Tuesday, February 25, 2014

ဒီညကို ငါတို့ပိုင်ဖို့ ငါးမိနစ်ပဲ လိုတော့တဲ့အချိန်မှာ




Pit Bull သီချင်းလေးတစ်ပုဒ်နဲ့ဖြစ်ဖြစ် ကစ်ကြရအောင်
အဲဒီ့မနက်က သတင်းစာကြီး ဟိုနားရွေ့ထားစမ်းပါ
လစ်ရအောင် တစ်ပုဒ်လောက်
ဟစ်ရအောင် ခရီးတစ်ခုလောက်
လာ လာ
မြန်မြန် ..လာ
အမှိုက်တွေနဲ့ ယိုပြီးလန်နေတဲ့
ရန်လိုနေတဲ့တိမ်တွေကိုထားခဲ့ပြီး မြန်မြန်..လာ
အာဝါဒါးတွေကို ထားခဲ့ပြီး မြန်မြန်..လာ
ဝဲစားနေတဲ့ည
ပဲများနေတဲ့ညထဲ ရဲရဲဆင်းခဲ့
လာ လာ
မြန်မြန်...လာ ။

                       မောင်ရေချမ်း

Thursday, February 20, 2014

လူငယ်တစ်ယောက် ( ၄)



မနက်မိုးလင်းတာနဲ့
နန်းတော်ပေါ်က
လောလောလတ်လတ်ဆင်းလာတဲ့ မင်းသားတစ်ပါးလို
လမ်းတွေကို မောက်မောက်မာမာဆက်ဆံ လိုက်တယ်

လနဲ့လည်း ဆက်သွယ်
ညနဲ့လည်း ဆက်သွယ်ရင်း
သွားချင်တဲ့တိမ်တွေဆီလည်း မျက်ခြေမပြတ်ဆက်သွယ်ခဲ့

အချစ်အကြောင်း ကဗျာရေးပြီး
တလက်လက်ထနေအောင် သွေးထားတယ် ဓားကို
ဓားရိုးကို ကျစ်ကျစ်ပါအောင်ဆုပ်လို့
သူခိုးတွေကို ဓားရိုးကမ်းဖို့မဟုတ်ဘူး
ဓားဦးနဲ့ ချွန်မြနေအောင် ထိုးပစ်ဖို့

ချစ်သူကိုတော့ သယံဇာတတစ်ခုလို ဖူးဖူးမှုတ်ထားပုံမှာ
လိမ္မာတဲ့တောင်တန်းတွေတောင် မနာလိုကြ

မနက်မိုးလင်းတာနဲ့ လိုနေတာ အချစ်ပဲမို့
ဒေါသထွက်နေတဲ့ သစ်ပင်တွေကို လမ်းပေါ်ကခြစ်ချပစ်တယ်

ပိုက်ဆံမရှိတဲ့နေ့တွေမှာတော့
ချစ်ခြင်းမေတ္တာကို Miss Call လှမ်းထိုးတယ်
စိတ်ပုပ်ပုံက ဘယ်တော့မှ ဖုန်းပြန်မခေါ်ဘူး။

                                              မောင်ရေချမ်း

Wednesday, February 19, 2014

ကျူးကျော်သူ အသက် (၆၈)


ဘယ်မှာနေရမလဲ
ဘယ်မှာသေရမလဲ
သစ်ရွက်ကလေးတွေတောင် လှလှပပကြွေဖို့ အရိပ်လိုသမို့
ငါတို့ ။

ရှူနေတဲ့ လေကိုတောင် စိတ်မချရ
လေ ကိုတောင် လု လုသွားကြတဲ့ အလေအလွင့်တွေ

ကိုယ့်ခြေထောက်ကိုယ် မယုံရဲလို့
လျှောက်နေတဲ့လမ်းကို
မင်းကိုဘယ်သူပိုင်သလဲမေးမေးနေရတယ်

ထမင်းတစ်လုပ်အတွက်
ထင်းတစ်ခေါက်ခုတ်ရုံ ခေတ်ကိုလွမ်းတယ်လို့
မှတ်ပုံတင်ကဒ်လိမ္မော်ရောင်လေးကိုပဲ ပြောပြနေရတော့တယ်

