Tuesday, June 16, 2015

လမ်းတွေဟာ သူတို့နာမည်ကြားရင် တုန်ရီ

ပါးစပ်ကို တိပ်နဲ့ကပ်ထားရင်တောင်
ကိုင်ထားတဲ့အလံကနေ အသံထွက်အောင်ပစ်ရမှာပဲ
ပြိုင်ကားတွေမောင်းတဲ့လမ်းပေါ်မြင်းစီးမလို့ပါတဲ့
ကောင်းဘွိုင်ဦးထုပ်မဆောင်းဘဲ
ကမ်းထရီးသီချင်းဆိုမလို့ပါတဲ့
အဲဒီကောင်တွေ ပုခုံးပေါ်ကကြယ်ပွင့်တွေကို ဇကာပေါက်ဖြစ်အောင် အသံနဲ့ပစ်ခတ်ပြီး
ကျောက်နံရံပေါ်မှာ ဓားပေါက်ကျင့်ဦးမလို့ပါတဲ့
သူတို့ လာခဲ့
လည်ဆံမွေးတဖွားဖွားနဲ့ မီးတောက်ထဲထိုးခွဲလာခဲ့
ဆံပင်ထောင်ထားလည်း လူငယ်အလံဟာ တဖျပ်ဖျပ်လွင့်လို့ပဲ
လမ်းကိုရဖို့ ခြေထောက်တွေ ခုတ်လှဲခံရတယ်
အဲဒီမှာ...မာတင်လူသာကင်းရဲ့ I have a dream today
အဲဒီမှာ...ဂျူးလိယက်ဖူးချစ်ရဲ့ ကြိုးစင်ပေါ်က မှတ်တမ်း
အကြမ်းမဖက်တဲ့ဗုံးတွေဟာ ခေတ်အဆက်ဆက်မပျက်စီးဘဲ တဝုန်းဝုန်းအော်မြည်ကွဲတယ်
တွန်းတယ်...ပင်လယ်ကို ကမ္ဘာ့အပြင်ရွေ့ဖို့
တီးတယ်...ဓားတွေ လှံတွေ သီချင်းထဆိုဖို့
တိုက်တယ်...ဦးထုပ်တွေ အရည်ပျော်ကျဖို့
လာကြ လာကြ သူတို့ လာခဲ့ကြ
ကမ္ဘာထဲလင်းသွားအောင် အလင်းနှစ်များစွာဖြတ်သန်းပြီး သူတို့ ခုန်ချလာကြ
အဲဒီမှာ... သူတို့ ။ ။

 
                                                            မောင်ရေချမ်း
                                                           15 May 2015

ငတ်နေတဲ့စစ်သားလေးတွေ

ငါတို့
ကျည်ဆန်သုံးတောင့်ကို ရောင်းစားလိုက်တာ
ပေါင်မုန့်ငါးချပ်ပဲရတယ်

သေနတ်မပစ်ချင်တော့ဘူး
သေနတ်က ဒိုင်းခနဲကျည်တစ်တောင့်ထွက်သွားရင်
ငါတို့ ပေါင်မုန့်ချပ်တွေ လျော့မယ်

ရဲဘော်ရဲဘက်တွေက သေပြီ
ရန်သူတွေက ဘယ်မှာလဲ မသိတော့ပါ
ရိက္ခာက ပြတ်နေတာ ကြာပြီ
လူတွေ့ရင် ပေါင်မုန့်ရဖို့ပဲ ငါတို့အားခဲ
ကိုက်စားလို့မရတဲ့သေနတ်က ပုခုံးပေါ်မှာ လေးတယ်
ခပ်ဝေးဝေးမလျှောက်နိုင်တော့ဘူး
တအားဆာလောင်လာတဲ့ နောက်ဆုံး
ငါတို့ဟာ အချင်းချင်းသတ်ဖြတ်စားရတော့မလား
ကမ္ဘာထဲ...
တူညီဝတ်စုံနဲ့စစ်သားလေးသုံးယောက်
မရှိတဲ့လမ်းကိုလျှောက်နေတော့တယ် ။ ။

