Thursday, April 23, 2015

ရှက်ရွံ့ရိုးသားသူအပြာရောင် ငါးကလေး


ကျနော့်ကောင်းကင်ဟာ အပြာကြီးပေါ့
ကျနော့်အိမ်ရေပြင်ဟာလည်း အပြာကြီးလေ
ကျနော့်မျက်လုံးသေးသေးလေးတွေကလည်း အပြာလေးတွေ
အဲဒီတော့ ကျနော်ဟာ အပြာရောင်ငါးကလေးပေါ့

ကျနော့်ဘဝအစ ဘယ်ကလဲတော့ ကျနော်ဘယ်သိမလဲ
ဖိုးဖိုးလိပ်ကြီးပြောသလိုဆို ဘုရားသခင်ဖန်ဆင်းခဲ့တာနေမှာပဲ
သိပ္ပံပညာရှင်ကြီးဦးဦးတီကောင် ပြောတဲ့အတိုင်းဆိုရင်တော့
စကြဝဠာထဲက စွမ်းအင်ရှိတဲ့အက်တမ်အမှုန်လေးတွေက စတာပေါ့တဲ့
ဘယ်က စစ အရေးမကြီးတော့ပါဘူး
အခု ကျနော်က အပြာရောင်ငါးသေးသေးလေ

ကျနော့်ရည်ရွယ်ချက်က ရေကူးရင်းတွေ့ရာစားဖို့ပဲ
နောက်ရည်ရွယ်ချက်တစ်ခုကိုတော့ ကျနော်မပြောပြပါဘူး
ကျနော်က ငါးသေးသေးလေးဆိုတော့ သေးသေးလေးရှက်တတ်တယ်လေ
ဟုတ်တယ် ကျနော့်အမျိုးတွေကလည်း အပြာရောင်ငါးသေးသေးလေးတွေပါပဲ
ဟုတ်တယ် သူတို့လည်း သိပ်ရှက်တတ်တာပါပဲ

ငါးသေးသေးလေးတွေဆိုတော့ လူသိမများဘူးရယ်
ကျနော့်မှာ နာမည်တောင်မရှိဘူးလေ
ကျနော့်ရည်ရွယ်ချက်အတိုင်း ရေကူးရင်ဒီနားရောက်လာတာ အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်
အခု နောက်ထပ်ရည်ရွယ်ချက်ကိုလုပ်ဖို့ ကျနော်လစ်ပါပြီ

အဲဒါဘာလဲအတင်းမေးတော့ ခက်ပြီ ဘယ်လိုပြောရပါ့
ကိုကြီးခရုဟာ ကျနော့်အသက်သခင်ကျေးဇူးရှင်မို့
အရှက်ကိုမငဲ့တော့ပဲ ကျနော်ခပ်တိုးတိုးပြောခဲ့ပါတော့မယ်
ဟောနားက အညိုရောင် ငါးမလေးကို သွားကြောင်မလို့
အဲဒါမှ ကျနော့်လိုငါးသေးသေးတွေ ထပ်ရမှာလေ
ကျနော်က အပြာရောင် ငါးသေးသေးလေးမို့ တအားရှက်တာ
ကျနော်ပြောခဲ့တာကို ခင်ဗျားဘယ်သူ့ကိုမှ ပြန်မပြောဘူးကတိပေးပါတော့
ကျနော် ရှက်တတ်တဲ့ရိုးသားသော ငါးသေးသေးလေးပါ။ ။

မောင်ရေချမ်း

13.4.2015

တစ်ခါတပါး ပုံပြင် (၁၃)


ပိတောက်ပန်းလေးတွေ သိပ်လှတာပဲ
အားကျလို့ပါ
ပိတောက်ပန်းလေးလို ဝင်းဝင်းလေးပွင့်ကြည့်ဖို့
စိတ်ကူးယဉ်မိပါတယ်
လူယုတ်မာတွေက စိတ်ကူးထဲမှာတင်
တစ်ပင် လုံးခုတ်ချသွားတယ်
ပွင့်ခွင့်မပေးဘူး
ဘယ်တော့မှ ပွင့်ခွင့်မပးဘူးတဲ့
သတင်းစာနဲ့ရုပ်မြင်သံကြားက နေ အဲသလိုကြေညာတယ်

ပိတောက်တွေ အကုန် ဒေါတင်းတယ်။

မောင်ရေချမ်း

အိမ်သာကြွေခွက်ထဲက ညနေ (၂ )

