Monday, August 17, 2015

ဒီဒုက္ခဟာ ရေးလို့ ဖတ်လို့ မကောင်းတဲ့ကဗျာ

အစကတည်းက ရေမွန်းနေတဲ့နိုင်ငံကိုမှ
အရင်ကတည်းက ရေနစ်နေတဲ့အနာဂတ်ကိုမှ
အဲဒီရေတွေဟာ ရေမဆန်စွာရောက်လာတာပဲ

ဆဲစရာဟာ စုံနေတဲ့အခါ
ဘယ်ဟာကို စဆဲရမလဲ ဝေဝါးလို့
မိမိကိုယ်မိမိပြန်ဆဲပြီး ယူကြုံးမရဖြစ်ခြင်းကစမယ်

ရေလွှမ်းသွားသော ရုတ်ရုတ်သဲသဲနေ့များ
ရသလောက်အရိုင်းမခံဘဲရုန်းကန်ကြမယ်
ရေကို ယဉ်ကျေးစွာတုံ့ပြန်မယ်



ငါတို့ဟာ လူဖြစ်ကြပါတယ်
ငါတို့ဟာ လူဖြစ်ကြပါတယ်
လူမဖြစ်သူတွေကို မေ့ပြီး လူဖြစ်ကြပါမယ်
ရိုင်းစိုင်းသူတွေကို ရွံပြီး ရင်နာကြပါမယ်
ဒါပေမဲ့ ရပါတယ် ရပါတယ်
လူဆန်ဖို့အဖြစ်ပါပဲ
ငါတို့အိတ်ကပ်ထဲက ရှိစုမဲ့စုက စဆိုလည်း စမယ်

ဒါ ရေငတ်နေတဲ့လူတွေကိုမှ ရေကြီးသွားတာ
မုဆိုးမနိုင်ငံကိုမှ မိုးလိုက်ရွာသွားတာ
ဘူးလေးရာပြဿနာကိုမှ ထပ်ပြီးဖရုံတွေဆင့်သွားတာ
မြေနိမ့်ရာကိုမှ လှံတွေအများကြီး ထပ်စိုက်ရသလား
နတ်ကောင်းနတ်မြတ်အပေါင်းတို့ရယ်
ငိုဖို့မျက်ရည်ဟာ ဝမ်းနည်းစွာငိုင်နေခဲ့ပါတယ်
ခေတ်မကောင်းတဲ့ကြား ထပ်သောင်းကျန်းသွားတဲ့ ရေတွေ
ဝမ်းနည်းမှုဟာ လူကိုရူးစေတာပဲ
လူတွေဟာ လူပီသဖို့ အရူးအဖြစ်ကို ခံယူကြမယ်
ကိုယ်ချင်းစာမှုကို အခုချက်ချင်းပဲ စမယ်
ကိုယ့်ရဲ့ကိုယ်ကျိုးကို နည်းနည်းဖြစ်ဖြစ်ဖဲ့လို့
ရွဲ့စောင်းကုန်တဲ့ဒုက္ခတွေကို စာနာကြမယ်

ကျွဲ နွား လယ်ယာတွေကို ပြန်ရပါ့မလား
မနေ့က ဆာလောင်ထမင်းလုတ်အတွက်
ဒီနေ့စားရလို့ အာဟာရပြန်ပြည့်ပါ့မလား
မရပေမယ့် ရတဲ့နေရာက စကြမယ်
မဖြစ်ပေမယ့် ဖြစ်တဲ့နေရာက ဒုက္ခကို ဖြိုကြမယ်

ဝင်းပနေရောင်ခြည်လို
သိမ်မွေ့ဖြူစင်သီချင်းတစ်စလို
ကျေးဇူးရှိရာစကြဝဠာလို ငေးမျှော်ရင်း
သာဓုများစွာခေါ်ရင်း ရိုသေကြည်ညိုစွာ
လူပီသသူအပေါင်းအား ဦးချလိုက်ပါတယ်

သဘာဝဘေးကို ယဉ်ကျေးစွာရုန်းကန်ဖို့
လမ်းတွေကို ရသလောက် ပြန်ဆယ်ယူဖို့
လူတွေဟာ ကမ္ဘာကြီးထဲ ရှိခဲ့ကြပါတယ်
ဒီလိုလူတွေကို ယုံကြည်မှုနဲ့သာပဲ
ဝမ်းနည်းမျှော်လင့်သော ဒီစာသားတွေစတယ်
ဝမ်းနည်းမျှော်လင့်သော ဒီစာသားတွေဆုံးမယ်။

ပွင့်တော်မူပြီးကြကုန်သော မြတ်စွာဘုရားများ
ဒီဘဝ ဒီကဗျာ ဒီတစ်ခါသာ ရေးပါရစေသား။
ဝမ်းနည်းဖွယ်မိုးရေများ ကြေကွဲစွာ။ ။

                                    မောင်ရေချမ်း
                                2 August 2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