 

                                            မောင်ရေချမ်း

ယုံကြည်မှုသီချင်း

ကမ္ဘာပျက်ပြီးတဲ့နောက်
ကမ္ဘာပတ်ကြတာပေါ့
လာပါကွဲ့... ကိုယ့်အချစ်
ခြေထောက်ကို လမ်းပေါ်လှမ်းပွင့်လို့
တော်တဲ့ဖိနပ်ကိုသာ ဟပ်ခနဲကောက်စွပ်လိုက်
မီးဟုန်းဟုန်းတောက်မသွားလည်း ဘာအရေးလဲ
လိုနေတာ ပန်းတွေ ဟုန်းဟုန်းထပွင့်ဖို့ပဲ ။ ။

  

                                             မောင်ရေချမ်း
                                            6 June 2015

ငါ့အခန်း

လေတွေက ဘယ်လိုများ ဝေ့လာသလဲ
တဖျပ်ဖျပ် စာအုပ်တွေလှန်သွား
မိုးစက်တွေက ခေါင်မိုးကို တဒေါက်ဒေါက်ခေါက်
ငွေကြေးဟာ မလျှော်ဖွပ်ရသေးတဲ့ဂျင်းဘောင်းဘီ
အဲသလိုဆိုရင် ငါက
ဘောင်းဘီတစ်ထည်ကို ကျားကုပ်ကျားခဲလျှော်ရမှာ ပျင်းတဲ့ကောင်ပါပဲ
ငါ့မှာ အခန်းလေးရှိတယ်
ဒီမှာလေ လူမသိသူမသိမျှသာပါပဲ
စာအုပ်ထဲက သူရဲကောင်းတွေကို ဖူးဖူးမှုတ်ထားတဲ့ အခန်းလေးပေါ့
လူအထင်ကြီးတတ်တဲ့ တချို့ငကြောင်တွေကို ငါ့အခန်းလေးက လှောင်မယ်
ငါ့မှာ ပြောရရင်လေ ...သူငယ်ချင်းတွေ လာကြပါကွဲ့
ငါ့မှာ ရေကြီးပြီးမီးလောင်နေတဲ့အခန်းလေးရှိတယ်
ဘုရားမရှိခိုးဖြစ်တာ ကြာလှပေါ့
လူမှားပြီး မွေးနေ့ဆုတောင်းကို ဒီအခန်းထဲကနေ လှမ်းပို့တယ်
သီချင်းသံတစ်စဟာ
ငါ့အခန်းထဲ ပြုတ်ကျလာတဲ့ရွှေမှုန်ရွှေစပါပဲ
ဟေး... ကြီးကျယ်တတ်ကြသူသစ်ရွက်လေးများရေ
မင်းတို့သာ ငါ့အနားကို တဖွဲဖွဲကြွေပါ
လောလောဆယ် အခုပဲ
ငါ့အခန်းထဲ ဂီတာသံမပါဘဲ သီချင်းဆိုမလို့
မဖွယ်မရာ တစ်ကမ္ဘာလုံးပျော်ဖို့
မင်းတို့ ငါတို့ ပြီးရင် ငါ့အခန်းလေး စိမ်းလန်းဖို့။ ။

  

