Thursday, August 22, 2024

_ ကိုယ့်အကြောင်းကို သူများစိတ်ထဲ ထည့်ပေးရတာ သူများစိတ်လေးကို ညစ်နွမ်းစေလိမ့်မယ် _



အဲဒါကြောင့် မသိချင်ပါနဲ့ ၊ မဖြစ်မနေ ပြောပြရမယ်ဆိုရင် အဲဒီနှစ်က မိုးတအားကြီးပြီး ငါတို့ ဘ၀ထဲကို ရေတွေ ၀င်ခဲ့လာတယ် ငါတို့ဝိညာဉ်ရဲ့အုတ်နံရံကြီးပွင့်ထွက်သွားတုန်းက လူတွေက သနားသလိုလို စိတ်မကောင်းဖြစ်သလိုလို နဲ့ လက်ကြီးတွေပိုက်ပြီး အထူးအဆန်းလုပ်လို့ လာကြည့်ကြတယ် ပြီးတော့ ငါတို့ရဲ့မီးကျွမ်း‌နေတဲ့အမှတ်တရတွေကို သယ်ကူသလိုလိုနဲ့ ယူပြေးသွားကြတာတွေမျိုးတွေက အစ ငါတို့ အရင်မေ့ပစ်ဖို့ လိုအပ်ပါတယ် ၊ တကယ်လို့များပေါ့ တခြားအရာတွေထက် ပိုပြီး ကလေးတွေ ဆော့တာကို အဝေးကနေ ငေးကြည့်ရတာလေးအပေါ် ပိုကြိုက်တတ်လာတယ်ဆိုရင်တော့ ငါတို့ဟာ ကိုယ့်ဘ၀ကိုယ် သစ်ပင်လို နေနိုင်သွားပြီဖြစ်ကြောင်း အဲဒါကို သက်သေအထောက်အထားအဖြစ် မှတ်ယူရတော့မှာပါ၊ ငါတို့အကြောင်း ဆိုပြီး ဖော်ပြဖို့ ကြိုးစားရင် ကမ်းခြေတစ်ခုလုံး ကခုန်နေတဲ့ ပါတီပွဲအကြီးစားလို့ နားလည်မှုလွဲမှာကို ငါတို့ကတော့ သိပ်သဘောကျတာပဲလေ ၊ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်အကြောင်းကို သူများစိတ်ထဲ ထည့်ပေးရတာ သူများစိတ်လေးကို ညစ်နွမ်းစေလိမ့်မယ်


အဲဒါကြောင့် မသိချင်ပါနဲ့ ၊ မဖြစ်မနေ ပြောပြရမယ်ဆိုရင် ဒုက္ခတွေကို သိပ်လှတဲ့ ကြွေပြားများလိုပဲ ငါတို့ဘ၀ရဲ့ဧည့်ခန်းထဲမှာ ဖိတ်ဖိတ်တောက်အောင် ကပ်ထားခဲ့တယ် "ကိုယ်ချင်းစာတရားဟာ စောက်ပို မဟုတ်ဘူးနော်" လို့ ပြောဖို့ တန်ချိန်သန်


းပေါင်းများစွာ လေးလံတဲ့ ပြာတွေနဲ့ ငါတို့ သင်ယူခဲ့ရတာပါ _ ကလေးတွေ ဆော့ဖို့ ကစားကွင်းတွေ ဆောက်ပြီးမှ ကလေးတွေဟာ နက်ရှိုင်းမည်းမှောင်တဲ့ နောက်ဘ၀ဥမင်လှိုဏ်ခေါင်းကြီးထဲကို လက်ချင်းတွဲလို့ ၀င်သွားကြပြီ ငါတို့မှာ ကလေးတွေ ဖတ်ဖို့ စာအုပ်တွေ ရှိကြပြီး ဖတ်မယ့်ကလေးတွေကတော့ မရှိတော့ပါဘူး "ဘယ်ရောက်နေပြီလဲ" လို့ အမေးခံရရင် "ဒုက္ခရောက်နေပြီ" ဆိုပြီး ဖြေချလိုက်၊ ဒါပေမဲ့ ငါတို့အကြောင်းတွေ မပါစေနဲ့ပေါ့ ၊ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်အကြောင်းကို သူများစိတ်ထဲ ထည့်ပေးရတာ သူများစိတ်လေးကို ညစ်နွမ်းစေလိမ့်မယ် ။ ။


                     _မောင်ရေချမ်း