ခေတ်ကောင်းလို့
မြေကွက်ကြီးတွေ တောင်းခဲ့တာမဟုတ်ပါ

အဲယားကွန်းခန်းကျယ်ကြီးတွေ မဟုတ်ပါ
ကွန်ကရစ်လမ်းကျယ်ကြီးတွေဘေးမှာ မဟုတ်ပါ
ကြွက်တွေတောင် ယောင်လို့ဖြတ်မလျှောက်တဲ့မြောင်းပုပ်တွေဘေးမှာ
ခွေးတွေတောင် အားနာပါးနာမဟောင်နိုင်တဲ့ အမှိုက်စုတ်တွေဘေးမှာ

အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းနေရတယ်
တရားကို ဖြည်းဖြည်းချင်းရှူသွင်းနေရတယ်
ဓားတွေအောက်မှာ တရားတွေပျောက်တတ်သလားလို့
မှတ်ပုံတင်ကဒ်လိမ္မော်ရောင်လေးကိုပဲ မေးကြည့်နေရတယ်

သစ်ရွက်ကလေးတွေတောင် လှလှပပကြွေဖို့ အရိပ်လိုသမို့
ငါတို့

ကြွပ်ကြွပ်အိတ်တွေကိုစုထုတ် ခေါင်းအုံးလုပ်ထားတယ်
ရသမျှပိုစတာတွေကို အကာလုပ်ထားတယ်
အရောင်လွင့်တာလဘတ်တွေကို အမိုးလုပ်ထားတယ်
ချောကလက်ရောင်မြေကြီးကို အခင်းလုပ်ထားတယ်

ကဲ....ဘာလိုသေးလဲ
ဖြည်းဖြည်းမေးပါ ငါ့သားရယ် မောနေပါ့မယ်တဲ့

ကမ္ဘာပျက်နေတာမဟုတ်ဘူး
ကမ္ဘာပျောက်နေတာ
ငါတို့ ။ ။

                       မောင်ရေချမ်း

                 ဇွန်လ ၊ ၁၈ ၊ ၂၀၁၄ ပဲ့တင်သံဂျာနယ် 

Monday, February 17, 2014

လေလွင့်ခြင်းများ ( ၂ )



ငါတို့ ခြွေချလိုက်တဲ့ စီးကရက်ပြာတွေဟာ
ကောင်းကင်ပေါ်သာ ကော့ပျံတက်သွားမယ်လို့ သွေးနထင်ရောက်ခဲ့ကြ

ဟော ဒီမှာ
လိုက်ဆိုကြ
အားလုံးပျော်ဖို့အတွက် သီချင်းအတုတွေဖွင့်ပေးထားတယ်

ဟော ဒီမှာ
ခပ်သောက်ကြ
အားလုံးမူးဖို့အတွက် အရက်အတုအတွေ ဝေပေးနေတယ်

ဟော ဒီမှာ
လာခူးကြ
အားလုံးလျှောက်ဖို့အတွက် လမ်းအတုတွေဖောက်ပေးထားတယ်

ပျော်စရာပဲမဟုတ်လား
ဗီတာမင်ချို့တဲ့သောအိမ်ယာများ

ကမ္ဘာဦးလူသားတွေ မီးကို တွေ့ရှိလို့ ပျော်ခဲ့ပုံမျိုးနဲ့
ငါတို့ ရွက်ကြမ်းရေကျိုထမင်းတစ်လုပ်စားရလို့ ပျော်ခဲ့ကြ

ဒါတောင်
ငါတို့ ခြွေချလိုက်တဲ့ စီးကရက်ပြာတွေဟာ
ကောင်းကင်ပေါ်သာ ကော့ပျံတက်သွားမယ်လို့ သွေးနထင်ရောက်ခဲ့ကြ

အဖြစ်အပျက်တွေဟာ ရှင်းရှင်းလေးပါပဲ
ငါတို့ရဲ့အချိန်တွေ တစ်ပင်လုံးခုတ်ချခံခဲ့ရတယ်

စားသုံးသူအတွက် အထူးအစီအစဉ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ဖွင့်ကြည့်လိုက်တိုင်း "ဗလာ" ကံစမ်းမဲများနဲ့

နောက်ဆုံးတော့
ကျားနာတွေလို ကျားကုတ်ကျားခဲရှင်သန်ခဲ့ပြီးမှ
ကြွက်စုတ်တွေလို မြောင်းပုပ်တွေဘေးမှာ တိုးဝှေ့သေဆုံးကြရုံပေါ့ ။ ။


