Tuesday, June 21, 2016

သူစိမ်းပြည်မှာ


အိမ်ပြန်ချင်စိတ်က
အမေ့ကို သတိရမိတဲ့မနက်ခင်းတွေ။

လေယာဉ်ပျံတွေမြင်တိုင်း
ဆူးလေ ရွှေတိဂုံ။

ပြုံးနေတဲ့ဓာတ်ပုံကို မိသားစုဆီလှမ်းပို့တိုင်း
ရင်ထဲဖွဲဖွဲ လွမ်းလို့နာကျင်ရတဲ့နှလုံးသားတွေ။

                                                   မောင်ရေချမ်း
                                                 7 April 2016

ဆောက်တဲ့အလံကို ပန်းပန်ခြင်း



ခေါင်းလောင်းထိုးပြီဆိုရင်
ပင်လယ်ထဲ ငါး ဘယ်နှစ်ကောင်လဲ ရပြီ
ပန်းများပွင့်ချိန်
မယုံရင် စာအုပ်တွေ မီးရှို့ကြည့်လိုက်
တစ်လောကလုံးကို မင်္ဂလာပါ နှုတ်ဆက်သွားလိမ့်မယ်
ကြယ်လေ ကြယ်
အော်လိုက်သမျှ သူတို့အသံဟာ ကြီးတယ်ကျယ်လို့
စာသင်ကျောင်းတွေက နိုင်ငံတော်ဖြစ်ပြီး
ကလေးတွေက နိုင်ငံတော်အလံဖြစ်တယ်။ ။


                                          မောင်ရေချမ်း
                                       7 April 2016

ခရီးထွက်ရင်း ညတစ်ညကို ကျော်လွန်ခြင်း


ကမ်းကပ်သဘောင်္ကို ဆက်ရွေ့လျားစေသူ နတ်သမီး။
ပင်လယ်ပြင်မှာ လှိုင်းတွေ ရှိပေမယ့်
အတူတူကူးခတ်မယ့်လူတွေ အများကြီးမရှိဘူး
အဲဒီလိုပြောရင်း သင်္ဘောဟာ သေသွားပါတယ်
ဖြူစင်တဲ့ဝိညာဉ်ကို အလဲအထပ်လုပ်လို့
နတ်သမီးဟာ ပင်လယ်ဓားပြကို ဝင်ပူးပြီးစစ်တိုက်တယ်
နတ်သမီးချစ်သူဟာ ဝမ်းနည်းနေရာက ပျော်ရွှင်စွာဖြင့်
ဝါးသေတ္တာလေးတစ်လုံးကို အပေါစားဆန်ဆန်
သော့ခလောက်မပါတော့ အထဲက ဈေးကြီးတဲ့သိက္ခာ
နတ်သမီးချစ်သူက ဆုတောင်းတယ်
နတ်သမီးမျက်ဝန်းတွေကို လျှို့ဝှက်နံပါတ်လို ခိုးယူလို့
ကျောက်စရစ်ပုံထဲဝင်သွားပြီး ငြိမ်ငြိမ်လေးနေလိုက်တယ်
ငြိမ်ငြိမ်လေးကျောက်စရစ်ခဲလေးဘဝမှာ ကံကောင်းတယ်
ဘုရားအစောင့်အဖြစ် ဘီလူးရုပ်ထုကို လုပ်တဲ့အခါ
ပုံသွန်းလုပ်သားရဲ့ ဖန်တီးမှုနဲ့ ဘီလူးမျက်လုံးဖြစ်သွား
နတ်သမီးဟာ ပင်လယ်ထဲက ပြန်မလာတော့ဘူး
ငြိမ်ငြိမ်လေးဟာ ကျောက်စရစ်ဘီလူးမျက်လုံးနဲ့
နတ်သားလေးလို ဒုက္ခရောက်ရင် ကူညီဖို့ စောင့်တယ်
ပင်လယ်ပြင်မှာ နတ်သမီးရဲ့ပျော်နေပုံက
မှော်ဆန်တဲ့သင်္ကေတတွေ တီထွင်နေဖို့တန်ခိုးရတယ်
ငြိမ်ငြိမ်လေး နားလည်ပါတယ်
ငြိမ်ငြိမ်လေးအနေနဲ့ အလွမ်းကို အရမ်းမွှေးပျံ့ တယ်
ငြိမ်ငြိမ်လေးကျောက်စရစ်အဖြစ် ဘီလူးမျက်လုံးထဲမှာ
အရမ်းပျင်းလာတဲ့အခါ စာအုပ်စင်ထဲ ခုန်ဝင်တယ်
အရမ်းလေးလံတဲ့စာအုပ်က မျက်လုံးကိုဖောက်တဲ့အခါ
လူယောင်ဆောင်ပြီး ဘီယာဆိုင် သွားလိုက်တယ်
ခရီးထွက်တဲ့ညရဲ့ ကျော်လွန်ခါနီးအဖြစ်
ဘီယာတစ်ခွက်ပေးပါ မှာလိုက်မိတော့
သိကြားမင်းဟာ စားပွဲထိုးအဖြစ် ဖန်ဆင်းပစ်လိုက်ပုံပဲ
နတ်သမီးရဲ့ ရုပ်လွှာကို ခွက်အပြည့်အမြှုပ်ထအောင် ချပေးတယ်
အဲဒါ...ကျေးဇူးတင်စရာဖြစ်ခဲ့ပါတယ်။ ။


