Saturday, November 19, 2016

ကမ်းပါးအသံ


ပန်းစာအုပ်ထဲက စာမျက်နှာအတောင်ပံတွေမှာ
နာကျင်မှုဇာတ်လမ်း ရပ်သွားမှ ပွင့်ချပ်လှပ်သံ မာတယ်
ဥယျာဉ်တစ်သိန်းကို မေ့ခဲ့သူတိုင်း
ဥယျာဉ်တစ်ခုထဲမှာ နေထိုင်ရတယ်
မမောတမ်း ပျော်ရွှင်စွာ မက်မောနေထိုင်ရတယ်
ဘာသာစကားသင်္ကေတနဲ့မျက်နှာတချို့
လူဂူနံရံရဲ့ကျောက်သားကို ကျောခိုင်းကြာမြင့်တဲ့အခါ
စက်ခလုတ်တွေနဲ့ ထွင်းထုလုပ်တဲ့စုတ်တံတွေပါလေ
လျှပ်စစ်မရှိတော့လည်း လျှပ်စစ်မရတော့လည်းမှာ
ကြိုတင်အားသွင်းထားတဲ့နှလုံးသားတွေနဲ့မီးလင်းနေ
သူတို့က ပြောခဲ့ကြတယ် မပြောရဘူးတဲ့
သူတို့ကို မပြောခဲ့ဘူး ပြောကြတယ်
အချစ်ရှိပါတယ် ပျောက်ဆုံးသွားတာကလွဲလို့
ပျောက်ဆုံးသူတွေ ရှိနေပါတယ် အချစ်မရှိခြင်းနဲ့လွဲလို့
အခုပဲ...စက်ဘီးကို သတိရမှုမှာ ရပ်တန့်လိုက်တဲ့အခါ
မျက်ပြောင်လွန်းတဲ့နေရောင်ခြည်ကို ပုတ်ထုတ်လို့
ငှက်တွေဟာ တည်ကြည်စွာ ညနေခင်းအိမ်ဆီ

 ပြန်လာကြပြီ ပျံလာလှပါပြီ မဝေးဘူးအတောင်ပံ ။ ။
 
မောင်ရေချမ်း

မခေတ်စစ်

စစ်ကြီးမဖြစ်ခင်တုန်းကတော့
ခေတ်ရဲ့သားကောင်အဖြစ်
ငတ်တော့လည်း ဟိုဟာလုပ်စားရတယ်
စစ်ကြီးလည်း ဖြစ်ရော
စစ်ရဲ့သားကောင်အဖြစ်
ပြေးရင်းလွှားရင်းနဲ့ကို ဟိုဟာလုပ်ခံရပြန်တယ်
စစ်ကြီး ပြီးတော့
ဆေးစစ်ကြည့်တယ်
ခေတ်ကပေးတဲ့ ရောဂါ
ဟိုဟာလုပ်စားလို့ HIV Positive တဲ့
ကျွန်မမှာ ပျော်လိုက်တာလေ
စစ်ကြီးတုန်းက ကျွန်မကို ဟိုဟာလုပ်ခဲ့တဲ့ကောင်တွေ
ငရဲပြည် အတူတူခေါ်နိုင်ခဲ့ပြီ
လက်ဆောင် ။ ။

မောင်ရေချမ်း