တက်ကြွခဲ့ကြပါတယ် ၊ ဒါပေမဲ့ ဘယ်တုန်းကမှတော့ စောင်းမထခဲ့
ငါတို့ရှေ့က ဂုဏ်ပြုအပ်တဲ့ကြယ်တွေကို တခုတ်တရဦးညွှတ်ခဲ့သလို
ဘာဘာညာညာ ကလေးအထာနဲ့လူကြီးတွေဆိုရင် တောက် ချပစ်ချင်
သူရဲကောင်းတွေရဲ့နာမည်ကိုတော့ ဂုဏ်ပြုပြီးသီချင်းမှန်မှန်ဆိုခဲ့ကြတယ်
အဓမ္မကို ဆွမ်းကြီးဝိုင်းလောင်းဖို့ဝန်မလေးခဲ့သလို
အမှန်တရားကိုလည်း လက်ခုပ်တီးပြီးအားပေးခဲ့ကြတယ်
ဘယ်တော့ဖြစ်ဖြစ် ကိုယ့်ဂီတာကိုယ်တီး ၊ ကိုယ့်သီချင်းကိုယ်ဆိုပြီးပျော်ခဲ့ကြပေါ့
ခုနစ်အသေတွေကို ဆွဲဖွင့်လို့ ကမ္ဘာကြီးထဲရွက်လွင့်ဖို့ ငါတို့ လာခဲ့ကြပါတယ်
ပြီးရင် ကြယ်တွေပေါ်မှာ ငါတို့နာမည် အသန့်ရှင်းဆုံးထုထွင်းစိုက်ပျိုး ။ ။

                                                                မောင်ရေချမ်း

Saturday, November 16, 2013

မြို့စွန်ရပ်ကွက်


အဲဒီ့ရပ်ကွက်မှာ
စီးကရက်ကိုခဲပြီး တစ်ကမ္ဘာလုံးကို ဟန်ပါပါနဲ့ခါးထောက်ကြည့်နေတဲ့လူငယ်တွေရှိတယ်
အဲဒီ့ရပ်ကွက်မှာ
မနက်မနက်ဆို အပျင်းပြေစစ်ပွဲကို အပျော်တမ်းကစားလို့
ည ည ဆို ကြယ်တွေကို ဗန်ဒါသီးထုသလို ထု အတွင်းသားကိုဖြဲလို့
အဲဒီ့ရပ်ကွက်မှာ
ထင်ပေါ်သူ တစ်ယောက်မှ မရှိပါ
ခေတ်ပေါ် ဆန္ဒပြမှုတွေ မရှိပါ
သွေးထွက်သံယိုနှိမ်နင်းမှုတွေလည်း မရှိခဲ့ပါ
အဲဒီ့ရပ်ကွက်ဟာ
မနက်ခင်းဆို ထမင်းချိုင့်ဆွဲပြီးအလုပ်သွားတယ
အဲဒီ့ရပ်ကွက်ဟာ
မနက်ခင်းဆို ကပိုကယိုထပြီး သတင်းစာဖတ်တယ်
အဲဒီ့ရပ်ကွက်ဟာ
စစ်ပွဲသတင်းတွေပါတဲ့ စာစောင်ဆိုအီကြာကွေးထုပ်ပစ်တယ်
အဲဒီ့ရပ်ကွက်ဟာ
ဘောလုံးပွဲတွေဆိုလည်း လှိုက်လှိုက်လှဲလှဲအားပေးသလို
ဟိုအမှောင် ဒီအမှောင်ထဲ ကော်ရှူတဲ့ချာတိတ်တွေကိုလည်းဝမ်းဗိုက်ထဲထည့်ထားရဲ့
အဲဒီ့ရပ်ကွက်ဟာ
ပွဲတော်ရက်တွေဆို DJ သီချင်းခပ်မြူးမြူးနဲ့ ခုန်ပေါက်လို့ ငြိမ့်နေတတ်သေးတယ်
အဲဒီ့ရပ်ကွက်ဟာ
စာမရတဲ့ကျောင်းသားကို ကြိုးစားပမ်းစားမွေးထားသလို
လေလွင့်နေတဲ့မိဘတွေကိုလည်း ငေးကြည့်လား ၊ ငေးကြည့်ရဲ့လေ
အဲဒီ့ရပ်ကွက်မှာ
ခပ်ကျယ်ကျယ်နဲ့ ရယ်နေတဲ့အသံတွေရှိသလို
အသံတိတ် ကြိတ်ငိုနေတဲ့သူတွေလည်း ရှိတယ်
အဲဒီ့ရပ်ကွက်မှာ
ခေတ်အကြောင်းပြောရင်း မောသူတွေအပန်းဖြေဖို့ဘီယာဆိုင်တွေအများကြီးရှိသလို
နောက်ပြန်လည်နေတဲ့နာရီတွေကို ပတ်ထားတဲ့လူတချို့လည်းရှိတယ်
အခုတော့....အဲဒီ့ရပ်ကွက်ဟာ
ရူးသလို ပေါသလိုလုပ်ပြီး ကိုယ့်နာမည်ကိုယ်မေ့နေပြန်တယ်
ပြီးတော့...အသံနက်ကြီးနဲ့ ဘယ်သူ့ကိုမှန်းမသိ ဆဲနေပြန်ရော ။ ။

                                                        မောင်ရေချမ်း

အမှောင်ခါးခါး


နည်းပြပြောင်းပြီးနောက် ငါတို့အသင်း

တစ်ယောက်မကောင်း
တစ်ယောက်ပြောင်းခဲ့ပေမယ့်
နောက်ဆုံးမှာ ရှုံးပွဲတွေချည်း တွေ့ခဲ့ပေါ့
ပြောင်မြောက်တဲ့ ဂိုးများလည်း မရခဲ့ပါ
လက်ခုပ်သံများလည်း မရခဲ့ပါ
ဆုဖလားလည်း မရခဲ့ပါ
ရခဲ့တာက တောက်ခေါက်သံများ
ရခဲ့တာက နာကျင်ဖွယ်မိနစ်များ
ရခဲ့တာက အမှန်တရားနဲ့ဝေးတဲ့ဂိုးပျောက်ခြင်းများ
ဘယ်တော့ဖြစ်ဖြစ် လေမလျှော့မသေးတဲ့တိုက်စစ်မှူးလေးကိုစိတ်ပျက်
ဘယ်တော့ဖြစ်ဖြစ် ကိုယ့်ပိုက်ထဲ ကိုယ်ပြန်ရှူးတဲ့ခံစစ်မှူးလေးကိုစိတ်ပျက်
ဘယ်တော့ဖြစ်ဖြစ် အနီကတ်ပြခံရတဲ့ ကစားသမားလေးကိုစိတ်ပျက်
စိတ်ပျက်ဖွယ် မြက်ခင်းစိမ်းများ
စိတ်ပျက်ဖွယ် ကစားကွက်များ
စိတ်ပျက်ဖွယ် ကန်ချက်များ
စိတ်ပျက်ဖွယ် လူစာရင်းများ
ငါတို့ လောင်းကြေးခုနစ်တွေ ရှုံးခဲ့ကြပေါ့
စိတ်ပျက်ဖွယ်နည်းပြတို့ရေ.......
တန်းဆင်းဇုန်ထဲရောက်နေတဲ့ အသင်းကောင်းလေးဟာ ငါတို့ပါပဲ။

                                                 မောင်ရေချမ်း

Saturday, November 9, 2013

မီးပွိုင့်

ကားတွေက မြှားတွေပစ်လိုက်သလို လှစ်ခနဲ၊ဝေါခနဲ
မီးဝါဆို ဖြည်းဖြည်းမောင်း
မီးစိမ်းဆို ထွက်
မီးနီဆို ရပ်
သူကိုယ်တိုင် ချမှတ်တဲ့စည်းကမ်းကို သူကိုယ်တိုင်ပြန်ချိုးဖျက်ပစ်ပုံက
" သူ့ခမျာ မီးပျက်နေရှာတယ် " ။ ။

                                    မောင်ရေချမ်း

Saturday, October 12, 2013

သောကြာသာ အရင်လိုမဟုတ်တော့ရင်

ဖျားနာ ၊ ကိုက်ခဲနေတယ်
တိတ်တိတ်လေး ထိတ်လန့်နေတယ်
ညနေခင်းမွှေးမွှေးလေးတစ်ခုကို အိတ်ကပ်ထဲ တယုတယထည့်ထားခဲ့ပါတယ်
အခုတော့ ပလတ်ဖောင်းပေါ်က ခိုလေးတစ်ကောင်လိုပဲ ထိတ်လန့်နေရင်း
အရင်က သောကြာတွေကို ထုတ်ထုတ် ကြည့်ဖြစ်တယ်
တကယ်တော့ ..ကိုယ့်သောကြာတွေဟာ ပျော်စရာပါ
သောကြာဟာ ဒိန်ချဉ်နှစ်ခွက်
သောကြာဟာ ထောပတ်သီးဖျော်ရည်နှစ်ခွက်
သောကြာဟာ နေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံ
သောကြာဟာ ရှမ်းခေါက်ဆွဲနှစ်ပွဲ
သောကြာဟာ ထမင်းသုပ်နှစ်ပွဲ
ကိုယ့်သောကြာဟာ နှစ်ယောက်အတူတူ ဆောင်းခဲ့ဖူးတဲ့ထီးလေးတစ်လက်ဖြစ်ခဲ့
သောကြာမှာ နာကျင်စရာတွေမရှိခဲ့ပါ ၊
နားထဲမှာ ပူခြစ်သိမ်မွေ့လွန်းစွာတိမ်တွေ ပြိုပြိုလာတယ်
တကယ်တော့ ...ချစ်ခြင်းတရားဟာ အင်္ကျီအ၀ါနုရောင်ဖျော့ဖျော့လေး
တကယ်တော့ ... ချစ်ခြင်းတရားဟာ အဖြူရောင်ဒေါက်ဖိနပ်လှလှလေး
တကယ်တော့ ...ချစ်ခြင်းတရားဟာ သိမ်းထားချင့်ဖွယ် လက်မှတ်လှလှလေး
ကိုယ့်သောကြာတစ်ခုတည်းကို ကွက်ပြီးမိုးတွေရွာလာတယ်
နေ့စွဲအဟောင်းတွေကို ပြန်ဖွင့်ကြည့်ရင်း
ဒီနေ့သောကြာကို တိတ်တိတ်လေး လန့်ထိတ်လို့
ကယောင်ကတမ်းဖျားနာနေမိပေါ့ ။ ။

                                               မောင်ရေချမ်း

Wednesday, September 4, 2013

လည်ချောင်းထဲမှာ ချွဲသလိပ်တွေနဲ့မြို့ !