                                                မောင်ရေချမ်း

Friday, February 14, 2014

ခပ်လှမ်းလှမ်းက လမ်း


တိမ်တွေကို တစ်အုပ်ပြီးတစ်အုပ်
ခုတ်ချဖို့သွေးထားတဲ့ဓားတွေ

စစ်ပွဲတွေတဲ့လား
ဟိုဘက်နား ခပ်ဝေးဝေးသွားနေလိုက်စမ်းပါ
ငါတို့ လိုအပ်ရင်ခေါ်လိုက်မယ်
လူယုတ်မာတွေအချင်းချင်းပဲ မျက်နှာချင်းဆိုင်သေနတ်ပစ်ခိုင်းမလို့

ပိုးစိုးပက်စက်လွန့်လူးနေတဲ့အလေအလွင့်လောက်တွေလို
ဂျိုကြွနေတဲ့ဂြိုဟ်သားတွေလား
ထားခဲ့လိုက်ပါ

မွှေးနေတဲ့လမ်းတစ်ခုကို
အတူတူရှာကြဖို့
ဂီတာတစ်လက်နဲ့ချစ်ခြင်းမေတ္တာကလွဲပြီး
တခြားဘာများဖြစ်နိုင်ဦးမှာလဲ။

                                                မောင်ရေချမ်း

Wednesday, February 12, 2014

အိမ်သာခွက်ထဲ ညနေ

ညနေဟာ သိပ်မွှေးနေတယ်
ချိုမြ၀င်းပမှုတွေ
ဆာလောင်ငတ်မွတ်မှုတွေ
ညနေဟာ အမှောင်ထဲ တိုးဝင်လို့
ယင်ကောင်တွေ ယင်ကောင်တွေ
ယဇ်ကောင်တွေလို သေဆုံးဖို့စောင့်နေကြ
မီးရောင်မရှိတဲ့ အိမ်သာထဲ ။ ။

                                      မောင်ရေချမ်း

Sunday, February 9, 2014

ခေတ်တစ်ခေတ်လုံးကို ရှော့ခ်တိုက်မယ့်အတိုင်း ခပ်ကြောင်ကြောင် DESIGN တွေ မြို့ထဲ ဝင်လာတယ် !



ဒီဇိုင်းတွေကတော့ အပြတ်ဂေါ်တယ်
ခပ်တည်တည်ပဲ
မြို့ထဲကိုဝင်လာကြပုံ

ဆံပင်နီကြောင်ကြားနဲ့ကောင်တွေ ပါတယ်
နားမှာ ပြောင်လက်လက်ကွင်းကြီးစွပ်ထားတဲ့ကောင်တွေ ပါတယ်
လက်မောင်းပေါ်က တက်တူးကို မြင်စေချင်လို့
အင်္ကျီကို တမင်ဖြဲပြီး ၀တ်ထားတဲ့ကောင်တွေ ပါတယ်
အော်တာရှပ်ကို လက်ခေါက်ဝတ်ပြီး
စီးကရက်လက်ကြားညှပ်ထားတဲ့ကောင်တွေ ပါတယ်
အရက်ပုလင်းကို ခါးကြားထိုးပြီး
မူးမူးနဲ့ သီချင်းအော်ဆိုနေတဲ့ ငနဲတွေလဲ ပါတယ်
ဘယ်ကလာမှန်းမသိပေမယ့် သွားမယ့်နေရာအတူတူပဲ သူတို့တွေ
ဘယ်သူတွေမှန်းမသိပေမယ့် အော်သံတွေကအတူတူပဲ သူတို့တွေ

သူတို့ မြို့ထဲ ၀င်လာကြတယ်
ခပ်တည်တည်ပါပဲ
အပြတ်လန်းနေတဲ့ ဒီဇိုင်းတွေနဲ့

မျက်နှာပေးတွေက
တစ်ကမ္ဘာလုံးကို နေ့ပြန်တိုးပေးထားတဲ့ရုပ်တွေနဲ့
မျက်နှာပေးတွေက
ယောက္ခမအသုဘမှာ ဖဲနိုင်လာတဲ့ရုပ်တွေနဲ့
မျက်နှာပေးတွေက
နတ်တွေကိုပဲ သူတို့က စောင့်ရှောက်ထားသလိုရုပ်တွေနဲ့

