Saturday, February 18, 2012

ရန်ကုန်

အဓိက မှာချင်တာ တွေ့ရာ မစားနဲ့
ယင်နားစာတွေ ပေါတယ် ၀မ်းပျက်လျှောဖြစ်ဖို့ လွယ်တယ်
လမ်းဘေးဆိုင်တွေ ပေါတယ်
ဖိနပ် အဟောင်းတွေ စီးပြီး လမ်းကြီးကြီး လျှောက်သူတွေပေါတယ်
လမ်းတွေပေါသလောက် ချိုင့်တွေလည်းပေါတယ်

ပေါတယ်... ပေါတယ်
လူတွေ ပေါတယ်
လမ်းတွေ ပေါတယ်
ကားတွေ ပေါတယ်
စိတ်ကို သတိဆွဲထား

လမ်းဘေးမှာ ဖိနပ်အဟောင်းတွေ
ရောင်းတယ် နာရီအစုတ်တွေ
ခပ်တည်တည်နဲ့ရောင်းတယ်
မ၀ယ်မိစေနဲ့...
(လုံးဝ မ၀ယ်မိစေနဲ့)
ရေးကြီးသုတ်ပျာ၊
ဒရောသောပါး ရန်ကုန်
ကရောကပါး၊ ကတိုက်ကရိုက် အလောတကြီး ရန်ကုန်
လူတွေက ရန်ကုန်လမ်းတွေပဲ
လမ်းတွေကလည်း
ရန်ကုန်လူတွေပဲ (လွှတ်ရှုပ်)
ကားတွေ ၀ှီးခနဲ၊ ၀ှစ်ခနဲ
သွားမငေးနဲ့ မြန်မြန်လျှောက်
လမ်းလျှောက်တာ အချိုးမပြေရင်ကားသမားတွေ အဆဲခံရတဲ့မြို့
“ကုန်းကျော်တံတားပေါ်ကလျှောက်ပါ။
လူကူးမြင်းကျားက ကူးပါ။
ကွမ်းတံတွေး တွေ့ရာမထွေးရ။
လမ်းဘေး အပေါ့အလေး မသွားရ။
အမှိုက်မပစ်ရ။
ရုံးခန်းအတွင်း ဆေးလိပ်မသောက်ရ။”
သတိပေးတားမြစ်ချက်တွေ များတဲ့မြို့ “သတိ” ကန့်သတ်နယ်မြေ
တာဝန်မှအပ မ၀င်ရ”
ဘတ်စ်ကားစီးရင် အကြွေလေးတွေ ဆောင်ထားကြပါ
အကြွေရှားတဲ့မြို့... ရန်ကုန်
ရေနုတ်မြောင်းတွေကသန့်စင်ပေးဖို့တောင်းဆိုကြ တဲ့မြို့
ဒုက္ခ၀ပ်ကျင်းထဲမှာ
အသက်ရှူသံပြင်းပြင်းနဲ့မြို့
တစ်ယောက်နဲ့တစ်ယောက် သားကောင်ချောင်းတဲ့ မြို့
ဘတ်စ်ကားတွေကျပ်သလိုပ၊
လူတွေလည်း အသက်ရှူကျပ်ကြ
ကောင်မလေးတွေ
ကျပ်ကျပ်ထုတ်ထုပ်နဲ့လှတဲ့မြို့
ဘုရားစောင့်တဲ့ ခြင်္သေ့ကြီးနှစ်ကောင်
စကတ်အတိုလေးတွေကို ငေးတဲ့မြို့
ရန်ကုန်ဆန်တဲ့ ရန်ကုန်မြို့...။
“ရောင်းမလား ၀ယ်မလား... အစ်ကို
လိုအပ်တာရှိရင် ပြောပါ...
ဆိုက်စုံရှိတယ်၊ လိုအပ်တာသုံးစွဲပါ”
အသံမျိုးစုံတဲ့ ရန်ကုန်မြို့
“တွက်ခြေကိုက်လို့ ခပ်မိုက်မိုက်ဈေးရောင်းစားနေတာ
ပညာမတတ်လို့မဟုတ်ဘူးကွ၊
ဘယ်သူမှဂရုမစိုက်ဘူး။
ဘွဲ့ရဈေးသည်ငါကွ”
ဈေးသည်တွေရန်ဖြစ်သံ
သာမန်တို့ရဲ့ ရင်ဖွင့်သံညံညံနဲ့မြို့
ဟိုဘက် တိုးပါ၊ ဒီဘက် တိုးပါ
ဘေးကျပ်နံကျပ် ရန်ကုန်
ဟိုကြည့်ဒီကြည့် ဘယ်ကိုကြည့်ကြည့်
ကြော်ငြာတွေဖုံးထားတဲ့မြို့
“သန့်ရှင်းတယ်၊ သစ်လွင်တယ်
သင့်စိတ်ကြိုက်ဖြစ်စေရမယ်”တဲ့
ကြော်ငြာတွေနဲ့ ဖြားယောင်း(အရမ်းမယုံပါနဲ့)
ခိုတွေတောင် မကျေနပ်ကြောင်းဆန်္ဒပြ
ကြော်ငြာဘုတ်ပေါ် မစင်စွန့်ကြလေရဲ့
ရုပ်ရှင်ရုံမှာ ဟာသကားတွေပြတယ်
ရင်ထဲကမျက်ရည်တွေကို
နှုတ်ခမ်းမှာအပြုံးအဖြစ် ပြောင်းတပ်
ပြုံးရာကနေ ရယ်လိုက်ကြ(တ၀ါးဝါးနဲ့ ရယ်ပွဲကျ)
ပြီးရင်တော့ မောလိုက်ကြဦးစို့တဲ့။
မြန်မြန်သွား၊ မြန်မြန်လျှောက်
ဒါမှ ခရီးရောက်မယ်
အိပ်မက်တူသူချင်း လမ်းမှာတွေ့တယ်
ခေတ်ကို နှလုံးသားထဲထည့်ပြီးကြည့်တော့
ရန်ကုန်ဟာ သိပ်လှသွားပေါ့
တိုက်ဟောင်းတွေဖြိုပြီး
တိုက်အသစ်တွေ ဆောက်နေတဲ့မြို့... ရန်ကုန်။ ။
မောင်ရေချမ်း
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)

