Monday, September 19, 2016

ပါးစပ်ထဲသို့ ချိုမြိန်စွာဝင်သော ကလေးသေးစက်များ

ကလေးများ ပြီးတဲ့နောက်
ကလေးများ ထပ်မွေးဖွားလာမှာပါ
လူကြီးများ သေပြီးတဲ့နောက်
လူကြီးများ ထပ်သေကြပေါ့
ကိုယ်သေဖို့အတွက် သတ်ခဲ့ကြမလား
အသက်တွေကြီးခဲ့ကြ
အမှိုက်ပုံထဲမှာ
သူတောင်းစားတွေလို တူးဆွခဲ့ကြ
လူကြီးမင်းများခင်ဗျာ
ခင်ဗျားတို့ ဘာရခဲ့ပါသလဲ
စားသောက်ဖွယ်မစင်များကို စားခဲ့ပါသလား
နောက်လာမယ့်ကလေးများစွာအတွက်
လမ်းတစ်ခုဟာ သူတို့ကိုယ်တိုင်သာပဲ။ ။

                                     မောင်ရေချမ်း
                           19 September 2016

ဂြိုဟ်တုပေါ်တွင် မိတ်ဆုံစားပွဲ ကျင်းပခြင်း

ကမ္ဘာကြီးဟာ ရွာလေးအဖြစ် ကျဉ်းမြောင်းခဲ့ပြီတဲ့
ကမ္ဘာကြီးဟာ ရွာလေးထဲ ဆက်သွယ်လွယ်ခဲ့ပြီတဲ့
အဆက်အသွယ်မလုပ်ဖြစ်တော့တဲ့လူတွေအတွက်တော့
ဒီရွာလေးဟာ စကြဝဠာလို ပြန့်ကားကျယ်တယ်
ဝေးကွာခဲ့ပါတယ်
ကြယ်တွေ အချင်းချင်း လင်းနေတာ မသိတော့သလို
Active now ။ ။

                                            မောင်ရေချမ်း
                                      19 September 2016

စကားပြောဖို့ အသက်ရှင်စရာ မလိုတဲ့အခါ

မင်း မရှိတော့ရင်တောင်
မင်း ရှိရင် အဆင်ပြေပါပြီ
ဓာတ်ပုံ ။
ကြောက်တယ်
ခေါ်လို့ မရတဲ့ ဖုန်းနံပါတ်ကို
လက်က နှိပ်မိမှာ ကြောက်တယ်
ဓာတ်ပုံ ။
အသက်မရှိမှန်း သိရက်နဲ့
အသက်ပေးပြီး ချစ်နေဆဲဆိုတာ
ဓာတ်ပုံ ။
ဝေးကွာတယ်ဆိုတာ သံယောဇဉ်ပါပဲ
အေးပါ...သံယောဇဉ်ဆိုတာ ဝေးကွာခဲ့ပြီလေ
ဓာတ်ပုံ ။
မုန်းလိုက်တာ လို့ပြောရင်းပဲ
ဓာတ်ပုံကို မမြင်တော့အောင်ကို ငေးကြည့်မိတယ်
ဖုန်မတက်ဖို့ တယုတယပြန်သိမ်းထားမိတဲ့အထိ
မင်း မှာ အသက်ရှိတာ ယုံကြည်လို့ နမ်းလိုက်ပြီ
ဓာတ်ပုံ ။ ။

မောင်ရေချမ်း
18 May 2016

ဦးခေါင်းဖြတ်ခံရသောဖုန်းနံပါတ်

သေ ချင် ပါ တယ် ဆို
ရင် ခုန် နေ ရ သေး တဲ့ အ ဖြစ် တွေ

ချစ်တယ်ဆိုတာ
မိုးရေစိုသွားတဲ့ ဖုန်းလေးပါကွာ
အဆက်အသွယ်မဲ့ ။ ။

                     မောင်ရေချမ်း
                9 June 2016

ထမင်းစားပြီးနောက် ယောဂီ

ပုတီးစေ့တစ်လုံးကို ချတယ်
သောက်ပို လို့ ရွတ်တယ်
ပုတီးစေ့ နောက်တစ်လုံး
"သောက်ပို"
.......
ပုတီးစေ့ ကိုးလုံး ပြည့်တဲ့အခါ
သောက်ပိုဟာ ကိုးန၀င်း ကျေသွားတယ်
ပျော်ရတယ်
တစ်ကမ္ဘာလုံး
သောက်ပိုအဖြစ်မှာ ဂုဏ်တင့်ပါစေလေ။


