Friday, April 3, 2015

လူ့ဘဝရုပ်ရှင်


ဇာတ်ပို့ဇာတ်ရံတွေများပြီးမရယ်တဲ့ဟာသရုပ်ရှင်ဟာ လူ့ဘဝ
ရဲတွေမပါဘဲ ငါ့မှာ အောက်တန်းကျသူလူဆိုးဖြစ်ခဲ့ရ
မင်းသမီးမပါဘဲ အသည်းကွဲခန်းကို ပလီပလာသရုပ်ဆောင်ခဲ့ရ
ဇာတ်နာဖို့သက်သက် မအောင်မြင်သောကြိုးစားမှုများစွာကို ကျဆုံးပေးခဲ့ရ

ဇာတ်ညွှန်း ဘယ်သူရေးမှန်းမသိတဲ့
ဒါရိုက်တာ ဘယ်သူလုပ်မှန်းမသိတဲ့
ရှည်လျားသောဇာတ်လမ်းထဲမှာ ငါဟာ ကျကျနနပါဝင်ခဲ့ပါတယ်
အအေးဆိုင်ထဲက ဇာတ်ဝင်ခန်းတွေမှာ
ငါဟာ ဘာအကြောင်းမှမပြောဘဲ တွေဝေငေးငိုင်လို့
ဗိုက်မဆာဘဲ တန်ဖိုးကြီးညစာကို ဟန်ဆောင်ပန်ဆောင်စားလို့
ငါနဲ့မတော်တဲ့ လူကြီးလူကောင်းဝတ်စုံကို သူများဆီက ငှားဝတ်လို့
လက်သီးတောင်ဖြောင့်အောင်မထိုးတတ်ဘဲ သတ်ပုတ်ခန်းတွေမှာ ငါဟာ ခပ်တည်တည်နဲ့ ပါဝင်ခဲ့

ငါ့ရုပ်ရှင်ဟာ ဝက်ဝက်ကွဲအောင်မြင်လို့
အားပေးကြည့်ရှုသူတစ်ယောက်မှမရှိဘဲ
နောက်ဆုံးဇာတ်ဝင်တေးအထိ စိတ်ပါလက်ပါဆိုပေးခဲ့ပါတယ်။

မောင်ရေချမ်း
(အယ်လီကိုဟန်..သို့ )
April  2015

ငါဟာ အခု စစ်ဦးထုပ်လေးကောက်ရလို့ ဆောင်းထားတာ ငါပြောချင်တာသက်သက်က ငါ့အကြောင်း ငါ့ကမ္ဘာ





တိတ်ဆိတ်ငြိမ်သက်နေပုံက
အလန့်တကြား ကြောက်မက်ဖွယ်ရာပေါ့

အမှောင်ဟာ တစတစ ပြိုကွဲနည်းပါးသွားပြီးသောကမ္ဘာ
ငါနဲ့မဆိုင်သလိုကမ္ဘာ

အလင်းကို မော်ဖူးခွင့်ရသောပန်းကလေးများ
သိပ်နူးညံ့နေမှာပါ
တကယ်ကို ငါနဲ့မဆိုင်သလိုကမ္ဘာ

လူသွားလမ်းမကြီးဘေး ရေမြောင်းလေးတောင်တိတ်ဆိတ်လို့
ငါ့တစ်ယောက်တည်း ကျယ်လောင်ဆူညံစွာ
ကားကြီး ကားငယ်များ ဝေါခနဲ
စက်ဘီး ဆိုက္ကားများ တဝီဝီ ဖြတ်သန်းသွားပေါ့
သိပ်ကို ကြမ်းတမ်းမောပန်းနေမှာပါ
တကယ်ကို ငါနဲ့မဆိုင်သလို ကမ္ဘာ

လမ်းမကြီးတစ်လျှောက် ပြည့်လျှမ်းသွားလာနေသူများ
သိပ်ကို အလုပ်ရှုပ်နေသလိုပါ
ငြီးငွေ့သူ ငါ့ကို တွန်းတိုက်ကျော်လွှား
အသားချင်းထိရင် မသတီသလိုအကြည့်နဲ့ပုတ်ထုတ်လို့
ငါ့ကို အဖက်မလုပ် / ငါက အဖက်မလုပ်တဲ့ ကမ္ဘာ
အရည်တွေသာရခဲ့သော အရေးမပါတဲ့ကမ္ဘာ

မနက်ခင်းနေရောင်ခြည်နုနုလေးဟာ
မွတ်သိပ်သူ ငါ့အရေပြားပေါ် ဖြာကျလာခဲ့ပေါ့
လမ်းမပေါ်လှဲအိပ်လို့ နွေးထွေးမှုစစ်စစ်ကို ငါအရယူခဲ့ပေါ့
ငါ့ကို ရှောင်ကွင်းသွားသူလူများ တကယ့်ကိုသနားစရာ
သူတို့ဟာအင်္ကျီတွေဝတ်ထားရှာတော့
နေခြည်နွေးနွေးကို ငါ့လို မရကြရှာ