                                                           မောင်ရေချမ်း

သော့

သော့တစ်ချောင်းသည် ဖွင့်နိုင်သောတံခါးတစ်ခုတော့ရှိပါသည်
သော့ကို တူနှင့်ထု၍ ဖျက်နိုင်သည်
သော့ကို တူးအောင်မီးကင်ချင် ကင်နိုင်ပါသေးသည်
သော့ကို မျိုချကြည့်ပါ
ဗိုက်ထဲတွင် ခိုးလို့ခုလုတော့ ဖြစ်ပါလိမ့်မည်
သော့သည် အသစ်ဆိုပါက သံချေးတက်နေမည်မဟုတ်
သော့သည် အကောင်းဆိုပါက တံခါးကို ချောက်ခနဲ ဖွင့်နိုင်ပါလိမ့်မည်
သော့ကို သတိထားပါ
သော့သည် အတုလုပ်၍လည်း ရနိုင်ပါသေးသည်
သော့အတုလုပ်ရန် သူခိုးများက ထက်သန်ကြသည်
သော့အတုသည် အစစ်ထက် ပိုတန်ခိုးရှိပါသည်
တံခါးများစွာကို ဖွင့်ချင်သလို ဖွင့်နိုင်၍ဖြစ်သည်
သော့အကြောင်းကို ခပ်သော့သော့မစဉ်းစားပါနှင့်
သော့သည် သော့အစစ်ဖြစ်ရန်ခက်လွန်းလှပါသည်
ဖြည့်စွက်၍ပြောပါဦးမည်
ခင်ဗျားမှာ သော့တစ်ချောင်းရှိပါသည်။ ။

 

                                                         မောင်ရေချမ်း

လူငယ်တစ်ယောက် (၉)

မတရားတာတွေ ကြားနေရတော့
သူ့ခမျာ တရားမနာနိုင်

ထီးတော်ကို လူယုတ်မာတွေက တင်ထားတော့
သူ့ခမျာ ဘုရားမဖူးနိုင်

အဓမ္မကို မုန်းတီးခြင်းမှာပဲ
သူ့ခမျာ ယဉ်ကျေးစွာရိုင်းပြခဲ့ပါတယ်

"မကျေနပ်ရင် ရဲရင့်စွာဆဲဆိုပါ"လို့
(၃၈)ဖြာ မင်္ဂလာတရားတော်မှာ မပါလည်း
သူကတော့ ရိုသေစွာလိုက်နာခဲ့ပါတယ် ။ ။

မောင်ရေချမ်း
၉ ဇွန် ၂၀၁၅

အေးစက်နေတဲ့လေ

အဲဒီ့လေထဲမှာ သီချင်းတွေ နေခဲ့တယ်
အဲဒီ့လေထဲမှာ တချို့ကဗျာတွေ အသက်ရှည်ခဲ့တယ်
အဲဒီ့လေရဲ့ ကျိုးကြေနေတဲ့အဆောက်အအုံတွေကြား
ငါ ဖြတ်သန်းလာခဲ့တယ်
သွေးအိုင်တွေကို ငါ ခုန်ကျော်လာခဲ့တယ်
လမ်းကြိုလမ်းကြားမှာ ငိုသံတွေချည်းပဲ
အဝတ်ဗလာနဲ့ကလေးသေးသေးလေးဟာ အလောင်းကောင်တစ်ခုအနားမှာ
ဘာငှက်တွေမှန်းမသိတဲ့ငှက်တွေဟာ တဂီးဂီးအော်ပြီး ဝဲပျံနေတယ်
တံခါးပိတ်ထားတဲ့အိမ်မှာ လူနေသလား
မီးခိုးနံ့တွေ မွှန်နေတာပဲ
ခလုတ်တိုက်မိသွားတာ သွေးရဲရဲလက်ပြတ်တစ်ဖက်
ငုံ့ကြည့်လိုက်တော့ အပုပ်နံ့တွေလှိုင်ဝေ နေတယ်
ငါ မိုက်ခနဲ လဲကျသွားတာ ကတုတ်ကျင်းထဲကို
ဝေ့ခနဲဖြတ်သန်းသွား အေးစက်နေတဲ့လေများ။ ။

                                                      မောင်ရေချမ်း

ပြီးခဲ့တဲ့ည ... ဟောဒီ့ ည

ကိုယ်အိပ်မက်ဆိုးတွေ ခဏခဏမက်တယ်
လမ်းမရှိဘဲ
ဖိနပ်ပျောက်နေတဲ့လူတွေ ကိုယ်တို့ကို ဟောက်တယ်

