Sunday, October 9, 2016
မြေပုံပေါ်က တိုင်းရင်းသားသစ်ပင်
ပုန်းညှက်ပန်း ပဒဲကော
ခါဗုဥ လက်ခုပ်ပင်
ခေါင်းလောင်းပန်း စန္ဒကူးနံ့သာပင်
တိုင်ကပ်ပန်း ပဲကျပ်ပြင်
ပဉ္စကာနီသီး
ဝေါဟာရတွေ မှတ်ရတာ
ခေါင်းရှုပ်လာရင် ၀ါကျတစ်ကြောင်း
တစ်ကြောင်းပဲ မှတ်ထားတယ်
မှတ်ထားတဲ့ တစ်ကြောင်းကိုပဲ
တစ်ကြောင်းတည်း အော်ပေးလိုက်တယ်
" စစ်ကို သောက်မြင်ကပ်တယ်ကွာ" ။ ။
 မောင်ရေချမ်း
10 Oct 2016
ခေါ်သံ
မြို့ထဲကို ၀င်ရောက်သူဟာ
အိမ်ပေါင်းများစွာကို လှည့်လည်ကြည့်ရှုရင်း
လူပေါင်းများစွာနဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့
ဒါပေမဲ့...
လူပေါင်းများစွာရဲ့အလောင်းတွေနဲ့
အိမ်ပေါင်းများစွာဟာ မြို့ထဲမှာ ငြိမ်သက်လို့
အဲဒီမြင်ကွင်းတွေကို ဓာတ်ပုံရိုက်ပြီးနောက်
မြို့ထဲကို ၀င်ရောက်သူဟာ
နောက်ထပ်မြို့တစ်မြို့ကို ထပ်သွားလို့
အိမ်တစ်လုံးရှေ့ကို ရောက်တဲ့အခါ
ခပ်ဖွဖွ တံခါးခေါက်တယ်
တံခါးခေါက်သူကိုယ်တိုင်ဟာ အရိပ်အဖြစ်နဲ့ ။ ။
                                    အိုထူး
                                8 Oct 2016
နယ်​ခြား
နှစ်​​ယောက်​စလုံး ​သေရမယ့်​ ကမ္ဘာထဲ
တစ်​​ယောက်​ကို တစ်​​ယောက်​ ရှင်​လျက် လွမ်းရ
စင်​စစ်​...နှစ်​​ယောက်​ဖြစ်​တဲ့ကမ္ဘာမှာ
အမှန်​​တော့...တစ်​​ယောက်​တည်းပဲ ရှိတဲ့အခါ
ဝေးတယ်​ ။ ။
                       8 Oct 2016
အခန်း ( ၀ ) တွင် ရှိသော ရေတံခွန်ဦး ဂီတ
(  အော်ပြောနေတာကို
   ဘယ်လိုလုပ်ကြားရပါ့မလဲ
   နားထောင်ချင်လာရင်
   တိုးတိုးလေးဟာ နူးညံ့စွာ စီးဝင်တယ် )
အကယ်၍ အဖြစ်အပျက်များ မစတင်မီ
ကြိုတင်ရှိခဲ့သော အခန်း (၀ ) သည်
အဖြစ်အပျက်များ၏နိဒါန်း ဖြစ်ခဲ့မည်ဆိုလျှင်
တကယ့်ဇာတ်လမ်းနိဂုံး အတိုင်းတွင်
ထိုသစ်ပင်နှင့်ထိုကောင်းကင် တို့သည်
ပျော်ရွှင်ကြည်နူးစွာ ပေါင်းဖက်ကြပါလိမ့်မည်
အကယ်၍ အဖြစ်အပျက်များပြီးနောက်
ရောက်ရှိသွားသော အခန်း (၀ )သည်
အဖြစ်အပျက်များ၏နိဒါန်းသာ ဖြစ်မည်ဆိုလျှင်
တကယ့်ဇာတ်လမ်းနိဂုံး အနေနှင့်
ထိုအဖြစ်အပျက်များထဲတွင်ပင်
ထိုသစ်ပင်နှင့်ထိုကောင်းကင် တို့သည်
နာကျင်လွမ်းဆွတ်ခြင်းဖြင့် ဝေးကွာခွဲခွာ
သွားကြမည်နှင့် ဖြစ်ပါသည်
အကယ်၍ဟု ပြောဆိုထားသော
ထိုအဖြစ်တို့နှင့်ထိုအပျက်တို့သည်
ထိုသို့သော အကယ်၍ အတိုင်းပင်
နှစ်ခုအနက် တစ်ခု ဖြစ်ပါသည်
သို့သော် နိဂုံးချုပ်၍ အဖြစ်အပျက်များ
ပြီးဆုံးသွားခြင်းသည်တွင်သာ
ပျော်ရွှင်နိုင်သော အစစ်အမှန်ဖြစ်ပြီး
နိဒါန်းပျိုး၍ ဝေးကွာခွဲခွာထွက်သော
အဖြစ်များတို့၏အပျက်ထဲတွင်မူ
နာကျင်မှုပုံရိပ်အတုများ ဖြစ်ပါသည်
မည်သို့ပင် သစ်ပင်နှင့်ကောင်းကင်
အခန်း (၀)တွင် အဖြစ်အပျက်များ
လုံးဝမရှိသေးသောအခါ မရှိပါ
အဖြစ်အပျက်များမရှိသောကြောင့်
သက်ရှိ ၊ သက်မဲ့များလည်း လှုပ်ရှားမှုမရှိ
ငြိမ်သက်ခြင်းသည် ငြိမ်သက်ခြင်းဖြင့်
ထိုငြိမ်သက်ခြင်းတွင် ထိုသစ်ပင်
ထိုသစ်ပင်ထဲတွင် ထိုကောင်းကင်မှာ
ငြိမ်သက်ခြင်းဖြင့် အိပ်မောကျနေခဲ့သည်
အိပ်မောကျနေခဲ့သော ထိုအရာများသည်
အခန်း(၀)မှ လှုပ်ရှားရွေ့မျောသွားသောတွင်
အဖြစ်အပျက်တို့၏အချိန်သည် သစ်ပင်
ထိုသစ်ပင်တွင် ကောင်းကင်ကို ချိတ်ဆွဲလျက် ။ ။
                                        မောင်ရေချမ်း
                                    8 Oct 2016