Wednesday, March 19, 2014

ဒီမနက်ခင်းဟာ လာပြီဆို ဒီသီချင်းနဲ့ချည်း ငါ့ကိုနိုးတော့တာပဲ



အသားထဲမှာ လျှာကြီးတစ်ချောင်းဝင်နေတာ
လုပ်ပီ... လူစီလား ၊ ရိုစီလား မသိတဲ့ ချာတိတ်မလေးတစ်ယောက်ရဲ့အသံနဲ့
မနက်ခင်းဟာ အရေးတကြီးကို ချွဲပျစ်လို့
အာဝါးဒါးတွေနဲ့ ဒီနေ့ကိုလဲ စရဦးမှာလား
နေမပွင့်ခင်ကို ဒီသီချင်းက စ
ပန်းတွေမပွင့်ခင်ကို ဒီသီချင်းက စ
ဒါ သက်သက်ငါ့ကိုရန်စနေတာလား
သိပ်အားမထုတ်ထားတဲ့ကဗျာတစ်ပုဒ်ကိုဖတ်ရသလိုပဲ
ကောင်းကင်ကတော့ ပျင်းရိပျင်းတွဲ့ ဆန်လွန်းလှတယ်
ဟော... လာပြန်ပြီပေါ့
ငါ့မနက်ခင်းလေးခမျာ
ဒီသီချင်းနဲ့ပဲ အိပ်ယာကထခဲ့ရရှာ ။ ။

              မောင်ရေချမ်း

Wednesday, March 12, 2014

ဒီနေ့ဟာ ဇွန်းတပ်မထားဘူး

နံရံမှာ ချိတ်ထားတဲ့နာရီကလည်း ပျက်နေတယ်
ဒီနေ့ဟာ ဇွန်းတပ်မထားဘူး
တကယ့်ကို ရိုးရိုးနေ့
တနင်္ဂနွေလား ၊ တနလာင်္လား
သောကြာလား ၊ စနေလား
ဘာနေ့မှန်းမသိအောင်ကို ဒီနေ့ဟာ ပျောက်နေတယ်
ဒီနေ့ကို ဘယ်ပြက္ခဒိန်ထဲက ဆွဲထုတ်ရမလဲ
တကယ့်ကို အာဝါဒါးနေ့
တီဗွီမှာ
အမည်မသိအဆိုတော်မလေးတစ်ယောက်
သကြားလုံးဆယ့်နှစ်လုံးလောက်ငုံထားတဲ့အသံနဲ့သီချင်းဆိုနေတယ်
ဒီနေ့ဟာ ဂျယ်လီလိုပျော့စိစိနေ့
ဘေးအိမ်မှာ
အရက်သမားတစ်ယောက်
မအေကို ဟင်းမကောင်းလို့ဆိုပြီး ဟင်းခွက်တွေဆောင့်ချအော်ဟစ်နေတယ်
ဒီနေ့ဟာ ပေါက်လွှတ်ပဲစားဆန်ဆန်နေ့
လမ်းပေါ်မှာ
ကုန်တင်ကားတစ်စီး
သစ်လုံးတွေ အပြည့်တင်ပြီး လူနာတင်ယာဉ်လိုမောင်းသွားတယ်
ဒီနေ့ဟာ သူခိုးကျင့်သူခိုးကြံနေ့
တကယ်ပါပဲ
ဒီနေ့ဟာ ဇွန်းတပ်မထားဘူး
ဒီနေ့ဟာ ရိုးရိုးနေ့ ။ ။

