Thursday, September 11, 2014

အရည်မရ အဖတ်မရ ရန်ကုန် ၊ ရေခဲစိမ်နေပြည်တော် !



ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုတော့
လယ်သမားတွေက ရယ်ကြတယ်
ရန်ကုန်က အလုပ်လက်မဲ့လူငယ်တွေက အဲဒီ့စကားလုံးတွေပေါ်ကွမ်းတံထွေးတွေ ထွေးချလိုက်တယ်
ရဲ ခနဲ

ကောင်းကင်ဆိုလည်း
ကြယ်တွေသန့်မှ ကြည့်လိုကြတဲ့ခြေထောက်တွေကတော့ လမ်းပေါ်မှာ

“မိဘပြည်သူများ..ခင်ဗျာ” ဟာ
မိဘများအတွက် အရည်လည်းမရ ၊ပြည်သူများအတွက် အဖတ်လည်းမရ

သားဆိုးလူမိုက်များကို အမွေဖြတ်စွန့်လွှတ်ကြောင်းကို
မိဘဖြစ်တဲ့ပြည်သူများက သတင်းစာတွေထဲကနေကြေညာထည့်တယ်
စာမဖတ်တတ်တဲ့သားများက ဖတ်ရပုံမရရှာ

ပေါက်လွှတ်ပဲစားစိုက်ထားတဲ့
၂၀၀၈ ညစ်တီးညစ်စုတ်သစ်ပင်ကြီးကို ခုတ်ချပေးဖို့ ရန်ကုန်ကအော်ပြန်တယ်
နေပြည်တော်က ၀ီစကီပုလင်းလေးငဲ့ပြီး ခေါင်းခါတယ်
စီးကရက်လေး…အေးအေးလူလူဖွာပြီး ဒူးနန့်နေပြန်တယ်
ပြီးတော့…ရန်ကုန်နှင့်တကွတခြားမြို့ကလေးများကို သနားစဖွယ်ဆိုတဲ့အပြုံးနဲ့လှောင်တယ်

ရန်ကုန်ကထုတ်တဲ့ သတင်းစာဂျာနယ်တွေမှာ
စစ်ဘေးဒုက္ခသည်များဓာတ်ပုံနဲ့
ကျူးကျော်သူအိုးမဲ့အိမ်မဲ့များဓာတ်ပုံနဲ့
ဘာသာရေးဖဲချပ်အောက် မီးတောက်သွားသောမြို့ ၊ ရွာများဓာတ်ပုံနဲ့
အဲဒီ့ဓာတ်ပုံတွေကို နေပြည်တော်က အိပ်မပျော်တဲ့အခါ ထုတ်ထုတ်ကြည့်တယ်
ပြီးတော့ အိပ်ရေး၀၀အိပ်တယ်

ရန်ကုန်က ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ဖို့ကြိုးစားပြန်တယ်
နေပြည်တော်က အားရပါးရလက်ခုပ်တီးပြီးသြဘာပေးတယ်
ပြီးတော့
ကိုယ့်ဒုက္ခကိုယ် ဆယ်ဖို့မေ့နေတဲ့အသက်ရှူသံတွေကို ဇိမ်လေးခံပြီးကြည့်နေရှာတယ်။ ။

