Wednesday, September 21, 2016

မစိတ်ပုပ် ( 86 )


အခြေခံဥပဒေအတိုင်းတော့ မချစ်နိုင်ဘူး
သဘာဝအတိုင်းပဲ ငါ ချစ်တယ်
ငါ့ဥပဒေဟာ ငါ့အချစ်ဖြစ်တယ်
နာမည်မေးရင် မစိတ်ပုပ် လို့ ဘယ်သူဖြေတယ်
သဒ္ဒါကျမ်းတွေကို မီးရှို့ လိုက်ရင်
ရတဲ့ပြာနဲ့ မင်းအကြောင်း ကဗျာရေးမယ်
မစိတ်ပုပ် ။

ဝေးကွာတုန်းက
ငါ့မှာ ရယ်နေရရော ။

မောင်ရေချမ်း
29 February 2016

ဗလာအပျော်


စက်ဘီးနင်းမိတိုင်း အရှိန်နဲ့
တောင်ကုန်းပေါ်မှ လိမ့်ကျသလို
ဝမ်းနည်းရသမျှ အရှိန်နဲ့
ပျော်ပျော်ရွှင် သောသည့်မည့် ကျောက်ခဲ
ပြေးနေတာခွေး။ ။


မောင်ရေချမ်း
29 February 2016

မြန်မြန်နဲ့ မြတ်အောင်ပျံသွားတဲ့ငှက်တွေ


လေထဲမှာ မနေဘူး
ခုနစ်တွေဟာ ရေစီးတယ်
မင်း နာကျင်မနေနဲ့လို့
တောင်တန်းတွေက လှမ်းအော်ပြောနေတယ်
ပုံပြင်
ပုံကို ပြင်ထားသောများတွေ ရုပ်ဆိုးပန်းပျက်
ပုံပြင်
ပုံကို ပြင်ထားသောတွေများ အလှဆုံးမွှေးမြ
လိုတာ ရှိရင် ရမယ်
ကြိုက်တာယူငင်ကြလို့
စကြဝဠာဟာ အမောတကောပြန့်ကားရင်း ပြောတယ်
နေလည်း သေ
ကမ္ဘာလည်း သေ
ဒါနဲ့တောင် မင်းက ဘာလို့ တွေငိုင်နေသေးသလဲ
ဒီလို ပင်လယ်ပြင်က အော်ဟစ်မေးမြန်းနေပုံနဲ့
လှိုင်းတွေ လှိုင်းတွေ ခုန် ။


မောင်ရေချမ်း
1 March 2016

တောအုပ်နုစက်ရဲ့ ည


သစ်ရွက်လေးတွေ အိပ်ကုန်ပြီ
မင်းကို ချစ်လို့
မြေနီလမ်းကလေးအတိုင်းပဲ လာတယ်
လေဝါရောင်နွဲ့နွဲ့ဟာ မင်းကို ချစ်လို့
အို..ကွယ်
သဘာဝတွင် ခေါင်းငုံ့ခဲ့ပုံများကို
ဘယ်နှယ့် မတရားဘူး ပြောရက်မလဲ
လရောင်ဖြာကျနေတဲ့ဝါးပင်ငယ်။

မောင်ရေချမ်း
1 March 2016

စကပ်ထဘီနဲ့ ဆံပင်အရှည်နဲ့ သီလရှင်မလေး


အချစ်က ပြောခဲ့တယ်
နာရီလက်တံလေးတွေကို စိန် ရွှေ ရတနာလို ကြည့်ဖို့
အချစ်က ပြောနေတယ်
နာရီလက်တံလေးတွေပေါ် အလင်းပွင့်ကြီးကြီး ထွန်းဖို့
အချစ်က ပြောနေဆဲ
နာရီလက်တံလေးတွေထဲ ကျိုးကြေအိပ်မငိုက်ဖို့
ကန်သာယာ
မေယု
သုဓမ္မာလမ်းမကြီးအထိ
မိုးရေထဲ ထီးကလေးမိုးလို့
အအေးဆိုင်များစွာ အချစ်ရဲ့ အသံသာယာခဲ့ ။
"ငါ့ကို ချစ်ရင် အလုပ်လုပ်ရင်း သူများကို ချစ်ပါ
နင့်အတွက် ငါဆိုတာကိုက သူများပဲလေ"
ဆွမ်းမကပ်မိဘဲ အချစ်ဆီက တရားနာခဲ့ရတယ်
အချစ်က ပြောနေသေးတယ်
ပန်းပွင့်များ တိမ်များကအစ အချစ်ရှိမှ မြင်ရ
ပင်လယ်တိုင်းမှာ မုန်တိုင်းတွေမပါဘူး
ကျွန်တော် ရူးခဲ့ဖူးတာ ဝန်ခံပါသည်။ ။

မောင်ရေချမ်း
2 March 2016

မိုးပျံပူဖောင်းတွေကွ


ကမ္ဘာကြီးကို ကယ်ရမယ်
နိုင်ငံတော်ကို အသစ်လဲရမယ်
အဲဒီလို အော်ရင်း ငါ တွေ စွန့်ပစ်ခဲ့တဲ့
ငါတို့ တွေ ဖြစ်လာ ခဲ့တဲ့
မြောင်းထဲ ပြုတ်ကျသွားတာပါ
မြောင်းထဲ ပြုတ်ကျခံခဲ့ကြတယ်ဟေ့
မြောင်းထဲ စုတ်ပြတ်ရေစက်တွေလို
ဘဝပျက်ပါစေ ရေတွေ ပြုံးရယ်

