Friday, October 25, 2024

- ငါတို့အကြောင်းကို မိုးလေ၀သနဲ့ ရှင်းပြခြင်း -



မိုးသက်မုန်တိုင်းအများစုကို သေးပေါက်ရင်း 

ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဖွဲ့စည်းထားတာ 


ပျော်မနေနဲ့ ...စိတ်ညစ်လိုက် ၊ ကြီးမားတဲ့ အပူပိုင်းမုန်တိုင်းတစ်ခု စပြီ‌ဆိုရင် ဗဟိုချက်ဟာ ဟိုဘက်ဒီဘက် မိုင်တစ်ရာကျော်ရှိနိုင်တယ် အဲဒီဗဟိုချက် ကျဉ်းကျဉ်းလာရင် မုန်တိုင်းက ပိုပိုပြီး ပြင်းထန်လာပါတယ် တဲ့ အဲဒီဗဟိုချက်မှာ စိတ်ညစ်ညစ်နဲ့ ၀င်ထိုင်နေလိုက် 


ငြိမ်သက်နေတာ ကြာလာရင် သတ်သေချင်စိတ်လည်း အားပျော့ပျက်ပြယ် သွားလိမ့်မယ် ငှက်မွေးလို ပေါ့ပါးနူးညံ့တဲ့ ရေခဲပုံဆောင်ခဲတိမ်လွှာတွေကို ပါးစပ်ထဲ ထည့်ပြီး စုပ်နေလိုက် ... ကမ္ဘာကြီးကို ဝိုင်းပတ်ထားတာ ဓာတ်ငွေ့အလွှာထုတွေ ဖြစ်တယ် လို့ ခွေးမသား သိပ္ပံဆရာက မင်းကို လိမ်ပြီး သင်လိုက်တာ တကယ်တော့ 

အဲဒါ ၀မ်းနည်းစရာတွေ ၊ အဲဒါကြောင့် "ကမ္ဘာကြီးကို ၀မ်းနည်းစရာအလွှာထုတွေနဲ့ ဝိုင်းပတ်ဖွဲ့စည်းထားပါသည်" လို့ မနက် အစောကြီး ထပြီး ဘေးအိမ်က ကျက်သရေမရှိတဲ့ သေခြင်းဆိုးတွေ ကြားအောင် 

အသံအကျယ်ကြီးနဲ့ အော်ကျက်ပစ်လိုက် 


အပူချိန်နဲ့ ဖိအားပေါ် မူတည်ပြီး ဒြပ်ပစ္စည်းပုံစံ သုံးမျိုး ထဲက တစ်မျိုးမျိုးအဖြစ် ရေဟာ ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ ရေဟာ ပျော်ရွှင်စရာတော့ မဖြစ်နိုင် အဲဒါကြောင့် ပန်းမပန်နဲ့ ၊ ဆီမလိမ်းနဲ့ ခေါင်းမဖြီးနဲ့ မျက်နှာမသစ်နဲ့ သနပ်ခါးမလိမ်းနဲ့ နီရဲနေတဲ့ မျက်လုံးကို ပြတ်သွားတဲ့ လက်တစ်ဖက်နဲ့ နာကျင်စွာ ပွတ်ပြီး အဲဒီ ရေပွင့်တွေကို အော်ဆဲနေလိုက် 


မိုးတိမ်‌ဆိုတာ ကောင်းကင်မှာ ရှိတဲ့ အရာတွေ လို့ အထင်မှားနေတဲ့ စောက်တုံး စောက်အ,တွေကို ခြံစည်းရိုးပေါ်မှာ ခေါင်းပြတ်နေတဲ့ မျက်လုံးကြီးတွေက ပြူးပြနေတယ် ၊ သက်တန့်တစ်ခု ဖြစ်ပေါ်လာဖို့အတွက် နေရောင်ခြည်နဲ့ မိုးရေမိုးစက်ဆိုတဲ့ အရာနှစ်ခု ရှိရတယ် 