                            မောင်ရေချမ်း
ပဲ့တင်သံဂျာနယ် ၊ အမှတ်(၆၁) စက်တင်ဘာ ၂၀၁၄

Monday, July 21, 2014

ညစာတိုကျပှဲ

( ၁ ) ထမင်းသုပ်၊ လက်ဖက်ထမင်း၊ ကြာဇံကြော်၊ မြင်းခွာရွက်သုပ်၊ မုန့်ဟင်းခါး စသည်များသည် ညစဉ် သူစားနေကျဖြစ်သော သမားရိုးကျ ညစာများဖြစ်သည်။ တစ်ခါတရံ အရက်ဆိုင်ဖြစ်စေ၊ ဘီယာဆိုင်ဖြစ်စေ တကူးတက လည်းကောင်း၊ ခရီးသွားဟန်လွှဲ လမ်းကြုံ၍လည်းကောင်းရောက်ဖြစ်ပါက ထို၀ိုင်းများတွင် မှာယူထားသော အမြည်းပွဲတချို့မှာလည်း သူ့ညစာဖြစ်ခဲ့သည်။ မထူးခြားသော သာမန်လူတစ်ဦးအတွက် သာမန်ညစာများပင် ဖြစ်ပါသည်။ ပုံမှန်လိုလိုပင် ညဦးပိုင်းစွန်းစွန်း၌ သူ့နေထိုင်ရာ အခန်းကျဉ်းလေးသို့ မရောက်ရောက်အောင် ပြန်ဖြစ်သည်။ မဖြစ်ဖြစ်အောင် ပြန်သည်။ ထို့နောက် သာမန်ညအိပ်၀င်ခါနီးများအတိုင်း မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်၍ အိပ်ယာ၀င်လေ့ရှိသည်။ ပြောလိုသည်မှာ သူ့နေ့စဉ်ဘ၀သည် သာမန်အတိုင်း မထူးခြားစွာ လည်ပတ်နေကြောင်းပင်။ သို့သော် ထူးဆန်းလွန်းသည်မှာ သူ့တွင် လူမသိ၊ သူမသိ အိပ်မက်အစိုင်အခဲတချို့ရှိပါသည်။ ထိုအိပ်မက်များသည်လည်း အကြောင်းအရာ တစ်ခုတည်းသာ။ သူ့ဒိုင်ယာရီထဲတွင် သာမန်လူများအတိုင်း ရက်သတ္တပတ်တစ်ခုတွင် ခုနှစ်ရက်ရှိပါသည်။ သို့သော် ထိုခုနှစ်ရက်ရှိ ငါးရက်ခန့်တွင် သူဆယ့်လေးနှစ်သားခန့်က အဖြစ်အပျက်တို့သည် အိပ်မက်ဆိုးများအဖြစ် ၀င်ရောက်ကြီးစိုးနေတတ်သည်။ ( ၂ ) ကြမ်းရှသောလက်တစ်စုံ။ ဖောင်းခနဲအသံဖြင့် လည်ထွက်သွားသောမိသားစုထမင်းဝိုင်း။ ပျံ့ကြဲဖိတ်စင် သွားသော ထမင်းလုံးများ၊ ဟင်းခွက်များ။ ‘ အင့် ’ ခနဲရှိုက်သံ။ တစ်ချက်တစ်ချက် လည်ပင်းကြောများထောင်လုပင် မျက်ရည်မထွက်ဘဲ ကြိတ်ငိုနေသော ညီမလေး၏ ၀မ်းနည်းမှု လှိုင်းများ။ ဧရိယာကျဉ်းကျဉ်းလေးထဲသို့ မုန်တိုင်းကြမ်း တစ်ခု မွှေနှောက်တိုက်ခတ်သွားသည့်ပမာ ဆဲဆိုကြိမ်းမောင်းသံများ။ မိခင်ဖြစ်သူ၏ သွားများကို ကျစ်ခနဲ၊ ကျစ်ခနဲ စေ့ထားသံ။ ရုပ်မြင်သံကြားမှသတင်းကြေညာသံကို ဖုံးလွှမ်းကျော်လွန်၍ ပန်းကန်များ၊ အိုးခွက်များ ကျကွဲသံ။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် စွပ်စွဲအပြစ်တင်သံ။ သခင်ဖြစ်သူများ၏ ပကတိအခြေအနေကို မသိရှာလေသော ကြောင်ငယ် လေးများ၏ တညောင်ညောင်အစာတောင်းသံ။ ‘ ဘုန်း ’ ခနဲ၊ ‘ ဗြန်း ’ ခနဲ အသံအောက်တွင် ထိုကြောင်ငယ်လေးများ နားမလည်နိုင်စွာဖြင့် အဝေးသို့လွင့်ထွက်သွားပုံများ။ ( ၃ ) သူ ‘ မငိုဘူး ’ ဟု အားတင်းထားသည်။ ထိုသို့အားတင်းထားလျက်ပင် မျက်ရည်များသည် ဝေါခနဲသွန်ကျလာသည်။ ( ၄ ) ကြာခဲ့လေပြီ။ ကြာခဲ့လေပြီဖြစ်သည်။ ( ၅ ) အိမ်မက်ဆိုးတစ်ခုအဖြစ်သာ ချန်ထားလိုပါသည် ( ၆ ) ငယ်စဉ်ကဘောလုံးကန်ရာ၊ မိုးရွာလျှင် ပြေးလွှားခုန်ပေါက်၍ ပျော်ရွှင်စရာလမ်းသွယ်လေးဖြစ်ပါသည်။ ထိုလမ်းသွယ်လေးသည် သူမရောက်ဖြစ်သော ကာလပေါင်းကြာကြာတွင် များစွာပြောင်းလဲသွားလေပြီ။ သူနှင့်စိမ်းသော အိမ်များလမ်းထဲတွင်နေရာယူထားကာ ညသည် တိတ်ဆိတ်ထုံ,အ နေပါသည်။ သူရင်းနှီးခဲ့သော အိမ်အိုလေးရှေ့တွင် စက်ဘီးကို ဒေါက်ထောက်လိုက်သည်။ အိမ်ထဲသို့ မျက်လုံးကို သိသာစွာပင့်ကြည့်လိုက်သည်။ သည်အချိန်ဆို