                                              မောင်ရေချမ်း
                                         22 August 2016

လွတ်မြောက်သူ

ကောင်းကင်ကို ကြည့်တယ်
ဘာမှ မတွေ့။
ပင်လယ်ကို ကြည့်တယ်
ဘာမှ မတွေ့ ။
အခင်းဖြစ်သွားတဲ့ နေရာကို ကြည့်တယ်
ဘာမှ မတွေ့ ။
လူသတ်သမားဟာ
ဓားကို စစ်တပ်ထဲမှာ ဖွက်ပြီး
ရိပ်သာထဲမှာ ပုန်းနေတယ်။ ။

မောင်ရေချမ်း
23 / 8 /2016

မိုးပွင့်ရေလွှာ

ငါ့ပါးစပ်ကို
တခြားသူတွေဆီမှာ တပ်ပေးထားတယ်
ပျော်သည်ဖြစ်စေ ၊ ငိုသည်ဖြစ်စေ
အော်ကြပါစေ ။ ။

                             မောင်ရေချမ်း
                     24 August 2016

ပုဂံပြည်ရဲ့ငလျင်

ထီးတော် မရှိတော့မှ ဘုရားဟာ ဘုရား ပိုပီသတယ်
အနိစ္စ ကို ရက်ရက်စက်စက် ကိုယ်ထင်ပြတယ်
အားလုံးသေရမယ် မျက်ရည်မကျစေနဲ့တဲ့
နေရောင်ခြည်အောက်က ပုဂံဟာ
"ပျော်ပျော်ပြန်တည်ဆောက်ကြ " လို့ တရားပြတယ်။ ။

                                            မောင်ရေချမ်း
                                      25 August 2016

ရေသည်ယောက်ျားနဲ့ဥဒယမင်း တွေ့ဆုံခန်း

ရဲကားတွေ တွေ့ရင်
လူဆိုးတစ်ယောက်လို လိုက်သွားချင်တယ်

လူဆိုးတွေကို တွေ့ရင်လည်း
ငါ့ကိုယ်ငါ ရဲကား ဖြစ်ချင်ပြန်တယ် ။ ။

                                 မောင်ရေချမ်း
                           2 September 2016

votre livre


n'as - tu pas ?
Je n'ai pas ce dont j'ai besoin
J'aime ceux qui m'aiment

                                    Mg Yay Chan
                               8 September 2016

ကျွန်တော်ငေးမိတဲ့ သူတို့လူငယ်လေးတွေ


ဂိမ်းဆိုင်ထဲက နတ်သားတွေ
စစ်ပွဲကို ကွန်ပျူတာပေါ်က အပြီးသတ်လိုက်တယ်
လူ့ပြည်လောက ငြိမ်းချမ်းဖို့ ။ ။

မောင်ရေချမ်း
5 September 2016

ပါတီပွဲက သီချင်း

google map နဲ့ ရှာစရာ မလိုဘူး
ငါတို့ကဗျာထဲမှာ ငါတို့ရှိနေတယ်
Starting Windows......
ဖွင့်စမ်း ဟေ့ ဒီဂျေ
နတ်သားတွေ လူ့ပြည် ကြွချီလာတယ်
နတ်ပြည်ခြောက်ထပ်ကို တစ်ထပ်စီ ဖနောင့်နဲ့ပေါက်ခဲ့ပြီ
ကဗျာဆရာသက်တမ်းမကြွေမီ။ ။


မောင်ရေချမ်း
8 September 2016

ဖုန်းခေါ်သံ

ဓနိအိမ်လေးကို ငါ့ကဗျာရွတ်ပြီး မန်းမှုတ်လိုက်တယ်
နန်းတော်ကြီး ဖြစ်သွားတာ ဆန်းသလား
ငါ့ကဗျာကို သေနတ်ထဲ ထပ်ပစ်ထည့်လိုက်တယ်
နောက်ထပ် ငါ့ကဗျာတွေ ထပ်ထွက်လာတာ ဆန်းသလား
ငါ့ကဗျာ မရှိတာသာ ဆန်းကြယ်လို့
ငါ့ကဗျာတွေ ရိုးရှင်းခဲ့တယ်
နန်းတော်ကြီးပေါ်မှာ ကဗျာဆရာ ငါပဲ သမ္မတ ဖြစ်တယ်
ကဗျာရွတ်နေတာ မဟုတ်ဘူး
ကျမ်းသစ္စာဆိုနေတာ မင်းတို့ ကမ္ဘာအတွက် ။ ။