မသိတော့ပါဘူး
ခြင်ထောင်မှာ ဘာပိုစကာကပ်ပြီး
ညကို ဘယ်လို ရင်ခုန်ရမလဲ

ကိုယ်မမွေးသေးတဲ့ ခုနစ်တွေက
အိပ်ယာဘေးက စာအုပ်ပုံထဲကနေ
လာ လာ ချိုးဖဲ့နေတာပဲ
၁၉၅၈
၁၉၆၂
၁၉၇၄ ဒီဇင်ဘာ ၅
၁၉၇၆ ဇွန် ၆
၁၉၇၆ မတ် ၂၃
၁၉၈၈

ဟော...ဟေ့ ဒီမှာ
သစ္စာတရားဟာ ရက်စက်စွာမြင့်မြတ်လွန်းတာလား
ငရဲသားမဟုတ်ဘဲ ကိုယ်တို့မှာ အပူခံရတယ်
မျက်လုံးမှိတ်ပြီး အမှောင်ထဲပဲ ပြန်ပြုတ်ကျခဲ့တယ်
အိပ်မက်မှာ ခေါင်းဆောင်မပါဘူးတကယ်။ ။


မောင်ရေချမ်း
( ဝန်ခံချက်။ ။ သစ္စာတရားဟာ မြင့်မြတ်လွန်းလှလို့ နှလုံးသားထဲက ထုတ်ပြီး ဆိုတဲ့စာသားကို Mg Moe Eain ဆီက ဖတ်ရလို့ ဒီအရေးအသားကို တည်ဆောက်ဖြစ်ပါတယ် )

မိုးရွာပြီးနောက် ငါ့ရပ်ကွက်ဟာ စစ်ဖြစ်ပြီးစ မြို့ကြီးလို ကျန်ရစ်

အင်္ကျီဗလာနဲ့ကလေးတွေ အိမ်ထဲပြန်ဝင်ကြပြီ
ရေထဲမျောပါလာ
ရွှေမှုန်ရွှေစများတော့ မဟုတ်ရပါ
ရေသန့်ဗူးခွံတွေ
ပလတ်စတစ်အိတ်ခွံတွေနဲ့လမ်းများသာ။

ဆိုက္ကားပေါ်က ဘုရင်တစ်ပါးလိုလို ဘာလိုလို
ပိုက်ဆံအိတ်ခပ်ကြီးကြီးပိုက်ပြီး စီးနင်းလိုက်ပါလာသူဟာ
ဗွက်အိုင်ထဲဖြတ်နေတဲ့ဈေးသည်များကို
နတ်ပြည်ကနေ ငရဲပြည်ကို ကြည့်သလိုအကြည့်နဲ့
ဟန်ပါပါ ငဲ့စောင်းလို့ ။

စိမ်းစိမ်းစိုစိုသစ်ပင်တွေဟာ
ရပ်ကွက်ထဲက မွဲခြောက်ခြောက်လူတွေ လျှောက်ခုတ်လို့ ကုန်သလောက်ရှိပြီ။

နေရောင်ခြည်ဟာ မဝင်းပပါ
ဆိုင်ကယ်သံတွေ ပြန်ဆူညံလာပေါ့
စန္ဒီမြင့်လွင်ဟာ လက်ဖက်ရည်ဆိုင်ထဲက ထအော်တယ်
အငှားယာဉ်များ ဖြတ်သန်းသွား။

ဘယ်သွားနေမှန်းမသိတဲ့လူတွေတစ်စီးပြီးတစ်စည်း
ဖိနပ်စုတ်တွေနဲ့မြောင်းပုပ်တွေ
ဂျာနယ်စာရွက်တွေရေထဲမျောပါ
ဆင်ခြေဖုံးတစ်နေရာမှာ။ ။