 အခုထိ အဲဒီံမြို့လေးဟာ အရင်တိုင်း
လိုင်စင်ရ နိုင်ငံရေးသမားတွေနဲ့မြို့
ဘတ်(စ်)ကားပေါ် အလုအယက်တက်လို့ နေရာကိုဦးရာလူစနစ်နဲ့မြို့
ပေါက်လွှတ်ပဲစားများရဲ့ ပေါက်ကရကတိတွေအပြည့်ကို ထမ်းပိုးထားရရှာတဲ့မြို့
အရင်အတိုင်း လူတွေ လမ်းတွေ ပျော့အိနူးဖျပ်လို့
စိတ်ညစ်စရာတွေ ဗရပွနဲ့မြို့ပေါ့
ငါတို့ကတော့ ရေခွန်၊မြေခွန်၊ မီးခွန် အိမ်ခွန်
စသဖြင့် ရှိရှိသမျှအခွန်တွေကို မပြတ်တမ်းထမ်းဆောင်နေရတဲ့သစ္စာရှိမြို့သူမြို့သားတွေဖြစ်ရဲ့
* 124 #
၅၀၀၀ ကျပ်တန်ငွေဖြည့်ကဒ်လေးကို ၀ယ်မဖြည့်နိုင်တဲ့(၀ယ်ဖြည့်ဖို့ ရုတ်ရုတ်သဲသဲနဲ့)
နှစ်သိန်းတန် ၊ ထောင့်ငါးရာတန် ဖုန်းကဒ်တွေ ပလူပျံနေတဲ့မြို့မှာပေါ့
အဲဒီ့မှာလေ အခုထိ အရင်အတိုင်း

အဲဒီ့မြို့လေးပေါ့
အခုထိ မူယာမာယာနဲ့ အပျိုမလေးရှက်သလို မျက်လွှာကို ဟန်ဆောင်ပန်ဆောင်ချလို့
က္ကနြေ္ဒရရသိက္ခာမဲ့နေရှာတဲ့မြို့လေ

အဲဒီ့မြို့ကြီးလေ ...အခုထိပေါ့
ဆန္ဒပြမှုနဲ့ ၊ နေ့စဉ်ထုတ်သတင်းစာနဲ့
အငြင်းပွားမှုနဲ့  ၊ ရုပ်မြင်အသံကြားသတင်းနဲ့
တစ်ခါတစ်ခါ ရေဒီယိုမှာ တစ်နေ့ကို (၄)ကြိမ်တောင်လာတတ်တဲ့သမ္မတမိန့်ခွန်းနဲ့
အားကောင်းမောင်းသန် စီးမျောလို့ပေါ့
သိုးရေခြုံတဲ့ ကျားများနဲ့မြို့လေ
အဲဒီ့မြို့ကြီးပေါ့ ( သိပ်အငြင်းထူတာပဲကွာ )
ဟိုပင် ဒီပင်ကူးပါလို့ မျောက်ကလေးတွေ သစ်ကိုင်းလွတ်တဲ့မြို့ပေါ့
သေခါနီးအသက်ရှူသံတွေနဲ့ ဖုတ်လှိုက်ဖုတ်လှိုက်
ဓားသွေးသံ တစီစီနဲ့ မြို့လေ
ထစ်ခနဲဆို ၀ှစ်ခနဲရောက်လာတဲ့ မြှားတံတွေနဲ့
ရယ်စရာ မောစရာပါ
လှိုက်လှဲစွာ ကြိုဆိုပါ၏ ဆိုတဲ့မျက်နှာဖုံးနဲ့
သေနတ်တွေ တစ်ယောက်တစ်လက်ဝှက်ပြီးထုတ်ချိန်ကြတဲ့မြို့
အဲဒီ့မြို့လေးဟာ ခေါင်းကိုက်ဖျားနာ မကြာခဏ
သွေးရူးသွေးတန်းအိပ်မက်တွေ မကြာခဏမက်လား ၊ မက်ရဲ့
တော်ပါပြီကွာ အသက်ရှူကျပ်လိုက်တာလို့ ညည်းရင်း
မီးခိုးညှော်နံ့တွေကို ရှူရှိုက်နေရတဲ့မြို့ပေါ့
တကယ့် တကယ်ဆို အရင်အတိုင်းပေါ့
မနက်ဖြန်အတွက် မျှော်လင့်နေတဲ့မြို့သူမြို့သားတွေနဲ့မြို့လေ
ချွဲ သလိပ်တွေ ကပ်နေရှာတဲ့မြို့လေ
ခပ်ဝေးဝေးမြို့တွေက မီးပွင့်မီးပွားသတင်းတွေကို စိတ်ဝင်တစားဖတ်ကြတဲ့
မြို့သူမြို့သားတွေနဲ့ မြို့လေ
အိမ်ရှင်မတွေရဲ့ ညည်းတွားသံဝေစီလို့
ကျောင်းသားလေးတွေလည်း မနက်မနက်ဆိုအိပ်ယာထပျင်းကြတဲ့မြို့ပေါ့
"ဆရာမကလည်း ဘာတွေသင်မှန်းမသိဘူးကွာ ။ ကျူရှင်လည်းမသွားချင်ဘူး"
" ဒါဆိုလည်း ဂိမ်းဆိုင်ပဲ လစ်စို့ကွာ "
စီးကရက်နံ့တထောင်းထောင်းနဲ့ ဆယ်ကျော်သက်တို့ရဲ့အသံနဲ့
အဲဒီ့မြို့ကလေးပေါ
ဟင့်အင်း ပြောရရင်တော့ အဲဒီ့မြို့ကြီးပေါ့
အဲဒီ့ မြို့တော်ကြီးဟာ အခုထိအရင်တိုင်းနဲ့
လမ်းတွေလည်း စုတ်စုတ်ပြတ်ပြတ်
လူတွေလည်း စုတ်စုတ်ပြတ်ပြတ်
လူတွေ လမ်းတွေ ပေတေစွာလွင့်လို့
မြို့တော်ရဲ့အသံဟာ ဖုန်အလိမ်းလိမ်းနဲ့
နှင်းဆီပွင့်လေးကို ထွေးပိုက်ထားရင်း ရင်ဘတ်မှာဆူး စူးနေတဲ့မြို့ပေါ့
အဲဒီ့မြို့လေးမှာ အသံစာစာနဲ့အော်နေတဲ့ဘာညာသာရကာလူတချို့ရှိတယ်
အဲဒီ့မြို့လေးမှာ ချောင်းဆိုးရင်တောင်ခပ်ကျယ်ကျယ်ဆိုးခွင့်မရခဲ့တဲ့နှစ်ပေါင်းများစွာနဲ့
အဲဒီ့မြို့လေးဟာ ချွေးနံ့တထောင်းထောင်းထနေတဲ့ လူတန်းစားတွေကိုထမ်းပိုးထားရင်း
ဖုတ်သီဖတ်သီ နာကျင်မှုများနဲ့အော်ညည်းနေလေရဲ့
လေလွင့်မှုတွေဟာ လောက်ကောင်တွေလို တဖွားဖွားနဲ့ပေါ့
အခုထိ အရင်တိုင်း
အသက်ရှူကျပ် ချွဲ သလိပ်ကပ်နေရှာတဲ့ရပ်ဝန်းဟာလေ
အဲဒီ့မြို့ကလေး ။               ။

                                              မောင်ရေချမ်း
                                    ပဲ့တင်သံဂျာနယ် ၊ ၂၅ / ၁၂ / ၂၀၁၃

Wednesday, August 14, 2013

တကယ်လို့ အဲဒီ့အဖြစ်အပျက်တွေသာ ၉၀ ရာခိုင်နှုန်းလောက် အမှန်ဖြစ်ခဲ့မယ်ဆိုရင်

 တိတ်တိတ်လေး နေမယ်
 တိုးတိုးလေးတောင် သီချင်းမဆိုဘူး
 အသံမဲ့စကားလုံးတွေကိုပဲ စိတ်ထဲမှာ တဂီးဂီးအော်မြည်
 တစ်ခုခုပေါ့
 ဒါပေမဲ့ ဘာမှ မယုံကြည်ရတာ အသေအချာ။      ။

                                            မောင်ရေချမ်း

Tuesday, August 13, 2013

တစ်ခါက….ငါတို့ငယ်ငယ်တုန်းက


ငါတို့ငယ်ငယ်တုန်းက ..
မိုးရွာရင် မိုးရေချိုးမယ်ပဲ
ဖေဖေလာရင် အုန်းသီးခွဲစားမယ်ပဲ
နေ့စဉ်ထုတ်သတင်းစာဆိုတာ မရှိ
ဒီမိုကရေစီဆိုတာ မသိ
မုန့်ဖိုးလေးတစ်ရာလောက်ရရင်ကို ပျော်နေတော့တာပဲ
ငါတို့ငယ်ငယ်တုန်းက…
သူငယ်ချင်းအချင်းချင်းဆိုတာလည်း
ဂိမ်းနှိပ်ရင်တောင် ကိုယ်နိုင်မယ်ထင်ရမှ ကစားချင်ခဲ့ကြ
ငါတို့ငယ်ငယ်တုန်းက
“ယိုယွင်းလာသောအခြေအနေအရပ်အရပ်ကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ
 တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ရလေသည်”
အဲသလို သင်ခဲ့ရတဲ့သမိုင်းဖတ်စာ
ဆရာမက တိုင်ပေးရင်ပျော်ရွှင်တက်ကြွစွာ အော်ကျက်ခဲ့ကြ/အော်ကျက်ခဲ့ရ
ငါတို့ငယ်ငယ်တုန်းက….
စာမေးပွဲတွေ တစ်တန်းပြီးတစ်တစ်တန်းအောင်ဖို့နဲ့
မိဘတွေဆီက တစ်လထက်တစ်လမုန့်ဖိုးပိုရဖို့သာ ကြိုးစားခဲ့ကြ
ငါတို့ ငယ်ငယ်တုန်းက….
မိုးရွာရင် လမ်းပေါ်ထွက် ဘောလုံးကန်ဖို့တာစူလို့
ဖေဖေလာရင် အုန်းသီးခွဲစားမယ်ကိုပဲ အော်ဟစ်ခဲ့ကြ
တစ်ခါက ငါတို့ငယ်ငယ်တုန်းက..။  ။