စီးပြတာ ပြောပြတာပေါ့
မြောင်းရေနဲ့ မြစ်တွေ မွေးခဲ့တယ်
ပင်လယ်ထဲ ။

မောင်ရေချမ်း
3 March 2016

တစ်ခုသောများ


ကာတွန်းမင်းဇော်ရဲ့ ဘိုဘိုပဲ ငါ ကြိုက်တော့တယ်
အီးတီကို တခြားကမ္ဘာသွားဖို့စက်တစ်ခု ထွင်ခိုင်းမယ်
အိုးမွှေးလုံးတွေ
သင်္ချာပြဋ္ဌာန်းစာအုပ်ထဲမှာ ကံ့ကော်ပွင့် ငါ ညှပ်ထားခဲ့
တြိဂံပုံဆွဲရမှာ ပျင်းလွန်းလို့
အင်္ဂလိပ်စာ ငါ မဖတ်တတ်တော့ ရောချပစ်တာ ဆရာမ
စာစီစာကုံးတွေ ရေးမယ်ကွနဲ့ လာခဲ့တယ်
ဘုရားစာကို ကဗျာလုပ်ဆိုပစ်ခဲ့တယ်
နိုင်ငံတော်သီချင်းဟာ
အိမ်ပြန်ဖို့အရေး နောက်ကျအောင် ဆိုပေးခဲ့ရတယ်
A ခန်းမှာ နေရတာ နောက်ဆုံးကကောင်တွေနဲ့ ပေါင်းဖို့
မဂိုးရင် ဂိုးတယ် အငြင်းထူတဲ့ကောင်တွေ ခေါင်းကိုခွဲပစ်
ရန်ဖြစ်ပြီးရင် အပြေးသန်မှ အုတ်ခဲကွဲရင် တုတ်ထပ်ဆွဲတယ်
ချကွ မအော်ခင် ချတယ်
ဘောလုံးကွင်းကို အပိုင်စီးထားတာ အတန်းကြီးကောင်တွေ
ပင့်ကူလူသားက ပြောတယ်
ကမ္ဘာကြီးကို ကယ်တင်ပြီးမှ နားညည်းလိုက်တာဆိုပဲ
ပါဝါရိန်းဂျားရုပ်ရှင်တွေဟာ
ကလေးတွေ ကြည့်ဖို့ နဲ့ ကလေးတွေပဲ ကြည့်ဖို့။


မောင်ရေချမ်း
4 March 2016

ဝမ်းနည်းသူရဲ့လက်မှတ်

မုန်းလိုက်တာ ဘိုင့်ဘိုင်
ဘိုင့်ဘိုင်ကို မုန်းတယ်
ဘိုင့်ဘိုင်ကို ဘိုင့်ဘိုင်ပဲ။

မောင်ရေချမ်း
4 March 2016

ရန်သူ

ဇ လည်း မရှိဘဲ ဇစ်ဖြုတ်ချင်ကြတယ်
ပန်းသေနေတဲ့ကောင်တွေ။ ။

မောင်ရေချမ်း
4 March 2016

ငြိမ်းချမ်းသူ ငြိမ်းချမ်းသားများ


စစ်မရောက်ခင် မြှားကုန်သွားပါပြီ
ရေနွေးအိုး တည်ဖို့
ထမင်းအိုး တည်ဖို့
မြှားတံတွေကို ထင်းလုပ်ခဲ့တာ ။


မောင်ရေချမ်း
5 March 2016

မြစ်မျောသူရဲ့ကဗျာ


ပျင်းတယ်
တော်သေးB
ဆက်ရေးရန် မရှိ
မရှိ မရှိ မရှိ
စာရွက်ပေါ်ဝယ် ရေသောက်သူ ။


မောင်ရေချမ်း
5 March 2016

မငိုသူရဲ့လ


အဲဒါ ၊ အဲဒါ
ဖင်တုတပ်ထားသလို သေသေသပ်သပ်ပဲ
အဲဒါ ။

မောင်ရေချမ်း
10 March 2016

သောက်တဲ့အသံ


လှစ်ခနဲ လှုပ်ခနဲ ရင်ခုန်လို့
တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ ဟူ၍က
တိုင်းရင်းသားလေးလို နင့်ကို ငါချစ်မယ်
နင့်ကိုပဲ ဘယ်ရောက်သွားမှန်း မသိထိ ချစ်မယ်

