Sunday, January 19, 2014

ဝမ်းနည်းခြင်းများ

အလင်းများ ပွင့်လာ
တံခါးများ ဖွင့်လာ
ဘယ်လို အသက်ရှူရမလဲ အရေးကြီးဆုံးပဲ
နင်နေတဲ့ အရိုးတွေ လည်ချောင်းထဲက အန်ချချိန်
ကမ္ဘာကြီးက အထာကြီးနဲ့လား
ကြယ်တွေကို မေးခွန်းတွေပို့ကြည့်ဖြစ်တယ်
ကောင်းကင်ဟာ တစ်ခြမ်းပဲ့လနဲ့ မှောင်ဖျော့ လင်းဖျော့လို့
ကမ္ဘာကြီးဟာ ရွာကြီးဖြစ်ခဲ့တာ ကြာပေါ့
ကျနော်တို့ ရွာရိုးကိုးပေါက် လျှောက်မသွားနိုင်ခဲ့ကြဘူး ။

                                      မောင်ရေချမ်း

မျိုးဆက်တစ်ဆက်သို့ မော့ကြည့်ခြင်း



◄ သူတို့ လူငယ်ဘဝ
စိတ်မရှည်ဖွယ်ခေတ်ကြောင့် ဆံပင်အရှည်တွေထားခဲ့ကြ
ငါတို့ လူငယ်ဘဝ
ယောင်္ကျား ၊ မိန်းမ ခွဲရခက်တဲ့ ဆံပင်တွေနဲ့ ဖလန်းဖလန်းထလို့

◄သူတို့ လူငယ်ဘဝ
ဗဒင် ၊ ထူးအိမ်သင် ၊ ခင်မောင်တိုး နဲ့
" ဝေးခဲ့ပြီ ပန်းခရမ်းပြာ " လမ်းဘေးအုတ်ခုံပေါ် သန်းခေါင်ကျော်ထိအော်ခဲ့ကြသတဲ့
ငါတို့ လူငယ်ဘဝ
လေးဖြူ ၊ အငဲ ၊ မျိုးကြီးနဲ့ တိမ်တွေပေါ်တက်ကြ အမှောင်ကိုဖြတ်ကြ
ဂျီလတ်သီချင်းတွေနဲ့ ချစ်သူကို ချစ်ပြ
တစ်ခါ တစ်ခါ Snare နဲ့ ခုန်ပေါက်အော်ဟစ် ဒဏ်ရာတွေကိုဝဲပစ်ခဲ့ကြ

◄ သူတို့ လူငယ်ဘဝ
ချစ်သူလက်ကို ကိုင်ဖို့ သုံးနှစ်သုံးမိုး သစ္စာတွေပျိုးခဲ့ကြ
ငါတို့ လူငယ်ဘဝ
ဖုန်းလေးတစ်ချက် ပုတ်တာနဲ့ အချစ်တွေ ပြုတ်ကျလို့

◄ သူတို့ လူငယ်ဘဝ
ရေဒီယိုလေးတွေ တဂျစ်ဂျစ်ဖွင့်လို့ ကမ္ဘာကြီးထဲကသတင်းတွေ တူးဆွခဲ့ကြ
ငါတို့ လူငယ်ဘဝ
ဂြိုလ်တုစလောင်းက ဘောလုံးပွဲတွေ မလွှတ်တမ်းကြည့်လို့ အာရုံကျ

◄ သူတို့ လူငယ်ဘဝ
"ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် " နဲ့ တွေ့ခဲ့ရ
"ကျောင်းဖွင့်ချိန်" ကိုရေးပြီး ကျောင်းပိတ်ချိန်ကို တော်လှန်ခဲ့ကြ
သူတို့လူငယ်ဘဝ
ပုဂံလမ်းပေါ်က ဇာတ်လမ်းတွေနဲ့
သစ်ပုပ်ပင်ကြီးနဲ့ ဦးချစ်လက်ဖက်ရည်ဆိုင်နဲ့
ငါတို့ လူငယ်ဘဝ
မြို့ပြင်ထုတ်ခံတက္ကသိုလ်နဲ့
Beer ဆိုင်နဲ့ ၊ KTV နဲ့ ၊ Club နဲ့ ၊ မာဆတ်နဲ့

◄ သူတို့ လူငယ်ဘဝ
ရပ်ကွက်ထဲမှာ ခုနစ်တန်းအောင်ဆို လူရှိန်ခဲ့ကြ
ဆယ်တန်းအောင်ရုံ အလုပ်ကောင်းကောင်းရလို့
ငါတို့ လူငယ်ဘဝ
ဘွဲ့လက်မှတ်ဟာ စက္ကူတစ်ရွက်ထက်မပိုခဲ့
လခနှစ်ပဲခြောက်ပြားအလုပ်တွေကို ရှာဖွေတန်းစီလို့