ဤအိမ်ထဲရှိ သက်ရှိများ အိပ်မောကျနေမည်ဖြစ်ကြောင်း ဗေဒင်မေးစရာမလိုဘဲ သူအတပ်သိလိုက်သည်။ သူ့အတွက်တော့ အခွင့်ကောင်းပင်ဖြစ်သည်။ အိမ်ထဲတွင် ဘုရားကျောင်းဆောင်၏ ပြာလဲ့လဲ့မီးရောင်တစ်ခုသာလင်းပနေသည်။ ခြံ၀င်းတံခါးကို ဂျက်ဖြုတ်၍ စက်ဘီးတစ်စီး ၀င်သာရုံ တွန်းဖွင့်လိုက်သည်။ ပြီးနောက် လမ်းပေါ်မှ စက်ဘီးကို ဒေါက်ပြန်ဖြုတ်ကာ အိမ်၀င်းထဲသို့ တွန်း၀င်လိုက်သည်။ အသံထွက် သွားမည်စိုး၍ စက်ဘီးသံရော၊ ခြေသံရော လုံတိတ်အောင် အတင်းအကြမ်းကြိုးစားနေမိသည်။ သူအိမ်ထဲသို့ ခိုး၀င်လာခြင်းဖြစ်သည်။ ခိုး၀င်လာသောအိမ်မှာ သူ့အိမ်ပင်ဖြစ်ကြောင်း တစ်ခြားသူများသိသော် အံသြရယ်မောကြပေလိမ့်မည်။ ( ၇ ) အိမ်ပေါ်သို့ တိတ်တိတ်လေးခိုးတက်သွားသည်။ ရက်ပေါင်းများစွာ အားတင်းထားသမျှတို့သည် အခုတော့ နုံးခွေ၍ ထိတ်ထိတ်ပြာပြာဖြစ်နေရသည်။ သူနှင့် သူစိမ်းသက်သက်ဖြစ်နေသည်မှာ ကြာပြီဖြစ်သော ဧည့်ခန်းကို တစ်ချက်ဝေ့ကြည့်သည်။ သူအမြဲလိုလို သတိတရ ရှိခဲ့သည့် မိသားစုဓာတ်ပုံတချို့မှာမူ သူ့စိတ်ကူးထဲကအတိုင်းပင် နံရံပေါ်တွင် ရွဲ့ကာစောင်းကာ ချိတ်ဆွဲထားလျက် ရှိမြဲပင်။ မကြည့်မိရန် သူ့ကိုယ်သူ သေချာသတိပေးတားမြစ်ထားသည့်ကြားမှ စက္ကန့်တော်တော်ကြာ သူမောဟိုက်စွာ ငေးငိုင်ကြည့်မိသွားသေးသည်။ ရင်ဘတ်ကို တွန်းကန်ထွက်လာသော သက်ပြင်းထုထည်များကို ပြန်၍ မသိမသာမျိုချပစ်ရသည်။ မောနေပါသည်။ ပင်ပန်းနေပါသည်။ ယခုပင်လျှင် အထပ်မြင့်ပေါင်းများစွာကို ပြေးလွှားခုန်တက်လာခဲ့သည့် လူတစ်ယောက်ပမာ သူ့ရင်သည် သိသိသာသာ မောနေခဲ့သည်။ မီးခလုတ်ကို ယောင်ယမ်း၍ ဖွင့်မိမလိုဖြစ်သွားသောလက်ကို ပြန်ရုတ်လိုက်သည်။ ဤအိမ်၏မည်သည့် နေရာတွင် မည်သည့်ပစ္စည်းရှိကြောင်း စေ့စပ်တိကျစွာသိပြီး သူတစ်ယောက်အတွက် မီးရောင်သည် မလိုအပ်ပါ။ အမှောင်ထဲတွင် တွန်းမိတိုက်မိစရာပစ္စည်းများကို သူရှောင်ကွင်း၍ သွားနိုင်ပါလိမ့်မည်။ ( ၈ ) သက်ဆိုင်သည်လား၊ မသက်ဆိုင်သည်လားမသိ။ သူ့မိတ်ဆွေတစ်ဦးပြောသော စကားတချို့ကို ပြန်ကြားယောင်မိသွားသည်။ “မိဘနဲ့ အဆင်မပြေတဲ့ သားသမီးဆိုတာ အိမ်နဲ့ဝေးရာကို သွားဖို့ ကြိုးစားမှာပဲ” သူခေါင်းခါလိုက်သည်။ ဤအိမ်ထဲတွင် အဆင်ပြေသောသားသမီးများအိပ်စက်နေပါလိမ့်မည်။ အိပ်စက်နေပါစေ ဟုလည်း သူဆုတောင်းမိသည်။ ( ၉ ) ဧည့်ခန်းကို ဖြတ်ကျော်လာခဲ့သည်။ ထမင်းစားပွဲရှိရာကို သူတည့်မတ်စွာ လျှောက်သွားဖြစ်၏။ မီးရောင် လုံး၀မရှိသည့် အမှောင်ထဲတွင် သူ့မျက်လုံးက ပြောင်လက်စူးရှနေလိမ့်မည်။ ထမင်းစားပွဲကို စက်ဝိုင်းသဏ္ဌာန်ပတ်၍ သူလှည့်လျှောက်ကြည့်နေမိသည်။ ထို့နောက် အုပ်ဆောင်းကို အသာအယာလှပ်လိုက်သည်။ အုပ်ဆောင်းအောက်မှ ထွက်လာသည့် ဟင်းနံ့မွှေးမွှေးက သူ၏ဂန္ဓာရုံကို နှိုးဆွမြူဆွယ်ပြန်၏။ မည်သည့်ဟင်းမှန်း သူမသိပါ။ ပန်းကန်ပြားတစ်ချပ်ကို အသံမကြားအောင် အသက်အောင့်၍ ဆွဲထုတ်လိုက်သည်။ ကြွေပန်းကန်ချင်း ချပ်ခနဲပွတ်တိုက်သွားသံက သူ့နားထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသံပမာ မြည်ထန်သွားသည်။ အသက်မရှူဘဲ အောင့်ထားသော ၀င်သက်၊ ထွက်သံကို ဟင်းခနဲမြည်အောင်ပင် မှုတ်ထုတ်လိုက်မိ၏။ သူ့အနားတွင် ခြင်တို့ တဝီ၀ီ အော်နေသံမှအပ ပကတိတိုးတိတ်လျက်။ ( ၁၀ ) ဘုရားကျောင်းဆောင်ရှေ့ အိမ်ဦးခန်းထဲတွင် သူ၏ဖခင်ဖြစ်သူ တိတ်ဆိတ်စွာ အိပ်မောကျနေပါ လိမ့်မည်။ သို့သော် တစ်ချက်တစ်ချက် လည်ချောင်းယား၍လားမသိ၊ ချောင်းဟန့်သံသည် အမှောင်ထုကို ဖြတ်ကာ ‘ဟုန်း’ ခနဲ၊ ‘ဟုတ်’ ခနဲ ထွက်ထွက်လာတတ်သည်။ တစ်ချက်တစ်ချက် တိုးကာကျယ်ကာ စကားသံတချို့လွင့်ပျံလာ သေး၏။ အိပ်နေရင်း ယောင်မိခြင်းပင်ဖြစ်လိမ့်မည်။ ငယ်စဉ်က သူရင်းနှီး ကျွမ်း၀င်ခဲ့သော သူ့ဖခင်၏ သူရုပ်အတိုင်းပင် ယောင်ယမ်းနေသည့် စကားလုံးတချို့တွင် ထူပြိန်းနေသော အတ္တဝေါဟာရများ ပေကျံပျော်၀င်နေပါသည်။ ( ၁၁ ) ကြွေပန်းကန်ထဲသို့ ဇလုံထဲတွင် ထည့်ထားသော ထမင်းခဲများကို ဖဲ့ခူးထည့်လိုက်သည်။ ဟင်းခွက် နှစ်ခွက်ထဲမှ တွေ့သမျှ ဟင်းတို့ကို ထမင်းပေါ်ပုံလိုက်သည်။ ထို့နောက် ဇွန်းဖြင့် ခပ်ကာ ထမင်းတစ်လုတ်ကို ပါးစောင်ထဲတွင် မြုံထားမိသည်။ သူမျိုမချဖြစ်သေး။ သူမျိုချရန် အားယူနေသော သူ့လည်ချောင်းသည် တစ်ဆို့နေပါသည်။ လျှာများ၏သတင်းပေးပို့မှုကြောင့် သူဝါးနေသော ထမင်းနှင့်ဟင်းသည် မိခင်ဖြစ်သူ ချက်ထားမှန်း သေချာစွာ သိလိုက်ရသည်။ သူ ‘ဆက်’ ခနဲ ထမင်းပန်းကန်ကို ချလိုက်မိသည်။ ထို့နောက် . . . ( ၁၂ ) အိမ်၏တစ်ခုတည်းသော အိပ်ခန်းထဲသို့ သူ့ခြေလှမ်းများက လှမ်းမိလျက်သားဖြစ်နေသည်။ အိပ်ခန်း အပေါက်၀အရောက်တွင် ခြေဖျားကို တကူးတကထောက်ကာ အခန်းတွင်းသို့ သူ့အကြည့်က လွင့်ဝဲရောက်သွားမိ၏။ ပန်းနုရောင်ခြင်ထောင်ပါးလေးတစ်လုံး ထောင်လျက်သား။ အထဲတွင် သူ့မိခင်နှင့် ညီမလေး နှစ်ခြိုက်စွာ အိပ်မောကျ နေသည်။ အိပ်ခန်းအပေါက်၀တွင်မိန်းကလေးသုံးအလှပြင်ပစ္စည်းတချို့လဲကာထောင်ကာနေရာယူထားသည်ကို တွေ့လိုက်ရသည်။ သူ့မိခင်သည် နိုင်ငံခြားဖြစ်အလှကုန်ပစ္စည်းများကို သုံးတတ်သည်မဟုတ်ကြောင်း သူ ငယ်စဉ်ကပင် သိပြီးဖြစ်သည်။ ယခုမြင်တွေ့နေရသော အလှပြင်ပစ္စည်းများမှာ သူ့ညီမလေးသုံးစွဲရန် မိခင်ဖြစ်သူ ၀ယ်ပေးထားခြင်းဖြစ်ကြောင်း မည်သူမှမပြောဘဲ သူသိလိုက်သည်။ ထိုအလှပြင်ပစ္စည်းဘေးတွင် ကျောက်ပျဉ်တစ်ချပ် သည် သိမ်ငယ်စွာရှိနေပါသည်။ ကျောက်ပျဉ်ပေါ်တွင် သွေးပြီးသား သနပ်ခါးအနှစ်များနှင့် သနပ်ခါးတုံးတစ်တုံးကို တင်လျက်သားတွေ့ရသည်။ သေချာလွန်းပါသည်။ မနက်စောစော ညီမလေးကျောင်းသွားချိန်တွင် လူးပေးရန် မိခင်ဖြစ်သူသည် ယနေ့ညနေပိုင်းတည်းက အဆင်သင့်သွေးထားခြင်း ဖြစ်ပေလိမ့်မည်။ သူ မူလတန်းကျောင်းသား အရွယ်က မိခင်ပေါင်ပေါ်တွင် မျက်နှာကိုမော်ကာ သနပ်ခါးလူးပေးသည်ကို ဇိမ်ကျစွာခံခဲ့သည်ကို နှမြောတမ်းတစွာ သတိရဖြစ်သေးသည်။ တစ်ခါတစ်ခါ မိခင်ဖြစ်သူမှ ပါးကိုလိမ်ဆွဲ၍ ‘သား . . .သား၊ ပါးစပ်ဟ’ ဟုဆိုကာ ပါးစပ်ထဲသို့ သနပ်ခါးနှစ်များ ခွံ့ခဲ့သည်ကို ကြည်နူးရွှင်ပျစွာ သတိရလျက် ယခုချက်ချင်းပင် နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ တံတွေးများ မျိုချလိုက်မိ၏။ မိခင်ဖြစ်သူအိပ်စက်နေသည်ကို သူငေးကြည့်နေမိပြန်သည်။ အိပ်ခန်းလေးကိုလည်း ဝေဆွေးမှုန်ဝါးစွာ ဝေ့ကြည့်မိ၏။ ငယ်စဉ်က မနက်ကျောင်းမသွားမီ ယခုအိပ်ခန်းထဲသို့ သူ၀င်ရောက်၍ လွယ်အိတ်ကိုယူခဲ့သော သူ့ပုံရိပ် များ။ ပြီးနောက် အခန်းပြတင်းပေါက်မှ ဖြာဆင်းနေသော