မြစ်မင်းဧကရာဇ်ကို သန့်သန့်လေးချစ်ဖို့
ဘယ်မင်းဧကရာဇ်ခေါင်းကို နင် ခုတ်ချင်သလဲ
ငါ့မှာတော့ နင့် လက်ဆောင်မပေးနိုင်လို့
အင်္ကျီအဟောင်းတွေကို သူများကို လှူသလို
မင်းဘယ်သူတွေက စတင်တယ်
ပထဝင်သင်ရိုးမှာ မပါသေးဘူးထင်လို့ ရှာဖတ်ရ
ကျောက်ဖြူမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည်
ထန်းလျက်တောထဲ ဘူးသီးကြော်ဝဲတယ်
သတိရပုံက
ဂီတာမရှိဘဲ ဂီတာတီးမိတော့
မင်း ရယ်သံတလွင်လွင်နဲ့
ဆံနွယ်စတွေ လှုပ်ရှားခဲ့ပုံက
သွေးကြောမြစ်များလို ငါ့ရင်ဘတ်မြေပုံပေါ်တွင်။
အသက်ရှည်ရှည်ချစ်ချင်ပါသေးတယ်
ဧရာဝတီကို တရုတ်လို မခေါ်တတ်သေးတဲ့အထိ
မမြင်တာ ကြာပေမယ့် မြစ်ငေးလိုစိတ် လွမ်းမိပေါ့ ။
မြေပုံကို မမှတ်သားဘဲ စိမ်းမြသလိုလိုလောက်
မြေပုံထဲ နင့်ကို တန်ဖိုးထားမှုတွေ ဝေးတယ်
သိချင်လှန်တော့ တရုတ်စာအုပ်လေ
နင့်ရေးခဲ့တဲ့ တရုတ်စာရေးနည်းစက္ကူတွေ။
အချိန်တွေ လမ်းအတိုင်း မလာဘဲ မြစ်လို
တန်တယ်က ရောက်တဲ့အသံ
တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ သိမ်းထားရန်နှင့်
ပေးတယ် တံဆိပ်
ပြည်ထောင်စုသမ္မတ နဂါးနီ
နဂါးနီဆေးပေါ့လိပ်က မြင်းခြံမှ ထုတ်လုပ်ပါသည်။

မောင်ရေချမ်း
11 March 2016

ရခိုင်ထမင်းသုပ်နောက်နေ့


ငါးကင်ပေါ်က နေ့ဖြစ်တယ်
စားပွဲပေါ်မှာတင်ထားပြီးနောက်
ငါ မင်းအတွက် စိုက်မယ့်သစ်ပင်တွေကို
ငါ ကိုယ်တိုင် ခုတ်ပြီး
မင်း(တို့)အတွက်သက်သက်လက်ဆောင်ပေးတယ်
သင်္ဘောသီးအတွက် နေ့မရှိတော့ဘူးဆိုရင်
လက်ပံပွင့်နဲ့ခွေးရူးတစ်ကောင်နဲ့နေ့ဖြစ်တယ်
ငါ ကမ္ဘာမရှိတော့ဘူးဆိုရင်
မင်း(တို့)ကမ္ဘာထဲ မဝင်ဘဲ မီးသီးတွေတပ်ပေးတယ်
အသက်ကြီးလာသလို အမှားကြီးပြင်းတယ်
ဒဏ်ရာမရှိဘဲ ဖြူစင်တဲ့အချစ်ကြီးပြင်းတယ်
အချစ်ကို ငါးကင်ပေါ် ကင်ထားလိုက်မှ
အချစ်ကို ထမင်းသုပ်လို မစားဘဲမှာမိလိုက်မှ
အချစ်ကို ခွေးကိုက်ခံရသလို ကာကွယ်ဆေးထိုးလိုက်မှ
ဓာတုဗေဒပညာမှာ လူမသိအောင်သတ်နည်းတွေ
မသတ်ရက်လို့ သေတတ်ကြောင်းပဲ ပြောပြရတယ်
စနေထောင့်ရောက်ရင် ငါ ဦးချနေမှာပါ
ဘာဖြစ်ဖြစ် ချစ်တယ်နဲ့စတယ်
ဘာမဖြစ်ဖြစ် မုန်းတယ်နဲ့ မဆုံးစေရဘူး
ငါ မဘာဖြစ်လည်း တခြားဘာဖြစ်မှာပါ
ဘုရားအဆူဆူဖူးပြီးရင်
မင်း(တို့)အတွက် ငါ လှူထားမယ့်ပန်းတွေရှိနေမယ်
ရည်စူးဖူးခဲ့တယ်
ငါ မီးလောင်နေချိန် ၊ သူများ အေးချမ်းပါစေ။ ။


မောင်ရေချမ်း
19 March 2016

မျဉ်း


ခြောက်လမ်းသွားလမ်းမကျယ်ပေါ်
နှလုံးရောဂါရှိလို့ လင်စောစောယူခဲ့ရ ။

မောင်ရေချမ်း
19 March 2016

သံယောဇဉ်စကား


ယင်ကောင်တွေ ပျံဝဲလွန်းလို့
သားရယ် ၊ သမီးရယ်နဲ့ဖြစ်လာရင်
လေယာဉ်ပျံတွေ ၊ စက်ဘီးတွေ လည်သွားမှာပါ
လမ်းခွဲကြရအောင် မောင် ။ ။


မောင်ရေချမ်း
19 March 2016

ကျောက်ခဲပန်း

ရေတွင်းထဲ ခုန်ချပစ်ချင်တာ
ရေတွင်းကြီးတွေက နက်လိုက်တာ
ကြောက်အားလန့်အားနဲ့ လှည့်ပြန်ခဲ့ရတယ်
အချစ်နဲ့ဝေးပြီးနောက် ။ ။