စားပွဲပေါ်က ဓားဟာ ဟင်းခွက်ထဲကအသားကိုလှီးဖို့
ဒါမှမဟုတ် တစ်ခုခုအလိုမကျတဲ့အခါ
တစ်ယောက်ယောက်လည်ပင်းကိုလှီးဖို့လည်းဖြစ်နိုင်တာပဲ
ဘယ်လိုလူမျိုးတွေလည်း သိချင်လို့
သူတို့စိတ်ကို တစ်ခွက်ချင်း ခပ်သောက်ကြည့်တယ်
ချဉ်စုပ်စုပ်အရသာကို ရခဲ့တယ်
လက်ထိုးပြီး ဝေါခနဲ ပြန်အန်ပစ်လိုက်တာ
မနေ့ကတွေပါသွားတယ်။ ။

မောင်ရေချမ်း

တစ်ခါတပါး ပုံပြင် (၁၂ )

လူတစ်ယောက်
ကောင်းကင်ကို ကင်စားမယ်ဆိုပြီး
မိုးပေါ် ပျံတက်သွား
ပြီးတော့ မြေကြီးပေါ် ကားယားကြီးပြန်ပြုတ်ကျလာ
ရပ်ကြည့်နေသူတွေမှာ ရယ်လိုက်ရတာ အူတွေနာ။

မောင်ရေချမ်း

တစ်ခါတပါး ပုံပြင် (၉)

သစ်ပင်ပုပုလေး
သူ့ကိုယ်သူ သိမ်ငယ်လို့ ကြီးကျယ်ချင်လို့
တောအုပ်ထဲ ရွှေ့ပေါက် ရှင်သန်ပစ်မိတာ
သူပါ တောအုပ်နဲ့မှားပြီး ရောအခုတ်ခံလိုက်ရရှာတယ်။

မောင်ရေချမ်း

ဓာတ်လှေကားနဲ့ ပြန်ဆင်းလာတာ


ဟိုနေ့က ကတုတ်ကျင်းထဲမှာလို ငါ့ကိုဘယ်သူလာကယ်မှာလဲ
အခုအမိန့်ပေးနေတဲ့တစ်ယောက်က ငါ့ကိုကယ်မှာလား
လမ်းမီးတိုင်ကို ရယ်ပြမိတဲ့ညက
အလိုလိုနေရင်း ငါကြောက်လာ
မိုးရွာရင် ထီးမဆောင်းချင်တော့ဘူး
မဖွယ်မရာတွေက ခဏခဏစိုတာပဲမဟုတ်လား
သူတို့သေသွားရင် ငါရှင်ရမှာလား
သူတို့မသေလည်း ငါတစ်နေ့သေမှာပဲမဟုတ်လား
ဂျွန်လင်နွန်သီချုင်းကို ငါမပျင်းသေးတာလား
ဂျူးတွေ ...ဂျူးတွေ
ငါ့မျက်လုံးထဲမှာ ဂျူးတွေ ခဏခဏ
ဂျပန်တွေ... ဂျပန်တွေ
ငါ့မျက်လုံးထဲမှာ ဂျပန်တွေ ခဏခဏ
"ရန်သူတွေ မရှိတော့ဘူးထင်တယ် အလောင်းတွေပဲကျန်တော့တယ်"
"အလောင်းတွေလို့ မြင်ရုံနဲ့သိရအောင် မင်းကတန်ခိုးရှင်လား
သေနေရင်လည်း ပြန်မထနိုင်အောင် ထပ်ပစ်ရမှာပဲ"
မီးတောက်ထဲမှာ... ဟိုကောင်တွေ
တွင်းကြီးထဲမှာ... ခြေပြတ်လက်ပြတ်တွေ
နွှံ့အိုင်ထဲမှာ...နားရွက်တစ်ဖက် မျက်လုံးတစ်ဖက်
ငါ သေနတ်မပစ်တတ်ဘူး
ငါ လေယာဉ်မစီးရဲဘူး
စစ်ချီသီချင်းကြားရင် ငါသေတော့မှာ
ငါ့ကို တင့်ကားမောင်းနည်းဘယ်သူသင်ပေးခဲ့တာလဲ
ငါ ဝါကျလေးတွေပဲ ဖွဲ့ချင်တတာပါ
ငါထင်တယ် လက်ပစ်ဗုံးတွေက အိမ်သာထဲမှာအလှဆင်ဖို့
ငါ တကယ် အဲဒီလို ထင်တယ်
စကားတွေ ခဏခဏပြောဖြစ်တယ် တစ်ယောက်တည်း
စာအုပ်ပေါ်က ငါခုန်ချတယ်
သွေးတွေလေ ဖွမ်းခနဲပဲ သိလား
လည်ပင်းမှာ ကြိုးရာပါလားလို့ မနက်တိုင်း ငါစမ်းကြည့်မိတယ်
တိုက်အမြင့်ကြီးပေါ်က လေတိုးသံဟာ သိပ်စိတ်လှုပ်ရှားစရာပဲ
အခု...ငါ ဓာတ်လှေကားထဲမှာ ။ ။

