Friday, May 17, 2013

ခြေရာ/စာမျက်နှာများ




ချန်ထားခဲ့ကြ
လူပုပ်ပွပွတွေက ခြေရာညိုညိုတွေချန်ခဲ့
ချဉ်စုပ်စုပ်လူတွေက ပြာနှမ်းနှမ်းခြေရာတွေချန်ခဲ့

တချို့ ခေတ်ကို ပုခုံးပေါ်တင်ပြီးရုန်းခဲ့ကြ
တချို့ ခေတ်ကို အိပ်မက်အသစ်တွေဝတ်ပေးခဲ့ကြ
လွမ်းရသူတို့က ကြယ်ဖြူရောင်ခြေရာတွေ ချန်ခဲ့

အချိန်တွေက ကူးလူးသယ်ဆောင်လို့
တချို့ခြေရာတွေ ဖျောက်မရ
တချို့ခြေရာတွေ မေ့မရ ခဲ့ ။ ။
                                      မောင်ရေချမ်း

သွေးစက်လက်အတိတ်




ဈေးသိပ်ကြီးခဲ့တယ်
တန်ရာတန်ကြေးမှာ ဘ၀ဆန်ခဲ့
နေလောင်ခံအမာရွတ်တွေ
မီးလောင်ခံဒဏ်ရာတွေ
နာကျင်အချိန်ပိုမှာမှ ဂိုးပေးရတဲ့အသင်းလို
ကိုယ်တို့ဟာ ညံ့ခဲ့ကြပြီ
နာကျင်မှုဟာ ဘယ်တော့မှ အလကားမရခဲ့ဘူး ။ ။

                        မောင်ရေချမ်း

စိတ်ကူးယဉ်ကမ္ဘာကြီး




ရွှေငါးလေးတွေနဲ့ ၊ ရေတံခွန်စိမ်းစိမ်းလေးတွေနဲ
ကိုယ်နေချင်ကမ္ဘာမှာ .....
တစ်ယောက်နဲ့တစ်ယောက် ဓားပေါက်ပြိုင်ပွဲတွေမရှိ
တစ်ယောက်နဲ့တစ်ယောက် အိပ်မက်လုပွဲတွေမရှိ
တစ်ယောက်ကိုတစ်ယောက် ချစ်သောမျက်စိနဲ့ကြည့်လို့
တိုက်လာတဲ့လေပြည်မှာ စံပယ်ရနံ့လေးတွေနဲ့ ဆွတ်ဆွတ်မွှေးလို့
ချစ်သူစုံတွဲတွေဟာ တိမ်ရထားပျော့အိအိကိုစီးလို
ပျော်စရာ ရွှင်စရာ ။

အဲဒီ့နယ်မြေမှာပေါ့ ...
စစ်ပွဲတွေကို မွေးမြူထားတာမရှိ
ပန်းပွင့်လေးတွေကို တယုတယစိုက်ပျိုးလို့
စာသင်ကျောင်းရဲ့ခေါင်းလောင်းသံလေးတွေဟာ ချိုနေမယ်
ဘုရားကျောင်းရဲ့ခေါင်းလောင်းသံလေးတွေဟာ ချိုနေမယ်
ကျီကျီကျာကျာ ငှက်ကလေးတွေရဲ့အသံဟာ ချိုနေမယ်

နှင်းပွင့်မှုန်မှုန်လေးတွေ ကြဲချထားတဲ့လမ်းလေးပေါ်မှာ
ကိုယ်ဟာ လျှောက်လို့ သီချင်းတစ်ပုဒ်ကို လေချွန်နေမယ်
အို...ကမ္ဘာကြီး
ပျော်စရာ ရွှင်စရာ ။ ။

မောင်ရေချမ်း