                                                  မောင်ရေချမ်း

Tuesday, August 6, 2013

အက်ကွဲခြင်းလရောင်






ကြယ်လေးတစ်ပွင့်ကြွေကျသွား။ငေးစိုက်ကြည့်ရင်းကျွန်တော့်ရင်သည် လှိုက်ခနဲ။နှစ်ကာလ(လွန်ခဲ့လေသောနှစ်ကာလများ)သည် တမြေ့မြေ့ နှလုံးသားကိုတသွဲ့သွဲ့ခုတ်မောင်းတိုးဝှေ့လာသည်။
×××××××××××                         (၁)                   ××××××××××××××
( ဤအဖြစ်အပျက်ပါ အကြောင်းအရာတို့ကိုတကယ့်အဖြစ်အပျက်မဟုတ်ခဲ့သောဇာတ်လမ်းဟုမှတ်ပိုက်ယူဆပါရန် ကျွန်တော် ၀မ်းနည်းကြေကွဲစွာ လိမ်ညာမိပါသည်။)
ထိုတစ်နေ့…………….
အဖြစ်အပျက်တို့သည် လှပညီညာစွာကြွေကျသွားခဲ့။
ရုပ်ရှင်တွေ ၊ ၀တ္ထုတွေထဲကကဲ့သို့ မျက်စောင်လေးထိုး ၊ နှုတ်ခမ်းလေးမစူတစူလုပ်မည်။ထို့နောက် သူမသည် ရှက်ဝါးဝါးခပ်သော့ သော့လေးဖြင့် ခေါင်းလေးငုံ့သွားလိမ့်မည်ဟုတွေးထင်ထားသည်မှာကျွန်တော် မှားသွားခဲ့သည်။သူမသည် ကျွန်တော့်စကားကို စိတ်ဝင် တစားနားထောင်ပြီးပန်းနုရောင်နှုတ်ခမ်းလေးညွှတ်ကွေးသွားရုံမဆိုသလောက်လေးပြုံး၏။ ထို့နောက် အသံထွက်အောင်ပင် တခစ်ခစ် ရယ်မောပစ်လိုက်သည်။ ထိုရယ်သံသည် ကျွန်တော့်နှလုံးသားအိပ်မက်ကမ်းပါးကို တဝေါဝေါတိုက်ခတ်သွားသောရေလှိုင်းများပမာ။ မျက် ၀န်းနက်နက်တို့သည် တဖိတ်ဖိတ်တောက်လုပင် အရောင်လဲ့ကာ။

“ချစ်တယ် … ။ချစ်တယ်တဲ့လားကွာ။ ဒါလေးပြောဖို့များ နာရီဝက်လောက် ငြိမ်နေရသေးတယ်။ နင် .. ဒီလိုစကားပြောမယ်ဆိုတာသိသားပဲ။ ခစ်…ခစ် ..ခွိ”

သူမရယ်သံက ကျွန်တော့်နားစည်ထဲတွင် မျောက်တစ်ကောင်အော်သံလိုပင် မည်သို့မှကဗျာဆန်မနေပါ။ နှစ်ယောက်ထိုင်တန်းလျားလေး ၏အစွန်းတစ်ဖက်ကိုဆတ်ခနဲသူမရွေ့ထိုင်လိုက်သည်။ ပထမ ကျွန်တော်ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူမရယ်သံကြောင့်  ကျွန်တော့်မျက်နှာ ထူအမ်းလာသလိုခံစားရသည်။ပြုံးယောင်ယောင်ဖျော့ဖျော့ မျက်နှာထားကိုငေးကြည့်နေမိ။
လေတစ်ချက် ဝေ့ခနဲ၊သုတ်ခနဲ တိုက်သောကြောင့် မြေနီလမ်းလေးပေါ်မှ မြေမှုန်နုနုတချို့ တနွဲ့နွဲ့ခုန်ကကြ၏။ ၀ါကျင့်ကျင့် သစ်ရွက်တချို့ သုတ်ခနဲကြွေသက်လျောကုန်လာခဲ့။ သူမမျက်နှာကိုရဲရဲမကြည့်ရဲသဖြင့် ပတ်ဝန်းကျင်ရှိ သက်မဲ့အရာများကိုအဓိပ္ပာယ် မဲ့မျက်ဝန်းဖြင့် ၀ိုးတ၀ါးငေးကြည့်နေမိ။ ခစ္ခနဲတုိးလ်လ် ရယ္သံပါးပါး။အို…မြေပြိုသလား ၊ တော်လဲသလား၊ ကျွန်တော့်ရင်ထဲ ၀ုန်းဒိုင်း ကြဲပန်းနုနုတွေပွင့်ကုန်။

Monday, August 5, 2013

ဖြစ်သမျှ အကြောင်းစုံ ဟာ နားအေးပါအေး


ဝေလေလေပဲ
ဒူဝေေ၀ မြည်သံတွေကြားထဲမှာ ဝေလေလေ
ညစ်ညစ်ညူးညူးစကားသံတွေကြားထဲမှာ ဝေလေလေ
အခုတစ်ပတ် တနင်္ဂနွေမှ နောက်တစ်ပတ်တနင်္ဂနွေတိုင်အောင် ဝေလေလေ
ဝါးဝါးတားတားကတိတွေကြားမှာ ဝေလေလေ
ရုပ်မြင်သံကြား ဂျီးဂျီးဂျစ်ဂျစ်ကြားထဲမှာ ဝေလေလေ
ကဲ...လာပါမိတ်ဆွေ
မရယ်ရတဲ့ပြက်လုံးတချို့ကိုနားထောင်ဖို့ ရေဒီယိုလေးဖွင့်ပါစို့လေ
ကိုယ်တို့အားလုံး ဝေလေလေ။ ။
                                     မောင်ရေချမ်း

Friday, July 26, 2013

ညဟာ တိတ်တိတ်လေး

မှုန်တေတေည
ဂျစ်ကန်ကန်ည
သစ်ရွက်ကြွေသံမကြားရ
ရေဆိုးရေညစ်စီးသံမကြားရ
သီချင်းသံမကြားရ
အလင်းရောင်ဖိတ်ကျနေတဲ့အသံ သဲ့သဲ့လေး
ညဟာ အမှောင်မှာ တိတ်တိတ်လေးနဲ့
လန့်…….ထိတ် ။  ။
                                        မောင်ရေချမ်း

Friday, July 12, 2013

ပုံပျက်ပန်းပျက်ရုပ်ထု

နာကျင်မှုဟာ ဓားသွားလို
တစ်မျှင်ချင်း စိတ်ကို နွှာစားနေတယ်
ကျနော် ပွင့်ချင်ခဲ့တဲ့ပန်းကလေးနဲ့
လမ်းတွေဟာ လူတွေကိုဆာတယ်
လူတွေက လမ်းတွေကိုခွာချပစ်လို့
ဒလိမ့်ခေါက်ကွေး အတွေးဟာ ရိုးရိုးရှင်းရှင်းဖြစ်နေတယ်
၂၀၁၅ မှာ ငါတို့ ဘာဖြစ်မယ်
အခု ငါတို့ ဘာဖြစ်တယ်
ကျနော့်ညရဲ့ ၀တ်မှုန်နုနုလေးဟာ ဖြုတ်ခနဲကြွေကျသွားတယ်
၁၉၆၂-၂၀၁၅  အလေအလွင့်ခုနစ်တွေဟာ သက္ကရာဇ်ထဲပြိုဆင်း(လည်စင်း) လို့နေတယ်
သမိုင်းဖတ်စာအုပ်ဟာ မီးဟုန်းဟုန်းတောက်ရင်း
ထိတ်လန့်ဖွယ်နေမ၀င်အင်ပါဟာကြီးဟာ မျက်ဝါးထင်ထင်ကိုယ်ထင်ပြလို့နေတယ်။      ။

                                                                      မောင်ရေချမ်း

Monday, July 8, 2013

၂၀၁၃ ဇူလိုင်လကို ခြစ်ပစ်လိုက်တော့ အောက်ပါအတိုင်း

မြန်မာ_တရုတ် ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့များ
ရွှေထည်ပစ္စည်များ လုယူသူသုံးဦးကို လေးနာရီအတွင်း ဖမ်းမိ
လှုံ့ဆော်ဆောင်ရွက်မှုများကို ဥပဒေ(ဦးပတေး)နှင့်အညီ
(ဘာညာ သာရကာ) ထိရောက်စွာ အရေးယူဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ပြောကြား
[ ဦးပတေးဆိုသည်မှာ စာရေးဆရာမင်းလူ၏၀တ္ထုတစ်ပုဒ်တွင် ဗယာကြော်ရောင်းသူဖြစ်ကြောင်း ]
အစိုးရနယ်မြေအဖြစ် သတ်မှတ်ခံရသော နေအိမ်များရွှေ့ပြောင်းခိုင်း
မြန်မာနိုင်ငံတွင် ဆေးလိပ်အလိပ်ရေသန်း (၇၀၀၀ )ကျော် သုံးစွဲ
မိုးရေချိန် အလုံအလောက်မရရှိခြင်းကြောင့် တောင်သူများအခက်ကြုံ (စာ _ ၁၃ သို့ )
တူ ၊ တံစဉ် လူထုနှင့် တန်ဖိုးနည်း ဒီမိုကရေစီ
မိမိသည် ဒါရိုက်တာ အလိုကျ သရုပ်ဆောင်သူတစ်ဦးဖြစ်ကြောင်း
[ ဘောလိဝုဒ် သရုပ်ဆောင် ကရီနာကပူးရ်ပြောကြား ]
မြ၀တီတွင် ရွှေ့ပြောင်းအလုပ်သမားများ သောင်တင်နေခြင်းမှာ
အီဂျစ်ပြည်တွင် ဆန္ဒပြသူများမှ သမ္မတမော်စီ နုတ်ထွက်ပေးရေး တောင်းဆိုစဉ်
ဟတ်ချိုး_ ဆိတ်ဖွား ၊ ပဲကြီးလှော်ဒီမိုကရေစီ နှင့်
နေ့စဉ်ထုတ်သတင်းစာများ ၊ Facebook , social network စသဖြင့်နှင့်
စသည်များသည် စသဖြင့် အီစီကလီ/ တ၀ီဝီမြည်နေခြင်း ။      ။

                                                                         မောင်ရေချမ်း

[ ၀န်ခံချက်။  ။ အထက်ပါစာသားများမှ အများစုသည်  1. 7 .2013 , ထုတ် Weekly Eleven ဂျာနယ်ပါစာသားများနှင့်
                    ၃.၇. ၂၀၁၃ ထုတ် Daily Eleven သတင်းစာပါ စာသားများဖြစ်ကြောင်း ]

Sunday, July 7, 2013

ပျော်စရာ ရွှင်စရာ နာကျင်စရာ

ဝါးဟားဟားလို့ သာရယ်လိုက်ရ
ဝါးဟားဟားလို့ သာရယ်လိုက်ကြ
ဝါးဟားဟားလို့ သာရယ်လိုက်ရ

"ဟေ့ ..ဒီမယ် ဒီမယ်
ကိုယ့်လူတို့ အခမ်းနားဆုံးအိပ်မက်ဆိုတာ ဒါပဲ"