မောင်ရေချမ်း
19 March 2016

လျှာလာရှည်တဲ့မသာကောင်လေး


ရပ်နေတဲ့နာရီကို ကြောင်ကိုပစ်ကျွေးလိုက်တဲ့အထိ
တညောင်ညောင် လာအော်နေတုန်း
ဒီကိစ္စဒါပါပဲဆို အဲဒါ ဘာလဲ မင်း ရူးနေလားဆိုတော့
ဘယ်လို ရှင်းပြရမလဲ
ရပ်နေတဲ့နာရီကို ကြောင်ကိုပစ်ကျွေးလိုက်တဲ့အထိ
တညောင်ညောင် လာအော်နေတုန်း
ဒါပါပဲဆို အဲဒါ ဘာလဲ မင်း ရူးနေလားဆိုတော့
ဘယ်လို ရှင်းပြရမလဲ
ရပ်နေတဲ့နာရီကိုကွာ
ကြောင်ကိုကွာ
ပစ်ကျွေးလိုက်တဲ့အထိကွာ
တညောင်ညောင်ကွာ
လာအော်နေတုန်းပဲကွာ
အသံသွင်းထားပြီး
ပြီး တစ်သက်လုံး နားထောင်
တညောင်ညောင် ကြောင်ကွာ ။


မောင်ရေချမ်း
19 March 2016

လူငယ်ရယ်သံ


နိုင်ငံကျော်
နိုင်ငံတော်ဆိုတာကိုပါ ကြော်တယ်
တင်းလာရင်
လေယာဉ်ပျံကိုပါ တက်နင်းပစ်လိုက်မယ်။ 


မောင်ရေချမ်း
22 March 2016

လက်ကိုင်ဖုန်းလေး သေသွားတဲ့မနက်ခင်း

ငါ အသက်မရှိသလို စက်ဘီးနင်းမိတဲ့အခါ
ငါ အသက်မရှိသလို စာအုပ်ဖတ်နေမိတဲ့အခါ
ငါ အသက်မရှိသလို ရင်ထဲနှင်းတွေခဲတဲ့အခါ ...။
ငါ အသက်မရှိသလို
အို...ကဗျာရေးမိတာကအစ ပင်မရေစီးတယ်
ဒီအချစ်ကို ဘာနဲ့စမ်းသပ်ရမလဲ
ငါ အသက်မရှိသလို နှလုံးခုန်နေတဲ့အခါ...။
ငါ အသက်မရှိသလို ဖြစ်တဲ့အထိ
ဖုန်းထဲ မတ်ဆေ့တွေ စာရွက်ပေါ်ကူးရေးမိတဲ့အခါ
အားးး ငါ ဘယ်ဓာတ်ပုံကို ကြည့်ရမလဲ
ငါ အသက်မရှိသလို ဖြစ်တဲ့အထိ
သတင်းစာတွေမှာ ငါ့နာရေးကို ရှာမိတဲ့အခါ...။
နှစ်တွေ ခုတ်သွားပြီ
င့ါ...အသက်
ဓာတ်တိုင်ကို ဆောင့်ကန်ဖို့တောင် အားမရှိလို့
လက်ကိုင်ဖုန်းကိုပဲ ဓာတ်တိုင်နဲ့ပေးနမ်းတယ်
ခွမ်းခနဲ အေး..ခွမ်းခနဲ ကွဲစမ်းဟေ့ ကွဲစမ်းဟ
ငါ အသက်မရှိသလို ဖုန်းဆက်လို့မရတဲ့အခါ
အဲ...ဒီ....အခု.......အခါ....။
ငါ အသက်မရှိသလို လက်ကိုင်ဖုန်းလေးသွားပြီ
မှန်တွေဟာ အမှန်တရားအတွက်သေပွဲဝင်ကြပေါ့
ရယ်မောလိုက်တယ်...မသာမလေးရယ်
လက်ကိုင်ဖုန်းအစုတ်လေးသေသွားပြီးနောက်
ငါ ပြန်ရှင်သလို ပျော်ရွှင်ရတာ တရားတယ်။ ။

မောင်ရေချမ်း
22 March 2016

ကမ္ဘာတစ်ခု အိပ်ယာထခြင်း


စာသင်ခုံတွေ စီပြီ
စာကြည့်တိုက်တွေ ဖွင့်လှစ်ပြီ

မောင်ရေချမ်း
23 March 2016

တတိယကမ္ဘာစစ် ရပ်စဲပြီးနောက်

ရပ်စဲပြီးနောက် ရန်စဲခဲ့ပေါ့
သေသွားတဲ့ကမ္ဘာမှာ
မှတ်တမ်းတင်မယ့် သက်ရှိမရှိတော့ဘူး
ငြိမ်းချမ်းလေပြီ ။ ။

                 မောင်ရေချမ်း
            23 March 2016

မေ့တတ်သူအတွက်ပြန်စာ


ဖန်ပုလင်းထဲက စာတွေ မိလ္လာတွင်းထဲသို့
ရေထဲမျောရင် ငါးတွေကအစ စိတ်နာမှာ စိုးလို့ ။ ။

