Saturday, November 26, 2016

John -dec 11 သည် AD 3000 ကမ္ဘာ၏ အမှတ်အသား


ယဉ်ကျေးသော AD 3000 တွင်
ငြိမ်းချမ်းသော AD 3000 တွင်
John ဟာ ယဉ်ကျေးငြိမ်းချမ်းသောစစ်သားလေး။

သေနတ်တစ်လက်သာ ရှိတဲ့ကမ္ဘာထဲ
John ဟာ အဲဒီသေနတ်ကို ကိုင်စွဲလို့။
ကမ္ဘာ့တေးကို မနက်တိုင်း ဆိုတယ်
ကမ္ဘာ့အလံကို နေ့တိုင်း အလေးပြုတယ်
ကမ္ဘာ့ရန်ကို ကာကွယ်ဖို့ စစ်သားကလေး။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စစ်သားကလေး။
အမည်မသိ မည်သည့်ဂြိုလ်က ရန်လိုမလဲ
John တစ်ယောက် အသင့်ရှိတယ်။
ဘယ်လို ဘေးအန္တရာယ်မှ မရှိတဲ့ ကမ္ဘာထဲ
John ဟာ ကြာတော့ ပျင်းလာတယ်
တစ်ကမ္ဘာလုံးအတွက် အကာအကွယ်ပေးသူ John
ဘေးကင်းပျော်ရွှင်စွာနေထိုင်သူတွေကို ငေးလို့
သေနတ်ကို ဘယ်တော့ သုံးရမလဲတွေးမိတယ်။

ကမ္ဘာထဲမှာ သေနတ်သုံးနေရာမရှိ
စကြဝဠာရဲ့ တခြားနေရာက ရန်စွယ်လည်း မရှိ
ဒီလို တွေးမိတဲ့အခါ
ပျင်းရိမှုကို John အဆုံးသတ်လိုက်တယ်။

သေနတ်ကို သူ့နားထင်သူ တေ့ပစ်လို့။
တစ်ကမ္ဘာလုံးက လူသားများဟာ
John အတွက် စိတ်မကောင်းဖြစ်ကြ
သူ့ရဲ့ကမ္ဘာအတွက် ထမ်းဆောင်ခဲ့မှုကို သတိရကြ။

အဲဒီအတွက် John သေပြီးနောက်
John ကိုင်စွဲခဲ့တဲ့ တစ်ခုတည်းသောသေနတ်အစား
လူတိုင်း ကိုင်စွဲဖို့သေနတ်အသစ် ထုတ်လုပ်တယ်
John ကိုဂုဏ်ပြုဖို့ သေဆုံးတဲ့နေ့ကို မှတ်မိဖို့
သေနတ်အသစ်ကို John-dec 11 နာမည်တပ်တယ်။
John- dec 11 ဟာ ပစ်ခတ်လို့မရ
အမှတ်တရ သေနတ်မျှသာဖြစ်တယ်။
လူသားတိုင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို အမြဲမမေ့ဖို့
တပ်ဆင်စရာ အလှပြပစ္စည်းသက်သက်ဖြစ်တယ်။
John- dec 11 မှာ ရေးထွင်းထားတဲ့စာသားက
"သူတစ်ပါးကို အကြမ်းမဖက်ရ"
"မိမိကိုယ်မိမိလည်း အကြမ်းမဖက်ရ"။ ။

မောင်ရေချမ်း
25 Nov 2015