                                           မောင်ရေချမ်း

Monday, March 10, 2014

ဒီညကို မင်းပဲယူထားလိုက်တော့...ကိုယ့်ည


ဒီတောင်တန်းတွေကို ဘယ်လိုဖြိုချရမလဲ ငါတွေးနေတာ
ရွှီးချင်ရင်ရွှီးလေ မီးညှိပေးမယ်
မီးခိုးတွေကိုတော့ ငါ့ဘက် မမှုတ်ထုတ်ပါနဲ့ ... ကိုယ့်ညီ
တအားကွဲလာရင်လည်း ငိုမပြနဲ့...ကိုယ့်ညီ
သူများမျက်ရည်နဲ့မြင်ရတဲ့လရောင်က မလှလို့ပါကွာ
တိမ်တွေပေါ်မှာ ခုန်ချင်ရင်..ခုန်
ကားယားကြီးတော့ ပြန်မကျလာစေနဲ့ပေါ့
အာရုံရလား အာရုံကျလား
ပြောသာပြောပစ် မင်းအသံကိုအကျယ်ဆုံးအော်
မင်းပြောသမျှစကားလုံးတွေ ငါမှတ်ထားမလို့
ပြီးရင် မင်းရင်ဘတ်တစ်ခုလုံး ငါခိုးသွားမလို့
ပြီးရင် စာသားတွေဖောက်ချပစ်မယ်
ရွှီး..ရွှီး ပြီးရင် မင်းရောက်တဲ့ခရီးကို ငါ့ကိုပြောပါ
မင်းနဲ့အလိုက်ဆုံးသီချင်းဖွင့်ပေးထားမယ်
လေးဖြူရဲ့ "မိုးတိမ်ထဲဝဲ" လား
ဒိုးလုံးရဲ့ "အရိုးများထိအောင်ရူး" လား
ဟိုဘက်နည်းနည်းတိုးပါ ..ကိုယ့်ညီ
ဒီစိမ်းဖန့်ဖန့်အနံ့တွေ ငါမုန်းလို့ပါ
အခုလောလောဆယ် တွေးနေတာ
ဒီတောင်တန်းတွေကို ဘယ်လိုဖြိုချရမလဲပဲ ငါ့ကိုပြောစမ်းပါ။

                                             မောင်ရေချမ်း

Sunday, March 9, 2014

အားလုံးအဆင်ပြေပါတယ်


နေလို့မပျော်ဘူး
အိမ်ရှေ့က သရက်ပင်ကိုလည်း အလိုလိုမျက်စိနောက်နေမိတယ်
ဘာပဲဖြစ်ဖြစ်...
ည ည အိပ်မပျော်တာကလွဲရင်
အားလုံးအဆင်ပြေပါတယ်

ရာသီဥတု အကူးအပြောင်းမှာ
ချောင်းဆိုး နှာချေတာကလွဲလို့ အားလုံးအဆင်ပြေပါတယ်

မျှော်နေတဲ့ နွေတစ်ခုရဖို့
တစ်နွေပြီးတစ်နွေကုန်သွားတာကလွဲလို့ အားလုံးအဆင်ပြေပါတယ်

ဒီရက်ပိုင်းမှာ နေသိပ်မကောင်းဘူး
ဆေးဝယ်သောက်ဖို့ ပိုက်ဆံမရှိတာကလွဲလို့ အားလုံးအဆင်ပြေပါတယ်

ဒီရက်ပိုင်းမှာ ဟိုဟိုဒီဒီ မသွားနိုင်
ပျက်နေတဲ့စက်ဘီးကိုပြင်ဖို့
ပိုက်ဆံမရှိတာကလွဲလို့ အားလုံးအဆင်ပြေပါတယ်

မနက်စောစောထမယ်
သတင်းစာဖတ်မယ်
အဲဒီလို အားခဲထားပေမယ့်လည်း
အိပ်ယာထနောက်ကျတဲ့မနက်ခင်းတွေကြောင့် အားလုံးအဆင်ပြေပါတယ်

အဆင်မပြေမှုတွေ နေသားတကျရှိခဲ့ပြီမို့
အားလုံး အဆင်ပြေပါတယ်
ဘယ်တော့မှ ရောက်မလာတဲ့နွေဦးရေ ...
ဂွတ်ဘိုင်ပါ ။

