Sunday, July 26, 2015

နိုင်ငံတော်ဆိုတာကို အကြည်ညိုမရှိ !


နိုင်ငံတော်မှာ
ကလေးကအစ ခွေးအဆုံး အားလုံးပါတယ်
နိုင်ငံတော်မှာ
လူငယ်ကျောင်းသားဟာ အနာဂတ်များပေါ့
ဒါထက် ရိုးရှင်းတာ ဘာမှမရှိ
အနာဂတ်ကို ဖူးဖူးမှုတ်ထားတဲ့နိုင်ငံတော်ဆိုရင်
ငါတို့ဟာ ဖင်ဘူးထောင်ပြီးကို ကြည်ညိုကြရမယ်
ဒီလိုသာ တွေးခေါ်ခဲ့

လမ်းမှာ ယိုင်ထိုးထိုးဖြတ်သွားတဲ့အရက်သမားက
အော်ပြောသွားတယ်
ဒီနိုင်ငံတော်မှာ လူထုခေါင်းဆောင်နဲ့
ဒီနိုင်ငံတော်မှာ လူတစ်စုခေါင်းဆောင်နဲ့
ငါတို့ဟာ ကိုယ့်ဟာကိုယ်သာ ကြည်ညိုကြပါစို့ တဲ့
ဟေ့..လူ ! ခင်ဗျား သိပ်မှန်တယ်
အရက်သမားစကားဟာ သမ္မတစကားထက် ပိုကြည်ညိုစရာကောင်းကြောင်း ငါသတ်မှတ်တယ်


နိုင်ငံတော်ဆိုတဲ့နိုင်ငံတော်ကို နိုင်ငံတော်နဲ့ဆိုင်တဲ့ မေးခွန်းလေးများ ဖြေကြားဖို့ ကမ္ဘာကြီးက ဆိုတယ်
နိုင်ငံတော်မှာ လယ်သမားတွေ ပါသလား
နိုင်ငံတော်မှာ အခြေခံအလုပ်သမားတွေ ပါသလား
နိုင်ငံတော်မှာ ပညာတတ်ဝန်ထမ်းတွေ ပါသလား
တော်ပါပြီ နိုင်ငံတော်ရယ် ခင်ဗျားက သိပ်ရယ်ရတယ်
နိုင်ငံတော်က လယ်မထွန်တတ်ဘဲ လယ်တွေသိမ်းလို့
နိုင်ငံတော်က
ကန်စွန်းရွက်လည်း သိပ်ကြိုက်တတ်လို့ ကန်းစွန်ခင်းဆိုလည်း သူလိုချင်ရှာတယ်
သြော် နိုင်ငံတော်ရယ်
လူတွေကတော့ သူတောင်းစားလို သနားခဲ့ပါရဲ့
နိုင်ငံတော်မှာအလုပ်မကောင်းလို့
နိုင်ငံတော်က ထွက်ခွာကုန်တဲ့နိုင်ငံသားတွေဟာ
အမြဲလိုလို နိုင်ငံတော်ကို လွမ်းခဲ့ပါတယ်

နိုင်ငံတော်ဟာ
အဖြူ အစိမ်းဝတ်ကျောင်းသားကျောင်းသူများ
ပညာပြည့်ဝဆရာ ဆရာမများ
သူနာပြုများ ဆရာဝန်များ အင်ဂျင်နီယာများကအစ
အိမ်ခြေယာခြေမဲ့များ အလုပ်လက်မဲ့များအထိပါတယ်
အခုတော့
နိုင်ငံတော်ဆိုတဲ့စကားလုံးဟာ နိုင်ငံတော်ကို ကိုယ်စားမပြု
နိုင်ငံတော်ဟာ အဖွဲ့တစ်ဖွဲ့ရဲ့လိုဂိုမျှသာပါပဲ
နိုင်ငံတော်ကို ပစ်ထားတဲ့နိုင်ငံတော်ဆိုတဲ့ လိုဂိုပိုင်ရှင်များကို နိုင်ငံသားများက ကြည်ညိုစရာ လိုပါသလား
နိုင်ငံတော်ကိုအပိုင်စီးရုံမက နိုင်ငံတော်ဆိုတဲ့ စကားလုံးကို အချောင်လိုချင်ပြန်တဲ့နိုင်ငံတော်ရေ...
နိုင်ငံသားတွေက အော်ဟစ်ကြေညာခဲ့ပါပြီ
ကုသိုလ်ရတဲ့ မကြည်ညိုမှုအနေနဲ့
နိုင်ငံတော်ကို မကြည်ညိုကြောင်း ဆဲဆိုခဲ့ပါပြီ
နိုင်ငံတော်ကို မကြည်ညိုသောပြစ်မှုနဲ့
တစ်အိမ်တစ်ဆင်း အမေးအမြန်းမရှိ ဖမ်းဆီးနိုင်ကြောင်း နိုင်ငံတော်ရှိလူအပေါင်းက လက်ခမောင်းခတ်ပါတယ်
သူခိုးဓားပြတို့၏ရှိအပ်သောအရည်အချင်းများနှင့် ပြည့်စုံသော အို..နိုင်ငံတော်
နိုင်ငံသားတွေရဲ့ အသံမှာ ဖျားနာလေပြီလား
နောက်ထပ်အော်လာတဲ့အသံတွေ
နိုင်ငံတော်ကို ပြန်လုရမယ်
နိုင်ငံတော်ဆိုတဲ့စကားလုံးကို ပြန်လုရမယ်
သာယာဟစ်ကြွေးနေတဲ့တေးသံမှာ
နိုင်ငံတော်ကို ကိုယ်စားမပြုတဲ့ နိုင်ငံတော်အတုဟာ
အကြည်ညိုခံချင်စိတ်မကုန်ရှာ
တကယ်သနားသတ္တဝါလေးလို သိမ်ငယ်နေရှာတယ်

ဘာလိုပဲဖြစ်ဖြစ်ပါ
နိုင်ငံတော်ရေ
အကြည်အညိုခံချင်စိတ်နဲ့သာ ထပ်မျှော်နေပါ
ဟော..ဟိုမှာ
လမ်းပေါ်မှာ နိုင်ငံတော်ကို အကြည်ညိုမရှိ

လေထုထဲမှာ
နိုင်ငံတော်ကို အကြည်ညိုမရှိ

နားထောင်နေတဲ့သီချင်းဟာ
နိုင်ငံတော်ကို အကြည်ညိုမရှိ

ဖတ်နေတဲ့ကဗျာမှာ
နိုင်ငံတော်ကို အကြည်ညိုမရှိ

ဒီလို အကြည်အညိုမရှိမှုတွေ ကြီးထွားလာတော့
အကြည်အညိုခံချင်သူ နိုင်ငံတော်ဟာ
သေဆုံးဖို့ အသက်ငင်နေရှာလေပြီ။

ဟေ့ နိုင်ငံတော်
ခင်ဗျားအတွက် မသာချတေးကို ထပ်အော်တယ်
နိုင်ငံတော်ကို အကြည်ညိုမရှိ
နိုင်ငံတော်ကို အကြည်ညိုမရှိ
နိုင်ငံတော်ကို အကြည်ညိုမရှိ ။ ။

                                                 မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