                                               မောင်ရေချမ်း

ရန်ကုန်မြို့က လူငယ်တစ်ယောက်

အုတ်ကြားမြက်ပေါက်တစ်ကောင်လို
လူငယ်တစ်ယောက်။
လမ်းပေါ် ပြေးထွက်လာခဲ့တယ်
ကဗျာတွေ အန်ချတယ်
ရသမျှဟာ မတန်ဘူး ထင်တယ်
လူငယ်တစ်ယောက်။

ရန်သူကို ရန်လိုတဲ့အကြည့်နဲ့ လူငယ်တစ်ယောက်
ငါးပါးမှောက်နေတဲ့မြို့ကြီးရဲ့မြောင်းနှုတ်ခမ်းပေါ်မှာ
ဒါ အပျော်ကန်နေတဲ့ ဘောလုံးပွဲမဟုတ်ဘူး
မမိုက်ဘူးထင်ရင် မူးမေ့သွားတဲ့အထိဆဲမှာပဲ
မုန်းနေတဲ့ဟာကို ချစ်အောင်လာလာသွေးထိုးနေတယ်
တကယ် စက်ဆုပ်ရွံရှာစရာပဲ

ပါရီကို ငေးကြည့်ခဲ့တဲ့ အီလျာအာရင်ဘတ်လို
အဲဒီလိုပြောရင် ကြီးကျယ်တာ မတန်မရာမှန်း သူသိတယ်
ဒါပေမဲ့ ဘာဖြစ်သလဲ
သူ့ဝါကျမှာ သူတင်စားချင်သလို တင်စားမယ်
ထပ်ပြောတယ်
ပါရီကို ငေးကြည့်ခဲ့တဲ့ အီလျာအာရင်ဘတ်လို
သူလည်း ရန်ကုန်ကို အသံစုံအောင်ငေးကြည့်ခဲ့တာပဲ
လူငယ်တစ်ယောက်

ဆုပ်ထားတဲ့လက်သီးဟာ
မကျေနပ်တဲ့မျက်နှာကို ဖြောင်းခနဲထိုးပစ်ဖို့ပဲ
ယုယုယယနဲ့ ဘယ်တုန်းကမှ လမ်းဖြတ်မကူးဘူး
ကားဘီးနဲ့ကတ္တရာလမ်း ကျွီခနဲ ပွတ်တိုက်သွားတာ
အဲဒါ သူ့အံကြိတ်သံပဲ
လူငယ်တစ်ယောက်

အစပ်အဟပ်မတည့်တဲ့အစားအစာတွေ
ဖားတစ်ပိုင်း မြွေတစ်ပိုင်း လူတွေ
သိပ်နူးညံ့နေစရာ မလိုတော့လို့ပါ
ဆူးခက်တွေ စွင့်ကားပြီး ရန်လိုတယ်
ဖြတ်စီး(ဖျက်ဆီး)ခဲ့တဲ့နှစ်တွေ
မိန်းမပျက်တစ်ယောက်ရဲ့နှုတ်ခမ်းနီလောက်မှ တန်ဖိုးမရှိလို့ပါ
လက်ခုပ်မတီးလည်း သူ ရန်လိုနေတယ်
လူငယ်တစ်ယောက်

သူပြောတယ်
လက်အုပ်ချီပြီးမှ ကဗျာဖွဲ့ရမှာဆိုရင် ဆောရီးပါပဲတဲ့
ဆူးလေလမ်းမကြီးက နေ့လည်စာငတ်ပြတ်လို့
စေတီပုထိုးတွေဟာ ရွှေတွေနဲ့ဝဖြီးနေတာပဲ
အဲသလို ပြောရင် ငရဲကြီးမယ်တဲ့လား
ဒါပေမဲ့ သူပြောတယ်
လူငယ်တစ်ယောက်။