မောင်ရေချမ်း
24 March 2016

ပန်းအော်သံနဲ့အင်္ကျီတစ်ထည်


ကောင်လေးက ငိုပြီး ပြေးထွက်လာတာလေ
ဟိုဘက်လမ်းရဲ့ ကျောက်စရစ်ခဲတွေအောက်မှာ
ငါးရာတန်တစ်ရွက်ကို ဖွက်ထားပြီးမှ ပျော်သွားပုံပဲ
ဓားကို ဓားအိမ်ထဲက ဘာကိစ္စနဲ့မှ ထုတ်စရာမရှိဘူးဟ
တစ်ယောက်တည်းနေရရင်ကို
ဓားက တစ်ယောက်ရင်ဝကို စိုက်သွားရော
လမ်းဘေးမှာ သူတို့ အနမ်းပေးခဲ့စဉ်က
မြောင်းပုပ်ထဲက ကန်စွန်းရွက်ကလေးများပင် ရွှင်ပြ
ကြယ်တာရာပုံသစ်ရွက်ကို တကူးတကစိုက်ခဲ့တာ
ခူးဖို့ကို သွားရည်တဗွမ်းဗွမ်းကျစရာဖြစ်လိမ့်မယ်
သွားကြားထဲကနေ ဓားဟာ ရွှီခနဲ
သိတဲ့လူက နောက်ပြန်ဆုတ်ခဲ့တယ်
တံတွေးတွေလာစင်ရင်ကို လူသတ်သမားရဲ့သွေးလို
သိပ်ဒဏ်ရာမကြီးကျယ်ပါဘူး
ပန်းချီဆွဲပြလို့မဖြစ်နိုင်ရုံလောက်လေးနဲ့ရက်စက်
နောက်ပြန်ဆုတ်ခဲ့ရတယ်
အစ်ကိုသာ ဖျာရောင်းဖူးရင်ပေါ့ ဒီလိုအပြောခံရမယ်
"သုံးချပ်ယူမယ် နှစ်ချပ်ဖိုးပဲထား မင်းလျှော့ပေးနော်"
အစ်ကိုသာ ရေအိုးရောင်းဖူးရင်ပေါ့ ဒီလိုရင့်တာခံဦး
"ရေအိုးက ရေလည်းမပါဘဲ ဈေးကြီးလိုက်တာ
မတန်ဘူး နည်းနည်းလျှော့ပေး"
နှစ်ခုနှစ်ဦး ရယ်မောပျော်ရွှင် အေးပါကွာ
ဝယ်မနေဘဲ အလကားရလိုက်သလိုသဘောထားစမ်း
မင်းတုန်းမင်းကြီးရဲ့ အကြင်နာတရားက
ကုတင်ပေါ်က ကောက်ယူလိုက်တဲ့သွေးကွက်ထဘီ။
မယုံကြည်ဘူး
တစ်ကျပ်တန်တွေမှ မရှိတော့တာ မေ့နေပြီလား
စက်ဘီးလေးနင်းပြီး ရုပ်ရှင်သွားကြည့်ရအောင်..မေ။


မောင်ရေချမ်း
26 May 2016

စကြဝဠာ၏သမိုင်း


ရိုးသားသူတွေချည်းပဲ အစ-အဆုံးနိုင်တယ်
အင်္ကျီပေါ်ကမလင်းတဲ့ကြယ်တွေ မှိုင်စမ်း။ ။

မောင်ရေချမ်း
26 March 2016

မစိတ်ပုပ် ( 0 )


တွေ့ကြုံသမျှ နေရောင်ခြည်
ကခုန်ချင်တဲ့သီချင်းကို ပိတ်တယ်
ခရီးထွက်မယ် သွေးတိတ်ပြေတဲ့နေ့
ပျော်ရွှင်အဆင်ပြေပါစေ
မိတ်ဆက်ပေးလိုက်တဲ့နာမည်
မျက်ခုံးမွှေးပေါ်မှာ ဖိနပ်ရာကျန်ခဲ့ပြီ
အပျော်တွေ ပန်းထွက်လာ
ပန်းတွေ အင်္ကျီပေါ်မှာရှိတယ်
ဓားတန်းလန်းဒဏ်ရာက
ဘေးမှာ နောက်မှာ ရှေ့ မှာနဲ့
နဖူးပေါ်တင်ထားခဲ့တာ
စာအုပ်တွေထဲ ပြန်ခေါင်းစိုက်
အသက်အရွယ်က သိုင်းကျမ်း
ပြက္ခဒိန်တွေ အီဆိမ့်နေရောပဲ
စီးကရက်တစ်လိပ်ပြီး တစ်လိပ်
ဖန်ပုလင်းလေးထဲမှာ စာတွေရှင်နေပြီ
အစ်မ။


မောင်ရေချမ်း
30 March 2016

မြန်မာ့သမိုင်း


စစချင်းမှာ တစ္ဆေ ဘီလူးတွေ ကြီးစိုး
ပန်းနဲ့မွှေးတဲ့တေး တဖြည်းဖြည်း အုပ်ချုပ်တယ်။

မောင်ရေချမ်း
30 March 2016

မြောင်း


ကန်းနေရင် ဒီကဗျာယူသွား
တစ်သက်တာ နာဖို့ တရားပါတယ် ။ ။

မောင်ရေချမ်း
4 April 2016

စိတ်ပုပ် ( ၁၉ )


တစ် နှစ် သုံး လေး
အေး မင်းကို ငါ လွမ်းပြီ။
ကွန်ပျူတာပေါ်က လက်ကို ပုတ်ချလိုက်တော့
ငါးတွေ ရယ်တယ်
ပေါင်မုန့်ပစ်တွေ စားရမယ့် ရေကန်ကို
သွားတယ်
ဆုတောင်း
ဘဝအဆက်ဆက်
ရောက်တတ်ရာရာ ကုန်ဈေးနှုန်းတက်တယ်
မင့်ကို လိုက်ရှာတိုင်း
ပထဝီ သမိုင်း အားလုံး အချစ်ဖြစ်တယ်။ ။