                                                 မောင်ရေချမ်း
                                          10 April 2016

အထီးကျန်လို့ ထ ကနေတဲ့တီရှပ်


လွမ်းရင် နောက်ဆုတ် ၊ ချစ်ရင် ရှေ့တိုး နဲ့လာ
တောင်တန်းမှန်သမျှ ဒီခြေထောက်ကို နမ်းရတယ်
ပင်လယ်မှန်သမျှ ဒီသေးနဲ့ပဲ အကုန် ငန်ရတယ်
ဂရုမစိုက်နဲ့ ဂရုမစိုက်ဘူး အေး လုံးဝ ဂရုကို မစိုက်
ခဲခြစ်ငွေဖြည့်ကဒ်ကို ခြေသည်းနဲ့ပဲ ချစ်လိုက်တယ်
ငွေနံ့ရရင်ကို သေနေ့စေ့စမ်း ကြီးကျယ်လိုက်ကွ
စာအုပ်လှန်ထားတာ တစ်ကိုယ်တော်
သ်ီချင်းအသစ်ဆိုတာ တစ်ကိုယ်တော်
ဖုန်းကို ရိုက်ခွဲတာ တစ်ကိုယ်တော်
စကြဝဠာဟာ လမ်းဆိုရင် လာခဲ့စမ်းပါ
လမ်းမှန်သမျှ ဖိနပ်နဲ့ ပြေးနမ်းလိုက်ဦးမှ ရတယ်
ကိုင်ထားတဲ့အလံ မလဲဘူး ဟေ့ ရှေ့ကိုထွက်ခွာ
ဆုပ်ထားတဲ့အသံ မနွမ်းဘူး ဟေ့ ရှေ့ကို တိုးမြဲ
ချောက်ထဲ ကျသွားရင်ကို ပြန်ထပြီးမှ သေမယ်
ဘယ်ကောင်မိုက်သလဲ လုံးဝကို မေးစရာမလိုသော
ကမ္ဘာကြီးကို သနားတဲ့သတ္တိ ငါ့မှာ ရှိနေပါတယ်
မနှင်းဦးဝေ သို့မဟုတ် မစိတ်ပုပ် ။ ။