နံနက်ခင်းနေခြည်အောက်တွင် နုဝါညက်ညောနေတတ်သည့် မိခင်၏ပါးပြင်ကို လှစ်ခနဲ မွှေးကြူကာ နှုတ်ဆက်ခဲ့မြဲ။ အခုတော့ ပါးစပ်ကလေးဖွင့်ဟကာ အိပ်ပျော်နေရှာသော မိခင်ဖြစ်သူကို ခိုးကြောင်ခိုးဝှက် ငေးမောကြည့်ရသည်မှာ အိပ်မက်ဆန်လွန်းလှပါသည်။ ငယ်စဉ်က ညက်ညောဝါစင် သည့် မိခင်၏ပါးပြင်သည် ယခုမူ လှေကားထစ်စိုက်ခင်းများ စိုက်ပျိုးထားသော တောင်စောင်းတစ်ခုကို ကြည့်ရသလိုပင် အရေးအကြောင်းများ မင်းမူနေလေပြီ။ ယခင်က သူနမ်းမွှေးခဲ့သော စိမ်းမြညိုမှောင်သည့် ဆံနွယ်စများသည် ယခုမူ ကွမ်းရွက်စိမ်းလေးပေါ်တွင် ထုံးရည်ကြည်များ ပတ်ဖျန်းထားသလို ဟိုတစ်ကွက်၊ သည်တစ်ကွက် ဖွေးဖြူနေလေပြီ။ ( ၁၃ ) မည်သည့်အရာကို ၀မ်းနည်းမှန်းမသိသော ခံစားမှုတိမ်လွှာတို့သည် တလိပ်လိပ်ထလာ၏။ သူ့စိတ်က သွားရန်အားယူနေစဉ်မှာပင် ခြေလှမ်းတို့က ခြင်ထောင်အနားသို့ တိုးကပ်သွားသည်။ ခြင်ထောင်ထဲက မိခင်ဖြစ်သူသည် တစ်ချက်လူးလွန့်ကာဘေးသို့စောင်းအိပ်လိုက်သည်။ကုတင်တန်းပေါ်တွင်အင်္ကျီအပါးလေးတစ်ထည် လွှားလျက်တင်ထားသည်ကိုသူတွေ့လိုက်သည်။ လေးပင်သောလက်များက သွက်လက်စွာ ကောက်ယူမိလျက်သားဖြစ် သွား၏။ သူကိုယ်တိုင်ပင် မထင်မှတ်သော အပြုအမူကို သူလုပ်ဖြစ်သွားသည်။ ထို အင်္ကျီပါးနွမ်းနွမ်းလေးကို သူ့နှာခေါင်း၀သို့ တေ့ဆိုင်ကာ အားရပါးရ အသက်ရှူလိုက်ခြင်းဖြစ်သည်။ ငယ်စဉ်က စွဲလမ်းမွှေးမြခဲ့သော မိခင်၏ ကိုယ်နံ့၊ သူ့ကို လူလားမြောက်အောင် ရင်းနှီးခဲ့သော ချွေးနံ့များ။ မွှေးမြလွန်းပါသည်။ သူ အားရအောင် နမ်းမွှေးပြီးမှ ခြင်ထောင်အပါးမှ ဖယ်ခွာလာခဲ့သည်။ အိပ်ခန်းထဲမှ ထွက်ခဲ့သည်။ မိခင်ဖြစ်သူ၏မေတ္တာရနံ့များ သူ့ခန္ဓာကိုယ်ထဲသို့ အားကောင်းမောင်းသန် စီး၀င်သွားပြီး ဖြစ်ပါလိမ့်မည်။ ( ၁၄ ) ထမင်းပန်းကန်ကို ကိုင်လိုက်ချိန်မှာပင် တိတ်ဆိတ်နေသောအမှောင်ထဲမှချောင်းဟန့်သံက သူ့နားထဲ တွင် မိုးကြိုးပစ်လိုက်သလို ကျယ်လောင်စူးရှစွာ။ နှလုံးခုန်သံများကို ရင်ဘက်လမ်းတစ်လျှောက် ကြားနေရပြန်သည်။ အယောင်ယောင်အမှားမှားဖြစ်ကာ လက်ထဲတွင်ကိုင်ထားသော ဇွန်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သတ္တုဇွန်းနှင့် ကြမ်းပြင် ထိခတ်သံက ‘ချွင်’ ခနဲ ထအော်သည်။ သူအလန့်တကြားဖြင့် အမှောင်ကို မဝံ့မရဲ ကြည့်နေမိသည်။ မူလအတိုင်း ဆွံ့,အ,တိတ်ဆိတ်သွားသောအခါမှ ဇွန်းကို သူပြန်ကောက်ကာ ထမင်းပန်းကန်ထဲ ပြန်နှစ်လိုက်သည်။ ထို့နောက် ထမင်းတစ်လုတ်ကို ခပ်ယူ၍ အားရပါးရစားလိုက်သည်။ ထို့နောက် … နောက်ထပ် တစ်လုတ်။ ထို့နောက် … နောက်ထပ်တစ်လုတ်။ ထို့နောက် … ထမင်းအလုတ်ပေါင်းများစွာ။ ( ၁၅ ) ထမင်းပန်းကန်ထဲတွင် ထမင်းလုံးတစ်စေ့မှ မကျန်အောင်ပင် ပြောင်တလင်းသွားပြီ။ သူ ကျေနပ်သော အပြုံးဖြင့် ပြုံးလိုက်သည်။ ထို့နောက် အသံထွက်အောင်ပင် အားရပါးရ ရယ်ချပစ်လိုက်သည်။ သူ့ရယ်သံအဆုံးတွင် ချောင်းဟန့်သံက ထပ်ကြပ်မကွာ လိုက်လာသည်။ အုပ်ဆောင်းကို ပြန်လှပ်ကာ စားပြီးထမင်းပန်းကန်ကို အသံမြည် အောင်ပင် တမင်ပစ်ချလိုက်သည်။ သူ ငယ်စဉ်ကလုပ်လေ့ရှိသော အပြုအမူပင်ဖြစ်သည်။ ကလေးဘ၀သို့ သူပြန်ရောက်သွားသလို ခံစားရသည်။ သို့သော် ကျယ်လောင်သော စကားသံက လက်ရှိအချိန်ဖြစ်ကြောင်း သတိပေးလိုက်၏။ ( ၁၆ ) “ဘယ်သူလဲ .. သားကြီးလား’’ ဘုရားကျောင်းဆောင်ရှေ့ခြင်ထောင်မှ ‘ဝုန်း’ ခနဲ ထလာသံနှင့်အတူ ကျယ်လောင်စူးရှသည့် မေးခွန်းသံက သူ့နှလုံးအိမ်ထဲကို ညင်သာမှုကင်းစွာ ၀င်လာ၏။ သို့သော် သူကျေနပ်ပြုံးပြုံးကာ ချာခနဲကျောခိုင်းလိုက်သည်။ တံခါး၀ကို မျက်နှာမူပြီး ဖြစ်၏။ “ဟေ့ကောင်” ခေါ်သံမှာ ကြမ်းရှ။ မဟုတ်သေးပါ။ ခေါ်သံမှာ ကြမ်းရှသိမ်မွေ့လွန်းနေပါသည်။ သို့သော် နောက်ဆက်တွဲ မည်သို့ပြောလိုက်သည်ကို သူ မကြားရပါ။ တိုးတိမ်၀ပ်ဆင်းသွားသည် ဟု ဝုိးတဝါး ထင်မိပါသည်။ သူ လှည့်မကြည့်မိ အောင် စိတ်ကိုတင်း၍ ရှေ့သို့တစ်လှမ်း လှမ်းသည်။ သူ့မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်ပစ်လိုက်သည်။ သေချာလွန်းပါသည်။ သူ့မျက်လုံးတို့ နီရဲ၍ နေပေလိမ့်မည်။ “မင်း ဘာလာလုပ်တာလဲ” ထပ်မံ၍ကြားရသော မေးခွန်းက မာကျောလွင့်ခါနေသော်လည်း အက်ကွဲတုန်ရီနေမှန်း သူသတိထားမိသည်။ သို့သော် အမေးကို အမေးဖြင့်သာ ပြန်လည်တုံ့ပြန်၍ ကျဲတောက်သော ခြေလှမ်းများဖြင့် ခြံ၀င်းအတွင်းမှ စက်ဘီးကို ဒေါက်ဖြုတ်ကာ မြန်ဆန်စွာတွန်းထွက်လာခဲ့သည်။ “မင်းဆာပြီး ငတ်တဲ့အခါ ပြန်လာခဲ့လို့ အဖေ ပြောထားတယ် မဟုတ်လား။ အခုငတ်လို့ ထမင်းလာစားတာ။ လာလို့မရဘူးလား” နောက်ထံပါးတွင် တစ်လုံးချင်းပြောလိုက်သော သူ့စကားသံက အဖေ့အတွက်ချွန်မြထိုးခွဲ၍ ကျန်ခဲ့မည် ဖြစ်ကြောင်း သူအတပ်သိလိုက်သည်။ သူ့စိတ်တွင် ပတ်၀န်းကျင်သည် လေပြည်နုနုများတိုက်နေသံပါရပ်ဆိုင်းသွားသလို ထင်ရ၏။ အိမ်အပြင်ရောက်၍ စက်ဘီးကို နင်းကာထွက်လာသောအခါ တိုးကာ ကျယ်ကာ ကြားလိုက်ရသော စကားသံများကို သူလိုက်လံဖမ်းဆုပ်၍ မနေတော့ပါ။ “မိန်းမရေ .. မိန်းမ .. သားကြီး သားကြီး.။ နင်ချက်တဲ့… ထမင်းကို။ လာခိုးစားသွားတယ် အိမ်ထဲကို .. ခိုးပြီး .. ၀င်လာတာ” လေထု၏တုန်ခါမှုကြောင့်ပင် ဖြစ်ပါလိမ့်မည်။ အသံလှိုင်းတို့သည် တုန်ခါလှိုင်းထနေကြောင်း သူခံစားရသည်။ စက်ဘီးကို ဒရောသောပါးအလျင်ဖြင့် သူနင်းထွက်လာခဲ့သည်။ ကျန်ခဲ့ပြီးသော အိမ်လေးထဲတွင် မုန်တိုင်းနုနုတစ်ခု တိုက်ခတ်သွားခဲ့ပြီးဖြစ်ကြောင်း သူအတပ်သိ လိုက်ပါသည်။ ( ၁၇ ) အိမ်ထဲမှ ပြန်ထွက်လာသော သူ့ခြေလှမ်းများသည် နန်းတော်ပေါ်မှ လောလောလတ်လတ် ဆင်းလာ သော မင်းသားတစ်ပါး၏ ခြေလှမ်းများပမာ မောက်မောက်မာမာ ဖြစ်နေပါလိမ့်မည်။ အပြုံးတစ်ခုကို လုပ်ကြံ၍ သူအားရပါးရပြုံးပစ်လိုက်သည်။ စိတ်ထဲတွင် ကာလပေါင်းများစွာ ဆင်နွှဲခဲ့သော အိပ်မက်တိုက်ပွဲတစ်ခုကို သူအောင်မြင်ခဲ့လေပြီ။ ( ၁၈ ) သူ့အခန်းကျဉ်းလေးသို့ ပြန်ရောက်ခဲ့၏။ ဆီးကြိုသူမရှိသော အခန်းငယ်လေးက သူ့ကိုလှောင်နေသယောင်။သူ့ကိုယ်သူ မလုံမလဲ ရှက်ရွံ့နေမိသည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ခိုးမှုကြီးတစ်ခုကို ကျူးလွန်ခဲ့သလို သူခံစားရသည်။ သို့သော် စိတ်ကျေနပ်မှု၊ ကြည်နူးမှုများစွာဖြင့် ထပ်မံပြုံးမိသည်။ ယနေ့ညတွင် သူသည် တစ်ခါတစ်ရံ လိုချင်ခဲ့ဖူးသော မိသားစုချစ်ခြင်းမေတ္တာကို တိတ်တိတ်လေး ခိုးယူနိုင်ခဲ့ကြောင်း သူမှလွဲ၍ မည်သူမှ သိမည်မဟုတ်ပါ။ သို့သော် အမေကတော့ ပြုံးနေလိမ့်မည်ဖြစ်ကြောင်း အမှောင်ထဲမှာပင် သူမြင်လိုက်ရသည်။ မောင်ရေချမ်း ကလျာမဂ္ဂဇင်း ၊သြဂုတ်လ၊၂၀၁၄

