Tuesday, February 11, 2014

ဖေဖော်ဝါရီ ၁၃ ( သို့မဟုတ်) ဘယ်တော့ဖြစ်ဖြစ်ရေးလို့မဆုံးတဲ့ကဗျာ !






ဖေဖော်ဝါရီ ၁၄
ဗယ်လင်တိုင်းဒေးလား သိပ်စိတ်မ၀င်စားဘူး
ဟေ့ သူငယ်ချင်း ရင်ဘတ်ကို နောက်ပြန်ခေါက်လိုက်
ကက်သလစ်ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းက စုံတွဲတွေကိုပဲ ခိုးလက်ထပ်ပေးခဲ့တာ
ဖေဖော်ဝါရီ ၁၃ ကတော့
ကျွန်တော်တို့ အားလုံးကို အမှောင်ထဲကနေ ဆွဲထုတ်လို့
အမှန်တရားနဲ့ ပေါင်းဖက်ရအောင် ဗြောင်လက်ထပ်ပေးခဲ့တာ
တရားမျှတမှုနဲ့ ပေါင်းဖက်ရအောင် ဗြောင်လက်ထပ်ပေးခဲ့တာ
လွတ်လပ်ရေးနဲ့ ပေါင်းဖက်ရအောင် ဗြောင်လက်ထပ်ပေးခဲ့တာ
ဖေဖော်ဝါရီ ၁၂ ဆိုတဲ့ ‘ ပြည်ထောင်စု’ ကိုလည်း
ကျွန်တော်တို့အားလုံးအတွက် ကောင်းကင်တစ်ခုအဖြစ် ထားခဲ့ပေါ့
ဖေဖော်ဝါရီ ၁၂ ကိုရဖို့အတွက်
သူ့ရဲ့ တက္ကနစ်က ရိုးသားမှုပဲ
ပြည်ထောင်စုတစ်ခုရအောင် ပင်လုံစာချုပ် ချုပ်လို့
ကျွန်တော်တို့အားလုံးအတွက် တာရှည်ခံမယ့် ပေါင်မုန့်တစ်လုံးကို ဖုတ်ပေးခဲ့တာ

အဲဒီ ၁၃ ပေါ့
၁၉၁၅ ရဲ့ ဖေဖော်ဝါရီ ၁၃
နယ်ချဲ့ကို ဂြိုလ်မွှေဖို့
ကျွန်တော်တို့အတွက်တော့ အသာယာဆုံး ဂြိုဟ်ကြီးတစ်ခု တည်ဆောက်ပေးဖို့
သူ့အသား သူလှီးလို့ ကျနော်တို့ လိုချင်တဲ့ ခရီးကို ခွံ့ကျွေးဖို့
သူ လာခဲ့ပါတယ်

ဖေဖော်ဝါရီ ၁၃
ဘယ်တော့ဖြစ်ဖြစ် ခလုတ်ဖွင့်စရာမလိုဘဲ လင်းနေတဲ့ မီးချောင်းတစ်ချောင်းပဲ
သူ့ကို ငယ်ငယ်က ဟောကိန်းထုတ်တာက
“ ဆူဆူပူပူနဲ့ အကျိုးပေးမယ့် ကလေး”တဲ့
ကြီးလာတော့ သူပြောတာက
“လွတ်လပ်ရေးရဖို့ နည်းအေးအေးနဲ့ မရရင် ရတဲ့နည်းနဲ့လုပ်ရမယ်”တဲ့
သူပုန်ဘယ်လိုထ,ရမလဲပဲ ချောင်းနေခဲ့တာ
ကြယ်တွေကို ဘယ်လိုထိုးကော်ချရမလဲပဲ တွေးနေခဲ့တာ

“ဒီမိုကရေစီ ၀ါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်
အဲဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်ရမယ်”တဲ့
ပြောခဲ့တယ် သူက

“တိုင်းပြည်လူထုက မကြည်ညိုဘူးလို့
သိလာတဲ့တစ်နေ့မှာ တွယ်ကပ်မနေဘူး၊ ထွက်ပေးမယ်” တဲ့
ပြောခဲ့တယ် သူက
အမြဲ သူ့နှုတ်ထွက်စကားတွေက ပျားရည်မပါဘူး
မုသားမဆိုဘူး
သူ့ရုပ်ပုံလွှာကို ဆရာကြီး ဒဂုန်တာရာ ပီပြင်အောင်ရေးခဲ့ပုံက
“သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။
သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်”တဲ့
အဲဒီလိုလူကပဲ နေမ၀င်အင်ပါယာရဲ့ နေလုံးကြီးကို ရိုက်ခွဲခဲ့တာ
အဲဒီလိုလူကပဲ ကျွန်တော်တို့လိုချင်တဲ့ အကိုင်းကို ချိုင်ပေးခဲ့တာ

သူပြောခဲ့တာက
“ခေါင်းဆောင် လုပ်တဲ့သူတွေက အသက်စွန့်သင့်တဲ့နေရာမယ် စွန့်ရဲရမယ်” တဲ့
ပြောခဲ့သလိုပါပဲ
အရွယ်ကောင်းတုန်းမှာ လောက်တွေလို ကျည်ဆန် ၁၃တောင့်က သူ့အသက်ကို လုခဲ့ပေါ့
နိုင်ငံကြီးကို (စိတ်မချ လက်မချ) ထားသွားခဲ့ပေါ့
ကဗျာဆရာတွေက ကဗျာဖွဲ့ပြီး သူ့ကို လွမ်းကြ
စာရေးဆရာတွေက စာရေးပြီး သူ့ကိုလွမ်းကြ
ပန်းချီဆရာတွေက ပန်းချီဆွဲပြီး သူ့ကိုလွမ်းကြ
ဒါရိုက်တာတွေက ရုပ်ရှင်ရိုက်ပြီး သူ့ကိုလွမ်းကြ
တေးရေးဆရာတွေက သီချင်းရေးပြီး သူ့ကိုလွမ်းကြ
သူ့စကားတွေဟာ ကဗျာစာသားတွေဖြစ်လာ
သူ့ရုပ်ပုံတွေဟာ တီရှပ်ဖြစ်လာ
သူ့နာမည်ဟာ လူငယ်ထုရဲ့ ကိုးကွယ်ရာ
မြူနှင်းတွေကို ဖောက်ထွက်လာတဲ့ နေရောင်ခြည်ပမာပေါ့
ဗမာပြည်ရဲ့မီးရှူးတန်ဆောင်တဲ့

စနေသား !
ဇာတာဖွဲ့ပေးတဲ့ နာမည်ထိန်လင်းတဲ့
အာရှတိုက်ကြီးတစ်ခုလုံးမက
ကမ္ဘာ့အပြင်ဘက်အထိ သူ့နာမည်ဟာ အခုထိ လျှံတက်ထိန်လင်းလို့။ ။

မောင်ရေချမ်း

ပဲ့တင်သံ ဂျာနယ်
အမှတ် (၃၃) ၊ ၁၃ ရက် ၊ဖေဖော်ဝါရီ ၊ ၂၀၁၄


No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