"ဟေ့ ...ဒီမယ် ဒီမယ်
ကိုယ့်လူတို့ ခင်ဗျားတို့နေချင်တဲ့အိမ်ဆိုတာ ဒါပဲ"

"ဟေ့ .. ဒီမယ် ဒီမယ်
ကိုယ့်လူတို့ စိန်ရောင်တဖိတ်ဖိတ်တောက် အနာဂတ်ဟာ
ဘယ်လို ဟိုလို ဒီလို "

တွေ့ကြရပြီ
အပြောက တကယ်အလန်းဇယားနဲ့
အက ကတော့ ချိုမိုင်မိုင်နဲ့ ငါတို့တကယ်တွေ့ခဲ့ကြပြီ။ ။

မောင်ရေချမ်း

Wednesday, July 3, 2013

ရန်ကုန်ကို စိတ်ကုန်ခဲ့တဲ့နောက်တော့


မနက်မိုးလင်းလာတဲ့အခါ
ပုံမှန်တစ်ခွက်ဆိုတဲ့ အသံကိုက ပုံမှန်မဟုတ်ဘူး
လက်ဖက်ရည်ဆိုင်ထဲ ရော့(ခ်)သီချင်းကြမ်းကြမ်းနဲ့နေသားတကျ
ငါတို့ဟာ မြို့ပြလူသားတွေအဖြစ် စီးမျော
“ သက်ရှိသက်မဲ့ ဒြပ်ရှိ ဒြပ်မဲ့တို့၏ အမည်ဟူသမျှကို နာမ်ဟုခေါ်သည်”
ရပ်ကွက်လေးရဲ့ဗွက်ထလမ်းကျဉ်း ၁၀ ပေအိမ်ခန်းလေးထဲမှာ ကလေးတွေရဲ့စာအော်ကျက်သံနဲ့ဆူဝေလို့နေ
မြို့ပြဟာ အသက်ရှူမ၀တဲ့ ပန်းနာရင်ကျပ်အဘိုးအိုလို
တံခါးခေါက်သံကြားရင်လည်း သံသယတွေနဲ့
ဖိနပ်သံတရှပ်ရှပ်ကြားရင်းလည်း နားကြီးကြီးစွင့်နေရ
တစ်ယောက်ကို တစ်ယောက် မယုံကြည်ရတဲ့အနေအထားမှာ ရုတ်ရုတ်သဲသဲလွန့်လူးလို့
ဆဲဆဲဆိုဆို အသံတွေ
နစ်နစ်နာနာ အသံတွေနဲ့မြို့
အဲဒီ့မြို့ကြီးမှာ အခုထိ ရန်မကုန်သေးဘူး .. သူငယ်ချင်း
မင်း မ လာချင်ပါနဲ့

စိုးရိမ်ရတဲ့ အခြေအနေတွေ တင်းပြည့်ကျပ်ပြည့်
အောက်စီဂျင်မလိုဘူး ၊ ပုလင်းမချိတ်ဘူး
လူနာစောင့်မရှိဘူး
ကိုယ့်ကိုယ် ကို စောင့်ရှောက်နေရသူတွေမှာ
ကုတင်နံပါတ်ဆိုတာလည်း မလိုဘူး
ရိုးရှင်းသော ဘ၀ရဲ့ပျော်ရွှင်မှုဆိုတာ
ငါတို့မနက်ဖြန်တွေနဲ့စာရင် သီချင်းအတုပဲ သူငယ်ချင်း
အင်တာနက်ခေတ်မှာ သိုလှောင်စရာ နေရာ ခပ်များများမလိုဘူး
ငါတို့တောင် ကျောတစ်ခင်းစာ သက္ကရာဇ်တွေနဲ့ ပွန်းပဲ့နေတာကြာခဲ့ပေါ့
ပွန်းပဲ့နေတာ ကြာပြီကောလေ။

Saturday, June 15, 2013

ကဗျာ ဘာညာဘာညာနဲ့ ပေါက်လွှတ်ပဲစား ၀မ်းပျက်ဝမ်းလျှော သက္ကရာဇ်များ

တရားတွေ တရားမ၀င် ၊ တရားမ၀င်ကဗျာတွေ ခိုးဝင် သက်ဆိုင်ရာမှ လက်ပိုက်ခြေမြှောက်ကြည့်နေ
ကဗျာပဋိပက္ခမှ ကဗျာအရေးအခင်းဖြစ်ပွား ၊ မီးရှို့ ကဗျာသတ်ဖြစ်စဉ် အစရှိသဖြင့် ဆန္ဒပြ (တားမြစ် ထိန်းချုပ်ရေး)
အဆောက်အအုံလေးလုံးနှင့် ကဗျာနှစ်ငါးဆယ်စာ သေဆုံးခဲ့
ကဗျာအပုပ် ငါးဆယ်(အပုပ်အပွကဗျာ) များ လူစုလူဝေးကြားတွင် ပေါက်ကွဲနိုင်သဖြင့် အများပြည်သူပူးပေါင်းကူညီရန်လိုအပ်
လက်နက်မကိုင်သည့်နည်းလမ်းဖြင့် ဤခရီးလမ်းကိုလျှောက်ရန်ဟု လက်နက်ကိုင်အကြမ်းဖက်အုပ်စုမှပြောကြား
ကဗျာသေ နှစ်ဆယ့်ငါးပုဒ်ကို လွှဲပြောင်းယူရန် ငြင်းဆို
ကဗျာသေ နှစ်ဆယ့်ငါးပုဒ်ကို သံတမန်နည်းအရသာ ဆောင်ရွက်လို
ကဗျာတွေစိမ့်ဝင်လာ / ခိုးဝင်လာ / မြို့ပေါ်မှာ ရွာထဲမှာ ရပ်ကွက်ထဲမှာ
တချို့အဝေးပြေးကားစီးလာ ၊ တချို့ လေယာဉ်ပျံစီးလာ
တချို့ သဘောင်္စီးလာ ၊ တချို့ခပ်တည်တည် ခြံစည်းရိုးကျော်ဝင် လမ်းလျှောက်လာ
တချို့ တိုက်ပုံဝတ်နဲ့ ၊ တချို့ သင်္ကန်းဝတ်နဲ့
တချို့ ကောအရှည်နဲ့ ၊ တချို့အလန်းဇယားနဲ့
အလွဲသုံးစား ကလေးစိတ်မကုန်သေးတဲ့ လူကြီးအထာ ခိုင်မာတဲ့သတင်းရပ်ကွက်မှ တိတိကျကျ
စကားလုံးအီပျော့ပျော့များ သက်/သတ်ဆိုင်ရာမှ ထောက်ခံချက်ထုတ်ပေးနေ
ကဗျာအိုကြီးအိုမ ၊ ကဗျာဂျိုကျိုး နားရွတ်ပဲ့ ၊ ကဗျာမျောက်လောင်းများ ၊ ကဗျာဖလန်းဖလန်းလေးများ
ပေါက်လွှတ်ပဲစား ကတိပုံပြင် တော်ကီတွင် ကဗျာအားလုံး ၀မ်းနည်းကြေကွဲ
နောက်မကြာမီ ထုဆစ်တော့မည့် ပန်းပုရုပ်ဟာ ကဗျာသူ ကဗျာသားအားလုံးကို ကိုယ်စားပြု/မပြု
စကားလုံးများအားလုံး စိတ်ဝင်တစား ခေါင်းချင်းဆိုင် /ခွက်ချင်းတေ့
ကဗျာအနှစ်သာရ(အရသာ) ရွှေရည်စိမ် ဟုတ်/မဟုတ်
ပိန်မသာလိပ်မသာ ၊ ဒါ မသာမယာခုနစ်တွေအတိုင်း ။

                                                               မောင်ရေချမ်း
                                                       June . 2013 New Style Magazine

Sunday, June 2, 2013

စစ်ပြေးဒုက္ခသည်စခန်းတစ်နေရာ



"ကျွန်မအသက်သည် ကိုးနှစ်ဖြစ်ပါသည်။"
လက်ရေးသေးသေးလေးတွေက မညီမညာ
ရေးသမျှဝါကျတွေမှာ ဖျက်ရာမကင်းဘူး
သူ့အမှားတွေမှာ ချစ်စရာကောင်းလောက်အောင် အမှန်တရားတွေပေပွေလို့

ညီမလေးရေ....
နင့်လက်ရေးတွေ စောင်းကုန်ပြီ

ပေးထားတဲ့ ခေါင်းစဉ်ကို စာစီကုံးပါ
"ကျွန်မတို့ မိသားစု" တဲ့
သူ့စာလုံးပေါင်းတွေ အမှားမှား အယွင်းယွင်းနဲ့
တစ်... စ ... စီ .. လွင့် .... ကျဲ

                                             မောင်ရေချမ်း

Tuesday, May 28, 2013

လေမွန်းငှက်တွေလို ငါတို့



 ကောင်းကင်ပျောက်ဆုံးခဲ့ကြပြီ
နာနာကျင်ကျင် အော်ဟစ် ၊
တိတ်တိတ်ဆိတ်ဆိတ် ကြေကွဲ
လွန့်လွန့်လူးလူး ထိရှ
လှလှပပ သေဆုံး

ဘာမှမဆန်းတဲ့ဇာတ်ဝင်ခန်းမှာ
ဗီလိန်ဟာ ..
ရုပ်ကြမ်းကြီးနဲ့ အလွမ်းသီချင်းကိုအော်ဆိုခဲ့ ။ ။
                                 မောင်ရေချမ်း

Monday, May 27, 2013

ကွာလာလမ်ပူ





နာမည်ကြားရုံနဲ့ ဖျားချင်စရာ
ငါ မရောက်ဖူးသေးတဲ့မြို့တစ်မြို့ပဲ
အဲဒီ့မှာ အိမ်ဝေးအလွမ်းတွေနဲ့
အဲဒီ့မှာ နာကျင်အိပ်မက်တွေနဲ့
လူကုန်ကူးမှုနဲ့ ၊ လူသတ်မှုနဲ့
နိုင်ရာစား ရတာယူ အလေ့ကျအဓမ္မတွေ ရှင်သန်ရာမြို့
စာတွေထဲမှာ ကဗျာတွေထဲမှာ
အဲဒီ့မြို့ကို ရှာတော့ အဲသလိုတွေ့တယ်

ငါတို့ရဲ့ ကဗျာဆရာတွေနဲ့မြို့
ငါတို့ရဲ့လူတွေနဲ့ မြို့
ငါတို့အသွေးအသားတွေကို ပိုင်းခုတ်စားသောက်နေတဲ့မြို့
အဲဒီ့မြို့ကိုပဲ ဒီကလူတွေဟာ အမှောင်ထဲကနေ ငေးလို့ပေါ့ ။
                                                               မောင်ရေချမ်း

