Wednesday, November 20, 2013

ငါတို့ဟာ လူငယ် ၊ ပြီးတော့ ကြီးကြီးကျယ်ကျယ် ကြယ်တွေ !


လူငယ်တွေဆိုတော့ နည်းနည်းတော့ ငန်တယ်
ဘာပဲဖြစ်ဖြစ်
တရားဆိုလည်း တရား
ဓားဆိုလည်း ဓား ၊
တစ်ခုခုတော့ ကျစ်ကျစ်ပါအောင်ဆုပ်ထားကြသူတွေချည်း
ခေတ်နဲ့ ဓာတ်မတည့်ဘူးဆိုပေမယ့် ဆွဲစရာရှိဆွဲသလို ရဲစရာရှိရင်လည်းရဲခဲ့ကြတယ်
ကြီးကြီးကျယ်ကျယ်စကားတွေ မပြောခဲ့ပေမယ့်
ကြီးကြီးကျယ်ကျယ်ကြယ်တွေဟာ ငါတို့ပါပဲ
ထစ် နေတဲ့စီဒီဆိုရင် ကျော်ကိုမကြည့်ချင်
စက်ထဲကနေ ဗြုတ်ခနဲဆွဲထုတ် ဖြောင်းခနဲနေအောင်ထိုးခွဲပစ်ချင်ကြသူတွေ
စိတ်မလိုရင် မိုးရေတွေကိုတောင် ကျိုးကြေသွားအောင် ချိုးချေပစ်ကြသူတွေ
ပုံပြင်ဟောင်းတွေကိုလည်း မကြားချင်
ကောင်းကင်ကိုလည်း အင်္ကျီအသစ်နဲ့ လှစေချင်သူတွေလေ
တက်ကြွခဲ့ကြပါတယ် ၊ ဒါပေမဲ့ ဘယ်တုန်းကမှတော့ စောင်းမထခဲ့
ငါတို့ရှေ့က ဂုဏ်ပြုအပ်တဲ့ကြယ်တွေကို တခုတ်တရဦးညွှတ်ခဲ့သလို
ဘာဘာညာညာ ကလေးအထာနဲ့လူကြီးတွေဆိုရင် တောက် ချပစ်ချင်
သူရဲကောင်းတွေရဲ့နာမည်ကိုတော့ ဂုဏ်ပြုပြီးသီချင်းမှန်မှန်ဆိုခဲ့ကြတယ်
အဓမ္မကို ဆွမ်းကြီးဝိုင်းလောင်းဖို့ဝန်မလေးခဲ့သလို
အမှန်တရားကိုလည်း လက်ခုပ်တီးပြီးအားပေးခဲ့ကြတယ်
ဘယ်တော့ဖြစ်ဖြစ် ကိုယ့်ဂီတာကိုယ်တီး ၊ ကိုယ့်သီချင်းကိုယ်ဆိုပြီးပျော်ခဲ့ကြပေါ့
ခုနစ်အသေတွေကို ဆွဲဖွင့်လို့ ကမ္ဘာကြီးထဲရွက်လွင့်ဖို့ ငါတို့ လာခဲ့ကြပါတယ်
ပြီးရင် ကြယ်တွေပေါ်မှာ ငါတို့နာမည် အသန့်ရှင်းဆုံးထုထွင်းစိုက်ပျိုး ။ ။

                                                                မောင်ရေချမ်း