Friday, January 24, 2014

အင်္ဂါနံအစ ___ အင်္ဂါအဆုံး


ခုနစ်နေ့ ခုနစ်နံတွေထဲမှာ
သဘောကျဖို့အကောင်းဆုံးက အင်္ဂါနံပေါ့
ခုနစ်နေ့ ခုနစ်နံတွေထဲမှာ
သိပ်ဒေါင့်မကျိုးတာ သောကြာနံပေါ့

သောကြာနံတွေကို မုန်းတာကြောင့်
သွင်မှာ ရုပ်ရှင်မကြည့်ဖြစ်
သမ္မတမှာ ရုပ်ရှင်မကြည့်ဖြစ်

သောကြာနံတွေကို မုန်းတာကြောင့်
"သစ်သီး"ဆိုတဲ့ စကားလုံးကိုတောင် အလိုလိုနေရင်းအမြင်ကတ်
သောကြာနံတွေကို မုန်းတာကြောင့်
သောကြာနံနဲ့စတဲ့ နာမည်ပျော့စိစိတွေဆို ပေါင်းကိုမဖတ်ချင်
သောကြာနံတွေကို မုန်းတာကြောင့်
သောကြာနံနဲ့စတဲ့ လူယုတ်မာနာမည်တွေဆို လုံးဝကိုမကြားချင်

အင်္ဂါနံကို သဘောကျမိတော့
ဇီဇ၀ါပန်းကလေး ပွင့်နေပုံကိုက သိပ်ကျက်သရေရှိ
အမျိုးသားအဆိုတော်တွေထဲမှာ ဇော်ဝင်းထွဋ်ကို သဘောကျမိတယ်
အင်္ဂါနံနဲ့ စလို့ပေါ့
အမျိုးသမီးအဆိုတော်တွေထဲမှာ ဆုန်သင်းပါကို သဘောကျမိတယ်
အင်္ဂါနံနဲ့ စလို့ပေါ့
အင်္ဂါနံကို သဘောကျပေမယ့်
စင်င်္ကာပူ ၊ ဆီးရီးယား ၊ ဆူဒန် အဲလို အင်္ဂါနံနဲ့စတဲ့တိုင်းပြည်များ မရောက်ဖူးပါ
အင်္ဂါနံဖြစ်တဲ့ "ဆွစ်ဇာလန်"ဘဏ်တွေမှာလည်း တရားမ၀င်ငွေတွေအပ်ထားတာမရှိပါ

ဘာပဲဖြစ်ဖြစ် "စစ်" ဆိုတဲ့ အင်္ဂါနံကလွဲရင်
အင်္ဂါနံတွေကိုတော့ သိပ်ချစ်ခဲ့တယ်
"စံရိပ်ငြိမ်" ဆိုတဲ့ နာမည်လှလှလေးကိုလည်း သဘောကျ
"စံပြဈေး" ဆိုတဲ့သင်္ကန်းကျွန်းမြို့နယ်က ဈေးကိုလည်းသဘောကျ
"စောဘွဲ့မှူး" ရေးခဲ့တဲ့ သီချင်းတွေဆိုလည်း သဘောကျ
"ဆင်ရေတွင်း" မှတ်တိုင်နားမှာလည်း သင်တန်းတက်ဖြစ်ခဲ့တယ်
"စွမ်းဇာနည်"ရဲ့ ဇာတ်ပွဲတွေကိုတော့ ကြည့်ဖို့အားခဲပြီးမကြည့်ဖြစ်ခဲ့ပါ

ငယ်ငယ်ကဆော့ခဲ့တဲ့
"စုံ ဆန် စိ " ဆိုတဲ့ ကစားနည်းကိုလည်း သိပ်သဘောကျတာပဲ
အင်္ဂါနံတွေနဲ့ မို့လို့ပဲပေါ့

အင်္ဂါနံရဲ့အရေးပါပုံက
မီးဖိုချောင်သုံးမရှိမဖြစ် "ဆား" ဟာ အင်္ဂါနံပေါ့
မီးဖိုချောင်သုံးမရှိမဖြစ် "ဆီ" ဟာ အင်္ဂါနံပေါ့
ကုန်ကုန်ပြောရရင်နေ့တိုင်းစားနေတဲ့ "ဆန်" အင်္ဂါနံပေါ့

ထပ်ပြောရရင်
မျက်စိရှေ့မှာတင်
အင်္ဂါနံနဲ့ အမျိုးသမီးတစ်ယောက် ကမ္ဘာပတ်လမ်းထဲရောက်နေခဲ့တာတွေ့ပြီးပြီ

ထပ်ပြောရရင်
မျက်စိရှေ့မှာတင်
အင်္ဂါနံနဲ့အမျိုးသမီးတစ်ယောက် ကမ္ဘာကြီးကို ဆွဲကိုင်လှုပ်ခါနိုင်ခဲ့တာ မြင်ခဲ့ရပေါ့

ထပ်ပြောရရင်
မျက်စိရှေ့မှာတင်
အင်္ဂါနံနဲ့အမျိုးသမီးတစ်ယောက် ကောင်းကင်ဟောင်းကိုဆွဲဖြဲဖို့ ကြိုးပမ်းနေတာမြင်နေရပေါ့

ထပ်ပြောရရင်
မျက်စိရှေ့မှာတင်
အင်္ဂါနံနဲ့အမျိုးသမီးတစ်ယောက် အမှောင်တွေကြားမှာ လမ်းတွေရှာပြနေတာ မြင်နေရပေါ့။ ။

                                                                        မောင်ရေချမ်း

ဆင်ခြေဖုံး (၂)



ဆိုက္ကားများ ၊ ကလေးများ
ခွေးများ လမ်းပေါ် ။

ဈေးဆိုင်များ ၊ တွန်းလှည်းများ
ဟိုတစ်စ ဒီတစ်စအမှိုက်များ လမ်းဘေး ။

                                  မောင်ရေချမ်း