မောင်ရေချမ်း

22.4.2015

မနေ့က အခုလောလောဆယ်

သိပ်တွေးခေါ်ကြည့်စရာ မလိုလှပါဘူး
ဟိုကောင်ရော ငါရော လူ့ဘဝရဲ့အဓိပ္ပာယ်ဟာ တစ်နေ့တခြားပေါ့
ပိုပိန်ညောင်လာတယ်
လိပ်ပြာမလုံတဲ့နေခြည်ဆိုတာ
ညထဲက ခွေးဟောင်သံကိုတောင် သူ့လှမ်းဟောင်တယ်ထင်မှာ
အဲဒါ ကျိန်းသေတယ်
အဲဒီလိုနေရောင်ခြည်ကို ငါလိုက်ကြည့်ပါတယ်
ပြီးတော့ သီချင်းနားထောင်တယ်
စာအုပ်ဖတ်တယ်
ရုပ်ရှင်ကြည့်တယ်
ငါ့ကိုယ်ငါ သာဓုခေါ်စရာတစ်ခုအနေနဲ့
ဒီရက်ပိုင်းမှာ ငါ့အမေကို ငါစိတ်ထဲဦးချနေမိပြန်တယ်
တင့်ကားပေါ်က ပြုတ်ကျလာပြီး
တစ်ကိုယ်လုံးမီးလောင်နေတဲ့လူဟာ သူ့နားထင်သူတေ့ပစ်သွားတာ
အဲဒီလိုကျည်ဆန်တစ်တောင့်ကို ရုပ်ရှင်ထဲမှာ ငါမြင်ဖူးခဲ့တယ်
ငါ့ လှမ်းလှမ်းရဲ့နေ့နေရာမှာ စိမ်းစိုစိုမိသားစုအိမ်လေး
ဟာသတစ်ခု ဖတ်လိုက်ရတယ်
သေချင်သူအရူးတစ်ကောင် တိုက်ပေါ်ကခုန်ချတာ
လူမသေဘဲ ခြေထောက်ကျိုးပြီး ကွဲသွားတဲ့သူများပန်းအိုးဖိုးလျှော်လိုက်ရတယ်တဲ့
တစ်ခါလောက်ပါပဲ လူစည်ကားရာဈေးထဲမှာ တစ်ခုခုကိုအော်ခဲ့ဖူးတာ
မသမာသူငါဟာ ပိုက်ဆံများများရမလားလို့ လောင်းကစားတွေလုပ်ဖူးတယ်
ရိုးသားချင်သူ ငါကတော့ အခုလိမ်မာချင်ယောင်ဆောင်နေပြန်တယ်
တော်တော်ရယ်ရတဲ့ ငါတူးဖော်ခဲ့တဲ့သယံဇာတဟာ ပိန်ညောင်နေတာပဲ
စိတ်ပူတတ်တဲ့သူငယ်ချင်းတစ်ယောက်က ငါ့ကိုစိတ်ပူနေတယ်
ငါကတော့ ငါ့စိတ်ကို အေးအေးဆေးဆေးပဲပြန်ဖတ်နေတာ
ငါ တစ်ကိုယ်လုံးမီးမလောင်သေးဘူး သေချာတယ်
နောက်ပြီး ငါ့လက်ထဲမှာသေနတ်မရှိဘူး
ကျည်ဆန်တစ်တောင့်ရခဲ့ရင်တောင်
ငါက သူများကိုပဲ ပစ်မယ့်ကောင်။     ။