                             မောင်ရေချမ်း

Thursday, March 6, 2014

ထမင်းဆိုင်

လက်လုပ်လက်စားတွေပါ
တစ်နေ့လုပ်တစ်နေ့စားတွေပါ

လူတွေတိုးဝှေ့လို့
ပန်းကန်တွေမလောက်ဖြစ်နေရ

တချို့အိမ်တွေမှာ ကြောင်စာကျွေးတဲ့ကော်ပန်းကန်ပြားလေးတွေနဲ့
တချို့အိမ်တွေမှာ မီးဖိုချောင်ကစွန့်ပစ်လိုက်တဲ့တို့စရာဟင်းရွက်တွေနဲ့

လူတွေ
လိမ္မော်သီးအမွှာလေးတွေလို ပူးသိပ်ကျပ်ညှပ်

လက်လုပ်လက်စားတွေပါ
တစ်နေ့လုပ်တစ်နေ့စားတွေပါ

ချွေးစီးကြောင်းတွေနဲ့
ဈေးနှုန်းသက်သာမှုနဲ့

ထမင်းဆိုင်ထဲ
ဆီချေးပေနေတဲ့လက်နဲ့ လူရှိတယ်
ဆေးပေါ့လိပ်နားကြားညှပ်ထားတဲ့ဆိုက္ကားဆရာ ရှိတယ်
ကျောပိုးအိတ်လွယ်နဲ့ ကျူရှင်သွားခါနီး ကျောင်းသားလေးတွေ ရှိတယ်
ဘောလုံးကန်ပြီးပြန်လာတဲ့ မောမောပန်းပန်း ချာတိတ်တွေ ရှိတယ်
ထမင်းစားရင်း အတင်းပြောနေတဲ့မိန်းမ၀၀ကြီးတွေလည်း ရှိတယ်

တစ်ခါစား သုံးရာကျပ်ဆိုတဲ့ဆိုင်ထဲ
လူတွေ ၀င်လာမစဲ တသဲသဲ ။ ။

                                    မောင်ရေချမ်း

Wednesday, March 5, 2014

ရုပ်ရှင်ထဲကလို


လာသမျှကို ရုပ်ရှင်ထဲကလိုပေါ့
မြင်သမျှကို ရုပ်ရှင်ထဲကလိုပေါ့

လွယ်လွယ်တွေးမယ်
လွယ်လွယ်သဘောထားမယ်

ရုပ်ရှင်ထဲကလိုဆို
မင်းသမီးကားတင်ပြေးခံရခါနီး မင်းသားလာကယ်မှာပဲ

ရုပ်ရှင်ထဲကလိုဆို
မင်းသားနဲ့လူကြမ်း ဘယ်လိုချချ မင်းသားနိုင်မှာပဲ

ရုပ်ရှင်ထဲကလိုဆို
တစ်နာရီခွဲလောက်ကြာရင် မင်းသားနဲ့မင်းသမီးပေါင်းရမှာပဲ

ရုပ်ရှင်ထဲကလိုဆို
ဘာမှ အာရုံနောက်စရာမရှိ

လွယ်လွယ်လေးပါပဲ
ကားစီးဖို့လွယ်သလို ဖုန်းပြောဖို့လည်း လွယ်တယ်

ဇာတ်လိုက်တွေက သေနတ်နဲ့ပစ်ခံရလည်း မသေဘူး
ဓားနဲ့ထိုးခံရလည်း မသေဘူး

ရုပ်ရှင်ထဲကလိုဆို
ဇာတ်သိမ်းခန်းဟာ တဟီးဟီး တဟားဟားနဲ့ပြီးရမှာပဲ

ရုပ်ရှင်ထဲကလို ပျော်ချင်လို့ မျှော်နေကြပေမယ့်
ငါတို့ကြည့်ချင်တဲ့ဇာတ်ကားက ခုထိမရိုက်ရသေးဘူး။ ။

                                                      မောင်ရေချမ်း