Wednesday, July 9, 2014

ပျော်စရာ ရွှင်စရာ မြို့တော်၏ မိုးရာသီကာလ


(၁)
ထိုမြို့တော်၏ အမည်နာမကို “ရေပေါ်မြို့” ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်တော့မည်ဖြစ်ကြောင်း သတင်းစာများ၊
ရုပ်မြင်သံကြားလိုင်းများ၊ ရေဒီယိုများမှတစ်ဆင့် “အထူးသတင်းတစ်ရပ်” အနေဖြင့် ကြေညာသွားသည်။
မြို့သူမြို့သားများ
အလွန်တရာပျော်ရွှင်ကြသဖြင့် တချို့ခုန်ပေါက်ကြ၏။
တချို့က လမ်းပေါ်ထွက်၍ပင် ပြေးလွှားပျော်မြူးကြသေးသည်။ သို့သော် လမ်းပေါ်ထွက်သော်လည်း ခြေထောက်နှင့်မြေကြီးသည် တိုက်ရိုက်ထိတွေ့ခွင့် မရချေ။ အဘယ်ကြောင့်ဆိုသော် ခြေထောက်နှင့်မြေကြီးကြားဝယ် ရေလွှာက ခြားထားသောကြောင့်ပင်တည်း။
လမ်းများ၊ လမ်းများတွင် ရေများပြည့်လျှံနေပါသည်။
(၂)
ရုပ်မြင်သံကြားမှ သတင်းကြေညာသူ မိန်းမပျိုလေးသည်
သတင်းကြေညာနေစဉ်မှာပင် လက်ထဲမှ စာရွက်ပြုတ်ကျသွား၍ ပြန်ကောက်လိုက်ရသည်။
သူ့လက်ထဲပါလာသော စာရွက်သည် ရေစက်လက်ဖြင့် ရွှဲနစ်အိစိုနေလျက်။
ပြီးနောက် ထိုမိန်းမပျိုလေးမှ “ဟီး” ခနဲ တစ်ချက်ရယ်၍ တစ်ဆက်တည်းမှာပင် သူမတို့ အသံလွှင့်ရုံအတွင်းတွင်လည်း ရေများဝင်လျက်ရှိကြောင်း မဆီမဆိုင် ယောင်ယမ်း၍ ထည့်သွင်းကြေညာသွားသေးသည်။ သူမကို ကင်မရာမှ တစ်ကိုယ်လုံးပေါ်အောင် ရိုက်ပြတော့ ဒူးခေါင်းကျော်အထိ ရေထဲတွင်မြုပ်လျက်သားရှိနေသည်ကို သနားစဖွယ်တွေ့ရ၏။ သူမကတော့ ရှက်စနိုးဟန်ပန်ကလေးဖြင့်
“ခစ်” ခနဲ တစ်ချက်ရယ်သည်။ ရုပ်မြင်သံကြား သတင်းကြည့်နေသူများကတော့ “ဝါး” ခနဲ ရယ်မောလိုက်ကြသည်။ ထိုသို့ ရယ်မောရှုစားနေစဉ်မှာပင် တီဗွီဖန်သားပြင်သည် မည်းမှောင်သွားလေ၏။
မီးပျက်သွားခြင်းဖြစ်သည်။ မိုးရွာသည်။ မိုးရွာသဖြင့် ရေများလျှံသည်။ ရေများလျှံသောကြောင့်
မီးပျက်သည်။ ဆိုင်လား၊ မဆိုင်လားတော့ မသိပါ။ မီးပျက်သွားသည်ကတော့ သေချာလွန်းပါသည်။
အမှောင်ထဲဝယ် ဟိုမှ၊ သည်မှ ဆဲသံ၊ ဆိုသံ ကလေးငိုသံများ စူးစူးရှရှ ထွက်ပေါ်လာ၏။
“ဟဲ့….ဒီမသာလေးကလည်း မီးပျက်ပါပြီဆို၊ မှောင်ကြီးမည်းကြီးထဲ
ဖေ့စ်ဘွတ်ခ်
ထိုင်သုံးနေသေးတယ်”
အမှောင်ထဲတွင်
ဖေ့စ်ဘွတ်ခ်သုံးနေသော ကောင်လေးတစ်ယောက်ကို သူ့အမေ၏ ဆူသံ။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှလည်း အားကျမခံဖြင့် ဆိုင်ရှင်ဖြစ်သူမှ ထအော် ၏။
“ဘောလုံးပွဲကြည့်မယ့် ပရိသတ်တွေကို တောင်းပန်ပါတယ်ဗျို့။ မီးစက်ထဲ ရေတွေ ဝင်ကုန်လို့ မီးစက်မောင်းလို့ မရတော့ပါဘူးခင်ဗျာ”
ဘောလုံးပွဲကြည့်ရန် အားခဲထားသူများ၏ ဆဲသံ၊ ဆိုသံများ စီခနဲ ထွက် လာပြန်သည်။
(၃)
ထို့အပြင် မြို့သူမြို့သားများမှာ ထိတ်လန့်နေရသေးသည်။ နေ့စဉ်ထုတ် သတင်းစာများတွင် သတင်းထူးထူးခြားခြား၊ ပြောစကား ထူးထူးခြားခြားများ ပါလာမလားဆိုသည့်အတွေးဖြင့် စောင့်မျှော်ဖတ်သူတချို့ကလည်း ဖတ်ကြသည်။ အင်မတန်Óဏ်အမြော်အမြင်ကြီးလှသော ဝန်ကြီးတစ်ဦးဦးမှ ယခုလျှံနေသော ရေများကို နွေရာသီသုံးစွဲရန် လှောင်ထားသင့်ကြောင်း ပြောဆိုလိမ့်မည်ဟု ထင် ကြေးပေး၍လည်း မြို့သူမြို့သားတို့က ပြောဆိုနေကြပြန်သည်။
မြို့တော်စည်ပင်သာယာရေးအဖွဲ့ကမူ ယခုကဲ့သို့ ရေကြီးရသည်မှာ ရေနုတ် မြောင်းများ ပိတ်ဆို့နေသောကြောင့် မဟုတ်ကြောင်း၊ ၄င်းတို့တွင် တာဝန်မရှိ ကြောင်း ထုတ်ပြန်ကြေညာ၏။ ထိုအဖွဲ့၏ တာဝန်ရှိသူ ဉာဏ်ပညာရှိ ပုဂ္ဂိုလ် တစ်ဦးကမူ ယခုကဲ့သို့ မြို့တော်အတွင်း ရေများလျှံပြည့်နေခြင်းကြောင့် မြို့တော် ၏အလှမှာ တစ်မျိုးတစ်ဖုံပင် တိုးသွားကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များကိုပင် ယခင်ထက် ပိုမိုဆွဲဆောင်နိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်နေပါကြောင်း စသည်ဖြင့် စပ်ဖြဲဖြဲမျက်နှာကြီးနှင့် ပြောဆိုသွားသည်ကို ရုပ်မြင်သံကြား အင်တာ ဗျူးတစ်ခုတွင် မြို့သူ၊ မြို့သားတို့ ကြည့်ရှုလိုက်ရပြန်၏။