                                        မောင်ရေချမ်း
                                  15 April 2016

အိပ်မောကျတဲ့လေ


မိုးရွာတဲ့အထိ
တီရှပ်ပေါ် ကဗျာရေးလို့
အဲဒီနှင်းဆီပင်လေးကိုတောင်
ရှင်အောင် မစိုက်နိုင်ဘူး
ငါ တော်တော် အသုံးမကျ ။ ။


                          မောင်ရေချမ်း
                       19 April 2016

ဓားပြသီချင်း


တချွင်ချွင် တဗွမ်းဗွမ်း
စကားတွေ ပြောလို့ မဝ
ဘယ်လောက် ပြောပြော ဝမှာလည်း မဟုတ်တော့
ပါးစပ်ကို ဖင်နဲ့ နေရာပြောင်းတပ်လိုက်တယ်
ဝမ်းပိတ်ဆေး ကျွေးလိုက်ပြီ
ငြိမ်ငြိမ်နေပြီးနောက်
အလုပ်ကိုပဲ ဓားသွေးသလို တဂျစ်ဂျစ်လုပ်လို့
သေလို့ရပါပြီ ။ ။


                                       မောင်ရေချမ်း
                                    22 April 2016

သစ်ရွက်သေမြေ


မိုးရယ် မရွာပါနဲ့
သူများမျက်ရည်ကျမှ
တချို့ ပန်းတွေ ဖူးကြ ငုံကြမှာ ဝမ်းနည်းစရာကွယ်
နွေသာ ဆက်လို့ နေအပူ ကော့နေပါစေ
ရင်ကွဲမြစ် စီးနေပါလိမ့်မယ်
မနွမ်းသေးတဲ့ သစ္စာရေ ။ ။

                            မောင်ရေချမ်း
                        23 April 2016

စာတိုက်ပုံးကို ဗုံးခွဲခြင်း


စာအိတ်နဲ့သေချာထည့် ဖုန်းကို
ဖုန်းကို ငိုအောင် စက္ကူစာအိတ်ထဲ ထည့်လိုက်ပြီကွ
လက်နှိပ်စက်တွေ စစ်ရှုံးကုန်ပြီးနောက်
လေထဲမှာ ပါးစပ်ဟစရာမလိုတဲ့ ဆွေးနွေးပွဲ
ချက်ဘောက်ကို ဖွင့်ရုံနဲ့စလိုက်
ဖြစ်ကိုဖြစ်ကုန်ပြီ
မဖြစ်ရဘူးလေ
စာအုပ်တွေကို စက္ကူနဲ့လုပ်ထားတာ မဟုတ်ဘူး
အွန်လိုင်းပေါ်ကနေတဆင့် ရုပ်ရှင်ရုံထဲဝင်တယ်
ပလီပလာနဲ့ ရွနေတာပေါ့
ဖလန်းဖလန်းကို ထနေတာပေါ့
ထူးချွန်သောအတင်းအဖျင်းများကို ကျော်ခဲ့
သဘောင်္ပေါ်မှာ ကိုလိုနီခေတ်ပြန်သွားပြီး
လေယာဉ်ပျံနဲ့ သူ ပြန်လိုက်လာပုံရတယ်
တယောသံကို အင်တာနက်ထဲ ရှာဖွေလို့
ကျောက်ခေတ်လူသားနဲ့ကွန်ပျူတာကီးဘုတ်ရယ်
ဝေးတော့တာပဲ
နှင်းဆီတွေပွင့်ပြီ ဆိုလို့
ကလစ်တစ်ချက်ထောက်ပြီး ကြည့်ရတယ်
ငါ ချစ်သော တမာရွက်နဲ့ငပိရည် ။ ။