မောင်ရေချမ်း
22.4.2015

ငါ့ကဗျာကို မဖတ်နိုင်တော့တဲ့ ငါ့သူငယ်ချင်းအတွက် ငါ့ကဗျာ

ငါ မငိုဘူး ဟယောင်
ဖုန်းကိုင်ပြီး လူက ဒိုင်းခနဲလွင့်ထွက်သွားသမျိုး
ငါ့မျက်ရည်က ချော်ရည်တွေလိုအတွင်းမှာကျိတ်လောင်နေသလိုမျိုး
ငါ အပူခံပစ်လိုက်တယ်
ငါ မငိုဘူး ဟယောင်

ငိုရအောင်
မင်းက ပေါက်လွှတ်ပဲစားလူဖြစ်ရှုံးသွားတာမှမဟုတ်တာ
ငိုကြပါစေ
မင်းပျော်နေတုန်းက မနာလိုခဲ့တဲ့ကောင်တွေ
မင်းနဲ့ငါ ခြင်ထောင်တစ်ခုတည်းအိပ်ခဲ့တာ
မင်းနဲ့ငါ စာအုပ်တစ်အုပ်ကို အတူတူလုဖတ်ခဲ့တာ
မင်းနဲ့ငါ စာမရလို့အတူတူအရိုက်ခံတာ
မင်းနဲ့ငါ စာမေးပွဲတစ်ခုကို အတူတူအောင်ခဲ့တာ
ဟယောင် ငါမငိုဘူး ဟယောင်

ရှိတုန်းသတိမရတဲ့
မရှိတော့မှ လွမ်းကြတဲ့လူတွေ ငိုကြပါစေ
ငါ မငိုဘူး ဟယောင်
ဒီရက်ပိုင်းမှာ ငါရင်းနှီးဆုံးသုံးယောက်ဟာ မင်းလိုပဲဖြစ်သွား
ငါ့ဝမ်းနည်းမှုဟာ တစ်နေရာတည်းကွက်မရွာဘူး
မင်းအဖေက 'ငါ့သားလေး မင်္ဂလာဆောင်ရင်'တဲ့ခဏခဏပြောတယ်
အခုထိ ပြောတယ်
ငါ မငိုဘူးကွာ ဟယောင်

ဘီယာနံ့တောင်မခံနိုင်တဲ့ မင်းကိုမှ
လူရှေ့သူရှေ့မှာ သနားသလိုတရားစကားတွေပြောကြပြီး
ငါ့နားနဲ့ဆတ်ဆတ်ကြားအတင်းစကား
မူးရူးပြီးအဲသလိုဖြစ်သွားတာလို့ ပြောတဲ့လူတွေကြားထဲ
ငါမငိုဘူး ဟယောင်

မင်းက မကောင်းတာဘယ်လောက်များများလုပ်ခဲ့လို့
ကောင်းရာဘုံဘဝရောက်ပါစေ ငါဆုတောင်းပေးရမှာလဲ
ချစ်လိုက်တာ ခင်လိုက်တာလို့တဖွဖွပြောပြီး
အခု မင်းလာမှာကြောက်နေတဲ့အရူးတွေကိုငါလှောင်ရယ်နေတယ်
ငါ့ဆီ ဘယ်ဘဝက ဖြစ်ဖြစ် မင်းပြန်လာခဲ့စမ်းပါ
နောက်တစ်ခါ လွတ်ထွက်မသွားအောင်ဖက်ထားမလို့ပါကွာ
ငါ မငိုဘူးကွာ ဟယောင်။ ။

မောင်ရေချမ်း
17.4.2015

Friday, April 3, 2015

လူ့ဘဝရုပ်ရှင်


ဇာတ်ပို့ဇာတ်ရံတွေများပြီးမရယ်တဲ့ဟာသရုပ်ရှင်ဟာ လူ့ဘဝ
ရဲတွေမပါဘဲ ငါ့မှာ အောက်တန်းကျသူလူဆိုးဖြစ်ခဲ့ရ
မင်းသမီးမပါဘဲ အသည်းကွဲခန်းကို ပလီပလာသရုပ်ဆောင်ခဲ့ရ
ဇာတ်နာဖို့သက်သက် မအောင်မြင်သောကြိုးစားမှုများစွာကို ကျဆုံးပေးခဲ့ရ

