Saturday, October 17, 2015

စက်တင်ဘာကို မမေ့နဲ့


စက်တင်ဘာကို မေ့ပစ်လိုက်ရင်တောင်
စက်တင်ဘာက သမိုင်းမှာ လိုက်ပါလိမ့်မယ်
ဒါကြောင့် စက်တင်ဘာကို မမေ့နဲ့

အမှောင်တိမ်တွေအောက်မှာ
တဝေါဝေါသွန်ချနေတဲ့
မတရားမှုမိုးစက်တွေအောက်မှာ
စက်တင်ဘာဟာ ရွှေဝါရောင်တောက်ခဲ့ဖူးတယ်
အဲဒီစက်တင်ဘာကို ဘယ်တော့မှ မမေ့နဲ့

"ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
  ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး"
အဲဒီအသံတွေ
ွသွေးအိုင်ထဲမှာ ပေလူးသွားခဲ့ဖူးတယ်
အဲဒီစက်တင်ဘာကို မမေ့နဲ့


ဖေ့ဘုတ်ပေါ်မှာဖွန်ကြောင်နေတဲ့မျိုးဆက်ရေ
အခုသုံးဆောင်နေသော
အခွင့်အရေးအရိုးအကြွင်းလေးများဟာ
သမိုင်းရဲ့သွေးများ စတေးပေးခဲ့ရပါတယ်
ဒါကြောင့် စက်တင်ဘာကို မမေ့နဲ့

မေတ္တာပို့သံဟာ သရဲနှင်ဖို့မဟုတ်ဘဲ
ရာဇပလ္လင်ကို တုန်လှုပ်ဖို့ဖြစ်ခဲ့တယ်

ဝါဆိုလပြည့် ဓမ္မစကြာနေ့
၂၀၀၇ ဇူလိုင် ၂၉
မင်းဆိုးမင်းညစ် ကပ်လှူတဲ့ဆွမ်းကို
မြင့်မြတ်တဲ့သံဃာတွေက ဘုန်းပေးဖို့ ငြင်းတယ် ဟေ့

၂၀၀၇ စက်တင်ဘာ ၅ ပခုက္ကူ
မေတ္တာပို့သံတွေ လွှမ်းခြုံ
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
လူယုတ်မာနားစည်တွေ ကွဲကြေဖို့ဖြစ်ခဲ့သလား
ထို့နောက်
မန္တလေး
ရန်ကုန်
တစ်ပြည်လုံး လိမ္မော်ရောင်

လူမဆန်တဲ့ဆဲဆိုသံတွေ
သန့်စင်တဲ့ဦးခေါင်းတော်မှ သွေးသံရဲရဲတွေ

မေတ္တာပို့သံတွေက
ဒီမိုကရေစီဆီသွားကြဖို့ တောင်းဆိုခဲ့ကြတယ်
သာသနာ့အလံတော်တွေ
လူထု
ခွပ်ဒေါင်းအလံတွေ
ရက်စက်တဲ့မိုးစက်တွေအောက်
ဒီမိုကရေ ရရှိရေး ဒို့အရေး
နေအိမ်အကျယ်ချုပ် လွှတ်ပေးရေး
တွေ့ဆုံဆွေးနွေးရေး
အဲဒီအသံတွေ အပြင်ဘက်ခပ်ဝေးဝေးအထိ ညံခဲ့

ဘုရား မရှိ
တရား မရှိ
ဟယ် ... မိစ္ဆာအယူရှိသော စစ်ဘီလူးအစိုးရ
မီးခိုးဗုံးတွေ
သေနတ်သံတွေ
လုံထိန်းတွေရဲ့ဒိုင်းတွေဟာ
သာသနာကို ကာကွယ်ခဲ့သတဲ့လား
ဟား... ဟား...ဟား
မျက်ရည်စက်လက်နဲ့ ရယ်ရတယ်
ဝမ်းနည်းရတယ်
ငါတို့ရဲ့ကြေကွဲမှုဟာ စက်တင်ဘာ
သမိုင်းဟာ အငွေ့ပျံမသွားဘူး
ဟေ့.. အရူးတွေ
စက်တင်ဘာကို မေ့ပြီး မူးမနေနဲ့

စက်တင်ဘာရဟန်းသံဃာတွေ
စက်တင်ဘာရဟန်းသံဃာတွေ
စက်တင်ဘာရဟန်းသံဃာတွေ

ငါတို့
ရောက်တဲ့နေရာကနေ
ရပ်ပြီး ရ သလောက် ဦးချကြ
ကြည်ညိုကြေကွဲမှုနဲ့သောင်းသောင်းဖြဖြ။ ။

                                  မောင်ရေချမ်း
                           ၅--၁၀ စက်တင်ဘာ ၂၀၁

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