Monday, December 9, 2013

ငါတို့အကြောင်း ငါတို့ကဗျာ

ဇရှိလို့သာပေါ့
ငါတို့အားလုံးဟာ ကိုယ့်ဒဏ်ရာကိုယ် ဇစ်တပ်ထားကြတာ
အက်ကွဲပူလောင်လာတဲ့အခါ ဇစ်ကိုဆွဲဖွင့်
အရက်သမားတစ်ယောက် အော်ဆိုလိုက်တဲ့ သီချင်းသံပမာ
ငါတို့အော်သံဟာ လွတ်လပ်ကျယ်လောင်စွာ

ပြီးတော့
ငါတို့ဟာ သစ်ရွက်ကလေးတွေကြွေကျနေသလို ပေါ့ပေါ့ပါးပါးနေထိုင်ကြတယ်
ပေါ့ပါးပေမယ့် မလေလွင့်ခဲ့ပါ
လွတ်လပ်စွာ တွေးခေါ်ရှုရှိုက်ရင်း
လေးနက်စွာ ကမ္ဘာကြီးထဲကို ချောင်းကြည့်ခဲ့ကြ
ငါတို့ထဲက တချို့ဟာ စိတ်မထင်တဲ့အခါ
ကောင်းကင်ကိုတောင် ကင်စားမလို့ကြံရွယ်ခဲ့ကြ
ငါတို့ထဲက တချို့ဟာ
ချစ်ခြင်းမေတ္တာအကြောင်းကိုပဲ ချစ်မြတ်နိုးစွာပြောဆိုခဲ့ကြ
ငါတို့ထဲက တချို့ဟာ
တိမ်တွေပေါ်မှာ ငြိမ်းချမ်းစွာကခုန်ခဲ့ကြ
ငါတို့ထဲက တချို့ကတော့
ကမ္ဘာထဲကို ကဗျာတွေ သွန်ကြဲချဖို့ လာခဲ့ကြပေါ့

ပြီးရင် .. အလင်းကို ရသလောက် ကဲ့ယူရင်း
ကြီးကြီးကျယ်ကျယ်အကြောင်းတွေ ပြောဆို
ငါတို့နာမည်နဲ့ရုပ်ထုတွေ ကမ္ဘာကြီးထဲမှာ ထုဆစ်ခဲ့မလို့

ပြီးရင် ...Sound Box တွေကို ရိုက်ခွဲ
အားလုံးဟာ ကိုယ့်အသံနဲ့ကိုယ် သီချင်းဆိုမလို့

အဲဒီ့နောက် တိမ်တွေပေါ်ခုန်တက်
မှောင်နေတဲ့ ညတွေအတွက် လကို ဖဲ့ဖဲ့ချမလို့ ။ ။

                                                   မောင်ရေချမ်း