မောင်ရေချမ်း
8 September 2016

စကြ၀ဠာရဲ့သီချင်း

အားလုံးမှာ ကဗျာရှိတယ်
မရေးဖြစ်တာက လွဲလို့
အားလုံးဟာ ကဗျာရေးတယ်
ဖော်ပြနိုင်စွမ်း မရှိတာက မှန်ကန်လို့ ။ ။

                                   မောင်ရေချမ်း
                              11 Sep 2016

အလွန်၏ အလွန်တွင် အလွန်ပြတ်သားသောတွေများ

ဂျော့ဝါရှင်တန်ခေါင်းပြတ်တွေ
ဘုရင်မကြီးရဲ့နို့မှ သွေးတွေ ပန်းထွက်လို့လာတယ်
အဲဒါ တာမွေအ၀ိုင်းထိပ်မှာ ကွန်ဒုံးသုံးခု ငါးရာ
ဘယ်ဘ၀ရဲ့ကွမ်းယာကို ကြိုက်သလဲ
သုံးပေါင်လေးသော ဦးနှောက်လေးနဲ့တွေးခေါ် တိုင်း
စကြ၀ဠာထဲမှာ ခင်ဗျားကြီးတော်ဂျီး နေထိုင်တယ်
အချစ်လေး... ဓာတ်ပုံထဲကနေ မင်းကို ငါ ထမင်းကျွေးမယ်
ရတယ်လေ ကွန်ပျူတာခလုတ်နှိပ်ပြီး ဖန်ဆင်းမှုတွေထဲ
ထိုကလပ်မှာ ဒီဂျေနဲ့ကနေတာက ကျောင်းသားတွေ
ဂောာ်စကီကွိုင်းသွားလိမ့်မယ် ကောင်မလေးရဲ့
သေရမယ့်နေ့ဆိုတာ နေရောင်အောက်မှာပဲ ရှိလို့
ကော်စကီကွိုင်းသွားလိမ့်မယ် အကောင်စုတ်ရဲ့
တစ်လှည့်စီပဲ ငါတို့က မင်းတို့နဲ့တစ်လှည့်စီပဲ
အားလုံးရဲ့သမိုင်းမှာ အားလုံးမပါဘူး လစ်တော့
မိုးအောက်မြေပြင် သိုင်းပညာရှင်။ ။


မောင်ရေချမ်း
9 September 2016

မိနစ်များစွာ ပြီးသောအခါ

ရယ်ချင်ဖို့အတွက်
ဘယ်မှာ သင်တန်းတက်ရမလဲ
ကောင်းတယ် သေ
ကောင်းတယ် သေ
ကောင်းတယ် သေ
အသံတဲ့
ဘာမှကို မကြားဘူး
အော်ဟစ်ပစ်လိုက်တယ်
ဝေးရမှာ သိရက်နဲ့များ
ချစ်ခဲ့မိကြသေးတယ်
တန်လိုက်တာကွာ ။ ။

မောင်ရေချမ်း
5 - 19 , Sep 2016

စက်ဘီးကို ဒေါက်ထောက်၍ ရပ်တန့်သွားခြင်း

အဲဒီလမ်းလေးကို ငေးတယ်
အဲဒီလမ်းလေးမှာ ဖယ်ရီကားတစ်စီး ရပ်တယ်
တစ်ခါက..ပါ
ဒါပေမဲ့...အခုထိပဲ။ ။

                              မောင်ရေချမ်း
                      15 Sep 2016

ကျွီ ခနဲ ဘရိတ်အုပ်သံ

ဘဲလ်မတီးဘူးကွာ
မေတ္တာတရားနဲ့ ပြောပြရမယ်ဆိုရင်တော့
ဒီတိုင်းပဲ
ပြိုင်ကားလောက်များ သနားတယ်
ခေါင်းချင်းဆိုင်ပစ်လိုက်ရင်ကို
နောက်ကို နှစ်ဘီးစာလောက် ရွေ့သွားတာချည်းပဲ
ချစ်လှစွာသော ငကြောက်လေးတွေ
ငါစီးလာတာက
အမောကြောဆုံး လက်နက် တပ်ဆင်ထားတဲ့
ငါ့စိတ်ဓာတ်နဲ့ ငါ့ စက်ဘီး ။ ။


မောင်ရေချမ်း
16 September 2016

ဝေးကွာသွားတဲ့ ထောပတ်သီးဖျော်ရည်


Get in touch -
ဆက်သွယ်သည်
Keep in touch -
အဆက်သွယ်မပြတ်အောင်လုပ်သည်
Lose touch - အဆက်သွယ်ပြတ်သွားသည်။ ။