ဇာတ်ညွှန်း ဘယ်သူရေးမှန်းမသိတဲ့
ဒါရိုက်တာ ဘယ်သူလုပ်မှန်းမသိတဲ့
ရှည်လျားသောဇာတ်လမ်းထဲမှာ ငါဟာ ကျကျနနပါဝင်ခဲ့ပါတယ်
အအေးဆိုင်ထဲက ဇာတ်ဝင်ခန်းတွေမှာ
ငါဟာ ဘာအကြောင်းမှမပြောဘဲ တွေဝေငေးငိုင်လို့
ဗိုက်မဆာဘဲ တန်ဖိုးကြီးညစာကို ဟန်ဆောင်ပန်ဆောင်စားလို့
ငါနဲ့မတော်တဲ့ လူကြီးလူကောင်းဝတ်စုံကို သူများဆီက ငှားဝတ်လို့
လက်သီးတောင်ဖြောင့်အောင်မထိုးတတ်ဘဲ သတ်ပုတ်ခန်းတွေမှာ ငါဟာ ခပ်တည်တည်နဲ့ ပါဝင်ခဲ့

ငါ့ရုပ်ရှင်ဟာ ဝက်ဝက်ကွဲအောင်မြင်လို့
အားပေးကြည့်ရှုသူတစ်ယောက်မှမရှိဘဲ
နောက်ဆုံးဇာတ်ဝင်တေးအထိ စိတ်ပါလက်ပါဆိုပေးခဲ့ပါတယ်။

မောင်ရေချမ်း
(အယ်လီကိုဟန်..သို့ )
April  2015

ငါဟာ အခု စစ်ဦးထုပ်လေးကောက်ရလို့ ဆောင်းထားတာ ငါပြောချင်တာသက်သက်က ငါ့အကြောင်း ငါ့ကမ္ဘာ





တိတ်ဆိတ်ငြိမ်သက်နေပုံက
အလန့်တကြား ကြောက်မက်ဖွယ်ရာပေါ့

အမှောင်ဟာ တစတစ ပြိုကွဲနည်းပါးသွားပြီးသောကမ္ဘာ
ငါနဲ့မဆိုင်သလိုကမ္ဘာ

အလင်းကို မော်ဖူးခွင့်ရသောပန်းကလေးများ
သိပ်နူးညံ့နေမှာပါ
တကယ်ကို ငါနဲ့မဆိုင်သလိုကမ္ဘာ

လူသွားလမ်းမကြီးဘေး ရေမြောင်းလေးတောင်တိတ်ဆိတ်လို့
ငါ့တစ်ယောက်တည်း ကျယ်လောင်ဆူညံစွာ
ကားကြီး ကားငယ်များ ဝေါခနဲ
စက်ဘီး ဆိုက္ကားများ တဝီဝီ ဖြတ်သန်းသွားပေါ့
သိပ်ကို ကြမ်းတမ်းမောပန်းနေမှာပါ
တကယ်ကို ငါနဲ့မဆိုင်သလို ကမ္ဘာ

လမ်းမကြီးတစ်လျှောက် ပြည့်လျှမ်းသွားလာနေသူများ
သိပ်ကို အလုပ်ရှုပ်နေသလိုပါ
ငြီးငွေ့သူ ငါ့ကို တွန်းတိုက်ကျော်လွှား
အသားချင်းထိရင် မသတီသလိုအကြည့်နဲ့ပုတ်ထုတ်လို့
ငါ့ကို အဖက်မလုပ် / ငါက အဖက်မလုပ်တဲ့ ကမ္ဘာ
အရည်တွေသာရခဲ့သော အရေးမပါတဲ့ကမ္ဘာ

မနက်ခင်းနေရောင်ခြည်နုနုလေးဟာ
မွတ်သိပ်သူ ငါ့အရေပြားပေါ် ဖြာကျလာခဲ့ပေါ့
လမ်းမပေါ်လှဲအိပ်လို့ နွေးထွေးမှုစစ်စစ်ကို ငါအရယူခဲ့ပေါ့
ငါ့ကို ရှောင်ကွင်းသွားသူလူများ တကယ့်ကိုသနားစရာ
သူတို့ဟာအင်္ကျီတွေဝတ်ထားရှာတော့
နေခြည်နွေးနွေးကို ငါ့လို မရကြရှာ