                                    မောင်ရေချမ်း
                              26 April 2016

မှန်သံ


ကြည်လင်ပြတ်သားတဲ့အသံ
ဗိုလ်ချုပ်ပြတိုက်လမ်း ။

ကြည်လင်ပြတ်သားတဲ့အသံ
လက်ပုံစံအတက်လမ်း ။

ကြည်လင်ပြတ်သားတဲ့အသံ
ဘယ်သူ့အတွက်လဲ ။

ကြည်လင်ပြတ်သားတဲ့အသံ
ကျောင်းရှိသည် ဖြေးဖြေးမောင်း
အားလုံးမောင်း ။ ။

                         မောင်ရေချမ်း
                       30 April 2016

သွေးပန်းစကား

ငါ ငိုနေချိန်မှာ
မျက်ရည်ထဲ ရေကူးလို့ မင်း ငြိမ်းချမ်းပါစေ
ဒီလို အချိန်တွေပေါ့ ရေမိသော သွေးတွေ ။
ငါ ကခုန်နေချိန်မှာ
တေးသွားဟာ အလွမ်းနဲ့ ဖြစ်ပါစေပေါ့
မင်း မသိတဲ့သွေးတွေ ။
ပျော်ဖူးပါသော ငိုဖူးပါသော
အားလုံးဟာ ကြည်နူးသည့်ရင်ကို ပြောပြလေ
ပြာမကျခင် သွေးကြောထဲ ဝေးဝေး ဝေတယ်
အဆင်ပြေရာနှုတ်ခမ်း လွမ်းတယ် ။ ။

                                        မောင်ရေချမ်း
                                      30 April 2016

ဓားမဲ့မေဒေး

လုပ်ခလစာ ဘယ်လောက်ရလဲ
လုပ်ခလစာ ဘယ်လောက်ရလဲ
လုပ်ခလစာ ဘယ်လောက်ရလဲ
အခုထိ
နိုင်ငံတော်ဟာ အများသုံးအိမ်သာ
မစင်တွေပိတ်ဆို့နေတဲ့ အများသုံးအိမ်သာ။

တံခါးကို ဆွဲဖွင့်လိုက်တော့
ခါးတူးလောင်ကျွမ်းနေရောင်ခြည်
ထမင်းချိုင့်ဆွဲသွားတဲ့လက်တွေ
နှစ်ရာကျပ်တန်တွေ ငါးရာကျပ်တန်တွေ
ရန်ကုန်မြို့ ကြီးရဲ့ ကြီးကျယ်သော
ပုလဲမြို့သစ်
လှိုင်သာယာ
ရွှေပေါက်ကံ
မေဒေး သေတယ်
မီးလောင်နေတဲ့အလုပ်သမားတွေ ရှင်တယ် ။ ။

                                      မောင်ရေချမ်း
                                      1 May  2016

အယူမှန်တဲ့နေရောင်အနမ်း


ဘဝဆိုတာ အချိန်နဲ့ တည်ဆောက်ထားတာဆို
မင်းအကြောင်းတွေတွေးပြီး ငါ အချိန်ဖြုန်းနေတယ်
မျှော်နေတဲ့ဖုန်းမလာလို့ သေရကြေးဆို
ငါ့မှာ ဒီနေ့ဆိုတာကို မရှိတော့ဘူး
မနေ့ကတိုင်းမှာ ငါ သေခဲ့တယ်
ပြီးပြီဆိုပေမယ့် အမြဲ စာရွက်
အစကနေ အဆုံး အထိ ငါ ချရေးနေမိတဲ့အခါ
မှတ်ဥာဏ်ဟာ ဒီနေ့စွဲတွေအပေါ် ပိုမိုစွဲထင်လို့
လျှောက်တဲ့လမ်းပေါ်မှာ လူမရှိတာမှ မဟုတ်တာ
ဖုန်းကို ပြန်ဖွင့်တယ်
စာတွေမှာ ဟိုတုန်းက အချစ်တွေ
စာတွေမှာ အခုတော့ ဓားရာတွေ
မျက်ရည်ဆိုတာကို ငြင်းဆန်ချင်လာတိုင်း
ခေါင်းကို ငုံ့ရတယ်
လတ်လတ်ဆတ်ဆတ်သေဆုံးမှုပါပဲ
တရားခံမရှိ တရားလိုမရှိ
လူနှစ်ယောက် အတူတူရှိခဲ့ကြောင်းတော့ ရှိတယ်
ငါ အခု တစ်ယောက်တည်း မရှိတော့ကြောင်းက
ငါ မရှိတော့ဘဲ မင်း အရိပ်နဲ့ ငါ့ပုံရိပ်တွေ ။
မင်း ထွက်သွားကတည်းက
သေပြီးသားလူတစ်ယောက်အနေနဲ့ မျက်ဝန်းတွေ
မင်း ခြေလှမ်းတွေကိုသာ တရိပ်ရိပ်ကြည့်လို့
မင်း ဘယ်ရောက်နေလဲဆိုတာက
မင်း ဘယ်လမ်းကို ရွေးခဲ့သလဲ ပြောပြနေတယ်
အားလုံးကို ကျော်ဖြတ်နိုင်ပေမယ့်
အလွမ်းကတော့ ချောက်နက်ပါတယ် ။ ။ 