မောင်ရေချမ်း
17 September 2016

ငါတို့တွေ ကကြီး ခခွေးရေးခဲ့စဉ်က

တယ်ညံ့တဲ့ အောင်ချိမ့်လို့
မောင်ချောနွယ်က ပြောတော့
ဖော်ဝေးက ဖနောင့်နဲ့ ရွယ်တဲ့အခါ
ဟေ့ကောင်တွေ တော် အသံက
မြေချစ်သူဆီက ထွက်လာကာ
အဲဒီမှာ ဒဂုန်တာရာဟာ ပြုံးရင်း
သခင်ကိုယ်တော်မှိုင်းနာမည်ကို
ကဗျာတစ်ပုဒ်လို ရွတ်လိုက်တယ် ။ ။


မောင်ရေချမ်း
18 Sep 2016

နှင်းဦးဝေ


ဒဂုန်တာရာရဲ့ပန်းနုရောင်ကို
အချစ်က လေနုအေးနဲ့ မွှေးတယ် ။ ။

                                    ချောချိမ့်
                              17 Sep 2016

ပျင်းရိနေတဲ့ တစ္ဆေ

မိုးတွေရွာစမ်းပါစေ အပျင်းပြေ နံရံပေါ်က
ပင့်ကူဟာ ဖင်ထောင်ပြီး လူ့ဘ၀တွေကို
တဟားဟားလှောင်
ထီးရွက်တွေပေါ်က ရေစက်တွေ
တစက်ပြီးတစက် မြေပြင်ပေါ်
စိမ့်ဝင်စီးကျလို့
ဂေါတမဗုဒ္ဓက ပရိနိဗ္ဗာန်မပြုမီ
ဟောကြားဆုံးမတယ်
"ချစ်သား အာနန္ဒာ ငါ အာညောင်းပြီ"။။


မောင်ရေချမ်း
18 Sep 2016

ဂျလုံး ဗလုံး

အွန်း
မျက်ခုံးမွှေးကို နက်အောင်ဆွဲပြီး
သောက်ကလေးမက
လူ့ဘ၀ကိုတောင် ဆယ်ဖီဆွဲပြနေတယ် ။ ။


                                    အိုထူး 
                       17 Sep 2016

သမိုင်းချက်ဘောက်


အင်တာနက် သုံးရင်နဲ့ကို စာတွေ ရသွားတယ်
သိပ်တန်ခိုးရှိတဲ့ ဖုန်းပေါ့
အဲဒါ အချိန်မှာပဲ နာဇီဂျာမနီတွေ ၀င်လာတယ်
စာမကျက်တဲ့ကောင်မလေးတွေကို ဖမ်းဖို့
ဂျပန်က ၀ါတာရှိဝ ဆိုပြီး ပါးတွေချည်းစွတ်ရိုက်တာ
မင်းတို့ကို ပြန်တိုက်မယ်လို့ ဗိုလ်ချုပ်ကနေ အညာကနေ အူဝဲ ဆိုပြီး ထအော်တော့ ဥရောပတိုက်ကြီးက
နယူတန်ရဲ့ဖော်မြူလာတွေနဲ့ကြီးပွားနေပြီ
ကမ္ဘာကြီး ချာချာလည်နေတယ်လို့ ပလာတာဝယ်မစားနိုင်တဲ့ ကုလားလေးက ပြောတော့ ဖုန်းပွတ်ရင်း အေးပါကွာ ပြန်ပြောလိုက်ရင်း
အဲဒါ ငါတို့ တီထွင်တဲ့ ကျိုက်ထီးရိုးသေနတ်ကွ တွေ ထွက်လာပြန်တယ်
မင်းက ရုရှလား ဆိုတော့ မဟုတ်ပါဘူး မြန်မာ့စစ်သားရုရှကို ဖွန်ကြောင်ဖို့သွားရတာပဲ တွေးကြည့်ပြန်တော့လည်း ပုံဖော်မတတ်တဲ့
ငါက ဒေသစာရီကြွချီတာ ဘတ်စ်ကားနဲ့လေ
ဒီဂျေမဖွင့်ရင်တော့ သီချင်းကို နေ့လည် တရေးတမော အိပ်ပါစေ မသာမလေး သေဖို့ကြီးပဲ သောက်လုပ်ကို လုပ်နေရတယ်
ဟုတ်တယ် မင်းချက်ချင်းတော်လာပြီ
မိနစ် ၂၀ ကျော်ကြာပါတယ်ဆို
ဟေတူ ဟေတု သံပယုတ်တကာနံ
နဲ့ စတယ်ထင်တာပဲ ထင်ရတာပဲလေ။ ။


မောင်ရေချမ်း
18 Sep 2016