Friday, May 17, 2013

ခြေရာ/စာမျက်နှာများ




ချန်ထားခဲ့ကြ
လူပုပ်ပွပွတွေက ခြေရာညိုညိုတွေချန်ခဲ့
ချဉ်စုပ်စုပ်လူတွေက ပြာနှမ်းနှမ်းခြေရာတွေချန်ခဲ့

တချို့ ခေတ်ကို ပုခုံးပေါ်တင်ပြီးရုန်းခဲ့ကြ
တချို့ ခေတ်ကို အိပ်မက်အသစ်တွေဝတ်ပေးခဲ့ကြ
လွမ်းရသူတို့က ကြယ်ဖြူရောင်ခြေရာတွေ ချန်ခဲ့

အချိန်တွေက ကူးလူးသယ်ဆောင်လို့
တချို့ခြေရာတွေ ဖျောက်မရ
တချို့ခြေရာတွေ မေ့မရ ခဲ့ ။ ။
                                      မောင်ရေချမ်း

သွေးစက်လက်အတိတ်




ဈေးသိပ်ကြီးခဲ့တယ်
တန်ရာတန်ကြေးမှာ ဘ၀ဆန်ခဲ့
နေလောင်ခံအမာရွတ်တွေ
မီးလောင်ခံဒဏ်ရာတွေ
နာကျင်အချိန်ပိုမှာမှ ဂိုးပေးရတဲ့အသင်းလို
ကိုယ်တို့ဟာ ညံ့ခဲ့ကြပြီ
နာကျင်မှုဟာ ဘယ်တော့မှ အလကားမရခဲ့ဘူး ။ ။

                        မောင်ရေချမ်း

စိတ်ကူးယဉ်ကမ္ဘာကြီး




ရွှေငါးလေးတွေနဲ့ ၊ ရေတံခွန်စိမ်းစိမ်းလေးတွေနဲ
ကိုယ်နေချင်ကမ္ဘာမှာ .....
တစ်ယောက်နဲ့တစ်ယောက် ဓားပေါက်ပြိုင်ပွဲတွေမရှိ
တစ်ယောက်နဲ့တစ်ယောက် အိပ်မက်လုပွဲတွေမရှိ
တစ်ယောက်ကိုတစ်ယောက် ချစ်သောမျက်စိနဲ့ကြည့်လို့
တိုက်လာတဲ့လေပြည်မှာ စံပယ်ရနံ့လေးတွေနဲ့ ဆွတ်ဆွတ်မွှေးလို့
ချစ်သူစုံတွဲတွေဟာ တိမ်ရထားပျော့အိအိကိုစီးလို
ပျော်စရာ ရွှင်စရာ ။

အဲဒီ့နယ်မြေမှာပေါ့ ...
စစ်ပွဲတွေကို မွေးမြူထားတာမရှိ
ပန်းပွင့်လေးတွေကို တယုတယစိုက်ပျိုးလို့
စာသင်ကျောင်းရဲ့ခေါင်းလောင်းသံလေးတွေဟာ ချိုနေမယ်
ဘုရားကျောင်းရဲ့ခေါင်းလောင်းသံလေးတွေဟာ ချိုနေမယ်
ကျီကျီကျာကျာ ငှက်ကလေးတွေရဲ့အသံဟာ ချိုနေမယ်

နှင်းပွင့်မှုန်မှုန်လေးတွေ ကြဲချထားတဲ့လမ်းလေးပေါ်မှာ
ကိုယ်ဟာ လျှောက်လို့ သီချင်းတစ်ပုဒ်ကို လေချွန်နေမယ်
အို...ကမ္ဘာကြီး
ပျော်စရာ ရွှင်စရာ ။ ။

မောင်ရေချမ်း

Monday, May 6, 2013

စစ် ( ၂)



ပန်းတွေမပွင့်တော့ဘူး
ဒေါသတွေ အာ..အာ လာ
မီးပွင့်တွေ လက်လက်ထ

" အိမ်ပြန်ချင်တယ် ... မေမေ "
" .............. ...."
" ကျနော့်ညီလေးကို ပြန်ရှာပေးကြပါ "

"ကျမသမီးလေး နို့တိုက်ပါရစေဦး"
"ကျမသမီးလေး နို့တိုက်ပါရစေဦး"
"ကျမ....သမီး...လေး နို့....တိုက်ပါ...ရ...စေ...ဦး"

ပန်းတွေမပွင့်တော့ဘူး
ဒေါသတွေ အာ..အာ လာ
မီးပွင့်တွေ လက်လက်ထ


ပိတ်ထားတဲ့စာသင်ကျောင်းမှာ ကလေးတွေစုဝေးလို့
"စစ်တိုက်တမ်းဆို မကစားချင်ဘူး မကြားချင်ဘူး"
ကလေးတစ်ယောက်က အော်တယ်
နောက်ဆုံးမှာ သူတို့ဟာ
မိသားစုရှာတမ်းကစားနည်းကို မျက်ရည်စက်လက်ကစားကြတယ်။   ။

                                                   မောင်ရေချမ်း

Tuesday, April 30, 2013

လူဆန်ဆန် စက်ရုပ်ကောင်ဟာ စကားလုံးတွေနဲ့ ပိပြားနေရင်း ကိုယ့်အိပ်မက်ကိုခေတ်ထဲ ဆွဲခြစ်/ဆွဲနှစ် ပစ်ခဲ့ !

စက်ရုပ်ကောင်ဟာ ရှုနာရှိုက်ကုန်း/သေးကွေးပိန်ချုန်း/ အသံမထွက်တဲ့ပါးစပ်ပေါက်သေးသေးလေးနဲ့
နာကျင်မှုတွေကို တစ်ခါတစ်ခါ စိတ်လိုလက်ရ ညည်းညူလို့
အဲသလိုနဲ့ စက်ရုပ်ကောင်ဟာ နှလုံးတုတစ်ခုကိုမောင်းနှင်လို့
စက်ရုပ်ကောင် ဟာ ဆဲဖို့ဆိုဖို့ ၀န်လေး
ကြောက်လန့်မှုစိတ်တွေ/အကြောက်တရားတွေ ကြီးစိုးရာအရပ်မှာ ..
စက်ရုပ်ကောင်ဟာ ......
...................................................။
စက်ရုပ်ကောင် ဟာ
ကမ္ဘာကြီးကို ပုခုံးပေါ်တင်ရင်း နှလုံးတုက တချက်ချက်မြည်
စက်ရုပ်ကောင်မှာ မရေးဖြစ်တဲ့မှိုတက်ကဗျာတွေရှိတယ်
စက်ရုပ်ကောင်မှာ ညနေစာစားခွင့်မရှိတဲ့ညနေခင်းတွေကိုပိုင်ဆိုင်တယ်
စက်ရုပ်ကောင်မှာ ည ညဆို အိပ်မပျော်တဲ့ရောဂါနဲ့
စက်ရုပ်ကောင်ဟာ ကိုယ့်ရင်ဘတ်ကိုယ်ပြန်ဖိလို့ မောနေရှာတယ်

အချစ်



မရေးဖြစ်တဲ့ကဗျာ
နာနာကျင်ကျင်စူး/ရူးမိတယ်
ဓာတ်ပုံကြည့်ရုံနဲ့တင် လှိုင်းတွေတနွဲ့နွဲ့ခါရမ်း
ရင်တွေအောင့်တာ ညညဆိုအိပ်မရခဲ့ ။

                                   မောင်ရေချမ်း

ပန်းအတု လူအတုတွေကို ဆွဲဖွင့်/ဆဲပစ် !



အနုစားသစ်ရွက်ခြောက်လေးတွေနဲ့ ပျော့ပျော့လေး
မှေးနေ/ငေးနေလိုက်တော့မယ်
မျက်နှာမသစ်တဲ့ကောင်ရယ် ၊ ချဉ်တူးတူးအနံ့နဲ့လူရယ်
ကိုယ်ထိုင်နေတဲ့ စားပွဲနဲ့မလှမ်းမကမ်းမှာ လက်ဖက်ရည်အတုတစ်ခွက်မှာသောက်
ကောင်တာက ပျော့အိအိအသားနဲ့လူဝကြီးဟာ
သူ မလောင်းထားတဲ့ဘောလုံးပွဲအကြောင်းကိုပဲ ရေးကြီးခွင်ကျယ်
ရက်ပါ ဦးခေါင်းကို ပြောင်းပြန်ဆောင်းထားတဲ့ငနဲကလဲ အသံသိပ်ကျယ်တယ်

သတင်းစာဟာ ကိုယ့်စားပွဲပေါ်တည့်တည့်မှ ဘုတ်ခနဲ
" ဒီသီချင်းခွေလေး ဖွင့်ပေးပါဦး "
" ဒီနေ့မနက် ___ မှာ ___ ဖြစ်လို့တဲ့"
" ဟိတ်လူ သွားပြီလား ။ လက်ဖက်ရည်သောက်သွားဦးလေ"

ချိုချွဲချွဲအသံတွေ ။ အသံတွေ ။

ကိုယ့်ရှေ့က ကော်ဖီခွက်လေးဟာ ငေး..မော ..တိတ် ဆိတ်
လူအတုတွေ တဖွဲဖွဲ ၊ စကားအတုတွေ တဖွေးဖွေး
တစ်ယောက်အစွယ်တစ်ယောက် နမ်းရှုံ့လို့
အဲဒီ့မနက်ခင်းမှာ မျက်နှာနောက်တစ်ကြိမ်ထပ်သစ်ခဲ့ရပေါ့ ။ ။

မောင်ရေချမ်း

Monday, April 22, 2013

ဘော်စတွန်မာရသွန်

ဘယ်လို အရူးအနှမ်းတွေများ ရွာချလိုက်တဲ့မိုးလဲ
ဝေါခနဲ ၊ ၀ုန်းခနဲ
ပြတ်သွားတဲ့ ခြေထောက်တစ်ဖက်ဟာ နာကျင်ကဗျာ
ပြတ်သွားတဲ့ လက်တစ်ဖက်ဟာ နာကျင်ကဗျာ
သွေးစ/သွေးနတွေကို ဒီကဗျာထဲ ပစ်ထည့်လိုက်တယ်
စစ်ခနဲ ၊ ကျင်ခနဲ
အသားစဖတ်တွေ လမ်းပေါ်ပြန့်ကျဲ
စူးစူးဝါးဝါး ငိုသံတွေတွေပြန့်ကျဲ
လှိုင်းထနေတဲ့ ရင်ဘတ်တွေပြန့်ကျဲ
အသံတိတ်ဒဏ်ရာတွေ ပြန့်ကျဲ

အဲဒီ့နေ့ကပေါ့
ဘော်စတွန်မှာ သရဲသဘက်တွေ ပျော်မြူးစွာအောင်ပွဲခံကြ ။

                                                                     မောင်ရေချမ်း
 

ငါတို့ကျောင်းသားဘ၀ !

