Friday, March 15, 2013

ကစဥ့်ကလျား စိတ်မှာ ငါဟာ ကျကွဲ


နံရံကို ပစ်ပေါက်လိုက်တဲ့ ဖန်ခွက်တစ်လုံးလို
ငါ့ကဗျာဟာ ကျကွဲ ။
မြောက်ဥက္ကလာ_ဆူးလေ ၊
ဆူးလေ_ မြောက်ဥက္ကလာ ဆိုတဲ့နှစ်ရာတန်အထူးဘတ်(စ်)ကားပေါ်မှာ
ငါ့ကဗျာဟာ ကျကွဲ
ဆယ်တန်းမအောင်လို့ လင်နောက်လိုက်သွားတဲ့ကောင်မလေးရဲ့ငိုသံမှာ
ငါ့ကဗျာဟာ ကျကွဲ
ဖြစ်ချင်ရာဖြစ်ဆိုပြီး အိပ်မက်တွေကို ပစ်လွှတ်လိုက်တဲ့အောက်မှာ
ငါ့ကဗျာဟာ ကျကွဲ
ပေါ့ပေါ့တန်တန်တွေကို ယုံလွယ်မိတဲ့သာမန်တွေခြေဖ၀ါးအောက်မှာ
ငါ့ကဗျာဟာ ကျကွဲ
ပါးစပ်အဟောင်းတွေနဲ့ သီချင်းအသစ်ဆိုချင်သူတွေကို
ကဗျာတွေဟာ ဆဲရေးတိုင်းထွာလို့ ငါ့ကဗျာဟာ ကျကွဲ
ဘာလိုလို ညာလိုလို ဟိုဟာဒီဟာဖြစ်သွားရှာတဲ့
လူကုန်ကူးခံအိမ်ဖော်မလေးအတွက် ငါ့ကဗျာဟာ ကျကွဲ
ညညဆို သတင်းစာအဟောင်းတွေ မီးရှို့ပစ်ချင်တဲ့စိတ်နဲ့
မနက်မနက်ဆို သတင်းတွေကို နားပိတ်ထားချင်တဲ့စိတ်နဲ့
ကိုယ့်ကဗျာကိုယ် မကျေနပ်ဖြစ်ရင်း ကြိမ်ဖန်ထပ်စွာ ကျကွဲ ။

                                                            မောင်ရေချမ်း