                                               မောင်ရေချမ်း

နေဝင်မိုးချုပ်ကဗျာ


ဒီနေရောင်ခြည်အောက်
မင်းမရှိတဲ့နောက်တော့
နေထွက်လာရင်ကို ကျက်သရေတုံးပြီ
နေဝင်သွားရင်လည်း ကျက်သရေတုံးပြီ ။


အရေးမကြီးပါဘူး အရေးမကြီးပါဘူး လို့
ပြောရင်းပဲ တကယ်အရေးတကြီး ဖြစ်နေပြန်တယ်
အရမ်းသတိရတာပဲ ဆိုတာဟာ
သစ်ရွက်တွေ မင်း ကိုယ်စား စိမ်းကားပေးနေတာပဲ။

ဒီနေရောင်ခြည်အောက်
မင်း ကျပျောက်သွားမှတော့
တစ်ကမ္ဘာလုံး လင်းအောင် လှအောင် ငါ လွမ်းပြီ
ကျက်သရေတုံးမ ။ ။

                                မောင်ရေချမ်း
                              1 May 2016

သွေးနဲ့ပွင့်တဲ့ပန်း


မှန် ကြည့်မိတိုင်း ကျွန်တော် မဟုတ်တဲ့ အရိပ်မှာ
ကျွန်တော့်ဆံပင်တွေ မြန်မြန်ရှည်တယ်။
စီးကရက်ဟာ အခု တုန်ရီပြုတ်ကျရပြီ
အရင်က ပစ်ပေးခဲ့တဲ့ ကြယ်ဖြူရောင်မျက်စောင်းတွေ။
ဆက်လက်အသက်ရှင်နေပုံက
ကိုယ့်သေတွင်းကိုယ် တူးတဲ့သတိရကြောင်းစကားလုံးများ ။ ။

                                                           မောင်ရေချမ်း
                                                           3 May 2016

လိပ်ပြာသေတောအုပ်


စမ်းချောင်းတွေ တသောသောစီးလို့
အဲဒီမျက်လုံးတွေ မီးလောင်ပြီ
အသံကို ထုဖဲ့အော်လည်း မကြားတော့တဲ့အခါ
မျက်ရည်ကို မျိုချလိုက်တယ်
တစ်ယောက်ယောက် ပျော်ဖို့
သေပန်းပွင့်သလို ချိုတဲ့ဆေး ဖြစ်စေသား ။ ။


                                      မောင်ရေချမ်း
                                  3 May 2016

မမုန်းတတ်သူရဲ့ မစိတ်ပုပ်


2011ခုနစ်ရဲ့ နေရောင်ခြည်ကို 201986
စပြီး မဆုံးတဲ့အခါ
လမ်းကြားကို ဖြတ်သွားတိုင်း
မြက်ပင်လေးတွေကို ငေးတယ် ကျောက်စရစ်ခဲလေးတွေကို တယုတယစီချတယ်။