မောင်ရေချမ်း
2 April 2016

မစိတ်ပုပ် ( ၂၁)


စက္ကန့်တံလေး ရေမြောင်းထဲ
နှိုက်နှိုက်ချွတ်ချွတ် သတိရတယ်
အရသာရှိမှုမှန်သမျှ
နောက်ကျပြီမှ လေယာဉ်ပျံ
အကောင်းစားသမ္မတခေတ်မှာ
ဟောဒါ နိုင်ငံရေးနဲ့မဆိုင်တဲ့ ည
ကြွေသွားတာ မင့်ကို ချစ်ခဲ့တဲ့ ငါ့တွေ။ ။


မောင်ရေချမ်း
2 April 2016

တွေ့ဆုံစီးကြောင်းများပြိုကွဲခြင်း


ကလစ်တစ်ချက်မှာ နိုင်ငံပေါင်းများစွာ ဝေးတယ်
ကားဘီးတွေ တစ်လိမ့်စီ တစ်လိမ့်စီ
စားပွဲတစ်ခု လက်ဖက်ရည်တစ်ခု
ဘယ်နေ့ ပြန်ဆုံကြဦးမလဲ
မီးတွေ စိမ်းနေပြီး
သူငယ်ချင်းတွေ မတွေ့ဖြစ်တော့ဘူး
ဂြိုဟ်တုထဲ ။ ။


မောင်ရေချမ်း
2 April 2016

ဆက်သွယ်စီးပွားရေး

ပိုက်ဆံမရှိတော့
ဖင်ပေါ်ပုံ ရိုက်ပြီး Facebook ပေါ်တင်
ငွေဝင်မစဲ တသဲသဲ ။ ။

မောင်ရေချမ်း
4 April 2016

လေထုသစ္စာ


ငှက်အုပ်ထဲ ကိုယ် ပျံဝဲမယ်
တစ်ကောင်တည်း
သို့သော် ငှက်အုပ်ကို ကိုယ်မခွဲတယ်။ ။

မောင်ရေချမ်း
4 April 2016

စာသင်ခန်းရဲ့ တည်ဆောက်တေး

သမိုင်းအချိန်မှာ
သိုင်းကျင့်ကြရအောင်...ကလေးတို့
သိုင်းကျင့်ပြီးရင်
ပထဝီကို မသေအောင် သကြမယ်
မြန်မာစာဟာ
တို့ဘဝ တို့ကမ္ဘာ
အင်္ဂလိပ်စာအုပ်တွေက တို့ကမ္ဘာကိုတည်ဆောက်ဖို့
ဒီလို ကျောင်းကိုလာ ။ ။


မောင်ရေချမ်း
5 April 2016

ညရေးညတာ အရေးပေါ်ခြင်း


မျက်လုံးချင်းဆုံ သမျှ
သောက မပါတဲ့ ပျော်ရွှင်ခြင်းများ
လူရယ်လို့ ဖြစ်ခဲ့ပြီးမှတော့
ဒုက္ခအားလုံးကို ရယ်ခဲ့ရုံပဲ
ဖုန်းကို ဘတ်ထရီအားသွင်းရတယ်
စွမ်းအင်။ ။

မောင်ရေချမ်း
5 April 2016

ကဗျာဆရာတစ်ယောက်


ပြက္ခဒိန်ပေါ်မှာ လမ်းက ရှင်းနေလိမ့်မယ်
ဝါးပင်တွေကို ဂီတသံနဲ့ ဖျော်ဖြေလျက်
ကျေးဇူးတင်ကြောင်း မမေ့ချင်ဘူး
သူ့မျက်နှာ မမြင်ခင်ကတည်းက ချစ်ခင်ခဲ့ပြီးသား
လေးစားတယ်
ငါး ငါးချင်း လည်းမယှဉ်နိုင်ဘူး
ခြောက်လောက်တော့ ရယ်ပြနေလိမ့်မယ်
ခုန် ခုန် နေတာပဲ
ဝါကျတွေ လန်းလို့ စကားလုံးတွေတောင် သူ့ဆီကြွေ
ခေတ်တစ်ခေတ်လုံးကို မမေ့မလျှော့တာ
သူ့အချစ်သူ သစ္စာရှိကြောင်း ဖော်ပြနေပုံရတယ်
စာရွက်ပေါ်မှာ ပုံတူဆွဲကာ
မင်း မြင်လား မမေးဘဲ ငါ ဒါမြင်တယ် သူပြောနေသလို
နိုင်ငံတော်တစ်ခုမှာ နိုင်ငံသားအတုမဟုတ်တာ
သူ့လို ကဗျာဆန်သူတစ်ယောက် ဖြစ်တယ်
ကမ္ဘာတစ်ခုမှာ ကမ္ဘာသူကမ္ဘာတွေ လန်းဆန်းတာ
သူ့လို ကဗျာ့နှလုံးသား ဖြစ်တယ်
ကိုယ့်ရင်ဘတ်ကို ဓားနဲ့ပါးပါးလေးမွှန်းတယ်
ထွက်လာတဲ့သွေးနဲ့ပဲ ပျော်ရွှင်ကြောင်းကဗျာရေးလို့
အားလုံးလည်း တကယ်ပျော်ရွှင်ရပါတယ်
သူ့ကဗျာတွေ အခုတလော မတွေ့တာ
ကဗျာတွေဆီ ဆက်လျှောက်နေပုံပဲ
ကဗျာတစ်ပုဒ်ကျလာရင် ငရဲကြီးရှစ်ထပ်လည်း လှပြီ။ ။