မြို့တော်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များ၊ ဘတ်စ်ကား များကို ဖျက်သိမ်းလိုက်၏။ ပြီးနောက် မော်တော်ယာဉ်လိုင်းပေါင်းစုံနေရာတွင် မြို့တော်အတွင်း ခရီးသည်တင်လှေအဖွဲ့(ယာယီ)ဟူ၍ ဖွဲ့စည်းလိုက်သည်။
မြို့သူ၊ မြို့သားတို့ ပျော်ရွှင်ရပြန်၏။
မနက်မိုးလင်းချိန်ဆိုလျှင် လှေကလေးများဖြင့် ရုံးသွား၊ ရုံးတက်နေကြသောမြို့သူမြို့သားများကို
မြို့တော်အတွင်း တွေ့မြင်နိုင်ပါသည်။တချို့တတ်နိုင်သူများက ကိုယ်ပိုင်လှေငယ်ကလေးများ ဝယ်စီးကြ၏။ ကျူရှင်ဆရာလည်းဖြစ်၊ စာရေးဆရာများလည်းဖြစ်ကြသော မောင်နှင်းပန်း၊ နိုင်မြင့်၊
မင်းဝေဟင် စသူတို့ကို မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ စသည့်မြို့နယ်များတွင် လှေကလေးများစီး၍ တစ်နေကုန် စာပတ်သင်လျက်ရှိသည်ကို တွေ့မြင်နိုင်သည်။
သူတို့ထဲတွင် ရေကြီးရာ၌ အဆိုးဆုံးဖြစ်သော တာမွေမြို့နယ်တွင် နေထိုင်သည့် စာရေးဆရာ ညီငယ်လေးမှာမူ
ပို၍ တမူထူးခြား၏။
သူ့ခမျာ လှေစီးရသည်ကို စိတ်မရှည်သည်ရော၊ လှေစီးခပေးရမည်ကို နှမျောသည်ရောကြောင့် သူ့ရုံးခန်းရှိရာ ၅၂ လမ်းရှိ ပဲ့တင်သံဂျာနယ်တိုက်သို့ တာမွေအဝိုင်းမှရေကူး၍ပင် သွားလေသည်။ ထို့ကြောင့် မနက်စောစော
တာမွေမှ ပုဇွန်တောင်တစ်လျှောက် အပေါ်ပိုင်းဗလာကျင်း၊ အောက်ပိုင်း ဘောင်းဘီတိုကလေးဖြင့် ဦးထုပ်ဆောင်းလျက် နေကာမျက်မှန်တပ်ကာ အားကြိုးမာန်တက် ရေကူးနေသူတစ်ဦးကို တွေ့မြင်ကြရပေမည်။ ထိုသူသည်ကား
ပဲ့တင်သံဂျာနယ် အယ်ဒီတာတစ်ဦးဖြစ်သော စာရေးဆရာ
ညီငယ်လေးပင်တည်း။ ပြောလိုသည်မှာမြို့တော်တွင်း ရေကြီးမှုကြောင့် မြို့သူမြို့သားများပျော်ရွှင်နေကြောင်းပင်။
တချို့ကုမ္ပဏီဝန်ထမ်းများ၊ ဆင်ခြေဖုံးမြို့နယ်အသီးသီးမှ ရုံးတက်ရသော ဝန်ထမ်းများလည်း ပျော်ကြရသည်။
ရုံးတက်ချိန်တွင် ရေကြီးရေလျှံ သောကြောင့်လည်းကောင်း၊ လှေအစီးအရေအတွက်
မလောက်၍လည်းကောင်း ရုံးနောက်ကျ ကြလေသည်။
အိမ်မှ ယခင်ထွက်ချိန်အတိုင်း ထွက်ခဲ့ကြသော်လည်းလှေပေါ်တွင် သုံးလေးနာရီကြာကာ ရုံးသို့ရောက်သော်
ထမင်းစားချိန်မှာပင်ရောက်နေလေပြီ။ တချို့သည်ကား စိတ်မရှည်၍ လမ်းတစ်ဝက်မှ လှည့်ပြန်ကြသည်။ တချို့စည်းကမ်းတင်းကျပ်သော လုပ်ငန်းရှင်များက ဝန်ထမ်းများကို
ရုံးမလာ၍လည်းကောင်း၊ ရုံးတက်ချိန်နောက်ကျ၍လည်းကောင်း ဒဏ်ကြေးငွေဖြတ်တောက်ပြန်သည်။ ထိုထိုသောအကြောင်းများကို တချို့ကလည်း ဝမ်းသာအားရ ပျော်ရွှင်လှစွာဖြင့်
လူမှုကွန်ရက်
ဝက်ဆိုက်ဒ်များပေါ်တွင် ခံစားချက်စာစုလေးများ ရေးသား၍တင်ကြ၏။ ယင်းတို့အနက်
တစ်ခုတလေကို ထုတ်နုတ်တင်ပြရသော်
“ဒီနေ့ အလုပ်မသွားရဘူး။ ပျော်တယ်…ပျော်တယ်။ ဒချိ…ဒချိ” ဟူ၍ လည်းကောင်း၊
“တစ်သက်နဲ့တစ်ကိုယ်
ဒီတစ်ခါပဲ
ဘတ်စ်ကား….(အဲ)
မဟုတ်ဘူး။ ဘတ်စ်လှေပေါ့။
စီးရတာ ဒီတစ်ခါအတန်ဆုံးပဲ။ ခါတိုင်း မိနစ်လေးဆယ် စီးရတဲ့ခရီးကို
အခု လေးနာရီလောက်
စီးရတယ်…ဟိ…ဟိ” ဟူ၍ လည်းကောင်း ဖြစ်ပေတော့သည်။
ဤသို့လျှင်“ရေပေါ်မြို့တော်”ဝယ်မြို့သူ၊ မြို့သားတို့ပျော်ချင်တိုင်းပျော်နေကြလေသတည်း။  

                                                                                                           မောင်ရေချမ်း
                                                                                              June 25 / 2014