ကားဂိတ်လက်ဖက်ရည်ဆိုင်ထဲ စစ်ပွဲသတင်းတွေဖတ်ပြီး မနက်စာစားနေသူတွေများစွာပေါ့
ငါ့ကို လက်ညှိုးတထိုးထိုးနဲ့အော်ပြောနေကြပြန်တယ်
သူတို့ ဘာပြောပြော ငါမကြားနိုင်ပါ
ငါ့နားရွက်တွေက စစ်ပွဲအစစ်ထဲမှာ ကန်းခဲ့တာ
ငါ့မျက်စိတစ်လုံးကလည်း စစ်ပွဲအစစ်ထဲမှာ ပြုတ်ကျခဲ့တာ
ငါ့ဦးနှောက်တစ်ခုလုံးကလည်း စစ်ပွဲအစစ်ထဲမှာ ဘာဖြစ်ခဲ့တာ
သူတို့ကို ပြောပြဖြစ်လည်း ရယ်မှာပဲမို့ ငါမပြောခဲ့တော့ပါ
သူတို့နဲ့ မဆိုင်သော ငါ့ကမ္ဘာ

လူစည်ကားရာလမ်းမနား ဈေးတန်းလေးဟာ
ဈေးဝယ်သူတွေကျဲပါး နေကမြင့်လာ
နေမြင့်လေ ငါရင့်လေပေါ့
ငါ့တစ်ယောက်တည်း ကမ္ဘာ

ငါ့သီချင်းဆိုချိန်ရောက်လာပြန်တဲ့အခါ
စိတ်ထဲကျယ်လောင်စွာ ပါးစပ်ဖျားတိုးဖျော့စွာ ငါသီဆိုတယ်
လူတွေဟာ သီချင်းကောင်းမကြိုက်တတ်ရှာ သိပ်သနားစရာပေါ့
ငါဆိုတဲ့သီချင်းကို လက်ခုပ်တီးသူမရှိပါ
ကဗျာရွတ်ပြဖို့တော့ ငါ့မှာ လှလှပပပျံသွားတဲ့ငှက်ကလေးများကို သိပ်အားနာ
အပျင်းထူသူ အခုထိမပွင့်သေးသောပန်းကလေးများကိုလည်း ငါ့မှာ အားရပါးရသိပ်သိပ်အားနာ
ငါအားနာသော ချစ်စရာ့ငါ့ကမ္ဘာ

လမ်းပေါင်းများစွာ ငါလျှောက်သွားခဲ့ပေါ့
ငါ့နာမည်နဲ့လမ်းများလည်း မတွေ့ခဲ့
လူပေါင်းများစွာ ငါတွေ့ခဲ့ပေါ့
ငါ့အကြောင်းသိသူ တစ်ယောက်မှမတွေ့ခဲ့
ငါ့အိတ်ထဲက မုန့်များစွာဟာ ကလေးတွေကိုကျွေးဖို့ပါ
(ငါဟာ တချို့တွေလို ကလေးမုန့်မစား)
ငါ့အိတ်ထဲမှာ အင်္ကျီများစွာဟာ အလှမက်သူတို့ဝတ်ဖို့ပါ
(ငါဟာ တချို့တွေလို ကလေးအင်္ကျီမဝတ်)
မုန့်တွေ အင်္ကျီတွေများစွာ သူတို့မလိုချင်တဲ့ ငါ့ကမ္ဘာ

တချို့က ငါ့နာမည်ကို မသိဘဲလှမ်းခေါ်ကြတယ်
ငါ့နာမည်အမှန် သူတို့ကိုပြောဖို့ ငါမစဉ်းစား
သူတို့က ဥာဏ်မမီတဲ့အခါ ငါပြောတာသဘောပေါက်မှာမဟုတ်ပါ
ညဘက် ငါ့အိပ်ယာလေးကို လာမလုသေးသရွေ့
သူတို့ကို အဖက်လုပ်စရာအကြောင်းမရှိပါ
တကယ်ကို ငါနဲ့မဆိုင်သော အရူးတို့ကမ္ဘာ

ဒီလိုပဲ ငါဟာ ညများစွာမှာ ငါနဲ့မဆိုင်တဲ့ကမ္ဘာအကြောင်း
ကြယ်ကလေးတွေကြားအောင် အသံမထွက်ဘဲပြောဖြစ်ခဲ့ပေါ့
တချို့တွေလည်း ရယ်ကြပေါ့
တချို့အတွက်တော့ အပျင်းပြေပေါ့
ငါနဲ့မဆိုင်တဲ့ ကမ္ဘာမှာ
ငါ့တစ်ယောက်တည်း အရူးမီးဝိုင်းပေါ့။ ။

 
 မောင်ရေချမ်း