သူတို့မြို့ထဲဝင်လာပုံက
ကောင်းဘွိုင်ဇာတ်ကားတွေထဲက ဇာတ်လိုက်တွေမြင်းစီးလာသလိုပေါ့
သိပ်မဂေါ်တဲ့ခုနစ်တွေကို ဂေါ်ပြားနဲ့ ဖြတ်ရိုက်ဖို့
နာရီတွေကို ထောင်းထောင်းထအောင်ထုချေဖို့
လူကြီးလူကောင်းနံရံကို ကွမ်းတံထွေးနဲ့ ပစ်ထွေးဖို့
ဦးထုပ်အဟောင်းတွေရဲ့မျက်ခွက်ကို ရေနွေးပူနဲ့ပက်မလို့
အဲဒီ့ကောင်တွေ မြို့ထဲဝင်လာကြတယ်

ခေတ်တစ်ခေတ်လုံးကို ရှော့(ခ်)တိုက်မယ့်ဒီဇိုင်းနဲ့
ဂျင်းဘောင်းဘီအကျပ်ဝတ်ပြီး ဆံပင်ထောင်ထားတဲ့ကောင်တွေ ။ ။

မောင်ရေချမ်း

( ကဗျာခေါင်းစဉ်အတွက် အကို ShweKo NatUcsm ကိုကျေးဇူးတင်ပါတယ် )

Wednesday, February 5, 2014

လူငယ်တစ်ယောက် (၃)

ဒဏ်ရာရသိုင်းသမားတစ်ယောက်လို ယိုင်ထိုးနေတဲ့ညနေခင်းကိုပိုင်ဆိုင်တယ်
ငယ်တူရွယ်တူ နီကြောင်ကြားဆံပင်တွေကို လိုက်ကြည့်ဖြစ်တယ်
အူကြောင်ကြားကတိတွေကိုတော့ အများနဲ့ရောယောင် လိုက်ဟားတယ်
အချိန်မမှန်တဲ့နာရီဆို ရိုက်ခွဲဖို့ပဲ
လမသာတဲ့ညဆို ရိုက်ခွဲဖို့ပဲ

ခပ်တည်တည်ပေါ့
လူဖတ်နည်းတဲ့ကဗျာတွေ ရေးလို့
စေတန်ရဲ့မယားပါသားတွေ ပျော်နေပုံက
ငါတို့စီးကရက်ဖွာရင်း ဒူးလေးနန့်လို့ဖဲထိုင်ရိုက်နေသလောက်ပဲရှိပါသတဲ့
အဲဒီလိုလဲ တစ်ခါတစ်ခါ ဟောင်ဖွာဖွာနဲ့အော်ပြောတတ်သေးတာ ။

"ဖြတ်ထိုးလိုက်လို့ ရှိရှိသမျှနံရိုးတွေ အကုန်ကျိုးပြီး
ဆေးရုံကို တစ်ခါတည်း Go နေရမယ် "
အဲဒီလို လူမိုက်စကားကိုလည်း ပြောင်စပ်စပ်ရုပ်နဲ့ပြောတတ်တဲ့ကောင်လေ ။

အခုလောလောဆယ် ပြိုင်ကားတစ်စီးလောက်လိုချင်တယ်
ပေါက်လွှတ်ပဲစားကောင်တွေလို ပြိုင်မောင်းဖို့မဟုတ်ဘူး
သိပ်ရှည်နေတဲ့လျှာတွေပေါ် ဘီးရာထင်တဲ့အထိဖြတ်မောင်းမလို့
ပြီးရင်... သိပ်ဒေါင့်မကျိုးတဲ့လမ်းတွေကို အသေတိုက်သတ်ပစ်ဖို့ ။ ။

                                                           မောင်ရေချမ်း

Sunday, February 2, 2014

တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ

တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ

________________________________________________________

| တိမ်တွေပေါ် ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာဟာ ထူးဆန်းဖွယ်ရာ၊ကြည်နူးဖွယ်ရာ
သိမ်မွေ့ရာ အရာရာများဖြင့် စီးမျောလည်ပတ်။ တိမ်တွေပေါ်ရောက်သွားတဲ့ခဏက
အဲဒီ့ကမ္ဘာဟာ ကျယ်ပြန့်သော လွင်ပြင်များ၊ ကြည်လင်သောစမ်းချောင်းများ ၊
သန့်ရှင်းသော တိမ်တိုက်များ ၊ မွှေးသောစမ်းချောင်းများ ၊ စိမ်းမြသောတောအုပ်များ၊
ယဉ်ကျေးသောတောင်တန်းများ ၊ ၀ဖြိုးသော ချစ်ခြင်းများနှင့် လတ်ဆတ်သောအရာ
ရာ အားလုံး တိမ်တွေပေါ်ရောက်သွားတဲ့ခဏ အဲဒီ့ကမ္ဘာ |