ကျွန်တော့်စက်ဘီးလေးက
အခုထိ ကျန်းမာရေး ကောင်းတယ်
တကယ်တော့ သေမလို ရယ်စရာတွေဟာ
နောက်ခုံလေးကို ငေးပြီး လမ်းဖြတ်ကူးတဲ့အခါတိုင်းပေါ့
တကယ်တော့ ရယ်ရသလို သေစရာတွေဟာ
ကားမောင်းသူတွေက လူပေါင်းများစွာဆဲလည်း အရေးမကြီးတော့ပါ ။

ပင်လယ်အောက်က မိုးသားများ


ဒဏ်ရာပျော်သူ ငါးကလေးက
သွေးပေမှိန်းတံကို အင်တာနက်ပေါ်တင်လို့
စမ်းချောင်းထဲ ။

ကမ္ဘာက စီးဆင်းပြောပြနေရုံပါပဲ
သေနတ်သံတွေဟာ
မင်္ဂလာပွဲစတင်ဖို့ ပစ်ဖောက်လိုက်တဲ့နေ့တစ်နေ့ ။

လျှပ်စစ်မီးပူတွေဟာ သံယောဇဉ်ကိုကော့ပျံစေဖို့
ကမ္ဘာက တီထွင်ထားတာ။

တယ်လီဖုန်းတွေကို
စစ်ပွဲပြီးရင် ငြိမ်းချမ်းရေးဆိုသောအခါ သုံးဖို့
ကမ္ဘာက တီထွင်ထားတာ ။

လူမှုကွန်ယက်နဲ့နည်းပညာတွေလေ
လွမ်းသူတွေ ပြန်ဆုံတွေ့ဖို့ပါပဲ
ကမ္ဘာက အောင့်သက်သက် တီထွင်ထားတာ။ ။

                                          မောင်ရေချမ်း
                                         4 May 2016

ပင်လယ်ထဲ ပြုတ်ကျသွားတဲ့ အစိမ်းရောင်လ

ဘယ်သူတွေလဲ
ရယ်ချင်ယောင်ဆောင်ရင်း သေကုန်ကြတာ
ဒီကမ္ဘာမှာ ဘယ်သူတွေလဲ
မရှုံးဘူး ပြောရင်း ထောက်ထားတဲ့ဒူးတွေပွန်းတယ်
စကားမဲ့ဒဏ်ရာတွေ မြောင်းထဲ တသောသောစီးလို့
ပတ်ဝန်းကျင်ကို ငေးကြည့်နေတာ
မငိုတတ်တော့ဘူး
မရယ်တတ်တော့ဘူး
ဓာတ်ပုံထဲမှာ ပြုံးပြမိတယ် နာကျင်မှုပါပဲ
လူတစ်ယောက် ရှိတယ် ဘယ်သူလဲ
လူအများကြီး ရှိတယ် ဘယ်သူတွေလဲ
မနက်ဖြန်တိုင်းဟာ စနေနေ့ဖြစ်တယ်
မဟုတ်သေးဘူး မဟုတ်နိုင်ဘူး
ထောပတ်သီးဖျော်ရည်ရဲ့ သောကြာနေ့ ဖြစ်မယ်
နာရီတွေ ငိုနေသလား
ပြဿနာ တက်နေပါပြီ
ဝေးတဲ့ကြယ်
အနီးကပ် လာလင်းနေတယ်။ ။