တရားမျှတခြင်းဟာ တိမ်လွှာထုနောက်ခံမှာ လှပတဲ့အရောင်လေးတွေ ဖြစ်လာဖို့ နောက်ထပ် လူဘယ်နှယောက် သေပေးရဦးမလဲ 


ဘာအကြောင်းတွေ ပြောနေတာလဲ ဆိုရင်

စပတ်ကိုသာ ဖြဲပြလိုက် .... ဟေ့ ဒီမှာ မြင်ရဲ့လား 

အမှောင်ဆုံးသော မြေရဲ့အဖြစ်အပျက်တွေလို့ ဖြဲပြလိုက်


မိုးသက်မုန်တိုင်းအများစုကို သေးပေါက်ရင်း 

ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဖွဲ့စည်းထားတာ 

ငါတို့ ဘယ်တော့မှ နောင်တ မရဘူး ။ ။


                               _ မောင်ရေချမ်း

Thursday, August 22, 2024

_ ကိုယ့်အကြောင်းကို သူများစိတ်ထဲ ထည့်ပေးရတာ သူများစိတ်လေးကို ညစ်နွမ်းစေလိမ့်မယ် _



အဲဒါကြောင့် မသိချင်ပါနဲ့ ၊ မဖြစ်မနေ ပြောပြရမယ်ဆိုရင် အဲဒီနှစ်က မိုးတအားကြီးပြီး ငါတို့ ဘ၀ထဲကို ရေတွေ ၀င်ခဲ့လာတယ် ငါတို့ဝိညာဉ်ရဲ့အုတ်နံရံကြီးပွင့်ထွက်သွားတုန်းက လူတွေက သနားသလိုလို စိတ်မကောင်းဖြစ်သလိုလို နဲ့ လက်ကြီးတွေပိုက်ပြီး အထူးအဆန်းလုပ်လို့ လာကြည့်ကြတယ် ပြီးတော့ ငါတို့ရဲ့မီးကျွမ်း‌နေတဲ့အမှတ်တရတွေကို သယ်ကူသလိုလိုနဲ့ ယူပြေးသွားကြတာတွေမျိုးတွေက အစ ငါတို့ အရင်မေ့ပစ်ဖို့ လိုအပ်ပါတယ် ၊ တကယ်လို့များပေါ့ တခြားအရာတွေထက် ပိုပြီး ကလေးတွေ ဆော့တာကို အဝေးကနေ ငေးကြည့်ရတာလေးအပေါ် ပိုကြိုက်တတ်လာတယ်ဆိုရင်တော့ ငါတို့ဟာ ကိုယ့်ဘ၀ကိုယ် သစ်ပင်လို နေနိုင်သွားပြီဖြစ်ကြောင်း အဲဒါကို သက်သေအထောက်အထားအဖြစ် မှတ်ယူရတော့မှာပါ၊ ငါတို့အကြောင်း ဆိုပြီး ဖော်ပြဖို့ ကြိုးစားရင် ကမ်းခြေတစ်ခုလုံး ကခုန်နေတဲ့ ပါတီပွဲအကြီးစားလို့ နားလည်မှုလွဲမှာကို ငါတို့ကတော့ သိပ်သဘောကျတာပဲလေ ၊ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်အကြောင်းကို သူများစိတ်ထဲ ထည့်ပေးရတာ သူများစိတ်လေးကို ညစ်နွမ်းစေလိမ့်မယ်


အဲဒါကြောင့် မသိချင်ပါနဲ့ ၊ မဖြစ်မနေ ပြောပြရမယ်ဆိုရင် ဒုက္ခတွေကို သိပ်လှတဲ့ ကြွေပြားများလိုပဲ ငါတို့ဘ၀ရဲ့ဧည့်ခန်းထဲမှာ ဖိတ်ဖိတ်တောက်အောင် ကပ်ထားခဲ့တယ် "ကိုယ်ချင်းစာတရားဟာ စောက်ပို မဟုတ်ဘူးနော်" လို့ ပြောဖို့ တန်ချိန်သန်