"လောကကြီးက ဘာလဲဗျာ" လို့ပြောတဲ့ကောင်တွေတွေ့ရင် သူလှောင်တယ်
ရန်ကုန်မြို့ရဲ့လမ်းကြိုလမ်းကြားက အမှိုက်စတွေလို
သောက်ပြီးသားရေသန့်ဗူးခွံလို
ခွေးစားသွားတဲ့လမ်းဘေးစားခွက်လို
ရောင်းမကုန်လို့ ပုပ်ကုန်တဲ့ဟင်းရွက်တွေလို
လူငယ်တစ်ယောက်
လက်သီးဆုပ်တယ်
ပြီးတော့...သူ
ခပ်ရိုင်းရိုင်းပြောရရင်
အသံကို ခြစ်ကုပ်ပြီး ခွေးလိုဟောင်ခဲ့တယ်
ရသမျှဟာ မတန်ဘူးထင်တယ်
လူငယ်တစ်ယောက်။

မနုရွချင်လို့ ဒီဝါကျတွေကို ရန်တွေ့သလိုဖွဲ့ထားတာ
တကယ်တော့
သူ မာကျောချင်ယောင်ဆောင်နေခဲ့တာ
ပါရီကို စာအုပ်ထဲကနေတွေ့တော့ သူငိုခဲ့ပါတယ်
နေ နေတာက ငါးပါးမှောက်နေတဲ့မြို့ကြီးမှာ
စစ်မဖြစ်ဘဲ ပြာကျနေပါပြီ
မကျေနပ်လို့ ထွီ ခနဲထွေးပြီး
လမ်းလျှောက်ရင်း လမ်းကိုဖနောင့်နဲ့ပေါက်ခဲ့ပါတယ်
လူငယ်တစ်ယောက်။ ။
 

                                                           မောင်ရေချမ်း

ရိုးရိုးလေး သံဝေဂတေး

အဲဒီတေးတွေဟာ ဘယ်တုန်းကစတာလဲ
အဲဒီအမှုန်အစုအဝေးတွေဟာ ဘယ်တုန်းကစတာလဲ
မီးခိုးတန်းကြိုးခွေကြီးလို အဆုံးအစမရှိ
ပြန့်ကားရှည်လျားနေမှုတွေဟာ ဘယ်တုန်းက
မဟာပေါက်ကွဲမှုကြီး
အချိန်ဟာ စတာပဲ
ငိုကြွေးခြင်း ပျော်ရွှင်ခြင်းမရချင်ဘဲရတာပဲ
ရပ်နားခြင်းမရှိဘဲ မြူတွေပြေးထွက်ပြန့်ကား
အသက်ဓာတ်တွေဟာ တဝုန်းဝုန်းဖြစ်လာ
အမှုန်တွေတစ်စီးပြီးတစ်စီး
လူတွေ တစ်စီးပြီးတစ်စီး ခရီးတွေကြီးမား
အသက်ဓာတ်တစ်ခုရဲ့သံသရာဟာ
မတူတဲ့အချိန်ထဲ မတူတဲ့အင်္ကျီနောက်တစ်ထည်ပြောင်းဝတ်သွား
အမှုန်အစုအဝေးတွေဟာလည်း နောက်ထပ်တွေဆီ ခုန်ပျံရွေ့လျားသွားမှာ
မပြီးသေးတဲ့ဒုက္ခအသစ်တွေ ဖွဲ့စည်းခံစားနေမှာပဲလား
ပျံသွားလေပြီ သူ ပြန်သွားပြီ
နောက်အင်္ကျီတစ်ထည် ပြောင်းဝတ်ဖို့အမှုန်အမွှားလေးများ
ကနဦးမဟာပေါက်ကွဲမှုကြီးပြီးတဲ့နောက်
ငါဟာလည်း စကြဝဠာသေးသေးလေးထဲက
မလွတ်မြောက်သေးတဲ့ အမှုန်ငယ်လေးအဖြစ် ပြန့်ကားကျန်ခဲ့။ ။


                                                 မောင်ရေချမ်း
                                                15 may 1015
                                         (စာရေးဆရာဒေါင်းနေမင်း သို့)

မကြာခဏ သိပ်အရသာရှိတာတွေဟာ


တစ်ခုခုပြောချင်လာလို့
အောင်လင်းသစ်ရေ .. အစချီပြီးစမယ်
မင်းအသက်ရှူမဝတဲ့အခါ တစ်ယောက်ယောက်ကိုသတိတာ
ငါအသက်ရှူမဝတဲ့အခါ တစ်ယောက်ယောက်ကိုသတိရတာ
အဲဒါ စစ်မှန်သောတစ်ခုခုဖြစ်မှာပါ

လူလူချင်း စိတ်ကောက်ခြင်းကို ငါပျင်းတယ်
ငါ စိတ်ပါရင် သစ်ရွက်လေးတစ်ရွတ်နဲ့စကားများရန်ဖြစ်နေမှာပဲ
စိတ်မပါဘဲ လောကရဲ့တဟီးဟီး တဟားဟားများကို
ငါက ပြန်ပြီး တဟီးဟီး တဟားဟားပြန်လုပ်မယ်

လမ်းမပေါ် ဝါးကပ်ကြီးထမ်းပြေးနေရှာတဲ့လူများကို
တချို့က သနားစရာလို့တွေးမှာပေါ့
တကယ်က သူတို့ကမှ သနားစရာ
ဟော ဟို..က ပြာလဲ့လဲ့တစ်နေရာက
ငါတို့ ငြိမ်းချမ်းသောမိုးပွင့်များလို ခုန်ဆင်းခဲ့တာပါ

တချို့များ ရယ်စရာမကောင်းလေခြင်း
ရေပေါ်အရုပ်ဆွဲ ပျက်သွားတော့ တဟဲဟဲရယ်ရင်းဝမ်းနည်းသတဲ့
ငါကတော့ ငါသိပ်ကြည့်မရတဲ့လူတချို့ရဲ့နဖူးပေါ်မှာပဲ
အဲဒီမှာပဲ ငါနာမည် ငါရေးပြီး
ငါ့နာမည်ကိုပဲ စနိုက်ပါနဲ့ကျည်တစ်တောင့်ချင်းထိုင်ပစ်ချင်တာ
အခု ငါသိချင်တာ
မင်းရော ဘယ်လိုလဲ။ ။


                                                                   မောင်ရေချမ်း

ပေါက်လွှတ်ပဲစား နှစ်ကူးတေး


ကမ္ဘာမကြေသီချင်းဟာ
လူပေါင်းများစွာ ဝတ်ကျေတန်းကျေဆိုတဲ့သီချင်းမျှသာ
တကယ့်ကမ္ဘာမကြေတဲ့လူတွေကတော့ အချုပ်ထောင်ထဲမှာ
အပြင်က လူတွေ ပျော်ကြပါ

တစ်ခေတ်ပြီးတစ်ခေတ်ပြီးသွားပေါ့
နှစ်သစ်တွေဟာ ဖြတ်စီးသွားမှာပါ
အမှန်တရားကို လွယ်လွယ်မေ့ကြစတမ်းဆို
ဂေါတမမြတ်စွာဘုရားဟာ သူ့ခေတ်မှာသာ ကျန်ခဲ့မှာပေါ့

ပျော်ကြပါတော့
မေ့လွယ်ပျောက်လွယ်ခြင်းများမှာ
မတရားမှုတွေဟာ ဝမ်းသာအားရအနိုင်ရခဲ့ပါပြီ

တရားဓမ္မ အိပ်တန်းတက်ပြီ
ပေါက်လွှတ်ပဲစားငှက်တွေ ညထဲပျံဝဲကြတော့မှာ။ ။

မောင်ရေချမ်း