ကားဂိတ်လက်ဖက်ရည်ဆိုင်ထဲ စစ်ပွဲသတင်းတွေဖတ်ပြီး မနက်စာစားနေသူတွေများစွာပေါ့
ငါ့ကို လက်ညှိုးတထိုးထိုးနဲ့အော်ပြောနေကြပြန်တယ်
သူတို့ ဘာပြောပြော ငါမကြားနိုင်ပါ
ငါ့နားရွက်တွေက စစ်ပွဲအစစ်ထဲမှာ ကန်းခဲ့တာ
ငါ့မျက်စိတစ်လုံးကလည်း စစ်ပွဲအစစ်ထဲမှာ ပြုတ်ကျခဲ့တာ
ငါ့ဦးနှောက်တစ်ခုလုံးကလည်း စစ်ပွဲအစစ်ထဲမှာ ဘာဖြစ်ခဲ့တာ
သူတို့ကို ပြောပြဖြစ်လည်း ရယ်မှာပဲမို့ ငါမပြောခဲ့တော့ပါ
သူတို့နဲ့ မဆိုင်သော ငါ့ကမ္ဘာ

လူစည်ကားရာလမ်းမနား ဈေးတန်းလေးဟာ
ဈေးဝယ်သူတွေကျဲပါး နေကမြင့်လာ
နေမြင့်လေ ငါရင့်လေပေါ့
ငါ့တစ်ယောက်တည်း ကမ္ဘာ

ငါ့သီချင်းဆိုချိန်ရောက်လာပြန်တဲ့အခါ
စိတ်ထဲကျယ်လောင်စွာ ပါးစပ်ဖျားတိုးဖျော့စွာ ငါသီဆိုတယ်
လူတွေဟာ သီချင်းကောင်းမကြိုက်တတ်ရှာ သိပ်သနားစရာပေါ့
ငါဆိုတဲ့သီချင်းကို လက်ခုပ်တီးသူမရှိပါ
ကဗျာရွတ်ပြဖို့တော့ ငါ့မှာ လှလှပပပျံသွားတဲ့ငှက်ကလေးများကို သိပ်အားနာ
အပျင်းထူသူ အခုထိမပွင့်သေးသောပန်းကလေးများကိုလည်း ငါ့မှာ အားရပါးရသိပ်သိပ်အားနာ
ငါအားနာသော ချစ်စရာ့ငါ့ကမ္ဘာ

လမ်းပေါင်းများစွာ ငါလျှောက်သွားခဲ့ပေါ့
ငါ့နာမည်နဲ့လမ်းများလည်း မတွေ့ခဲ့
လူပေါင်းများစွာ ငါတွေ့ခဲ့ပေါ့
ငါ့အကြောင်းသိသူ တစ်ယောက်မှမတွေ့ခဲ့
ငါ့အိတ်ထဲက မုန့်များစွာဟာ ကလေးတွေကိုကျွေးဖို့ပါ
(ငါဟာ တချို့တွေလို ကလေးမုန့်မစား)
ငါ့အိတ်ထဲမှာ အင်္ကျီများစွာဟာ အလှမက်သူတို့ဝတ်ဖို့ပါ
(ငါဟာ တချို့တွေလို ကလေးအင်္ကျီမဝတ်)
မုန့်တွေ အင်္ကျီတွေများစွာ သူတို့မလိုချင်တဲ့ ငါ့ကမ္ဘာ

တချို့က ငါ့နာမည်ကို မသိဘဲလှမ်းခေါ်ကြတယ်
ငါ့နာမည်အမှန် သူတို့ကိုပြောဖို့ ငါမစဉ်းစား
သူတို့က ဥာဏ်မမီတဲ့အခါ ငါပြောတာသဘောပေါက်မှာမဟုတ်ပါ
ညဘက် ငါ့အိပ်ယာလေးကို လာမလုသေးသရွေ့
သူတို့ကို အဖက်လုပ်စရာအကြောင်းမရှိပါ
တကယ်ကို ငါနဲ့မဆိုင်သော အရူးတို့ကမ္ဘာ

ဒီလိုပဲ ငါဟာ ညများစွာမှာ ငါနဲ့မဆိုင်တဲ့ကမ္ဘာအကြောင်း
ကြယ်ကလေးတွေကြားအောင် အသံမထွက်ဘဲပြောဖြစ်ခဲ့ပေါ့
တချို့တွေလည်း ရယ်ကြပေါ့
တချို့အတွက်တော့ အပျင်းပြေပေါ့
ငါနဲ့မဆိုင်တဲ့ ကမ္ဘာမှာ
ငါ့တစ်ယောက်တည်း အရူးမီးဝိုင်းပေါ့။ ။

 
 မောင်ရေချမ်း