မောင်ရေချမ်း
8 April 2016

တိမ်များအရွေ့


ချိန်းကျသွားတဲ့စက်ဘီးဆို
အေး...ဆောင့်ကန်ပစ်လိုက်ဖို့
လမ်း
လူမရှိ
ဘာဖြစ်သလဲ
သစ္စာတရားဆိုတာ
သိကြာမင်းသေးပေါက်ချလို့
နှစ်တိုင်း ရွာတဲ့ မိုးတွေ။ ။


မောင်ရေချမ်း
19 Apirl 2016

နှင်းဦးဝေရဲတိုက်


လူမဆန်လေဆိပ်မှ နှင်းဆီပွင့်ငယ်
ဆူးတွေဖယ်ကာ ဆက်ထွက်ခွာတယ်
ဘယ်အထိရှိသော ပန်ကာသံများညံ
နားရွက်တွေကို ပြည်ဖုံးကားချခဲ့တယ်
မီးတောင်တွေ ပြန်လာပေးတဲ့သူတချို့
ကော်ဇောပေါ်မှာ မေတ္တာတရားခြေရာ
အုတ်ချပ်နီနီများ အကျဉ်းထောင်စံ
လူနေထိုင်ရာ အရပ်တစ်နေရာမှာ
တင့်ရှိန်ချွန်မွန်စွာ ရှိနေလိမ့်မယ်
တစ်ယောက်နဲ့တစ်ယောက်မက
ဘာဖြစ်ဖြစ် မသေခင် သတ်သွားသူရယ်။ ။


မောင်ရေချမ်း
24 April 2016

ပို့လိုက်တဲ့လက်စွပ်

ဘုရားသခင်ဟာ စိတ်ကောင်းဝင်နေချိန်မှာ
ငါတို့ကို တွေ့ခွင့်ပေးပြီး အချစ်ကို အားပေးခဲ့တယ်
ဘုရားသခင်ဟာ စိတ်ပုပ်သွားတဲ့အခါ
ငါတို့ကို ဝေးကွာအောင်လုပ်ပြီး မုန်းဖို့ သွေးထိုးနေပြီ
ရတယ်လေ
ဒီလို ဘုရားသခင်မျိုးကို ဆန့်ကျင်ပြီး
မင်းနဲ့ ငါ လူသားအသစ်ကို မွေးဖွားပစ်မယ်
စကြဝဠာကို ငါတို့နှစ်ယောက်ပဲ ပိုင်တယ်
အခုကို လက်ထပ်ချင်ပြီ...အချစ် ။ ။

မောင်ရေချမ်း
27 April 2016

နေဝင်မိုးချုပ်ကဗျာ


ဒီနေရောင်ခြည်အောက်
မင်းမရှိတဲ့နောက်တော့
နေထွက်လာရင်ကို ကျက်သရေတုံးပြီ
နေဝင်သွားရင်လည်း ကျက်သရေတုံးပြီ ။

အရေးမကြီးပါဘူး အရေးမကြီးပါဘူး လို့
ပြောရင်းပဲ တကယ်အရေးတကြီး ဖြစ်နေပြန်တယ်
အရမ်းသတိရတာပဲ ဆိုတာဟာ
သစ်ရွက်တွေ မင်း ကိုယ်စား စိမ်းကားပေးနေတာပဲ။
ဒီနေရောင်ခြည်အောက်
မင်း ကျပျောက်သွားမှတော့
တစ်ကမ္ဘာလုံး လင်းအောင် လှအောင် ငါ လွမ်းပြီ
ကျက်သရေတုံးမ ။ ။

မောင်ရေချမ်း
1 May 2016

ရင်ကွဲစာအုပ်







6 May 2016

ငါ့မှာ သားလေး ရတဲ့အခါ ဖတ်ပြဖို့ ကဗျာ

မင်း အသက်နဲ့အမျှ ကြီးထွားသလိုပဲ
မင်း နေထိုင်တဲ့ စကြ၀ဠာကြီးလည်း ကြီးထွားနေလို့
မင်း အချိန်နဲ့အမျှ ရှင်သန်နေသလိုပဲ
မင်း နေထိုင်တဲ့ စကြ၀ဠာကြီးလည်း ရှင်သန်နေလို့
ကလေးရယ်
ရှင်သန်နေတဲ့ အချိန်တိုင်းမှာ
သေဆုံးနေတဲ့လူလို မင်း သာ ငြိမ်သက်နေပါစေ
မင်းကို ဘယ်လှိုင်းကမှ မရိုက်ခတ်။ ။

မောင်ရေချမ်း
26 August 2016

လမ်းလျှောက်ထွက်နေတဲ့ လူငယ်ရုပ်ထု

နားရွက်တို့ရဲ့ငရဲဘုံ
အိမ်မှာဆို
နားပင်းနေ
မုသားအပူ မထွက်ဖို့
အပြင်မှာဆို
ပါးစပ်ပိတ်နေ
နေရောင်အနမ်းနဲ့
သတ္တု ငှက်ဟာ
လူယုတ်မာရေပြင်ကို ဖြတ်ကျော်ကာ
ကမ္ဘာကြီးထဲမှာ
ကိုယ်လုပ်ချင်တာ လုပ်နေ
ကျွန်ုပ်သည် သင်ဖြစ်ပေတယ် ။ ။