စီးကရက်ကို ဟန်ပါပါခဲလို့
နောက်တစ်နှစ် တက်ရမယ့်အတန်းကို ဘယ်တော့မှ မော်မကြည့်ခဲ့
မနက် မနက် ကျောင်းမတက်ရရင်ကောင်းမယ်ဆိုတဲ့အတွေးက အဆင်သင့်
ကျောင်းစာအုပ်တွေကို ၀ဲပစ် ( ၀ဲ .... ပစ် )
P.S 2 ဂိမ်းဆိုင်လေးထဲ တိုးဝှေ့လို့
ဝိန်းရူနီကိုလဲ အားကျ
မက်ဆီကိုလဲ အားကျ
ငယ်ငယ်က သမိုင်းဖတ်စာအုပ်ထဲက ဘုရင့်နောင်ကိုလဲအားကျ
ဗိုလ်ချုပ်ကိုလဲ အားကျ
ဗိုလ်အောင်ကျော်ကိုလဲ အားကျလို့
ခေတ်တစ်ခေတ်လုံးကို ဘောလုံးတစ်လုံးလို လိမ့်နေအောင်ကန်ခဲ့ကြ
ကမ္ဘာကျော်လည်း ဖြစ်ချင်
နိုင်ငံကျော်လည်း ဖြစ်ချင်
အဆိုတော်လည်း ဖြစ်ချင်
ကျောင်းက ရန်ပွဲတွေဆိုလည်း ၀င်နွှဲချင်ခဲ့
ခုတော့ ဘာမှ မဖြစ်ချင်တော့ဘဲ
စာအုပ်တွေကြားထဲ ၀င်ခွေလို့
နာကျင်စရာ သီချင်းတွေဆို ကျော်ပစ်လိုက်တယ် ။ ။

                                                                       မောင်ရေချမ်း

Saturday, April 20, 2013

ငါတို့ပွဲတော်

လူမိုက် က ကိုယ်ရှေ့မှာ သက်သက်လွတ်စားပြတယ်
ဒါ ရယ်စရာလို့မမြင်မိဘူးကွယ် ။

" ကျွန်တော်တို့ဟာ ကျည်ဆံပစ်ခွင့်မရတဲ့သေနတ်တွေပါ "

လွဲလွဲချော်ချော် ဖြစ်နေခဲ့/ဖြစ်နေဆဲ
နာကျင်မှုနဲ့ဒဏ်ရာဟာ အံဝင်ခွင်ကျမဟုတ်ခဲ့

ငါတို့ပွဲတော် !
တောက်တခေါက်ခေါက်နဲ့ စိတ်မပါလက်မပါ တအံတသြ ။ ။

                                                     မောင်ရေချမ်း

ပုသိမ်ညနေခင်း


လေအဝေ့မှာ
ငါ့ဆံပင်စတွေ လူးလွန့်နွဲ့ခက် ။
င၀န်မြစ်ထဲက ရေတွေ
ဘယ်အချိန်တည်းကများ နောက်ညိုခဲ့သလဲ နှုတ်ခမ်းကိုက်စဉ်းစားမိ
တစ်ယောက်လက် တစ်ယောက်တွဲပြီး
ခေတ်ထဲ ခပ်ရဲရဲခုန်ဝင်တိုးဝှေ့နေတဲ့ ပုသိမ်စုံတွဲလေးတွေ
ငါ့ရင်ထဲမှာ အေးမြ/လှပတဲ့ ဂီတတစ်ပုဒ်စီးဝင်သွား
ပုသိမ်မြို့ဟာ မိန်းမကောင်းဆန်ဆန်အပြုံးနဲ့နှစ်လိုဖွယ်ကောင်းနေ
ဖြစ်နိုင်မယ်ဆိုရင်.. ဒီညနေခင်းကို ဆွဲဆန့်
ငါ့နှုတ်ခမ်းဝမှာ တေ့လို့မော့သောက်ပစ်ချင်ရဲ့ ။

ညနေခင်းဟာ အေးမြယဉ်ကျေးတဲ့လေညင်းကိုအဖော်ခေါ်လာတယ်
ညနေခင်းဟာ ....နောက်ဆုံးမှာတော့
ငါ့ကို ခပ်ပေါပေါဧည့်ရိပ်သာတစ်ခုထဲ ခေါက်ချသွားခဲ့ပေါ့ ။ ။

                                                                 မောင်ရေချမ်း

စကားသိပ်မပြောတဲ့ ငပိန်းကောင်အကြောင်းဟာ အထိတ်တလန့်ဖြစ်ရပ်တွေမပါဝင်ဘူး


ငပိန်းတစ်ကောင်ရဲ့လေတိုက်သံကို ဘယ်သူကများခံနိုင်မလဲ ဟုတ်တယ်အသေအချာပဲ
ငပိန်းကောင်ရဲ့ထူးခြားတဲ့ဝိသေသျလက္ခဏာများမှာ ….
၁ ။ အသံဟောင်ဖွာဖွာနှင့်စကားပြောတတ်ခြင်း

၂။ ကတုံးကို ပြောင်နေအောင်တုံးထားခြင်း

၃။ မြို့ထဲသို့အသံတိတ်ပြောင်းတပ်ပြီးဝင်လာတတ်ခြင်း

၎။မဆဲတတ်/မဆိုတတ်ြခင်း ( ယဉ်ကျေးလိမ္မာ ၊ လူကြီးလူကောင်းဟန်တိုက်ပုံကိုအမြဲဝတ်တတ်)

၅။စားပြီးသောက်ပြီး ပန်းကန်မဆေးတတ်ခြင်း

၆။ အတင်းပြောပါက တိုးတိတ်ညင်သာစွာပြောဆိုတတ်ခြင်း
ငပိန်းကောင်သည် ကဗျာအစစ်များကိုထုတ်လုပ်ဖြန့်ဖြူး
ကဗျာအတုမြို့ထဲ ၀င်လာပါက သူငယ်စဉ်ကကြည့်ထားသော ပါဝါရိန်းဂျားများကဲ့သို့စွမ်းစွမ်းတမံကာကွယ်တတ်
ကဗျာအစစ်တွေဖြစ်ကြောင်း အော်ဟစ်မပြောဆိုတတ်ပါ
သူ့တွင် ပိုင်ဆိုင်သည်မှာ မိန်းမတစ်ယောက်ယူရန်ပင် မလောက်ငသောငွေကြေးအချို့
ဂျင်းဘောင်းဘီအစုတ် ၃ ထည်နှင့် စာအုပ်များဖြင့်ပြည့်နေသော၄၀၀၀ တန်ဘေးလွတ်အိတ်တစ်လုံးသာ
ဤသည်ကိုပင် ငပိန်းကောင်က ကြံဖန်ဂုဏ်ယူလျက်
ငပိန်းကောင်သည် ဆဲဆိုသံများနှင့်ရင်းနှီးသူဖြစ်သလိုဆဲဆိုသံများကိုမုန်းတီးသူဖြစ်
သူသည် ညဘက်အိပ်စက်ရန်ပျင်းရိတတ်ပြီး နေ့စဉ်လမ်းဘေးဆေးဆိုင်မှဆေးအတိုအထွာများမှီဝဲ
ငပိန်းကောင်ကိုတွေ့နိုင်သော နေရာများမှာ (အတိအကျအားဖြင့်မဟုတ်သော်လည်း)အောက်ပါအတိုင်း
၁။ လမ်းဘေးတစ်နေရာ ရာ

၂။ဈေးပေါသော/အလကားရသော အင်တာနက်ဆိုင်

၃။လူသူနည်းပါးရာ ရပ်ဝန်း

၎။စာအုပ်အဟောင်းတန်းများနှင့်မြန်မာပြည်၏နေရာပေါင်းစုံ
ငပိန်းကောင်သည် လက်ရှိအခြေအနေကိုမကျေနပ်သူဖြစ်
သူက အိပ်မက်အ၀ါရောင်ကို ၀တ်ဆင်ထားသောလူသတ္တ၀ါဟုခေါ်နိုင်ရုံမျောက်သာသာအမွှေးအမျှင်များပြားသူဖြစ်
သေချာသည်မှာ
ငပိန်းကောင်သည် ငပိန်းကောင်စစ်စစ်ဖြစ်ကြောင်း မည်သည့်ထောက်ခံချက်မှမလိုအပ်ဘဲမြင်ရုံဖြင့်သိနိုင်
ငပိန်းကောင်တွင် အိမ်မရှိ/မနက်စာလက်ဖက်ရည်သောက်ရန် လက်ဖက်ရည်ဆိုင်ကောင်းကောင်းမရှိ
အိမ်ထောင်မရှိ(လက်ရှိလူပျို) ငပိန်းအမှတ်စဉ်မှာ ၂၁၆ ဖြစ်ကြောင်း
အထူးပြောကြားလိုသည်မှာ…
ထိုကဲ့သို့ ငပိန်းကောင်အား အရေးတယူစိတ်ဝင်စားလျက် နိုင်ငံတကာမှမှာကြားခေါ်ယူနေကြောင်းပင်ဖြစ်သည်။
                                                                                                          မောင်ရေချမ်း

Wednesday, April 17, 2013

ဇူကာဘာ့ခ်နယ်မြေက ဒိန်းဂျားတွေ များတယ် - နောက် ကလုန်း တွေလည်း များတယ် စိတ်ညစ်ရတယ်


Zuckerberg ကိုကျေးဇူးတင်ကြောင်း/မတင်ကြောင်းပြောချင်စိတ်ရှိရင်မိတ်ဆွေ like သို့မဟုတ် share
အလွန်ရှုပ်ထွေးလွန်းတဲ့ စွန့်ပစ်အမှိုက်ပုံကြီးလား N0(or) Yes တခုခုရွေးချယ်
သင့်fashion သင်ရှာဖွေပြီးဆို like သို့မဟုတ် share 
ကိုယ်နေဟန်ထားကဘယ်လို ၊ တခါက ကလစ်မိတယ် _အလန်းလွန် အလွန်လန်းသူများဆိုတဲ့ပေ့ကိုရောက်သွား လစ်ခနဲပြန်ခိုးထွက် /  မလုံ့တလုံ့Modelမလေးရဲ့ရင်ဘတ်ပေါ်မှာ   ကျနော့်မျက်လုံးတစ်ဖက်ကျွတ်ကျန်ခဲ့
Search for people,places and things / [………] / ကလစ်တစ်ချက်မှာသေနတ်သံတွေပါလားမလား
What's on your mind ?
ကိုယ့်ဒုက္ခတွေ သူများကို လိုက်Tag ! ယူပေးပါ ကျနော့်အပူတွေ
Notes ထဲမှာ ကဗျာတွေလက်စမသတ်ရသေး
ဝေလေလေနဲ့ ပိုင်စိုးပိုင်နင်းသူများအိမ်ကျော်နင်း
သူတို့ဘယ်လို Notes တွေကိုချက်ပြုတ်မလဲ ကျနော် စိတ်ဝင်စားပြန်တယ်၊
ဆဲခံရပေါ့တစ်ခါ ။လူကြီးလူကောင်းတွေ ဒီနယ်မြေမှာ ဘယ်လို account တစ်ခုယူထားမလဲ
ဟလို _ ဇူကာဘာ့ခ်  ခင်ဗျား မသိချင်ချင်/သိချင်ချင် ကျနော်တော့သိပ်စိတ်ဝင်စားမိသွားပြန်ပြီ

