မိုးသက်မုန်တိုင်းအများစုကို သေးပေါက်ရင်း
ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဖွဲ့စည်းထားတာ
ပျော်မနေနဲ့ ...စိတ်ညစ်လိုက် ၊ ကြီးမားတဲ့ အပူပိုင်းမုန်တိုင်းတစ်ခု စပြီဆိုရင် ဗဟိုချက်ဟာ ဟိုဘက်ဒီဘက် မိုင်တစ်ရာကျော်ရှိနိုင်တယ် အဲဒီဗဟိုချက် ကျဉ်းကျဉ်းလာရင် မုန်တိုင်းက ပိုပိုပြီး ပြင်းထန်လာပါတယ် တဲ့ အဲဒီဗဟိုချက်မှာ စိတ်ညစ်ညစ်နဲ့ ၀င်ထိုင်နေလိုက်
ငြိမ်သက်နေတာ ကြာလာရင် သတ်သေချင်စိတ်လည်း အားပျော့ပျက်ပြယ် သွားလိမ့်မယ် ငှက်မွေးလို ပေါ့ပါးနူးညံ့တဲ့ ရေခဲပုံဆောင်ခဲတိမ်လွှာတွေကို ပါးစပ်ထဲ ထည့်ပြီး စုပ်နေလိုက် ... ကမ္ဘာကြီးကို ဝိုင်းပတ်ထားတာ ဓာတ်ငွေ့အလွှာထုတွေ ဖြစ်တယ် လို့ ခွေးမသား သိပ္ပံဆရာက မင်းကို လိမ်ပြီး သင်လိုက်တာ တကယ်တော့
အဲဒါ ၀မ်းနည်းစရာတွေ ၊ အဲဒါကြောင့် "ကမ္ဘာကြီးကို ၀မ်းနည်းစရာအလွှာထုတွေနဲ့ ဝိုင်းပတ်ဖွဲ့စည်းထားပါသည်" လို့ မနက် အစောကြီး ထပြီး ဘေးအိမ်က ကျက်သရေမရှိတဲ့ သေခြင်းဆိုးတွေ ကြားအောင်
အသံအကျယ်ကြီးနဲ့ အော်ကျက်ပစ်လိုက်
အပူချိန်နဲ့ ဖိအားပေါ် မူတည်ပြီး ဒြပ်ပစ္စည်းပုံစံ သုံးမျိုး ထဲက တစ်မျိုးမျိုးအဖြစ် ရေဟာ ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ ရေဟာ ပျော်ရွှင်စရာတော့ မဖြစ်နိုင် အဲဒါကြောင့် ပန်းမပန်နဲ့ ၊ ဆီမလိမ်းနဲ့ ခေါင်းမဖြီးနဲ့ မျက်နှာမသစ်နဲ့ သနပ်ခါးမလိမ်းနဲ့ နီရဲနေတဲ့ မျက်လုံးကို ပြတ်သွားတဲ့ လက်တစ်ဖက်နဲ့ နာကျင်စွာ ပွတ်ပြီး အဲဒီ ရေပွင့်တွေကို အော်ဆဲနေလိုက်
မိုးတိမ်ဆိုတာ ကောင်းကင်မှာ ရှိတဲ့ အရာတွေ လို့ အထင်မှားနေတဲ့ စောက်တုံး စောက်အ,တွေကို ခြံစည်းရိုးပေါ်မှာ ခေါင်းပြတ်နေတဲ့ မျက်လုံးကြီးတွေက ပြူးပြနေတယ် ၊ သက်တန့်တစ်ခု ဖြစ်ပေါ်လာဖို့အတွက် နေရောင်ခြည်နဲ့ မိုးရေမိုးစက်ဆိုတဲ့ အရာနှစ်ခု ရှိရတယ်
တရားမျှတခြင်းဟာ တိမ်လွှာထုနောက်ခံမှာ လှပတဲ့အရောင်လေးတွေ ဖြစ်လာဖို့ နောက်ထပ် လူဘယ်နှယောက် သေပေးရဦးမလဲ
ဘာအကြောင်းတွေ ပြောနေတာလဲ ဆိုရင်
စပတ်ကိုသာ ဖြဲပြလိုက် .... ဟေ့ ဒီမှာ မြင်ရဲ့လား
အမှောင်ဆုံးသော မြေရဲ့အဖြစ်အပျက်တွေလို့ ဖြဲပြလိုက်
မိုးသက်မုန်တိုင်းအများစုကို သေးပေါက်ရင်း
ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဖွဲ့စည်းထားတာ
ငါတို့ ဘယ်တော့မှ နောင်တ မရဘူး ။ ။
_ မောင်ရေချမ်း