မောင်ရေချမ်း
21 Sep 2016

အလောင်းများကို ကွယ်ဖျောက်ခြင်း

              
မိုးသီးတွေ စကြွေပြီ
ရေက ငါတို့ခါးအထိ မြင့်တက်လာတယ်
တံခါးပေါက်ကနေ သူမ ကို ငါတို့ အော်ခေါ်ခဲ့ကြတယ်

ဆိတ်တစ်ကောင် သတ်လို့သေသွားတဲ့

ဧရာမဝက်ဝံကြီးကို တွေ့ခဲ့တယ်
ကမ္ဘာကြီးဟာ အကူအညီမဲ့မျက်ရည်တွေ ရွာချ ။


                                        မောင်ရေချမ်း

It started to hail
The water was up to our waists
We hail her from the doorway
A grizzly bear was found
dead, killed by a goat
The world helplessly
 burst into tears

နာရီမီး

မဖြစ်သေးဘူး
လက်တွေ တဆတ်ဆတ်တုန်
အဆင်မပြေဘူး ဆိုတာ
ကိုယ့်မျက်လုံးထဲကိုယ် စီးကရက်မီးနဲ့ သက်သက်ထိုးချလိုက်တာ
လူ့ဘ၀ပဲ ဒီလောက်တော့ ရယ်ရသင့်ပါတယ်။ ။


မောင်ရေချမ်း
9 September 2016

သရဲစားတဲ့ သိုင်းရုပ်ရှင်

Chat Box ထဲကနေ ဓားနဲ့ ငါ့ကို လှမ်းထိုးတဲ့အခါ
ကိုယ့်ကီးဘုတ်နဲ့ကိုယ် စာရိုက်ပြီးပြီ
ပြန်မရဘူး ရပါတယ်
ယူထားတဲ့ဒဏ်ရာက လှတော့
တဖွေးဖွေး ချစ်ရတယ် ။ ။


မောင်ရေချမ်း
9 September 2016

အရသာပျောက်သွားတဲ့သကြားလုံး

ဘာဖြစ်သွားမှန်းမသိတဲ့အခါ
ဓာတ်ပုံတွေကို ငေးကြည့်စမ်းပါ

ဓာတ်ပုံတွေကို ငေးကြည့်ဖို့ ရင်ဘတ်ကိုစမ်းတဲ့အခါ
ဘာဖြစ်သွားမှန်းကို မသိတော့ပါ။ ။

မောင်ရေချမ်း
9 September 2016

သီချင်းသေသွားတဲ့ ရုပ်ရှင်

ထီးကို လွှတ်ချလိုက်လည်း ပျော်ရမယ် ထင်တယ်
ဟိုတစ်နေ့က အတိုင်းပဲ
အဲဒီလမ်းလေးဟာ ဟောင်းသွားပြီ
ဒီနေ့ အတိုင်းပဲ
အခု အဲဒီလမ်းလေးဟာ ဟောင်းနေပြီ
လွမ်းဖို့ မိုးအတုတွေ ရွာချနေတာကလွဲလို့
ခြေထောက်တွေ မှိတ်ချလိုက်ပြီ ။ ။


မောင်ရေချမ်း
9 September 2016

စောညီ အလွမ်းပြေ

ရေနံချေးတွေနဲ့ ၀ဖြီးနေတဲ့ အဆောင်ထဲမှာ
ငါနဲ့ ငါ့သူငယ်ချင်းတွေ အားလုံး လှတယ်
မုန့်စားဆင်းချိန်အထိ စာလုပ်နေတဲ့ကောင်တွေ
အဲဒီလိုကောင်တွေကို ဝေးဝေးကရှောင်ဖို့
ငါတို့ အချင်းချင်း သတင်းပေးကြ
တကယ်က
မင်းတို့ ပျင်းပြီဆို ပြန်လို့ရပြီ လို့ ပြောတဲ့
ကျောင်းဆင်းခေါင်းလောင်းသံမှာ အပျော်ဆုံး
ငါ့ထီးနဲ့ ကောင်မလေးတစ်ယောက်ရဲ့ထီးကို
အနမ်းပေးခဲ့ဖူးပါတယ်
မိုးစက်တွေရဲ့ ကိုးတန်းကျောင်းသားဘ၀မှာ ။ ။


မောင်ရေချမ်း
20 September 2016

မိကောင်းဖခင်သား

မိဘမဲ့ဂေဟာက ကောင်လေးကိုမှ
မိမဆုံးမ ဖမဆုံးမ ကလေး လို့ ဂုဏ်ပြု တဲ့အခါ
ကောင်လေးဟာ
သူ့အဖေကို စိတ်ထဲ ဦးချလို့ သာဓုတစ်ကြိမ်ခေါ်ခိုင်းလိုက်တယ်
ကောင်လေးဟာ
သူ့အမေကို စိတ်ထဲ ဦးချလို့ သာဓုတစ်ကြိမ်ခေါ်ခိုင်းလိုက်တယ်
ပြီးတော့... နောက်ဆုံး သာဓုကို သူ့ဘာသာ ခေါ်လို့
ဂုဏ်ပြုသူကို ဆဲချပစ်လိုက်တယ် ။ ။


မောင်ရေချမ်း
20 September 2016