Saturday, September 24, 2016

မစိတ်ပုပ် (၁၅ )


ဘယ်ဖုန်းကို ခေါ်ရမှာလဲ
အချစ်အကြောင်း မပါစေနဲ့
နာရီဝက်ထဲ
အင်းပါ အရာရာပျော်ရွှင်ပါတယ်
မုန့်ဟင်းခါး စားချင်လို့
ဗိုက်ပူလာပြီ
သံယောဇဉ်နဲ့ နှိပ်ပါ
သံယောဇဉ်နဲ့နှိပ်ပါ
သံယောဇဉ်နဲ့နှိပ်ပါ
လှိုဏ်ဂူထဲမှာ ရှိတယ်
မြေအောက်ခန်းထဲမှာ ရှိတယ်
ဘုရားစာလို ရွတ်မိ
အလွတ်ရတဲ့ ဘုရားစာလို
နာမည်တစ်ခုကို နာမည်ကို။ ။

                                မောင်ရေချမ်း
                          3 March 2016

မစိတ်ပုပ် ( ၁၂ )

စာရင်းကိုင်တစ်ယောက်ရဲ့ အိပ်မက်ထဲက
ကျွန်တော်ဟာ မီးခံသေတ္တာ ဖြစ်ပါသည်
စုဆောင်းငွေများစွာ မရှိခဲ့ပါ
အတိအကျပြောရရင် လုံးဝမရှိ
မီးခံသေတ္တာထဲက ၀ါကျများ ဆွဲဆုတ်ခံလိုက်သည်
စကားလုံးများအားလုံး သင်္ချာကိန်းဂဏန်းဆီသို့ ။ ။

                                                 မောင်ရေချမ်း
                                         30 March 2016

သေနတ်သမား


သူ့ကိုယ်သူ ပြန်ပစ်ဖို့တောင်
ကျည်ဆံတွေ စုနေတဲ့အချိန်
သူများအတွက် ကျည်မဖြုန်း
ရသမျှကျည်နဲ့ ပွင့်သမျှပန်းနဲ့ ။ ။


မောင်ရေချမ်း
24 September 2016

ဟင်းသီးဟင်းရွက် သစ္စာ

ကျဆုံးခဲ့သမျှ
ခပ်ပြုံးပြုံးပဲ ရင်ဆိုင်ခဲ့ရတယ်

ယုန်ကလေးအတွက်
ပိုက်ကွန်ထဲ ၀င်တာ
ဖြူစင်မှု ဖြစ်ခဲ့ပါတယ် ။ ။

                            မောင်ရေချမ်း
                       5 April 2016

ယုန်ကလေးရဲ့ဖုန်းသုံးစွဲမှုမှတ်တမ်း

ကျောက်ခဲတွေ သဲတွေ ကွန်ပျူတာထဲ ထည့်လို့
ရွှေတွေ ပုလဲတွေ ဂြိုဟ်တုပေါ်မှာ ပုန်းလျှိုးကွယ်။

ပတ္တလားတီးသံက
မျက်လုံးမမှိတ်ခင်
တစ်ယောက်ယောက်ဆီ ဖုန်းခေါ်ရင်း
နာကျင်မှုစီးကရက်ကို တစ်တိုင်လုံးဖွာနေပေမယ့်
ကြည်နူးတဲ့မီးပန်းသာ ရဲရဲနီနေတဲ့အခါ
ပျော်စရာတွေ ရွေးရွေးလွမ်းတတ်တာ ပညာရပ်ပါပဲ။

