Wednesday, April 9, 2014

ဖွင့်မကြည့်နိုင်တဲ့ စာ


ဖွင့်မကြည့်နိုင်တဲ့စာဟာ
အမည်မသိတဲ့နိုင်ငံရဲ့အမည်မသိတဲ့မြို့က လာတယ်

ထမင်းလုံးကိုချေပြီးစာအိတ်ကိုပိတ်ထားသလားမသိရ
ချိပ်ကိုအရည်ကျိုပြီးစာအိတ်ကို ပိတ်ထားသလားမသိရ
စာအိတ်ဟာ ဘာစက္ကူအမျိုးအစားလဲမသိရ
စာအိတ်ဟာ မွှေးနေသလား ၊ နံ့စော်နေသလားမသိရ

စာထဲမှာ ၀ါကျဘယ်နှကြောင်းရှိကြောင်းလည်း မသိရ
စာလုံးရေ ဘယ်နှလုံးပါကြောင်းလည်း မသိရ
သတ်ပုံအမှားတွေ ဘယ်လောက်ပါနိုင်မလဲ
မေးခွန်းအစုတ်အပြတ်တွေ ဘယ်လောက်ပါနိုင်မလဲ
ကတိစကားအကျိုးအပဲ့တွေ ဘယ်လောက်ပါနိုင်မလဲ

ဒီစာဟာ အကြွေးတောင်းစာလား
ဒီစာဟာ အမွေလွှဲစာလား
ဒီစာဟာ ဆွေမျိုးသားချင်းဆုံးလို့ အသိပေးစာလား

အံ့သြဖွယ်ရာလား
ဝမ်းသာစရာလား

ဒီစာကို လူတစ်ယောက်တည်းက ရေးခဲ့သလား
ဒါမှမဟုတ် လူတစ်စုက လူတစ်စုအတွက်ရေးခဲ့သလား

လိပ်စာမှားပြီး ကျွန်တော်ဆီရောက်လာခဲ့သလား
စိတ်ပျက်လက်ပျက်ကောင်မလေးက
စိတ်ပျက်လက်ပျက်ကောင်လေးဆီကိုရေးတဲ့လမ်းခွဲစာများဖြစ်နေဦးမလား

သိပ်ကိုခက်ပါတယ်
ဒီစာကို ဖြဲပစ်ရမလား
ဖွင့်ပစ်ရမလား

ဖွင့်မကြည့်နိုင်တဲ့စာဟာ
အမည်မသိတဲ့နိုင်ငံရဲ့အမည်မသိတဲ့မြို့က လာတယ်။
                                                   မောင်ရေချမ်း