Friday, January 3, 2014

ကမ္ဘာကြီးကို ပုံတူရေးဖို့ ၊ အိပ်မက်တွေ မကွေးဖို့ ၊ လွတ်လွတ်လပ်လပ် တွေးလို့

ဒီနေ့ ဘာနေ့လဲ မေ့နေရင်
မိမိလူဖြစ်ကြောင်းမေ့နေတဲ့ သတ္တ၀ါတစ်ကောင်လို ရိုင်းစိုင်းနေလို့ပေါ့
သေချာပါတယ် တကယ်ကတော့
တစ်နှစ်တစ်တန်း စာမေးပွဲတွေတဗုန်းဗုန်းကျနေတတ်တဲ့ကျောင်းသားလေးလို ငါတို့နိုင်ငံကြီး အချိန်တွေ လေလွင့်လာခဲ့ပေါ့
သူရဲကောင်းတွေက တရားကို အသားချည်းသက်သက်တောင်းခဲ့ပေမယ့်
သူခိုးတွေကတော့ အရိုးတွေပဲ ပေးခဲ့တယ်လေ
ဆိုချင်တဲ့သီချင်းကတော့ ဂုဏ်ပြုသီချင်းပေါ့
ကမ္ဘာကြီးကို ပုံတူရေးဖို့ကြိုးစားခဲ့တဲ့ လူဆန်လွန်းသူတွေကို အားနာမိတဲ့အခါ
ဟုတ်ရဲ့လား ၊ လွတ်လပ်တယ်ဆိုတာ စောစောစီးစီး လမ်းပေါ်မှာ ရှက်ကီထုဖို့
ဟုတ်ရဲ့လား ၊ လွတ်လပ်တယ်ဆိုတာ အပျော်သက်သက် လမ်းတွေပိတ်ထားဖို့
ဟုတ်ရဲ့လား ၊ လွတ်လပ်တယ်ဆိုတာ Sound Box တွေကို အကျယ်ဆုံးဖွင့်ဖို့
ဟုတ်ရဲ့လား ၊ လွတ်လပ်တယ်ဆိုတာ အော်ကြီးဟစ်ကျယ် အော်ဆဲနေဖို့
ဟုတ်ရဲ့လား ၊ လွတ်လပ်တယ်ဆိုတာ သူများသောက်ဖောင်းကို အားရပါးရထုဖို့
ကဲ...ဒါဆိုလည်း စားကြွင်းစားကျန်တွေကို စားဖို့အမှောင်ထဲက ချောင်းနေတဲ့ ကြွက်စုတ်တွေလိုပဲ နေကြရုံပေါ့ ။
သေချာတာက
ငါတို့ လုံခြုံစွာ စောင်ခြုံကွေးနေဖို့ သူတို့တွေ သေပေးခဲ့ကြတာမဟုတ်
သေချာတာက
ငါတို့ ပိုးစိုးပက်စက်ပျော်ဖို့အတွက် သူတို့ပစ်စလက်ခတ်သေပေးခဲ့ကြတာမဟုတ်
သေချာတာက
ငါတို့ အနာဂတ်လွတ်လပ်ဖို့ မွန်းကျပ်အမှောင်ထဲကနေ သူတို့အော်ခဲ့ကြတာ
သေချာတာက
ငါတို့ လွတ်လွတ်လပ်လပ် သီချင်းဆိုဖို့အတွက် သူတို့က ခမ်းနားတဲ့ခန်းမကြီးတစ်ခု တည်ဆောက်ပေးခဲ့ကြတာ

သူတို့ဟာ သူတို့အရိုးတွေနဲ့ ကမ္ဘာကြီးကို ပုံတူရေးဖို့ကြိုးစားခဲ့ကြ
ပြီးတော့ သူတို့သွေးတွေနဲ့ အမှန်တရားကို အသက်ဆက်ခဲ့ကြ
အဲဒီလို လူတွေ ကျေးဇူးနဲ့ အခု ငါတို့ဟာ ကမ္ဘာကြီးထဲ လွတ်လွတ်လပ်လပ်တွေးလို့
တိမ်တွေပေါ်မှာတောင် အရုပ်ရေးလို့ရခဲ့ကြပေါ့ ။ ။

                                                                                            မောင်ရေချမ်း