                                 မောင်ရေချမ်း
                            11 May 2016

ပုလင်းနောက်မှာ

မျှော်လင့်ခြင်းကွင်းပြင် ဆိုတဲ့သီချင်းခေါင်းစဉ်ကို
ပင်လယ်ထဲ ပစ်ချလိုက်တယ် ဘယ်ကမ်းခြေကို
 ရောက်သွားမလဲ  ရေမျောလာတဲ့ ပုလင်းအဖုံးတစ်ခုကို 
အဖုံးမဖွင့်ရဲသလို ကွင်းပြင်ထဲမှာ လတ်ဆတ်စွာ အက်ကွဲနေ
မယ့်လှိုင်းသံတွေကြောင့် ကမ်းခြေဟာယဆွံ့အ။  

စာတွေမှာ ဒဏ်ရာတွေပါတယ်  ကြယ်တွေလည်း
 သွေးတောက်တောက်ယိုပြီဆိုမှတော့ ဒီပင်လယ်ဟာ 
အတိတ်ရဲ့ အချို ၊ ကြည်နူးမှုကြယ်တွေလေ ခြေဆင်းပြီး
ကြေကွဲမှုအပြည်နဲ့ ကြည့်ငေး ကမ်းခြေမှာ လေတဝူးဝူးထဲမှာ 
ထပ်ကျော့ပြီး ဒဏ်ရာတွေလာ ရေအောက်မှာ သစ်ပင်တွေ 
စိမ်းလန်းနေတယ် စိမ်းလန်းနေတယ် တကယ် ။ ။

                                                            မောင်ဖြိုးဝေ ၊ မောင်ရေချမ်း
                                                              11- 12 May 2016

နေရောင်ခြည်နဲ့ သစ်ပင်


ဥာဏ်ပညာက
ချစ်ခြင်းတရားသက်သက်ပါဆိုတော့
အသားမည်းတယ်ဆိုတာ
ကမ္ဘာကြီးကို ဖြူဖို့ ပြခဲ့တာပဲ
နယ်ဆင်မန်ဒဲလား ။ ။

  
                           မောင်ရေချမ်း
                         17 May 2016

စကားပြောဖို့ အသက်ရှင်စရာ မလိုတဲ့အခါ


မင်း မရှိတော့ရင်တောင်
မင်း ရှိရင် အဆင်ပြေပါပြီ
ဓာတ်ပုံ ။

ကြောက်တယ်
ခေါ်လို့ မရတဲ့ ဖုန်းနံပါတ်ကို
လက်က နှိပ်မိမှာ ကြောက်တယ်
ဓာတ်ပုံ ။

အသက်မရှိမှန်း သိရက်နဲ့
အသက်ပေးပြီး ချစ်နေဆဲဆိုတာ
ဓာတ်ပုံ ။

ဝေးကွာတယ်ဆိုတာ သံယောဇဉ်ပါပဲ
အေးပါ...သံယောဇဉ်ဆိုတာ ဝေးကွာခဲ့ပြီလေ
ဓာတ်ပုံ ။

မုန်းလိုက်တာ လို့ပြောရင်းပဲ
ဓာတ်ပုံကို မမြင်တော့အောင်ကို ငေးကြည့်မိတယ်
ဖုန်မတက်ဖို့ တယုတယပြန်သိမ်းထားမိတဲ့အထိ
မင်း မှာ အသက်ရှိတာ ယုံကြည်လို့ နမ်းလိုက်ပြီ
ဓာတ်ပုံ ။ ။

                                       မောင်ရေချမ်း
                                      18 May 2016

ပေးစာ


နယ်စားကြီး ဆာ့ဂ်ျကို
လုပ်ကြံဖို့ ကြိုးစားခဲ့
၁၉၀၅ ခုနစ် မော်စကို ။

သေနတ်သမားရယ်
မိုက်မဲ နိုက်ကလပ်ထဲ
ကျည်ဆန်တွေ ဖြုန်းခဲ့
၂၀၁၆ အမေရိကန် ။

ပစ်ခဲ့သော ကျည်ဆန်များ
သူ့ကိုယ်သူ ပြန်မှန်သွားတယ် ။ ။

                               မောင်ရေချမ်း
                           ၁၄ ဇွန် ၂၀၁၆