◄ သူတို့ လူငယ်ဘဝ
လုသွားခံရတဲ့ လူ့အခွင့်အရေးကို ပြန်လုဖို့ကြိုးစားခဲ့ကြ
ငါတို့လူငယ်ဘဝ
ရလာတဲ့ အိပ်မက်တွေကို ပုတ်ပုတ်ချလို့

◄ သူတို့ လူငယ်ဘဝ
စဉ်းစားတွေးခေါ်ခြင်းနဲ့ အာဏာရှင်ကို ဖီဆန်ခြင်းနဲ့
ငါတို့ လူငယ်ဘဝ
အရည်မရ အဖတ်မရ Roll Call ပြည့်ဖို့နဲ့ ၊ ရုတ်ရုတ်သဲသဲ သင်တန်းများနဲ့

◄ သူတို့သွေးများနဲ့ စစ်ထုတ်ပေးခဲ့တဲ့ လေများ
ငါတို့ ရှူရှိုက်ရသောအခါ သူတို့အား အားနာ
လေးစားစွာ ကြည်ညိုစွာဦးညွှတ်လို့ မေးခွန်းများစွာ ။

◄ သူတို့ လူငယ်ဘဝ
မျှော်ငေးလို့မ၀ ဖြစ်ခဲ့ရပေါ့
အခု... ခေတ်ကြီးတစ်ခေတ်လုံး ငါတို့ လက်ထဲ
ငါတို့ လူငယ်ဘ၀ရော ဘယ်လိုများလဲ ။ ။

                                                              မောင်ရေချမ်း

တစ်ယောက်တည်း တိမ်တွေပေါ်


ဘ၀မှာ အသေချာဆုံးက သေဖို့ပဲမို့
တရုတ်သိုင်းကားထဲက သိုင်းသမားလို ကိုယ်ကိုဖော့ထားလိုက်တယ်
တကယ့်ကို ပန်းပွင့်ပျော့ပျော့တွေထဲက ၀တ်မှုန်အိအိလေးဖြစ်နေခဲ့တယ်
မြင်မြင်ရာ အဖြူတွေ
မြင်မြင်ရာ ၀ိုးတ၀ါးတွေ
မြင်မြင်ရာ နံရံတွေ
မြင်မြင်ရာ ၀တ်လစ်စလစ်မိန်းမပျိုတွေ
မြင်မြင်ရာ ရယ်သံတွေ
မြင်မြင်ရာ အမှောင်တွေ
မြင်မြင်ရာ ဟောင်းလောင်းပေါက်တွေနဲ့
ညက လကိုဆွဲဆုပ်ဖမ်းယူနေသလိုမျိုးပေါ့
နေ့က နေကိုဆွဲစားဝါးယူနေသလိုမျိုးပေါ
ကိုယ် ရုန်းမထွက်နိုင်ခဲ့ပါ
ပေါ့ပေါ့ပါးပါးလေး အသက်ကိုရှူသွင်းနေတယ်
တကယ်ကို မောလွန်းပါတယ်။ ။

                               မောင်ရေချမ်း

ငါတို့ အမှောင်ထဲ



ဂီတာ တီးနေတယ် ဒါပေမဲ့ သီချင်း လုံးဝ မဆိုကြဘူး
ငြိမ်ငြိမ်လေးနဲ့ ငြိမ့်နေကြတာပေါ့
ကမ္ဘာကနေ ကမ္ဘားပေါ်အထိ
လေပြည်တွေကနေ မုန်တိုင်းတွေအထိ
တိမ်တွေပြိုကွဲမှုကနေ ပန်းပွင့်လွှာလေးတွေရဲ့ပွင့်ချပ်လွှာတွေပေါ်အထိပေါ့
ငြိမ့်ငြိမ့်လေးနဲ့ ငြိမ်နေပုံများ
တစ်ယောက်အသက်ရှူသံ တစ်ယောက်ကြားနေရ
အသီးစားပြီး ခရီးသွားလို့ရကြောင်းသေချာလွန်းတယ်လို့ တစ်ယောက်ကပြောတယ်
ဒီလိုနဲ့ အမှောင်ထဲ တစ်ယောက်ကိုတစ်ယောက်မသဲကွဲခဲ့ကြဘူး ။ ။

                                 မောင်ရေချမ်း