လူငယ်ပီပီ Chat မယ်/ ချစ်မယ်ပဲ၊ ခြစ်မယ် ၊ပစ် မလုပ်ရင်ပြီးရော ကွာ သူငယ်ချင်း
Chat box ထဲရောက်လာတဲ့ စာသားဖွဲ့စည်းပုံမှာအောက်ပါအတိုင်း
[သယ်ချင်းရေ  Photo Contest မှာ ၀င်ပြိုင်ထားလို့ပါ အပန်းမကြီးရင်Like လေးတစ်ချက်နိပ်ပေးပါလား ]
ဇူကာဘာ့ခ် ရေ - ခင်ဗျားနယ်မြေထဲမှာ ကျနော် ရိုးသားစွာပျော်ဝင်ခဲ့ပါပြီ/တစ်နေ့တာဟာအပြစ်တင်ဆဲဆို
ခြေလှမ်းတွေယားကျိကျိဖြစ်နေတယ်၊အရည်ရွှမ်းရွှမ်းထနေတဲ့သွေးပုပ်ပြည်တည်နာတစ်ခုပဲ
                       ရောက်လာတဲ့မတ်ဆေ့ဟာကျနော့်လက်ကိုဖြတ်ပစ်
[ ဟိတ်ကောင် ! မင်းကဗျာတွေက ပေါတောတောတွေ ၊ ကဗျာဆရာဆိုတာ ကလေက၀နဲ့ ကဗျာဆရာအမည်မခံသင့်ဘူး]
ဟုတ်ကဲ့ __ ကျနော် ကြီးကြီးကျယ်ကျယ်ပြောလို့ရရင်ပြောချင်ပါတယ်၊
ခေတ်ကြီးကို/က ထမ်းထားရတာလေးလို့ ကဗျာဆေးလေး ထိုးမိပါတယ် ။
ဒီမြေပေါ်မှာ ကျားဆိုးတွေပေါ/မပေါထက် ကဗျာဆိုးတွေ ပေါ/မပေါကိုကျနော်ကိုယ်တိုင်လည်းရှာဖွေနေပါတယ်
တဆိတ်လောက်  wqdavmu ကူ ညီပါ ဦး ဗျာ unDygOAsm*  ကီးဘုတ်ပေါ်စမ်းစမ်းနဲ့ ကြာလာရင်ချိနဲ့သွားမှာစိုး / စားသောက်/သွား/လာ/စက်ဖွင့် www.facebook.com ကိုရိုက်ထည့်လိုက်  Notifications တွေမှာ သွေးနံ့ရရင်ကမန်းကတမ်း/(က)ယောင်(က)တမ်း/(ကတုန်ကယင်)ခပ်ရဲရဲမကလစ်နိုင် ၊ဖွ/ဖွင့် ချလိုက်ပြန် ၊ဟိုကောင်လေးနဲ့ဟိုကောင်မလေးဟိုဟာဖြစ်တာ သတင်းအချက်အလက်ဖြစ်တဲ့ခေတ် !ဟင် ! [ ဟာ]  ( ဟယ် ) Commentတွေ မထိတ်သာမလန့်သာ ၊
ကလုန်းကောင်တွေဝင်ရေးသွားပြန်ပြီ
သူက အထာနည်းနည်းတော့ကြီးတယ်၊
ယဉ်ကျေးမှုတွေအထောကြီးနဲ့လူသားဆန်ဆန်သတ္တ၀ါများ
Mg Yay Chan is now friends with zuckerberg , clone army and Other people
Zuckerberg ကိုကျေးဇူးတင်ကြောင်း/မတင်ကြောင်းပြောချင်စိတ်ရှိရင်မိတ်ဆွေ like သို့မဟုတ် share ။     ။

 


                                                                                                 မောင်ရေချမ်း

[ ၀န်ခံချက်။    ။ သူငယ်ချင်း/အကို/ ကဗျာဆရာရွှေကိုယ်နတ်(UCSM) ၏ စာသားအား
                     ကဗျာခေါင်းစဉ်အဖြစ် တလေးတစား(ခင်မင်ရင်းနှီးစွာ) ယူငင်သုံးစွဲပါသည်။ ]



Tuesday, April 16, 2013

ခေါင်းစဉ်ကို ရိုးရိုးလေးတပ်လိုက်တယ် မြန်မာပြည် တဲ့

ဒဏ်ရာ ရထားတဲ့ ရထားတစ်စင်းပါပဲ
ပန်းပွင့်တွေ တစ်ပွင့်ချင်းပွင့် ပွင့်လာတယ်
ပန်းနုရောင်တွေ
အပြာနုရောင်တွေ
စိမ်းလန်းသောမြေမှာ ဗုံးခိုကျင်းတွေနဲ့

လေယာဉ်သံတွေဆို ကြောက်တဲ့ကလေးငယ်တွေ

" ကျွန်မယောင်္ကျား ပြန်မလာတာ သုံးနှစ်ရှိပြီ "
" ဘာမှ မဖြစ်ချင်ဘူး လိုချင်တာ ...... "

နေ့စဉ်ထုတ် သတင်းစာတွေ
ကောင်းကင်မှာ ၀ဲပျံနေတဲ့ စုတ်ဖွားဖွားငှက်တွေ
အသံများ ၊ အားလုံးရဲ့ နားမှာ လျှံကျ

" ဖြစ်ချင်ရာ ဖြစ်ကွာ "
" ဆန်တစ်ပြည်ဖိုး မရှိလို့ လူရင်းလိုက်ရတာ ကျွန်မနာမည်ရိုစီ "

ကျန်းမာရေးက မကောင်းဘူး
သတင်းတွေ ဖတ်ပြီး အသက်ရှူမ၀ ။ ။

                                      မောင်ရေချမ်း

Monday, April 15, 2013

တွေဝေဆဲ ကျောက်ရုပ်

ကျည်ဆံတစ်တောင့် ၊ ပန်းတစ်ပွင့်
မျက်ရည်တစ်စက် ၊ အပြာရောင်အင်္ကျီတစ်ထည်
အိပ်...မက်...
ပွင့်........ထွက် ။

သေနတ်တစ်လက်
မြစ်တစ်စင်းရဲ့ပန်းချီကားတစ်ချပ
ဟလို.... မိတ်ဆွေ
သင်.. ဘာတွေကို တွေး/ရွေးမလဲ ။ ။

                               မောင်ရေချမ်း

Sunday, April 14, 2013

ငါ...တို့....အော်သံတွေ...ဟာ လည်ချောင်းဝ မှာတင် တစ်....ဆို့....ပျောက်...ကွယ်


ဘာတွေများ ပြောစရာကျန်သေးလဲ
ဘာတွေများ ပြောနိုင်သေးလဲ

" ငါတို့သည် ဤမှောင်မိုက်သောလောက၏ အုပ်စိုးရှင်များနှင့်လည်းကောင်း
   ကောင်းကင်အရပ်ရှိ နာမ်ဝိညာဉ်ဆိုးများနှင့်လည်းကောင်း
   ဆိုင်ပြိုင်တိုက်လှန်နေကြ၏ "
 ( ဧဖက် ၆း၁၂ )

လှိုင်းလုံးတွေကြား အားလုံးဟာ ဒရွတ်တိုက်မျောပါ
အသားလိုပေမဲ့ အရိုးလောက်ပဲ တောင်းခဲ့ကြတဲ့ ငါတို့
အခုတော့ ပြောစရာတွေ ဘယ်မလဲ
ဘာတွေများ ပြောနိုင်ကြသေးလဲ

နာနာကျင်ကျင် အိပ်မက်တွေပါပဲ/နှင်းဆီတွေ တစ်ပွင့်တစ်ပွင့်လွင့်
လေတွေ တဖျတ်ဖျတ်မြူး
ဘီလူးတွေဟာ လူယောင်ဆောင်ထားတဲ့ကမ္ဘာ
ပေါင်မုန့်တစ်လုံးကို လူ့အသက်တစ်ချောင်းနဲ့လဲနေရတဲ့နေရာတွေ
ကဗျာဆရာတိုင်းဟာ ခေတ်ရဲ့ ယဉ်ကျေးမှု ကောင်းမွေ ဆိုးမွေ
အားလုံးUpdate သိနေတာ ကောင်းမယ်ထင်တယ် (ShweKo NatUcsm)ဆဲချင်ဆိုချင်စိတ်တွေအတွက် အခုလောလောဆယ် အငမ်းမရ
ကျနော် ၀ါးစားပစ်တယ် / သတင်းတွေကို ၀ါးစားပစ်တယ်
ကောလလာလတွေကို ၀ါးပစ်တယ်
ကိုရွှေကိုယ်ရေ... ဒါဟာလဲ တကယ့်ကို Danger ပဲ ။

