Sunday, March 9, 2014

အားလုံးအဆင်ပြေပါတယ်


နေလို့မပျော်ဘူး
အိမ်ရှေ့က သရက်ပင်ကိုလည်း အလိုလိုမျက်စိနောက်နေမိတယ်
ဘာပဲဖြစ်ဖြစ်...
ည ည အိပ်မပျော်တာကလွဲရင်
အားလုံးအဆင်ပြေပါတယ်

ရာသီဥတု အကူးအပြောင်းမှာ
ချောင်းဆိုး နှာချေတာကလွဲလို့ အားလုံးအဆင်ပြေပါတယ်

မျှော်နေတဲ့ နွေတစ်ခုရဖို့
တစ်နွေပြီးတစ်နွေကုန်သွားတာကလွဲလို့ အားလုံးအဆင်ပြေပါတယ်

ဒီရက်ပိုင်းမှာ နေသိပ်မကောင်းဘူး
ဆေးဝယ်သောက်ဖို့ ပိုက်ဆံမရှိတာကလွဲလို့ အားလုံးအဆင်ပြေပါတယ်

ဒီရက်ပိုင်းမှာ ဟိုဟိုဒီဒီ မသွားနိုင်
ပျက်နေတဲ့စက်ဘီးကိုပြင်ဖို့
ပိုက်ဆံမရှိတာကလွဲလို့ အားလုံးအဆင်ပြေပါတယ်

မနက်စောစောထမယ်
သတင်းစာဖတ်မယ်
အဲဒီလို အားခဲထားပေမယ့်လည်း
အိပ်ယာထနောက်ကျတဲ့မနက်ခင်းတွေကြောင့် အားလုံးအဆင်ပြေပါတယ်

အဆင်မပြေမှုတွေ နေသားတကျရှိခဲ့ပြီမို့
အားလုံး အဆင်ပြေပါတယ်
ဘယ်တော့မှ ရောက်မလာတဲ့နွေဦးရေ ...
ဂွတ်ဘိုင်ပါ ။

                             မောင်ရေချမ်း