13 comments:

  1. ကိုရေချမ်းရေ...
    "ကောင်မလေးတွေ
    ကျပ်ကျပ်ထုတ်ထုပ်နဲ့လှတဲ့မြို့
    ဘုရားစောင့်တဲ့ ခြင်္သေ့ကြီးနှစ်ကောင်
    စကတ်အတိုလေးတွေကို ငေးတဲ့မြို့"
    ဆိုတဲ့ စာသားလေးကို အကြိုက်ဆုံးပဲ။
    အခုခေတ်က အတိုအတပ်တွေ ဘုရားကျောင်းကန်မှာတောင်
    မရှောင်ပါလားလို့  တွေးမိရင်း.......
    ထော်ဦး

    ReplyDelete
  2. သူများတွေများ ကြည့်တတ်မြင်တတ်လိုက်ကြတာ။ ကဗျာဆရာဆိုတာ အဲဒါမျိုးမှ။ တကယ့်ကဗျာဆရာ။ ကျွန်တော်တို့များကျပြန်တော့ ဘာမှ မမြင်တတ်၊မကြည့်တတ် ၊ စာမဖွဲ့တတ်နဲ့ ကွာလိုက်တာ။

    ReplyDelete
  3. မောင်ဂျစ်တူး (PRo 9 )March 14, 2012 at 6:07 AM

    မိုက်တယ်...

    ReplyDelete
  4. နာ့ညီလေးရေချမ်းတော်လိုက်ထှာ....နာတော့နီလို့ မရေးတတ်ပေါင်...