Thursday, April 11, 2013

မိုးသံ လေသံတွေ ကြားတဲ့အခါ ကျနော်ဟာသမ်းဝေလိုက်တယ်

ခေတ်တွေက စားတယ်/လူတွေက စားတယ်
အကြီးကြီးက အသေးလေးတွေကို စားတယ်
အော်/အေး/ ပြောပါ သူငယ်ချင်း / အေးအေးဆေးဆေး နားအေးပါးအေး
ခင်ဗျားပြောတော့ အာရုံပါပဲဆို ! ( @ # & ! )
ခပ်ဝေးဝေးသာ လွင့်ပစ်/၀ဲပစ်စမ်းပါ
ဒါနဲ့များတောင် ဂေါ်ချင်နေသေးတယ်
ကျနော်ကတော့ ပြောမှာပဲ
ဟိုလူဂျီးတွေ မကောင်းတဲ့အကြောင်း
ဟိုပစ္စည်း ဒီပစ္စည်းတွေ သုံးတဲ့အကြောင်း
ဟိုကောင်မလေး ဟိုလိုလို ဒီလိုလို ဖလန်းဖလန်းတတ်တဲ့အကြောင်း
ပြောတော့လည်း ပြောတာပါပဲ တရုတ်ပစ္စည်းတွေ ကျနော်မသုံးတဲ့အကြောင်း
ဟိတ်လူ..... ခင်ဗျားတစ်ယောက်တည်း ခပ်ပေါပေါဖြစ်နေတဲ့အကြောင်း
ဟိုဟာကို ဒီလို ဟိုလို ဒီလိုလုပ် ...
ခင်ဗျားအော်လိုက်တဲ့ ပါးစပ်ပေါက်လေးမှာ ဒီ .. ဒီ ..ဒီ ဆိုတဲ့စာလုံးတွေအနံ့ပျင်းနေတဲ့အကြောင်း
တကယ်ပါပဲ ။  တော်တော်တော့ ရယ်စရာပဲ
ကျနော်တို့ အားလုံးဟာ မနက်မနက် ရောက်လာမယ့်သတင်းစာတွေကို ငြင်းငွေ့တဲ့အကြောင်း
ခင်ဗျား စိတ်ပါရင် facebook ဆိုတဲ့အရှုပ်ပုံကြီးပုံ တက်ဆဲလို့ရတဲ့အကြောင်း
ပေါက်ကရ အဖြစ်အပျက်တွေ ပေါက်လွှတ်ဗလပွာ/ပေါက်ပေါက်ဖောက်သလို
ဖြစ်မှဖြစ်ရလေတယ်
ဒါနဲ့..မေးရဦးမယ် ခင်ဗျားမျက်မှန်လေး ဘယ်ဈေးပေးဝယ်ခဲ့ရလဲ
ကျနော် ကတော့ ပြောပြီးပြီပဲ 
ခင်ဗျားတစ်ယောက်တည်း ခပ်ရှုပ်ရှုပ်ဖြစ်နေတဲ့အကြောင်း  ။        ။

                                                                 မောင်ရေချမ်း

Sunday, April 7, 2013

ကဗျာဆရာတွေ


တစ်ယောက်နဲ့တစ်ယောက်
နာကျင်မှုအတူတူနဲ့ ခေတ်ကိုရဲရင့်စွာဆဲပစ်ခဲ့ကြပြီပ
တခြား ဘာမှမလိုဘူး
ငါတို့ဟာ ကဗျာပန်းပွင့်ထဲကနေ
မွေးဖွားခဲ့ကြတဲ့ ၀တ်မှုန်နုနုတွေ ။ ။

                         မောင်ရေချမ်း
                       ( 27/3/2013 )

Friday, April 5, 2013

စိမ်းစိမ်းလန်းလန်း ပျော်ပျော်ရွှင်ရွှင် ကမ္ဘာ

ကိုယ်ဟာ စစ်ပွဲတွေ သတင်းကြားရင်
သမ်းဝေနေတတ်တယ် ။


ဖြစ်နိုင်မယ်ဆိုရင်
တစ်ယောက်ကိုတစ်ယောက်
စကားလုံးတွေနဲ့တောင်မပစ်ပေါက်ကြေး

စိတ်ရိုင်းတွေဝင်လာတဲ့အခါတော့
ပန်းနဲ့ပေါက်တိုင်းပဲ ကစားကြတာပေါ့ ။


                                  မောင်ရေချမ်း 

Sunday, March 31, 2013

အဆင်မပြေခြင်းများ

ငယ်ငယ်ကလို
ဖြစ်ချင်တာတွေကို ပုလင်းအလွတ်ထဲထည့်ပြီး
ရေမှာ မျောပစ်ချင်ပြီ
ဂီတာလည်း မတီးချင်တော့
သီချင်းလည်း မဆိုချင်တော့
ခုထိ အနည်မကျသေးတဲ့ဒဏ်ရာပါးပါးတွေကို မျိုချရင်း
လမ်းလေးတွေကို ငေး...မော
ဘ၀ ဟာ ... မီးပျက် ၊ ရေမလာ ။

                                                      

                             မောင်ရေချမ်း

Saturday, March 30, 2013

စိတ်ပျက်လက်ပျက် ညနေ

လူကြုံစကားတွေ ရောက်လာတယ်
လွင့်ထွက်သွား ၊ ပျံဝဲ
အမှားများတဲ့ပွဲနဲ့
သံသယညများ ဝေါခနဲထိုးအန်ချ
အားလုံးဟာ ကောလဟာလတွေ ။

                                      မောင်ရေချမ်း

အဝေးပြေး


ဝင်္ကပါဆန်ဆန်လမ်းအတုတွေပေါ်
အထုပ်အပိုးအဟောင်းတွေဟာ မျက်ရည်စက်လက်
အိမ်ပြန်မရောက်သေးတဲ့အသက်ရှူသံတွေကို ဆွဲကောက်ရင်း
ဒုက္ခတွေ သယ်ဆောင်ပြီး
မြို့တွေ တမြို့ပြီးတမြို့ ခုန်ကူးလို့ ။ ။

                               မောင်ရေချမ်း

Friday, March 29, 2013

မန္တလေးညတွေ (၃)

ကိုယ်ဟာ အခုတော့ တခုတ်တရလွမ်းနေရ
တခါက ညများပါပဲ
နန်းမြို့ရိုးနဲ့မြို့
သူရဲကောင်းတို့ အသွေးအသားနဲ့မြို့
........ ..........
........
...

အခုတော့ ဓာတ်ပုံဟောင်းလေးတွေကြည့်ရင်း
သိမ်...မွေ့...အက်....ကွဲ ။


                                             မောင်ရေချမ်း

Wednesday, March 27, 2013

မန္တလေးညတွေ (၂)


ပေါင်တံဖြူဖြူတွေ လွင့်လို့ ၊ ၀ဲလို့
သူစိမ်းတွေဟာ တို့အနုပညာမြို့ကြီးကို ဗြောင်ခိုးသွား
ကိုယ်ဟာ ကဗျာတစ်ပုဒ်ကို အာခေါင်ကနေအန်ထုတ်တယ်
ကျုံးထဲက ရေတွေ ခပ်ထုတ်ပြီး ကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ်
နောက်ဆုံးတော့ ကိုယ့်ရင်ဝ ကိုယ်ပြန်တူးပြီး အော်ဟစ်ပစ်မိ
မန္တလေးသားတွေ ထဟေ့ ထ ...။
မြန်မာပြည်သားတွေ ထဟေ့ ထ ..။
                                မောင်ရေချမ်း

Monday, March 25, 2013

ငြီးငွေ့ခြင်း

ဘာတွေလဲ ၊ စစ်တွေဖြစ်ဖြစ် ၊ (အချစ်တွေဖြစ်ဖြစ်)
လူတွေကို လက်ဆွဲနှုတ်ဆက်ရမှာ
တစ်ရက်တစ်ရက် မျက်နှာသစ်ရမှာ
တစ်ည တစ်ည ...ငြိမ်းချမ်းရေးအတွက် ကဗျာရေးရမှာ
နာကျင်မှုဟာ
ကြာတော့လည်း သမ်းဝေမိတယ် ။ ။

                                  မောင်ရေချမ်း

Thursday, March 21, 2013

မန္တလေးညတွေ (၁)



အမှောင်တွေဟာ အငမ်းမရပဲ
ဇွတ်အတင်း ခေတ်ထဲဝင်တိုး
ကောင်းကင်ဆီကို စိတ်ကိုပစ်လွှတ်ကြည့်တယ်
တဂျွတ်ဂျွတ် ၊ တဂျိန်းဂျိန်းနဲ့ တိမ်တွေ
မန္တလေးကတော့ အိပ်မောကျလို့ ။ ။

                                     မောင်ရေချမ်း

Tuesday, March 19, 2013

ကျနော့် စိတ်ဟာ ဒဏ်ရာတွေနဲ့ ဒရွတ်ဆွဲ

ငါ့ကိုယ်ငါလည်း မချစ်ချင်တော့ဘူး
အမြဲ ၀တ်လစ်စလစ်အိပ်မက်တွေနဲ့
နာနာကျင်ကျင်အိပ်မက်တွေကို နာနာကျင်ကျင်ခူးရတယ်/စူးရတယ်

(ခုံနံပါတ် ၁၂၄
ပထမနှစ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်)
ကျောင်းက စွန့်ပစ်ခြင်းခံရတဲ့ကျောင်းသားလေးတစ်ယောက်ရဲ့ရင်ကိုခွဲကြည့်
မြုံနေတဲ့ အနာတွေ/ဒဏ်ရာတွေရှိတယ်
Dental ဆရာဝန်တစ်ယောက်ကို ဖြစ်ခွင့်ကိုလက်လွှတ်ဆုံးရှုံးလို့
ကဗျာတစ်ပုဒ် ငါစိတ်ဟာ ပေါက်ခွဲပစ်ရ

ကွာလာလမ်ပူ

ဖြားယောင်းသွေးဆောင်မှု ၊ ကြီးနိုင်ငယ်ညှင်းမှု
ခြစားမှု၊လူသားဆန်ခြင်းကိုမျက်
ကွယ်ပြုမှုအရိုင်းစိတ်သွတ်သွင်းမှု၊အိပ်
မက်တွေကိုချနင်းမှု
မိရိုးဖလာယဉ်ကျေးမှုအားအတင်းအဓမ္မစွန့် လွှတ်စေခိုင်းမှု
အမျိုးဂုဏ်ဇာတိဂုဏ်မေ့လျော့စေမှု ၊ အယုံသွင်းမှု
ငွေကိုနံပါတ်တစ်အရှင်သခင်ဖြစ်အောင်သည်းရုံးသိမ်းသွင်းမှု
ဟိရိသြတ္တပဆိုတဲ့စကားလုံးကိုလူ့ လောကထဲ၌အပြီးတိုင်ပျောက်ကွယ်စေမှု
ပေါင်တံဖြူဖြူများလှစ်ပြပြီးရာဂစိတ်တက်ကြွစေမှု
လာဘ်ပေးလာဘ်ယူမှု ၊ အသားစားကြူးမှု
တစ်လင်တမယားစနစ်အားပျက်ရယ်ပြုမှ
living together များအားမွေးမြူရှင်သန်ကြိုဆိုမှ
ဆေးမှု ၊ မုဒိန်းမှု ၊ ခိုးဆိုးလုယက်ဓါးပြတိုက်မှု ၊
ဇာတ်တူသားစားမှုမယားငယ်မှု ၊ လင်ငယ်မှု ၊
အသင်းဂိုဏ်းဂန များဖွဲ့ ၍ အတ္တချင်းစီးချင်းထိုးစေမှု
အဖြူထည်မှန်သမျှစုပ်ပြတ်ညစ်နွမ်းအရောင်ဆိုးမှု
အမှုတွဲများအားလုံးအတွက်
ငါ  အမုန်းဆုံး မြို့   ။    ။                              
                                          လူခါး