                                               မောင်ရေချမ်း
                                   24 September 2016

ကျကွဲသံ


တိုးတိုးလေးပဲ မိုးတွေ ရွာသွားတယ်
ရေအိုင်ငယ်လေးထဲမှာ ကမ္ဘာပျက်ဖို့ ။ ။

မောင်ရေချမ်း
8 September 2016

သေဆုံးသူ၏ ဦးခေါင်းအတွင်းပိုင်း


ဒုတိယဘုရားသခင်ဟာ
ငါ့ခေါင်းကိုဖြတ်တယ်
သူများတွေကို အာဏာသိမ်းတယ်

`လူ့ဘဝဆိုတာ တိုတိုလေးပါကွာ´ဆိုတော့
မျက်ရည်တွေက အရှည်ကြီးရယ်ချတယ်
`ဘယ်လောက်နာကျင်နေသလဲ´မေးခွန်းမှာ
ပြုံးပြရတာပါပဲ
အလှဆုံးဒဏ်ရာဟာ အကောင်းစားအပြုံးဖြစ်တယ်
ရွှေပုလ္လင်​ပေါ်ကကောင်ကိုဗောဓိပင်ကဆဲဆိုတယ်
ဘုရားမပွင့်တဲ့အချိန်မှာ မာရ်နတ်တွေပွင့်တယ်
တရားဟာတကယ့်ကိုပဲ တရားလွန်းတယ်
ဘုရားအစစ်တွေပါ သတ်သွားတယ်
မာရ်နတ်ဟာညောင်ရွက်တွေကိုကြင်နာသလိုပွတ်သပ်ရင်း
ဗောဓိပင်ခြေရင်းမှာ သေးပန်းခြင်းကိုပြုလုပ်တယ်
မသိခင်တုံးက
မသိသလိုပါပဲ
မမ...မသိခင်ကို ချစ်ခဲ့မိတယ်
မသိခင်တုန်းက
သိချင်ယောင်ဆောင်မိသလိုပဲ
မသိခင်ကို ချစ်တဲ့ကောင်လေးအဖြစ်ရှိခဲ့တယ်
ဒါအမှားလို့ မပြောဘဲ
ဒါတွေက အမှန်လမ်းကိုပြဖို့
ဘုရားတွေက ပွင့်ခဲ့ရှာတယ်
တကယ့်ကို မျက်ရည်နဲ့မျက်ခွက်ရယ်စရာပဲ
ဘုရားစကားနားထောင်တဲ့ကောင်မှန်သမျှ
အသည်းကွဲရတယ်
ကျကွဲသွားတဲ့ဖုန်းတိုင်းဟာ
အစင်းရာတွေကိုပျော်ရွှင်ဖို့အတွက်သုံးစွဲရတယ်
လူ့ဘဝမှန်သားပြင်ပေါ်မှာ...။
ဘဏ်တိုက်တွေထဲ...
ပိုက်​ဆံစုဖို့ မေ့ခဲ့တယ်
အိပ်မက်တွေထဲ
အိမ်လေးတစ်လုံး သတိတရဆောက်ခဲ့တယ်
ငါဟာ
ပိုက်ဆံပေါ်မှာတံဆိပ်ဖြစ်သွားတဲ့အိပ်မက်လေးပါ
ငါဟာ
ဘဏ်တိုက်ထဲဝင်သွားတဲ့အိမ်လေးတစ်လုံးပေါ့။
ရယ်ရတယ်
ဒါပေမယ့်...ငိုချပစ်ချင်တယ်
အရမ်းရယ်ရတယ်
ဒါပေမယ့်.. .တအားငိုချပစ်လိုက်တယ်။


                                  မောင်ရေချမ်း
                            26 August 2016

ကမ္ဘာကြီးအတွက် ဒိန်ချဉ်တစ်ခွက်

၁။ နွားနို့ ၁ ပိဿာကို ဆူအောင်ကျိုပါ
ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့
ကြာကြာလေး ကျိုပါ
တအားလည်း မပျစ်ပါစေနဲ့

၂။ပြီးရင် မီးဖိုပေါ်ကချပါ
အအေးခံပါ
လုံးဝတော့ မအေးပါစေနဲ့နော်
(နွေးနေတဲ့အချိန်မှာ အလျဉ်ထည့်ရမှာပါ)
လက်ညိုးလေးကို ထည့်ကြည့်လို့
အပူခံနိုင်တယ် ဆိုရုံလေးနွေးပါစေ
၃။အလျဉ်(ဟင်းခတ်ဇွန်း၁ဇွန်းစာ)
ပြီးရင် မွှေပေးပါ
၎။အဲဒီနောက် အုပ်ဆောင်းနဲ့ အုပ်ပြီး
မရွေ့လျားစေဘဲ ၂၄ နာရီထားပါ
အခန်းအပူချိန်မှာပဲ ထားတဲ့အခါ
၂၄နာရီ ပြည့်ရင် ဒိန်ချဉ်ရပါပြီ
သတိပြုရမှာကတော့
လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ။

                    မောင်ရေချမ်း
              22 September 2016

ဘတ်စ်ကား ခြောက်မှတ်တိုင်

မချစ်ဘူးကွာ
ဆံနွယ်စတွေ ခါယမ်းလိုက်တဲ့အခါ
သံတိုင်အစုတ်အပဲ့ပေါ် ၀ဲလွင့်သွား
မချစ်ဘူးကွာ
ကမ္ဘာအေးဂမုန်းပွင့်မှာ ဆင်းသွားတဲ့အခါ
နေရာလွတ်တစ်နေရာ ကျန်ရစ်ခဲ့
ခွဲာခွာခြင်းကို တရားမှတ်နေမိ
မင်းမျက်နှာကို မမြင်ရလို့ လှတယ်
မချစ်ဘူးကွာ
လက်မောင်းပေါ်မှာ မှဲ့နက်လေး
သွေးကြောစမ်းချောင်းများနဲ့ လက်ခုံနုဝါ
မချစ်ဘူးကွာ
လက်သည်းခွံပန်းနုက ပင်လယ်ပြင် ရန်စလို့
ကားဟာ အချိန်ကို ဖြတ်ကျော်တာ မြန်ဆန်လွန်းစွာ။ ။


မောင်ရေချမ်း
24 Sep 2016

စကားမပြောတဲ့ စကားပြောသေတ္တာလေး

စနေနေ့တိုင်း သင်္ဘောသီးထောင်းနဲ့
ရခိုင်မုန့်တီဟာ အခုငါ
တစ်ယောက်တည်းတော့ တစ်ပွဲ
ဂြိုဟ်တုပေါ်က အော်ခေါ်နေရတဲ့အခါ
ပြုတ်မကျလာတော့မှန်းသိနေပြီးမှ
ဝေးကွာတယ်ဆိုတာ ချစ်စရာပါပဲ
ချစ်စရာမှန်သမျှလည်း ဝေးကွာလို့
အို...ကွယ်
ခွင့်လွှတ်နားလည်နိုင်ခဲ့ပါတယ်
ဂင်္ဂါဝါလု သဲစုမက
ပွင့်တော်မူပြီးကြကုန်သော ငါ့အချစ်များ ။ ။


မောင်ရေချမ်း
24 Sep 2016