    ReplyDelete
  5. တကယ့် ရန်ကုန်ပါပဲ။
    ကိုယ်တို့ မရောက်ဖူးတဲ့ ရန်ကုန်ကို နေရာအနှံ့ လိုက်ပို့ပေး၊ မိတ်ဆက်ပေးနေသလိုပဲ။
    "ရုပ်ရှင်ရုံမှာ ဟာသကားတွေပြတယ်
    ရင်ထဲကမျက်ရည်တွေကို
    နှုတ်ခမ်းမှာအပြုံးအဖြစ် ပြောင်းတပ်
    ပြုံးရာကနေ ရယ်လိုက်ကြ(တ၀ါးဝါးနဲ့ ရယ်ပွဲကျ)
    ပြီးရင်တော့ မောလိုက်ကြဦးစို့တဲ့။"

    ခင်မင်သော သတိုး

    ReplyDelete
  6. ရန်ကုန်ဟာ ဘာ့ကြောင့်ဆန်ကာတင်စာရင်းမှာ ပါတာလဲ ဆိုတာသိချင်လို့ လာဖတ်ခဲ့တာပါ..။ ဖတ်ပြီးတော့မှ ရေးခဲ့တဲ့ ကဗျာဆရာရေ...ရန်ကုန်
    ဟာ ဆု ပေးရင်ပေးဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါပဲ..။

    ReplyDelete
  7. ဆုရရင် ဘာကျွေးမလဲ...
    တကယ်ပြောတာ ကဗျာသိပ်မဖတ်တဲ့ ကိုယ်တောင်
    ဒီကဗျာကိုဖတ်မိတော့ လျှောခနဲ ပြီးသွားတယ်လေ...
    (ဆုမပေးခင် ၂၆ရက် မနက်ပိုင်းမှာ လာမန့် သွားပါတယ်...
    ၂ကြိမ်မြောက်ပေါ့)
    ထော်ဦး

    ReplyDelete
  8. နိုင်ငံရေးနောက်ခံကားချပ်ကိုရေးတာ အားနည်းနည်း နည်းသွားတယ်ထင်တယ်ဗျ....ကိုရေချမ်း ကဗျာကောင်းတစ်ပုဒ်ပါ...

    ReplyDelete
  9. ကိုရေချမ်းရေ...

    ဆိုက်မှာတင်ထဲက နှစ်သက်မိခဲ့တဲ့ ဒီကဗျာလေးနဲ့ ရွှေဆုရခဲ့တာ ၀မ်းသာလို့ မဆုံးပါဘူး...။
    teen Magazineကနေ ရတဲ့အတွက် ပိုလို့တောင် ၀မ်းသာမိရပါတယ်။
    ကဗျာတွေ ဆက်လက်ပြီး အများကြီးရေးနိုင်ပါစေ...။
    အောင်မြင်မှုတွေ ဆထက်တိုး ပိုင်ဆိုင်နိုင်ပါစေလို့...။

    ခင်မင်သော..

    မြသွေးနီ
    www.myathwayni.com

    ReplyDelete
  10. ဂုဏ်ယူပါတယ် ကိုရေချမ်း..
    စာပေအနုပညာလမ်းကြောင်းမှာ အောင်မြင်စွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ..

    ခင်မင်စွာဖြင့်..

    Y.

    ReplyDelete
  11. ရန်ကုန် ဆန် တဲ့ ကဗျာ ...

    ReplyDelete
  12. အ ပယ် ခံ စ ကား လုံး များ စွာ ဖြင့်
    ေ က သွ်ား ခ်ိဳ

    ReplyDelete
  13. ပြောခဲ့ပါရစေရှင်..နောက်ကျနေလို့ အပြေးကလေးလာမန့်မိတယ်...အပြစ်ပြောစရာမရှိအောင်ကောင်းတဲ့အရေးအသား...ဖတ်ရင်းနဲ့ ပုံပေါ်လာလိုက်ပုံများ..အဲဒိမြို့ကြီး တကယ်ကိုယ့်အနားရောက်လာသလားတောင်ထင်မိတယ်..ဘာတဲ့..အဲဒါ “ရန်ကုန်”..တဲ့လား...
    အားပေးသွားတယ်နော်...
    ခင်တဲ့..မိုးနတ်..

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