းပေါင်းများစွာ လေးလံတဲ့ ပြာတွေနဲ့ ငါတို့ သင်ယူခဲ့ရတာပါ _ ကလေးတွေ ဆော့ဖို့ ကစားကွင်းတွေ ဆောက်ပြီးမှ ကလေးတွေဟာ နက်ရှိုင်းမည်းမှောင်တဲ့ နောက်ဘ၀ဥမင်လှိုဏ်ခေါင်းကြီးထဲကို လက်ချင်းတွဲလို့ ၀င်သွားကြပြီ ငါတို့မှာ ကလေးတွေ ဖတ်ဖို့ စာအုပ်တွေ ရှိကြပြီး ဖတ်မယ့်ကလေးတွေကတော့ မရှိတော့ပါဘူး "ဘယ်ရောက်နေပြီလဲ" လို့ အမေးခံရရင် "ဒုက္ခရောက်နေပြီ" ဆိုပြီး ဖြေချလိုက်၊ ဒါပေမဲ့ ငါတို့အကြောင်းတွေ မပါစေနဲ့ပေါ့ ၊ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်အကြောင်းကို သူများစိတ်ထဲ ထည့်ပေးရတာ သူများစိတ်လေးကို ညစ်နွမ်းစေလိမ့်မယ် ။ ။


                     _မောင်ရေချမ်း


Sunday, April 7, 2024

မြေစောင့်နတ်ရဲ့တရားမျှတခြင်းအနမ်း

 


အဲဒါ ....
ဒေ၀ကာယ နတ်ကိုယ်နဲ့
ကြာပွတ်ဒဏ်ကို နွေဦးရာသီမှာ
သစ်စေ့လေးတွေအစား ထမ်းပိုးခံစားလို့
ပြီးတော့ ...သက်တန့်ကို နမ်းဖို့
မိုးထိလု ၀က်သစ်ချပင်ကြီးရယ်
မြေကပ်မြက်ပင်လေးရယ်
ကျောက်မှုန့်နုနုလေးတွေပေါ် နှင်းရည်ပက်ဖြန်းရင်း
မေတ္တာကို ကိုယ်ထင်ပြတဲ့အရိပ်အဖြစ်
စပျစ်ရည်ထဲကနေ ပေါ်ထွက်လာခဲ့တယ်။ ။
                                               မောင်ရေချမ်း
                              


Thursday, February 15, 2024

လူတစ်ယောက် တကယ်မရှိတော့တဲ့အခါ

 လူတစ်ယောက် တကယ် မရှိတော့တဲ့အခါ

မှတ်ဥာဏ်တွေထဲမှာ ...

သူ့အတွက် သီးသန့်ထားထားသလို နေရာလေးတစ်ခု

ကိုယ် မဖန်တီးဘဲ သူ့ဘာသာ ပေါ်လာလိမ့်မယ်။




_ ဆင်ခြေဖုံးရပ်ကွက်တစ်ခုက ဆေးခန်း _

မျက်ရည်အကြောင်း ရှည်ရှည်ရေးချင်ပေမယ့် 

ဘ၀တိုတိုမှာ လိုင်းက တိုတယ် 

ကဗျာကလည်း တိုပါတယ် 

 

ကျနော် သတိရနေတာ မြို့ကြီးပြကြီးတစ်ခုက 

"ငါ့ဆေးခန်းထဲမှာ သူ ဆုံးသွားတယ်" ဆိုတဲ့ 

ဆရာ၀န်တစ်ယောက်စကားနဲ့ 

သူ သိမ်းထားတဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံးတစ်ခုပါပဲ ။ ။

                                                          မောင်ရေချမ်း